ပထမဘေဘီလိုးနီးယားခေတ်
ပထမ ဘေဘီလိုးနီးယားခေတ်သည် အနောက်အာရှသမိုင်းတွင် ရှေးအကျဆုံးနှင့် အဆင့်မြင့် လူ့ယဉ်ကျေးမှု၏ အစလည်း ဖြစ်ပေသည်။ များပြားလှသော မျိုးနွယ်စုများသည် မြေဩဇာကောင်းမွန်သည့် လခြမ်းရပ်ဝန်းဒေသအား နှစ်ပေါင်း ၁၅၀၀နီးပါး ကာလအတွင်း အပြန်အလှန်သိမ်းပိုက်ရန်ကြိုးစားရာမှ နောက်ဆုံးတွင် အမ်မိုရိုက်(Amorites) လူမျိုးများက ယူဖရေးတီး နှင့် တိုက်ဂရစ် မြစ်နှစ်သွယ်ကြားတွင် ဘေဘီလုံမြို့တော်အား တည်ထောင်နိုင်သည်အထိပင်ဖြစ်သည်။
လူမျိုးစုများ
[ပြင်ဆင်ရန်]ခေတ်ဦး အနောက်အာရှအား ကြီးစိုးကြသူများအား ဆီမိုက်မျိုးနွယ်များ(Semites)ဟု သတ်မှတ်ကြသည်။ ထိုဆီမိုက်မျိုးနွယ်ကြီးအတွင်းတွင် အာရပ်(Arabs)၊ ဟီးဘရူး(ခေါ်)ဂျူး(Hebrews)၊ ကာနန်နိုက်(Canaanites)၊ အမိုရိုက်၊ ဖီနစ်ရှန်(Phoenicians) စသဖြင့် မျိုးနွယ်စုများ ကွဲပြားဆင်းသက်သွားကြသည်။
ထိုသို့ သဲကန္တာရအတွင်း လူတို့နေထိုင်စားသောက်လုပ်ကိုင်ရန် အခြေအနေမပေးလှသဖြင့် အရပ်မျက်နှာတိုင်းသို့ လှည့်လည်ကြရာမှ သဲကန္တာရကြီးအား စွန့်ခွာကာ ရေကြည်မြက်နုရာ ဒေသများသို့ သွားရောက်ကြရာမှ ဘီစီ၃၀၀၀ဝန်းကျင်တွင် ကာနန်နိုက်လူမျိုးတို့သည် လခြမ်းရပ်ဝန်းဒေသ၏အနောက်ဘက်အကျဆုံး ဒေသ ပါလက်စတိုင်းအရပ် သို့ရောက်ရှိ သွားကြသည်။ ထိုအရပ်၏ မြောက်ဘက်သို့ရောက်ရှိ အခြေချမိကြသူများမှာ အမိုရိုက်များ ဖြစ်ကြသည်။ ဖီနစ်ရှန်တို့မှာမူ ဆီးရီးယားမြောက်ပိုင်း ဒေသသို့ရောက်ရှိသွားကြသည်။ ထို့အတူ အခြား ဆီမိုက်နွယ်ဝင် လူမျိုးတစ်စုမှာ လခြမ်းရပ်ဝန်းဒေသ၏ အရှေ့ဘက်သို့ရောက်ကာ ရှိုင်းနားလွင်ပြင်တွင် အခြေချမိကြသည်။ ထိုသူတို့ကို အက်ကတ်(Akkad) ဟုခေါ်ကြပြီး နောင်တွင် အက်ကတ်ဒီယန်းများ(Akkadians) ဟုလည်း ခေါ်ကြသည်။
ဆီမိုက်အနွယ်ဝင်တို့သည် လခြမ်းရပ်ဝန်းဒေသအား တောင်ပိုင်းမှ ဝင်ရောက်လာသည့်နည်းတူ အချို့သော တောင်ပိုင်းသားမဟုတ်သည့် လူမျိုးများသည်လည်း မြောက်ပိုင်းတောင်တန်းဒေသကို ဖြတ်သန်းကာ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဟစ်တိုက်(Hittites) များဖြစ်ကြသည်။ သို့ဖြင့် အဆိုပါ ဆီမိုက်အနွယ်နှင့် ဟစ်တိုက်အနွယ်တို့သည် နှစ်ရာပေါင်းများစွာ လခြမ်းရပ်ဝန်းအား ပိုင်ဆိုင်နိုင်ရေးအတွင် အပြန်အလှန် စစ်ပြုကြတော့သည်။
ဆူမားရီးယန်းများ
[ပြင်ဆင်ရန်]ပင်မစာမျက်နှာ : ဆူမားရီးယန်းခေတ်
ထိုအချိန်များ မတိုင်မှီက လခြမ်းရပ်၏ အရှေ့ဘက် ရှိုင်းနားလွင်ပြင်အတွင်းသို့ မြောက်ပိုင်းမှ ဆီမိုက်အနွယ်မဟုတ်သည့် လူမျိုးများဝင်ရောက်လာကာ ဆူမားဒေသ(Summer) တွင် အခြေချသည်။ ၎င်းတို့အခြေချသည့်ဒေသကို အစွဲပြုကာ ၎င်းတို့အား ဆူမားရီးယန်း ဟုခေါ်ကြသည်။ ထိုသူတို့သည် ဂျုံနှင့် ဘာလီ သီးနှံများကို စိုက်ပျိုးကြပြီး နွားဖြင့် လယ်ယာထွန်ယက်ကြသည်။ မွေးမြူရေးအနေဖြင့် ဆိတ်၊သိုး၊နွား တို့ကိုမွေးမြူကြသည်။ ဘာသာအယူအားဖြင့်လည်း ကိုးကွယ်ရာနတ်သမီးတွင် နွားမ၏ ကိုယ်အင်္ဂါပါဝင်ပြီး ထိုနတ်သမီးသည် ဆိတ်၊သိုး၊နွားများကို ကာကွယ်စောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။
ဘီစီ ၃၀၀၀ခန့်အရောက်တွင် အရှေ့ဘက်တောင်ကုန်းဒေသများမှ မြင်း ကို ရယူနိုင်ကြသည်။ သို့သော် အသုံးမတွင်ကျယ်လာသေးပေ။ တစ်ချိန်တည်းတွင် ကြေးနီကို ရှာဖွေတွေ့ရှိကာ အသုံးပြုခဲ့ကြသော်လည်း တစ်ဖက်က ကျောက်ဖြစ်လက်နက်များကို မစွန့်လွှတ်နိုင်ကြသေးသဖြင့် ဆက်လက် သုံးစွဲခဲ့ကြသည်ကို တွေ့ရသည်။ အစဦး အိမ်ပုံစံများမှာ ရွှံဖြင့်မံကာ ဆောက်လုပ်ထားသည့် အိမ်များဖြစ်ကာ နောက်ပိုင်းတွင် နေလှန်းသည့် ရွှံ့အုတ်များဖြင့် တည်ဆောက်လာကြသည်။
ဆူမားရီးယန်းတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့သည် အထူးအရေးပါသည်။ ထိုမှ တစ်ဆင့်တက်ကာ သိုးမွေးထည် ယက်လုပ်ခြင်းကို တတ်မြောက်လာကြပြီး ၊ ကြေးနီအသုံးအဆောင်များ ထုတ်လုပ်ခြင်းသည်လည်း အရေးပါသည့် လုပ်ငန်းဖြစ်လာသည်။ ထုတ်လုပ်ရရှိသည့် ပစ္စည်းများကို အခြားဒေသများသို့ သွားရောက်ရောင်းချခြင်းဖြင့် ကုန်သွယ်ရေးပါ တိုးတက်လာသည်။ ထိုခေတ်က ဆူမားရီးယန်းတို့၏ ကုန်သွယ်ရေးနယ်ပယ်သည် အရှေ့ဘက် အိန္ဒုမြစ်ဝှမ်း မှ အနောက်ဘက်တွင် မြေထဲပင်လယ် ကမ်းခြေအထိရောက်ရှိသည်။ ထိုကုန်သွယ်ရေး ဧရိယာကျယ်ပြန့်မှုကြောင့် အီဂျစ်နှင့် ဆူမားရီးယန်းတို့သည် ဒေသကွာခြားသော်လည်း ယဉ်ကျေးမှုခြင်း ဖလှယ်ခဲ့ကြသည့်အတွက် အတော်ပင်တူညီသော ယဉ်ကျေးမှုများကို ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။
ဘီစီ ၃၅၀၀ ခန့်မှစတင်ကာ ဆူမားရီးယန်းတို့သည် စာပေအရေးအသားကို စတင်သုံးစွဲခဲ့ကြသည်။ ရွှံပြားပြော့ပြော့များပေါ်တွင် ဝါးဖြင့် ပြုလုပ်ထားသည့် စတိုင်လပ်စ်(Stylus) ကညစ်တံမျိုးဖြင့် ရေးသားကြသည်။ အရေးအသားပုံစံမှာ သပ်ကလေးများသဖွယ် အကြောင်းငယ်လေးများအား ဆက်စပ်ရေးသားခြင်းမျိုးဖြစ်ပြီး ထိုအရေးအသားအား ကျူနီဖောင်းအရေးအသား၊ ကျူနီဖောင်းစာ (Cuniform)ဟုခေါ်ကြသည်။ (လက်တင်ဘာသာအားဖြင့် သပ် ကို ကျူနီယပ်စ်(Cuneus) ဟုခေါ်ခြင်းမှာ ဤမှ ဆင်းသက်ခြင်းဖြစ်သည်။) ပြက္ခဒိန်အဖြစ် လပြက္ခဒိန်ကို တီထွင်ခဲ့ကြပြီး သင်္ချာရေတွက်ပုံမှာ ခြောက်ဆယ်စနစ်ကို အခြေခံသည်။ ထိုမှ ခြောက်ဆယ်စက္ကန့် တစ်မိနစ် သတ်မှတ်ပုံ ဆင်းသက်ရခြင်းဖြစ်သည်။
မြို့ပြနိုင်ငံများ အများအပြားတည်ထောင်ကြပြီး အဓိကမြို့များမှာ အားရ်နှင့် လာဂတ်စ် တို့ဖြစ်ကြသည်။ အားရ်မြို့ဟောင်းမှ တူးဖော်တွေ့ရှိရသော သမိုင်းဝင် ပစ္စည်းများအရ ဆူမားရီးယန်းတို့သည် ထိုစဉ်က အာရှအလယ်ပိုင်းဒေသတွင် ယဉ်ကျေးမှုအားဖြင့် အထွတ်အထိပ်ပင်ဖြစ်သည်ကို သိရသည်။ အားရ်နှင့် လာဂတ်စ် နှစ်ပြည်ထောင် အားပြိုင်မှုတွင် လာဂတ်စ်အနိုင်ရပြီး အားရ်ပျက်စီးသွားရသည်။
အက်ကတ်ဒီးယန်းများ
[ပြင်ဆင်ရန်]ပင်မစာမျက်နှာ: အက်ကတ်ဒီးယန်းခေတ်
အချင်းချင်း ယှဉ်ပြိုင်နေကြသည့် ဆူမားရီးယန်းတို့အား အက်ကတ်ဒီးယန်း ဘုရင် ဆာဂွန် လက်ထပ်ရောက်လျှင် အောင်နိုင်သဖြင့် ဆာမားရီးယားဒေသသည် အက်ကတ်တို့၏ အုပ်ချုပ်မှုအောက်ကို ရောက်သွားရသည်။ သို့သော် ယဉ်ကျေးမှုအနေအထားအရ ထိပ်တန်းရောက်နေသည့် ဆူမားရီးယန်းတို့အနေဖြင့် အက်ကတ်ဒီးယန်းများအား အချိန်တိုအတွင်း အဘက်ဘက်မှ ပြန်လည်လွှမ်းမိုးလာနိုင်ပြီး မကြာမီမှာပင် ဆူမားနှင့် အက်ကတ်တို့သည် လူမျိုးတစ်မျိုးတည်းကဲ့သို့ တစ်သားတည်းဖြစ်ကာ ဆူမား-အက်ကတ်နိုင်ငံကို တည်ထောင်လိုက်ကြပြန်သည်။
ဆူမား-အက်ကတ်ခေတ်
[ပြင်ဆင်ရန်]ပင်မစာမျက်နှာ : ဆူမား-အက်ကတ်ခေတ်
ဆူမား-အက်ကတ်ခေတ်ရောက်လျှင် ဆူမားနှင့် အက်ကတ်တို့သည် လူမျိုးခွဲခြားခြင်းမရှိကြတော့ပဲ ချစ်ကြည်စွာပူးပေါင်းနေထိုင်ကြသည်။ ထိုခေတ်တွင် ဆူမား-အက်ကတ်တို့သည် အနောက်ဘက်တွင် ပါလက်စတိုင်းဒေသမြောက်ပိုင်းထိ၊ မြောက်ပိုင်းတွင် အဆီးရီးယားနိုင်ငံထိ၊ အရှေ့ဘက်တွင် ပါရှန်ပင်လယ်ကွေ့အထိ ကျယ်ပြန့်သည့် အင်ပါယာကို ပိုင်ဆိုင်ကြသည်။ အကျိုးဆက်အနေဖြင့် လမ်းပန်းဆက်သွယ်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေးတို့တွင် တိုးတက်မြင့်မားလာပြီး ယဉ်ကျေးမှုအရလည်း ထိပ်တန်းအဆင့်သို့ရောက်လာသည်။
သို့သော် ဘီစီ ၂၂ရာစုရောက်လျှင် အရှေ့မြောက်ပိုင်း အီလမ်ဒေသမှ အီလမ်မိုက် လူမျိုးများ၏ ကျူးကျော်မှုများကိုခံရပြီး တစ်ချိန်တည်းမှာပင် မြောက်ပိုင်းမှ အမ်မိုရိုက်များကလည်း အလုံးအရင်းဖြင့် ပြောင်းရွှေ့လာသည်ကိုလည်း တားဆီးနိုင်ခြင်းမရှိတော့ပေ။ အမ်မိုရိုက်များသည် ယူဖရေးတီးမြစ်ကမ်းပေါ်ရှိ ဘေဘီလုံရွာငယ်လေးအား ဗဟိုပြုကာ နေထိုင်ကြရာမှ နောင်တွင် နာမည်ကျော် ဘေဘီလုံမြို့တော် အဖြစ်သို့ရောက်လာသည်။ ထိုသို့ဖြင့် ကွဲပြားသည့် လူမျိုးများ၏ အဘက်ဘက်မှ ကျူးကျော်ခြင်းခံလာရသည့် ဆူမား-အက်ကတ်လူမျိုးစုသည် သမိုင်းစာမျက်နှာမှ ပျောက်ကွယ်သွားရလေသည်။
ဟမ်မူရာဘီခေတ်(ဘေဘီလုံအင်ပါယာ)
[ပြင်ဆင်ရန်]ပင်မစာမျက်နှာ: ဘေဘီလုံအင်ပါယာ
ဟမ်မူရာဘီ ဦးဆောင်သည့် အမ်မိုရိုက်များသည် နှစ်ပေါင်းကြာရှည်စွာ အယ်လ်မိုက်များနှင့် စစ်ပြုကာ အောင်နိုင်ပြီးနောက်တွင် ဘေဘီလုံမြို့တော်ကို ဗဟိုပြု၍ ဘေဘီလုံအင်ပါယာကို တည်ထောင်ကြသည်။ မြစ်နှစ်သွယ် မြစ်ဝှမ်းလွင်ပြင်ဒေသသည်လည်း အမည်ဟောင်း ရှိုင်းနားလွင်ပြင် အဖြစ်မှ ဘေဘီလိုးနီးယားလွင်ပြင် ဟူ၍ပြောင်းလဲ ခေါ်ဆိုလာကြသည်။ ဟမ်မူရာဘီသည် နန်းသက်ကာလအတွင်းတွင် နိုင်ငံအား အဘက်ဘက်မှ တိုးတက်စေရန် ကြိုးပမ်းခဲ့သည်။ အထူးထင်ရှားသည်မှာ ဟမ်မူရာဘီ၏ ကိုဓဥပဒေ ဖြစ်သည်။ ထို စာကြောင်းရေ ၃၆၀၀ ကျော်ရှိ ဥပဒေအား အမြင့် ရှစ်ပေရှိ ကျောက်တိုင်ထက်တွင် ကျောက်ထက်အက္ခရာတင်ကာ ဘေဘီလုံမြို့တော်ရှိ အကြီးဆုံး ဝတ်ကျောင်းတွင် စိုက်ထူထားခဲ့သည်။ အမြဲတမ်းစစ်တပ်ကို ထူထောင်သည်။ ထိုခေတ်တွင် စာရေးစာချီအလုပ်သည် အထက်တန်းကျသည့် အသက်မွေးပညာဖြစ်လာသဖြင့် ယဉ်ကျေးမှုအရလည်း မြင့်မားသည်ဟု ဆိုနိုင်သည်။
ဟမ်မူရာဘီ ဘုရင်လွန်လျှင် ၎င်းအားဆက်ခံသည့် မင်းများသည် အရည်အချင်းနည်းပါးသဖြင့် အင်ပါယာကြီးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိကြတော့ပေ။ အထူးသဖြင့် အရှေ့ဘက်နှင့် မြောက်ဘက် တောင်တန်းများမှ ဆင်းသက်လာကြသည့် ကတ်ဆိုက်လူမျိုးများအား ခုခံနိုင်ခြင်းမရှိပေ။ နှစ်ပေါင်း ၂၀၀ ကာလတွင် အနောက်မြောက်ဘက်မှ ဟစ်တိုက်လူမျိုးများက ဘေဘီလုံမြို့တော်အား တိုက်ခိုက်ဖျက်ဆီးလိုက်ကြသဖြင့် ဘေဘီလုံတွင် ဟမ်မူရာဘီမင်းဆက်ပြတ်လေသည်။ ထိုသို့ အုပ်ချုပ်သူမဲ့နေသည့် ဘေဘီလုံမြို့တော်အား ကတ်ဆိုက်တို့က အလွယ်တကူပင် သိမ်းယူလိုက်ကြတော့သည်။ ဤသို့ဖြင့် ကမ္ဘာ့သမိုင်းတွင် စံတင်သည့် ဟမ်မူရာဘီဦးဆောင် တည်ထောင်သည့် ဘေဘီလိုးနီးယန်း ယဉ်ကျေးမှုသည်လည်း တစ်ပါတည်း ပျောက်ကွယ်သွားလေတော့သည်။
ကိုးကား
[ပြင်ဆင်ရန်]- ရုပ်စုံအခြေခံသမိုင်း၊ အတွဲ(၁) - ဦးနု
- ခေတ်ဟောင်းကမ္ဘာ့ရာဇဝင် - ဒေါက်တာသန်းထွန်း