အက်ကတ်ဒီးယန်းခေတ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ဆူမားရီးယန်းတို့အား အက်ကတ်ဒီးယန်းတို့အောင်နိုင်သည့်နောက် နှစ်ပေါင်း၂၀၀ အကြာတွင် ဆူမား-အက်ကတ်ဟူ၍ နိုင်ငံတစ်ခုကို ပူပေါင်းတည်ထောင်ကြသည်။ ထိုနိုင်ငံသည် ယူဖရေးတီးမြစ် မြောက်ပိုင်းရှိ အာဆီးရီးယား နိုင်ငံအထိ၊ အရှေ့ဖက်တွင် ပါရှန်ပင်လယ်ကွေ့ထိပ်ဖျားရှိ အီလမ်မြို့အထိ၊ အနောက်ဖက်တွင် မြေထဲပင်လယ်ကမ်းခြေရှိ ပါလက်စတိုင်းမြောက်ပိုင်းအထိ ကျယ်ပြန့်သည်။ သို့ဖြင့် အနောက်ဖက်ခြမ်းဒေသများသည် ယခင်ကထက် ပို၍ စည်းစနည်ကျသည့် အုပ်ချုပ်ရေးစနစ်ဖြင့် အုပ်ချုပ်ခြင်းခံရသဖြင့် တိုးတက်လာသည်။ အထူးအသဖြင့် ကုန်စည် ကူးသန်းရောင်းဝယ်ရေးတွင် ဖွံဖြိုးလာကာ တစ်ဖက်မှလည်း ဆူမား-အက်ကတ်ယဉ်ကျေးမှုသည်လည်း အထွတ်အထိပ်သို့ရောက်လာသည်။

ဆူမားရီးယန်းလူမျိုးများ အချင်းချင်း မသင့်မြတ်ကြဘဲ စစ်ပြိုင်နေချိန်များတွင် တစ်ဖက်ကလည်း ဆူမားဒေသ၏ မြောက်ဖက်ရှိ အက်ကတ်ဒီးယန်းများ၏ ကျုးကျော်မှုများကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။ သို့သော် စစ်ရေးစစ်ရာ ကျွမ်းကျင်သည့် ဆူမားရီးယန်းများအား အက်ကတ်ဒီးယန်းတို့အနေဖြင့် လွမ်းမိုးနိုင်ခြင်းမရှိကြပေ။

ဘီစီ၂၇၅၀ ရောက်သောအခါတွင်မူ အက်ကတ်ဒီးယန်းတို့သည် လက်ရုံးရည်၊ နှလုံးရည်ဖြင့် ပြည့်စုံသည့် ဆာဂွန် ဘုရင်၏ ဦးဆောင်မှုဖြင့် ဆူမားရီးယန်းအပေါင်းတို့အား အောင်နိုင်ခဲ့ကြသည်။ ဆာဂွန်၏ အင်ပါယာသည် ပါရှန်ပင်လယ်ကွေ့မြောက်ပိုင်းရှိ အီလမ်မြို့မှ အနောက်ဖက် မြေထဲပင်လယ်အထိတိုင် ကျယ်ပြန့်သည်။ မြောက်ဖက်တွင် ယူဖရေးတီး နှင့် တိုက်ဂရစ်မြစ်များ၏ အထက်ဖျားပိုင်းထိတိုင် ကျယ်ပြန့်သေးသည်။

အက်ကတ် နှင့် ဆူမားတို့ ပေါင်းစည်းမှု[ပြင်ဆင်ရန်]

ထိုသို့ အက်ကတ်ဒီးယန်းတို့သည် ဆူမားတို့အပေါ်တွင်အောင်နိုင်ပြီး အရှင်သခင်များ ဖြစ်လာသည့်အတွက် ၎င်းတို့အနေဖြင့် ခြေသလုံးအိမ်တိုင် လှည့်လည်သည့် စရိုက်ကို စွန့်ပစ်လိုက်ကြပြီး ဆူမားရီးယန်းများကဲ့သို့ပင် နေလှန်းရွံ့အုတ်ဖြင့် အိမ်ယာများတည်ဆောက်ကာ အတည်တကျနေထိုင်လာကြသည်။ စာပေအသုံးအနှုန်း မရှိကြသေးသဖြင့် ဆူမားရီးယန်းတို့ထံမှ ကျူနီဖောင်းစာရေးနည်းကို သင်ယူကြကာ ၎င်းတို့၏ ဆီမိုက်ဘာသာစကားဖြင့် ရေးသားကြသည်။ ထို့အတူ အုပ်ချုပ်ရေးက႑တွင်လည်း ဆူမားရီးယန်းတို့အား ဆရာတင်ကာ ကျင့်သုံးကြရပြန်သည်။ သို့ဖြင့် အချိန်ကြာသော် အလေးချိန်၊ အချိန်နာရီ၊ အတိုင်းအတာ၊ အတွက်အချက်၊ စစ်ရေးစစ်ရာ စသည်တို့ပါမကျန် အက်ကတ်တို့သည် ဆူမားရီးယန်းတို့ထံမှ ဆက်ခံသင်ယူ သဖြင့် အာကတ်နှင့် ဆူမားတို့သည် လူမျိုးတစ်မျိုးတည်းကဲ့သို့ ဖြစ်သွားကြကာ နှစ်၂၀၀ခန့် ကြာလျှင် ဆူမားတို့က ထိုဒေသတွင် အသာစီးပြန်ရလာကြသည်။ ထူးခြားချက်အနေဖြင့် အက်ကတ်ဒီးယန်းများက ဆူမားရီးယန်းတို့ထံမှ သင်ယူပြုလုပ်သည့် စစ်ခမောက် သည် ကမ္ဘာ့ရှေးအကျဆုံး သတ္တုဖြင့် ပြုလုပ်သည့် စစ်ဘက်ဆိုင်ရာ တန်ဆာအဖြစ်မှတ်တမ်းတင်ခြင်း ခံရသည်။


ပျက်သုဉ်းခြင်း[ပြင်ဆင်ရန်]

ဘီစီ၂၃၂၈ အရောက်တွင် အီလမ်ဒေသမှ အယ်လ်မိုက်လူမျိုးတို့သည် ဆူမား-အက်ကတ်နိုင်ငံကို ကျူးကျော်ကာ ဘုရင်ဖြစ်သူအား ဖမ်းဆီးလိုက်ကြသည်။ တစ်ချိန်တည်းတွင်ပင် မြောက်ပိုင်းရှိ အမ်မိုရိုက်မျိုးနွယ်များကလည်း ဆူမား-အက်ကတ်နိုင်ငံတွင်းသို့ တိုးဝင်လာကာ ယူဖရေးတီးမြစ်ကမ်းပေါ်တွင် ဘေဘီလုံရွာငယ်လေးကို တည်ထောင်အခြေချကြသည်။ အချိန်အနည်းငယ်အတွင်းတွင် ထိုရွာငယ်လေးသည် အမ်မိုရိုက်တို့၏ ဘေဘီလုံမြို့တော် ဖြစ်လာသည်။

အယ်လ်မိုက်များ[ပြင်ဆင်ရန်]

ထိုအချိန်မှစကာ ဆူမား-အက်ကတ်နိုင်ငံနေရာတွင် ဆူမားနှင့် အက်ကတ်တို့၏ အခန်းမှာ မှေးမှိန်သွားပြီး အယ်လ်မိုက်နှင့် အမ်မိုရိုက်နွယ်ဝင်များကသာ နယ်မြေပိုင်စိုးရေးအတွက် ယှဉ်ပြိုင်စစ်ပြုကြတော့သည်။ နယ်မြေပိုင်ဆိုင်ရေး စစ်ပွဲများသည် ရာစုနှစ်တစ်ခုမျှကြာရှည်ကာ အပြန်အလှန်တိုက်ခိုက်ခဲ့ကြသည်။ ဘီစီ၂၁၂၃အရောက်တွင် အမ်မိုရိုက်အပေါင်းတို့ကို ဟမ်မူရာဘီဘုရင်(Hammurapi) က ဦးဆောင်ကာ နှစ် ၃၀ကျော်ခန့် အယ်လ်မိုက်များနှင့် စစ်ပြုကာ အနိုင်ရသဖြင့် အယ်လ်မိုက်များ ထိုဒေသကို စွန့်ခွာထွက်သွားကြခြင်း ဖြင့် ဆူမား-အက်ကတ်ဒေသသည် အမ်မိုရိုက်တို့၏ ပြိုင်ဖက်မရှိ အုပ်စိုးခြင်းကို ခံရသည်။

ကိုးကား[ပြင်ဆင်ရန်]