ဆူမားရီးယန်းခေတ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဆူမားရီးယန်းများ[ပြင်​ဆင်​ရန်​]

ဆီမိုက်အနွယ်များ မတိုင်မှီက လခြမ်းရပ်၏ အရှေ့ဖက် ရှိုင်းနားလွင်ပြင်အတွင်းသို့ မြောက်ပိုင်းမှ ဆီမိုက်အနွယ်မဟုတ်သည့် လူမျိုးများဝင်ရောက်လာကာ ဆူမားဒေသ(Summer) တွင် အခြေချသည်။ ၄င်းတို့အခြေချသည့်ဒေသကို အစွဲပြုကာ ၄င်းတို့အား ဆူမားရီးယန်း ဟုခေါ်ကြသည်။ ထိုသူတို့သည် ဂျုံနှင့် ဘာလီ သီးနှံများကို စိုက်ပျိုးကြပြီး နွားဖြင့် လယ်ယာထွန်ယက်ကြသည်။ မွေးမြူရေးအနေဖြင့် ဆိတ်၊သိုး၊နွား တို့ကိုမွေးမြူကြသည်။ ဘာသာအယူအားဖြင့်လည်း ကိုးကွယ်ရာနတ်သမီးတွင် နွားမ၏ ကိုယ်အင်္ဂါပါဝင်ပြီး ထိုနတ်သမီးသည် ဆိတ်၊သိုး၊နွားများကို ကာကွယ်စောင့်ရှောက်သည်ဟု ယုံကြည်ကြသည်။

ဘီစီ ၃၀၀၀ခန့်အရောက်တွင် အရှေ့ဖက်တောင်ကုန်းဒေသများမှ မြင်း ကို ရယူနိုင်ကြသည်။ သို့သော် အသုံးမတွင်ကျယ်လာသေးပေ။ တစ်ချိန်တည်းတွင် ကြေးနီကို ရှာဖွေတွေ့ရှိကာ အသုံးပြုခဲ့ကြသည့် အထောက်အထားများအဖြစ် ကြေးနီဖြင့် ပြုလုပ်ထားသည့် အိုးခွက်များလည်း တွေ့ရသည်။ သို့သော် တစ်ဖက်ကလည်း ကျောက်ဖြစ်လက်နက်များကို မစွန့်လွှတ်နိုင်ကြသေးဘဲ ဆက်လက် သုံးစွဲခဲ့ကြသည်ကို တွေ့ရသည်။ အစဦး အိမ်ပုံစံများမှာ ရွှံဖြင့်မံကာ ဆောက်လုပ်ထားသည့် အိမ်များဖြစ်ကာ နောက်ပိုင်းတွင် နေလှန်းသည့် ရွှံ့အုတ်များဖြင့် တည်ဆောက်လာကြသည်။

အသက်မွေးဝမ်းကျောင်း၊ ယဉ်ကျေးမှု[ပြင်​ဆင်​ရန်​]

ဆူမားရီးယန်းတို့အတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့သည် အထူးအရေးပါသည်။ ထိုမှ တစ်ဆင့်တက်ကာ သိုးမွေးထည် ယက်လုပ်ခြင်းကို တတ်မြောက်လာကြပြီး ထိုလုပ်ငန်းမှာလည်း အရေးပါသည့် အသက်မွေးမှု စီးပွားရေး အဖြစ်သို့ရောက်ရှိလာသည်။ ထို့အတူ ကြေးနီအသုံးအဆောင်များ ထုတ်လုပ်ခြင်းသည်လည်း အရေးပါသည့် လုပ်ငန်းဖြစ်လာသည်။ ထုတ်လုပ်ရရှိသည့် ပစ္စည်းများကို အခြားဒေသများသို့ သွားရောက်ရောင်းချခြင်းဖြင့် ကုန်သွယ်ရေးပါ တိုးတက်လာသည်။ ထိုခေတ်က ဆူမားရီးယန်းတို့၏ ကုန်သွယ်ရေးနယ်ပယ်သည် အရှေ့ဖက် အိန္ဒုမြစ်ဝှမ်း အထိ ကျယ်ပြန့်ခဲ့သည်။ အနောက်ဖက်တွင် မြေထဲပင်လယ် ကမ်းခြေအထိရောက်ရှိသည်။ ထိုကုန်သွယ်ရေး ဧရိယာကျယ်ပြန့်မှုကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုး၊ ဒေသတစ်ခုနှင့် တစ်ခု၊ ယဉ်ကျေးမှုတစ်ခုနှင့် တစ်ခု ကူးလူးဆက်ဆံခွင့် ရခဲ့သည်။ အထူးအဖြင့် အီဂျစ်နှင့် ဆူမားရီးယန်းတို့သည် ဒေသကွာခြားသော်လည်း ယဉ်ကျေးမှုခြင်း ဖလှယ်ခဲ့ကြသည့်အတွက် အတော်ပင်တူညီသော ယဉ်ကျေးမှုများကို ကျင့်သုံးခဲ့ကြကြောင်း တွေ့ရသည်။

စာပေ အရေးအသား[ပြင်​ဆင်​ရန်​]

ပင်မစာမျက်နှာ: ကျူနီဖောင်းစာ ဘီစီ ၃၅၀၀ ခန့်မှစတင်ကာ ဆူမားရီးယန်းတို့သည် စာပေအရေးအသားကို စတင်သုံးစွဲခဲ့ကြသည်။ ရွှံပြားပြော့ပြော့များပေါ်တွင် ဝါးဖြင့် ပြုလုပ်ထားသည့် စတိုင်လပ်စ်(Stylus) ကညစ်တံမျိုးဖြင့် ရေးသားကာ ပြီးလျှင် မီးဖုတ်အပူပေးခြင်းဖြင့် မာကျောသွားအောင် ပြုလုပ်ပေးရသည်။ အရေးအသားပုံစံမှာ သပ်ကလေးများသဖွယ် အကြောင်းငယ်လေးများအား ဆက်စပ်ရေးသားခြင်းမျိုးဖြစ်ပြီး ထိုအရေးအသားအား ကျူနီဖောင်းအရေးအသား၊ ကျူနီဖောင်းစာ (Cuniform)ဟုခေါ်ကြသည်။ (လက်တင်ဘာသာအားဖြင့် သပ် ကို ကျူနီယပ်စ်(Cuneus) ဟုခေါ်ခြင်းမှာ ဤမှ ဆင်းသက်ခြင်းဖြစ်သည်။)

ပြက္ခဒိန် နှင့် အချိန်နာရီ[ပြင်​ဆင်​ရန်​]

ဆူမားရီးယန်းတို့သည် လအဆန်း၊ အဆုပ်ကို မူတည်တွက်ချက်သည့် လပြက္ခဒိန်ကို တီထွင်ခဲ့ကြသည်။ တစ်နှစ်ကို ၁၂လ အဖြစ်ပိုင်းခြားပြီး ဝါထပ်နှစ် သဘောအတိုင်းပင် ရံဖန်ရံခါ လတိုးလေ့ရှိသည်။ ရေတွက်သည့် သင်္ချာစနစ်သည်လည်း ဆယ်လီစနစ်၊ ရာလီစနစ် စသဖြင့် မဟုတ်ဘဲ ခြောက်ဆယ်ကို အခြေခံကာ ရေတွက်ကြသည်။ ထိုမှ တစ်မိနစ်လျှင် စက္ကန့်ခြောက်ဆယ်၊ တစ်နာရီလျှင် ခြောက်ဆယ်မိနစ် စသဖြင့် အချိန်နာရီ သတ်မှတ်ပုံ အစပြုခဲ့သည်။

မြို့ပြနိုင်ငံခေတ်[ပြင်​ဆင်​ရန်​]

ထိုစဉ်က ဆူမားရီးယန်းတို့သည် မြို့ပြနိုင်ငံစနစ် အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ကြသည်။ အကြီးအကဲဖြစ်သူအား ပါတေးစီ(Patesi) ဟုခေါ်ကြသည်။ အဆိုပါ ပါတေးစီတို့သည် အခွန်အကောက် ကြမ်းတမ်းကာ နိုင်ငံအရေးကိစ္စများတွင်လည်း ခေါင်းမရှောင်တမ်း တာဝန်ထမ်းသဖြင့် အများ၏ချစ်ကြောက်ရိုသေမှုကို ခံယူရရှိသည်။ ထိုသူတို့သည် ကမ္ဘာပေါ်တွင် ပထမဆုံး မြင်းနှစ်ကောင်ဆွဲသည့် နှစ်ဘီး(သို့) လေးဘီးတပ် စစ်ရထားကို အသုံးပြုခဲ့ကြသူများလည်း ဖြစ်သည်။ ထိုစစ်ရထား နှင့် အတူ ဖယ်လန့်ဇ်(Phalanx) ဟုခေါ်သည့် ခြေလျှင်တပ်များဖြင့် ပါတွဲဖက် တိုက်ခိုက်ကြသည့် အကြောင်းများ၊ အဆိုပါ ပါတေးစီ တို့၏ တိုက်ပွဲများအကြောင်းကို ဆူမားရီးယန်းတို့က ကျောက်ထက်အက္ခရာတင်ကာ မှတ်တမ်းပြုခဲ့ကြသည်။

ဆူမားရီးယန်းတို့ ယဉ်ကျေးမှုတွင် အီဂျစ်တို့နှင့် များစွာ ဆင်တူသည်ကို တွေ့ရပေသည်။ အီဂျစ်မှ ဖာရိုးများနည်းတူ ပါတေးဆီ တို့၏တာဝန်မှာ အုပ်ချုပ်ရေးတာဝန်သာမက လယ်ယာကဏ္ဍအတွက် ဆည်မြောင်းများအတွက် ပါ စီမံခန့်ခွဲရသေးသည်။ ထို့အတူ ဘာသာရေးအရ ဂိုဏ်းချုပ်ဘုန်းကြီး ရာထူးကိုလည်း ခံယူရသည်။ ပါတေးဆီနောက် နိုင်ငံအတွင်း ဩဇာရှိသူများမှာ အစိုးရအမှုထမ်းများနှင့် ဘုန်းတော်ကြီးများဖြစ်ကြသည်။ ထိုနောက်တွင် မြေပိုင်ရှင်များ၊ ထိုနောက်တွင်မှ သာမာန်အခြေခံလူတန်းစားများဖြစ်သည့် ကျွန်များ၊ လယ်သမားများ၊ အစေခံများ အဆင့်ဆင့်ရှိကြသည်။

အိမ်များကို ရွှံ့အုတ်များဖြင့် တည်ဆောက်ကြသဖြင့် မိုးဒဏ်လေဒဏ်ကို ကောင်းစွာမခံနိုင်သဖြင့် ပြိုလဲပျက်စီးတတ်သည်။ ထိုသို့ပျက်စီးလျှင် အပျက်အစီးများကို ပြန်လည်ဖယ်ရှားသည် မရှိတော့ဘဲ မြေညှိကာ ထိုပေါ်မှ အိမ်သစ်ထပ်မံတည်ဆောက်လေ့ရှိသဖြင့် နှစ်ကာလရှည်ကြာလာသည်နှင့်အမျှ မြို့နေရာသည် တစ်ဖြည်းဖြည်းမြင့်တက်လာသည်။ ဆူမားရီးယန်းတို့၏ မြို့ဟောင်းများမှာ တောင်ကုန်း၊ တောင်ပူစာများအပေါ်တွင် တည်ထားသကဲ့သို့ ဖြစ်နေတော့သည်။ မြို့၏အရေးအပါဆုံး အပိုင်းမှာ ဝတ်ကျောင်းဖြစ်ကာ မျှော်စင်ကြီးများပါဝင်သည့် တံတိုင်းကြီးဖြင့် ကာရံထားသည်။ ထိုမျှော်စင်ကြီး၏ ရှေ့တွင် ပေ ၁၅၀ခန့်ရှည်သည် လှေကားဖြင့် ဝတ်ကျောင်းတံခါးဝသို့ ဝင်ရောက်ရသည်။ ဝတ်ကျောင်းများသည် လေနတ်သား အင်လီ(Enlil) အား ရည်စူးသည်ဖြစ်ပြီး ခေါင်မိုးပါရှိခြင်း မရှိကြပေ။ ဝတ်ကျောင်းမကြီး နံဘေးတွင် လူအများဝတ်ပြုရန်အတွက် ခပ်နှိမ့်နှိမ့် ဝတ်ကျောင်းခန်းမများရှိသည်။ ပူဇော်ပသခြင်းအနေဖြင့် ဆိတ်၊ သိုး စသည်တို့ကို သတ်ဖြတ်ကာ ယဇ်ပူဇော်ကြရသည်။ စိုက်ပျိုးရေးအောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်ကာ စွန်ပလွံအရွက်စိမ်း ထိုးစိုက်ထားသည့် ရေအိုးတစ်အိုးဖြင့်လည်း ပူဇော်ကြသည်။

ဆူမားရီးယန်းတို့နှင့် အီဂျစ်တို့ကွာခြားချက်မှာ လူသေပြီးနောက် ကျန်ရှိရုပ်အလောင်းကို အများအားဖြင့် အိမ်အောက်တွင်သာ မြုပ်လေ့ရှိသည် ဖြစ်သည်။ ထိုမှလွဲလျှင် အိမ်၏မြောက်ဖက် တံတိုင်းအနား မြေကွက်လပ်တွင် ကပ်ကာ မြုပ်နှံတတ်သည်။ သို့သော် အီဂျစ်ကဲ့သို့ပင် သေသောလူ၏ အသုံးအဆောင်၊ ကျွဲ၊ နွား၊ အစေခံ စသဖြင့် အတူတကွ မြုပ်နှံပေးသည့် ဓလေ့ကို တွေ့ရသည်။ အားရ် မြို့ပြနိုင်ငံရှိ မင်းသားတစ်ပါး၏ သင်္ဂြိုင်းဟု ယူဆရသော နေရာအား တူးဖော်ရာ မြောက်များလှစွာသော အသုံးအဆောင်များနှင့် အစေခံ၊ လှည်းတွင် တပ်ဆင်လျက်ရှိသည့် နွားများ စသဖြင့် ထည့်သွင်းမြုပ်နှံပေးထားသည်ကို တွေ့ရသည်။

အားရ် မြို့ပြနိုင်ငံ[ပြင်​ဆင်​ရန်​]

ဆူမားရီးယန်းတို့အနက် အားရ်(Ur) မြို့ပြနိုင်ငံသည် ခေါင်းဆောင်ဖြစ်သည်။ ယူဖရေးတီးမြစ်ကမ်းပေါ်တွင် တည်ရှိပြီး မြစ်ဝနှင့်လည်း မဝေးလှပေ။ အားရ်မြို့၏ ပထမဆုံး အုပ်စိုးသည့် မင်းဆက်အကြောင်းကိုမူ တိတိကျကျ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော်လည်း ခန့်မှန်းစပ်ဆက်မှုများအရ မက်-အင်နီ-ပက်ဒါ(Mes-anni-padda) သည် ဘီစီ ၂၉၀၀ခန့်က အုပ်စိုးသွားပြီး ထိုမင်းဆက်တွင် မင်းငါးပါးရှိကြောင်း သိရသည်။ ထိုမြို့ဟောင်းရာအား တူးဖော်ရာတွင် မြေအောက်တွင် အထပ်ထပ်တည်ရှိနေသော မြို့ဟောင်းရာများအောက်တွင် သမိုင်းအဖိုးတန်ပစ္စည်းများဖြစ်သည့် လူ့အသုံးအဆောင်များကို တွေ့ရသည်။ လက်ရာအဆင့်အတန်းမြင့်မားပြီး အီဂျစ်များထက် မနှိမ့်ကြောင်း တွေ့ရသည်။ တွေ့ရှိရသော လက်ရာများအရ ထိုအချိန်က အရှေ့အာရှတွင် ဆူမားရီးယန်းတို့၏ ယဉ်ကျေးမှုမှာ အထွတ်အထိပ်ဖြစ်သည်ကို သိနိုင်သည်။

အားရ်နှင့် ပြိုင်ဖက် မြို့ပြနိုင်ငံမှာ လာဂတ်စ်မြို့ဖြစ်သည်။ ထိုနှစ်မြို့တို့သည် အပြန်အလှန် စစ်ပြုပြိုင်ဆိုင်ကြပြီး နောက်ဆုံးတွင် အားရ်ရှုံးနှိမ့်ကာ ပျက်သုဉ်းသွားသည်။ ထိုမှ အချင်းချင်းတိုက်ခိုက်မှုများအပြင် မြောက်ဖက်မှ အက်ကတ်ဒီးယန်းများ၏ ကျူးကျော်မှုကိုလည်း ရင်ဆိုင်ခဲ့ရပြီး ဘီစီ ၂၇၅၀ခန့်တွင် အက်ကတ်ဒီးယန်း ဘုရင် ဆာဂွန်() ၏တိုက်ခိုက်မှုကြောင့် ဆူမားရီးယန်းတို့၏ မြို့ပြနိုင်ငံများ ပျက်စီးသွားရသည်။ သို့သော် အက်ကတ်ဒီးယန်းများသည် ဆူမားရီးယန်းတို့ထံမှ စာပေနှင့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများကို ဆက်ခံရယူသဖြင့် ထိုလူမျိုးနှစ်မျိုးသည် ရေရှည်တွင် တစ်သားတည်းဖြစ်ကာ ဆူမားနှင့်အက်ကတ် နိုင်ငံကို တည်ထောင်ခဲ့ကြသည်။