လခြမ်းရပ်ဝန်းဒေသ

ဝီကီပီးဒီးယား မှ

တည်နေရာနှင့် အကျယ်အဝန်း[ပြင်ဆင်ရန်]

အနောက်အာရှသမိုင်းတွင် ထင်ရှားသည့် လခြမ်းရပ်ဝန်း ဒေသသည် အနောက်ဘက်ဆုံး မြေထဲပင်လယ်ကမ်းစပ်မှစတင်ကာ ဆော်ဒီအာရေဗျနိုင်ငံမြောက်ပိုင်းကို ဗဟိုပြု၍ အရှေ့ဘက်စွန်းအဖြစ် ပါရှန်ပင်လယ်ကွေ့မြောက်တစ်လျှောက် နေရာယူကာ တောင်ဘက်ကိုမျက်နှာမူပြီး မြောက်ဘက်ကိုကျောပေး၍ ခပ်ကိုင်းကိုင်း သဏ္ဍန်တည်ရှိသည်။ အနောက်ဘက်အစွန်းသည် ပါလက်စတိုင်း ဒေသဖြစ်ပြီး အလယ်ပိုင်းဒေသသည် ရှေးခေတ် အာဆီးရီးယားနိုင်ငံအတွင်း ပါဝင်ကာ အရှေ့ဘက်ဒေသတစ်ခုလုံးနီးပါးသည် ယူဖရေးတီး နှင့် တိုက်ဂရစ် မြစ်နှစ်သွယ် ကြားရှိ ရှီးနားလွင်ပြင်တို့ ဖြစ်ကြသည်။ ထိုဒေသ၏ မြောက်ဘက်တွင် တောင်တန်းများတည်ရှိပြီး တောင်ဘက်အရပ်တွင် မိုင်ပေါင်း၅၀၀ကျော် ရှည်လျားသည့် သဲကန္တာရကြီး ရှိပေသည်။

ရာသီဥတု[ပြင်ဆင်ရန်]

သဲကန္တာရနှင့် ထိစပ်နေသော တောင်ဘက်စွန်းဒေသတွင် မိုးအနည်းငယ်ရွာလေ့ရှိသောကြောင့် တစ်နှစ်တာကာလ၏ အချိန်ပိုင်းအနည်းငယ်မျှတွင် မြက်ခင်းများဖြင့် စိမ်းစိုလာတတ်သည်။ ထိုမြက်ခင်းဒေသလေးကပင် ကန္တာရအတွင်း ခြေသလုံးအိမ်တိုင် လှည့်လည်နေသည့် ဆိတ်ကျောင်းသား၊ သိုးကျောင်းသားများက မွေးမြူရေးအလို့ငှာ လိုလားကြသည်။ ထို့အတူ မြေဩဇာကောင်းသည့်အတွက် မြောက်ပိုင်းတောင်ပေါ်သားများကလည်း လိုချင်မျက်စိရှိကြပြန်သည်။ (အမှန်စင်စစ် အနောက်အာရှသမိုင်း ဆိုသည်မှာ အဆိုပါ မြေဩဇာကောင်းသည့် လခြမ်းရပ်ဝန်းအား အပြန်အလှန် သိမ်းပိုက်ကြသည့် စစ်ပွဲများအကြောင်းသာဖြစ်သည်။)

သမိုင်း[ပြင်ဆင်ရန်]

သမိုင်းတစ်လျှောက်တွင် လခြမ်းရပ်ဝန်းဒေသအား အုပ်စိုးကြသူများသည် အင်အားကောင်းသောအရှင်သခင် အဖြစ်ကိုပါ ရယူနိုင်ကြသည်ကို တွေ့ရသည်။ စင်စစ် မြေဩဇာကောင်းသည့် ဒေသတွင် အခြေချနိုင်ခြင်းကြောင့် ကျန် လူမျိုးစုများထက် တစ်ပန်းသာသည့် အခြေအနေကောင်းကို ပိုင်ဆိုင်နိုင်ခြင်းကြောင့် ဖြစ်ပေသည်။ ထိုသို့ လခြမ်းရပ်ဝန်းကို အမှီပြုကာ အနောက်အာရှတွင် ခေတ်အဆက်ထူထောင်ခြင်းဖြင့် ယဉ်ကျေးမှုများ၊ ဘာသာစကား စသည်ဖြင့် အဆင့်ဆင့်၊ အပြန်အလှန် ကူးသန်းခဲ့ကြသည်ကို တွေ့ရသည်.