မြင့်၊ ဦး(နေရှင်နယ်)

ဝီကီပီးဒီးယား မှ
(နေရှင်နယ်ဦးမြင့် မှ ပြန်ညွှန်းထားသည်)

မြန်မာနိုင်ငံလွတ်လပ်ရေး ကြိုးပမ်းစဉ်က ပေါ်ပေါက်ခဲ့သော အမျိုးသားအောင်ပွဲနေ့ခေါ် နေရှင်နယ်ဒေးအကြောင်း လူတိုင်းသိကြသော်လည်း အမျိုးသားနေ့ ဖြစ်ပေါ်လာအောင် ပထမဦးဆုံးစည်းရုံးလှုံ့ဆော်ခဲ့သူ နေရှင်နယ်ဦးမြင့် အကြောင်းကိုကား သိသူနည်းလှပါသည်။

ဦးမြင့်ကို ၁၈၉၃ ခုနှစ်တွင် ဖွားမြင်သည်၊ ဇာတိမှာဟင်္သာတခရိုင် အင်္ဂပူမြို့နယ် ပန်းတင်ရွာ၊ အမည်ရင်းဦးမြင့်ဖြစ်သည်။ မိဘနှစ်ပါးမှာ မြေပိုင်ရှင်ဦးမြလွင်နှင့် ဒေါ်အိမ်ကြွယ် တို့ဖြစ်သည်၊ မွေးချင်းငါးယောက်အနက် ဒုတိယမြောက်ဖြစ်သည်။ ကျောင်းနေအရွယ်သို့ ရောက်လျှင် ကျေးလက်ရိုးရာ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွင် စတင်ပညာသင်ကြားသည်၊ ထို့နောက် ရန်ကုန်ဟိုက်စကူးကျောင်း (ယခုလသာ အထက-၁) သို့ ပြောင်းရွှေ့ခဲ့သည်၊ ထိုကျောင်းမှပင် ဆယ်တန်းအောင်သည်။ ဂျပ်ဆင် (ယုဒသန်)ကောလိပ်သို့ ဆက်တက်သည်။

ဦးမြင့် ဘီအေအထက်တန်း (အင်္ဂလိပ်စာဂုဏ်ထူးတန်း)ရောက်သည့်နှစ်တွင် ပထမ ကျောင်းသားသပိတ်ကြီးနှင့် တန်းတိုးသည်။ ၁၉၂၀ပြည့် နှစ် ဒီဇင်ဘာလ(၅)ရက် (မြန်မာနှစ် ၁၂၈၂ ခု တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင် ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်သည်။ ပထမ ကျောင်းသားသပိတ်ကြီးသည် ကျောင်းသားများ ကျယ်ကျယ် ပြန့်ပြန့် ဆင်နွှဲလိုက်သော နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား လွတ်လပ်ရေးတိုက်ပွဲ ဖြစ်သည်။ ဦးမြင့်သည်သပိတ်မှောက်ရာတွင် တက်ကြွစာ ပါဝင်ဆောင်ရွက်သည်၊ သပိတ်မှောက် ကောင်စီ ၂၆ ဦး ဖွဲ့စည်းရာတွင်ပါဝင်သည်၊ ငွေထိန်းဖြစ်သည်။

ဦးမြင့်သည် နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသား ကြိုးပမ်းမှုတွင် များစွာစိတ်အား ထက်သန်သည်၊ မည်သူကချော့ချော့ မည်သူက ခြောက်ခြောက် ပျော့မည့်သူ မည့်သူမဟုတ်ပေ။ ယုံကြည်ချက် ခိုင်မာဇွဲကြီးသူ ဖြစ်သည်။ သာဓကပြရလျှင် ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်နေ့ညနေတွင် သပိတ်စခန်းရှိရာ ရွှေတိဂုံဘုရားအနီး ဦးမာရိယကျောင်း သို့ ရန်ကုန်ကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာဦးဘတို့ ရောက်ရှိလာသည်၊ ကျောင်းသားများ ကျောင်းသို့ ပြန်ကြရန်နှင့် စာကြိုးစားရန် တိုက်တွန်းသည်၊ ထိုအခါ သပိတ်မှောက် ကျောင်းသားတစ်ဦးက အင်္ဂလိပ်တို့ဟာ ပရိယာယ်များတယ်၊ ခင်ဗျားတို့ သွေးဆောင်ရာကို မလိုက်ဘူး ဟု အော်ပြောလိုက်လေသည်။

ဦးမြင့်ကလည်း ကျွန်တော်တို့ထွက်လာတာ ရည်ရွယ်ချက်ရှိပါတယ်၊ ဆရာတို့ခေါ်ပေမယ့် အလကားဘဲ၊ သွေးဆောင်ခေါ်မနေပါနဲ့တော့၊ ဆရာကြီးအခုချက်ချင်းထွက်သွား၊ မကြည့်ချင်ဘူးဟု အော်ဟစ်ပြောဆိုခဲ့သည်။

၁၉၂၀ ပထမကျောင်းသားသပိတ်ကြီးသည် များစွာ အောင်မြင်သည်။ ယင်းသပိတ်ကြီးကြောင့် မြန်မာတို့နိုင်ငံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စသောနယ်ပယ်တို့တွင် နိုးကြားလာသည်၊ ရန်ကုန်မြို့တွင် အမျိုးသားကောလိပ်ကျောင်းတစ်ကျောင်းနှင့် အနယ်နယ်အရပ်ရပ်တွင် အမျိုးသား ကောလိပ်ကျောင်းပေါင်း ၉၀ ကျော် ပေါ်ပေါက်လာသည်။

၁၉၂၁ ခုနှစ် အောက်တိုဘာလတွင် မန္တလေးမြို့ ဂျီစီဘီအေ ဝါ မြန်မာအသင်းချုပ်ကြီး နဝမအကြိမ်မြောက် ကွန်ဖရင့် ကျင်းပသည်။ သပိတ်မှောက် ကျောင်းသားကိုယ်စားလှယ်အဖြစ် ဦးမြင့်တက်ရောက်သည်၊ ယင်းကွန်ဖရင့်တွင် အမျိုးသားနေ့ သတ်မှတ်ရေးနှင့် ပတ်သက်၍ အချေအတင် ဆွေးနွေး ကြသည်။ သူရိယသတင်းစာဆရာ ဦးတုတ်ကြီးက သီပေါမင်း ပါတော်မူသောနေ့ ကို သတ်မှတ်ရန် အဆိုပြုသည်၊ ပျဉ်းမနားမှ ဦးဒွေးကဆရာတော် ဦးဥတ္တမ ထောင်ကျသောနေ့ကို သတ်မှတ်ရန် အကြံပေးသည်။ သပိတ်မှောက် ကျောင်းသား ကိုယ်စားလှယ်ဦးမြင့်က ပါတော်မူနေ့၊ ထောင်ကျသော နေ့ရက်များသည် အမင်္ဂလာဖြစ်သည်၊ ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း နိမိတ်ထွန်းဆိုသော ရှေးသူဟောင်းတို့ ဆိုသည့်စကား အတိုင်းပင် မင်္ဂလာရှိသောနေ့ကို ရွေးချယ်ရန် တင်ပြသည်။ တက္ကသိုလ် ဥပဒေကို သပိတ်မှောက်သည့် ကိစ္စသည် အင်္ဂလိပ်လက်ထက်တွင် အင်္ဂလိပ်ဥပဒေကို ပထမဦးဆုံးတော်လှန်သည့် ကိစ္စဖြစ်သည်။ အကျမဟုတ် အတက်ဖြစ်သည်၊ အစုန်မဟုတ်။ အဆန်ဖြစ်သည်။ တစ်နိုင်ငံလုံးနိုးကြားတက်ကြွလာပြီး ဝံသာနုရက္ခိတတရား ထွန်းကားလာသည်။ ထို့ကြောင့် ကျောင်းသားများ သပိတ်မှောက်သည့် နေ့ကို ရွေးချယ်သတ်မှတ်ရန် ရှင်းလင်းတင်ပြသည်၊ တက်ရောက်လာကြသော ကိုယ်စားလှယ်အားလုံးက ဦးမြင့်အဆိုကို တစ်ခဲ နက်ထောက်ခံသည်။ ထို့ကြောင့် ကျောင်းသားများသပိတ်မှောက်သည့် တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်သည်။ ထိုနေ့သည် နယ်ချဲ့တို့ အပေါ် အောင်ပွဲခံသောနေ့ ဖြစ်သောကြောင့် အမျိုးသားအောင်ပွဲနေ့ဟု ခေါ်ကြသည်။

ထိုအချိန်မှစ၍ တစ်နိုင်ငံလုံး နှစ်စဉ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက် နေ့ရောက်တိုင်း အမျိုးသားအောင်ပွဲနေ့ ကျင်းပကြ လေသည်။ အမျိုးသားနေ့ (နေရှင်နယ်ဒေး) ဖြစ်ပေါ်လာ အောင် ပထမဦးဆုံးစည်းရုံးလှုံ့ဆော်ခဲ့သူ ဦးမြင့်ကိုလည်း နေရှင်နယ်ဦးမြင့်ဟု ခေါ်တွင်လေသည်။

နေရှင်နယ်ဦးမြင့်သည် ညောင်လေးပင်မြို့ အမျိုးသားကျောင်းနှင့် မြို့မ အမျိုးသား အထက်တန်းကျောင်းတို့တွင် ကျောင်းအုပ်ကြီးအဖြစ် ဆောင်ရွက်သည်၊ အမျိုးသားပညာရေးကောင်စီအဖွဲ့ဝင်နှင့် အထက်မြန်မာ ပြည် အမျိုးသားပညာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်၊

ဦးမြင့်သည် ဟံသာဝတီခရိုင် ပျော်ဘွယ်ကြီးရွာသူ ဒေါ်စောရှင်နှင့် အိမ်ထောင်ကျသည်၊ ပျော်ဘွယ်ကြီးရွာသို့ သွားရောက်နေထိုင်သည်၊ လယ်ယာလုပ်ငန်းများကို ဦးစီးလုပ်ကိုင်သည်၊ တောင်သူလယ်သမားများ နိုးကြားလာအောင် စည်းရုံးလှုံ့ဆော်သည်၊ မြန်မာနိုင်ငံ ရေးလောကတွင် ငါးပွင့်ဆိုင်ညီညွတ်ရေးအဖွဲ့ ပေါ်ပေါက်လာသောအခါ ပါဝင်ဆောင်ရွက်သည်၊

ဦးလွန်းနှင့် ဦးမြင့်[ပြင်ဆင်ရန်]

သခင်ကိုယ်တော်မှိုင်းသည် အမျိုးသားနေ့နှင့် ပတ်သက်၍ ဖွဲ့ဆိုခဲ့ဖူးသည်။ နေရှင်နယ်ဦးမြင့်သည် ပါမောက္ခမှိုင်းထက် ၁၈နှစ်ငယ်သည်၊ သခင်ကိုယ်တော်မှိုင်း၏ စာများကို ဖတ်၍ ကြီးပြင်းခဲ့သူဖြစ်သည်၊ အမျိုးသား စာပေယဉ်ကျေးမှုကိုချစ်မြတ်နိုးသည်၊ လေးစားတန်ဖိုးထားသည်၊ ဂျပ်ဆင် ကောလိပ်မှာနေစဉ်က ဦးဖိုးကျား။ ဦးဖိုးလတ်။ ဦးလူဖေဝင်းတို့နှင့် အတူ မစ္စတာ မောင်မှိုင်းဘွဲ့ခံ သူရိယဆရာ ဦးလွန်းထံသို့ သွားရောက်၍ မြန်မာစာ မြန်မာ ရာဇဝင်တို့ကိုလေ့လာဆည်းပူးခဲ့သူဖြစ်သည်၊ သခင်ကိုယ်တော်မှိုင်းကို ကြည်ညိုလေးစား အားထားသူ ဖြစ်သည်။

သပိတ်မှောက်ကာလအတွင်းက မြန်မာ့အလင်းသတင်းစာတွင် အမျိုးသား ကောလိပ်မှ ဆရာတစ်ဦးသည် လခမှန်မှန် မရ၍ ယောလုံချည် ပေါင်စား နေရသည်ဟု ပါလာသည်။ ပါမောက္ခမှိုင်းကို ရည်ရွယ်ပါတကား၊ ကျောင်းသားများက မကျေမနပ်ဖြစ်ကာ အုံကြွလာသည်၊ မြန်မာ့အလင်း သတင်းစာကိုသပိတ်မှောက်ရန် စည်းရုံးလှုံ့ဆော်ကြသည်။ ယင်းတို့အထဲတွင် နေရှင်နယ်ဦးမြင့်နှင့် ဦးလူဖေဝင်းတို့က ထိပ်ဆုံးက ဖြစ်သည်။ သခင်ကိုယ်တော်မှိုင်းထံ သို့ချက်ချင်းသွားရောက်သတင်းပို့ကြသည်၊

မှိုင်းက ဟာ ... မလုပ်ကြပါနဲ့ကွာ၊ ရန်ကို ရန်ခြင်း မတုံ့နှင်းကြပါနဲ့၊ အမြန်သွားပြီးတားလိုက်ကြပါ၊ ကျောင်းသားတွေက ဆရာ့အတွက် ဘာလို့မခံမရပ်နိုင်ဖြစ်ကြတာလဲ ဟု မေးသည်၊ ယောလုံချည် ပေါင်စားနေရတယ်ဆိုပြီး သတင်းစာကနေ သိက္ခာချလို့ မခံမရပ်နိုင် ဖြစ်တာပါဆရာ ဟု နေရှင်နယ်ဦးမြင့်က ရှင်းပြသည်။ ယောလုံချည် ပေါင်စားနေရတယ်လို့ရေးတာ ဘာနာစရာရှိသလဲ၊ တကယ်တော့ဆရာတို့ အခုလို တိုင်းပြည်အတွက် အနစ်နာခံပြီး ရှိသမျှ ပေါင်စားနေရတာ ဂုဏ်တောင်ရှိသေးတယ် မဟုတ်လား၊ ဒါမျိုးရေးလို့ကတော့ ဆရာ မရှက်ပေါင်၊ ဆရာ့ကို ဂုဏ်တင်ပေးတာပဲလို့ အောက်မေ့တယ်၊ ဟား...ဟား...ဟား...၊ ငါ့လူ မောင်ဘချိုလည်း ခေါင်းလိမ်းဆီတို့။ မျက်နှာချေတို့ ဖော်စပ်ပြီးရောင်းစားနေရတာပဲ မဟုတ်လားကွ၊ တို့နှစ်ယောက်က ငတ်ဖော်ငတ်ဖက်တွေပါကွာ၊ ဆရာတော့ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက် မွဲရတာမို့ ပျော်တောင်ပျော်သေးတယ် ဟုပြောလေသည်၊

ဗဟန်းအမျိုးသားကောလိပ် ကွယ်ပျောက်သွားသောအခါ ပါမောက္ခဆရာမှိုင်း အလုပ်လက်မဲ့ ဖြစ်ရသည်၊ နေရှင်နယ်ဦးမြင့်သည် ဆရာမှိုင်းအား တစ်လလျှင် ငွေ ၁၅၀ ကျပ် ထောက်ပံ့သည်၊ ဆရာမှိုင်းအလုပ်တစ်ခု ရသည့်အချိန်အထိဖြစ်၏၊ ခြောက်လလောက်ကြာသည်။

နေရှင်နယ်ဦးမြင့်၏ အရင်းနှီးဆုံးသူငယ်ချင်းများမှာ ဦးဖိုးကျားနှင့် ဦးဖိုးလတ်တို့ဖြစ်သည်၊ ဂျပ်ဆင်ကောလိပ်မှာလည်း အတူတူ။ ဆရာမှိုင်းထံသို့ မြန်မာစာ မြန်မာရာဇဝင်တို့ကို သွားရောက်ဆည်းပူးရာတွင်လည်း အတူတူ။ သပိတ်မှောက်ရာတွင်လည်း အတူတူပင်၊ ယင်းတို့သည် နယ်ချဲ့သမားနှင့် နယ်ချဲ့နောက်လိုက်တို့ကို ဆန့်ကျင်တိုက် ခိုက်ရာတွင်လည်း အတူတူ ဖြစ်သည်။

နေရှင်နယ်ဦးမြင့်သည် ရုပ်ရည်ရူပကာယ သန့်ပြန့်ရည်မွန်သူ တစ်ဦး ဖြစ်သည်၊ သဘောထားပြည့်ဝသည်၊ မှိုင်းသည် နေရှင်နယ်ဦးမြင့်၏ စရိုက်လက္ခ္စာများကို လွန်စွာနှစ်သက်ဟန်တူသည်၊ အကြောင်းမှာ သူ၏ ဒေါင်းသျှီကာ။ ဘွိုင်းကောကသျှီ်ကာနှင့် စစ်ကိုင်း ပြန်မှာတော်ပုံတို့တွင် ဦးမြင့်ကိုရည်ရွယ်ပြီး ရုပ်ရည်ရူပကာယ ကောင်းသူ၊ သဘောထား ပြည့်ဝသူ ဥပုသ်သည်မလေး (ကျောင်းအမမယ်မြင့်) အဖြစ်ဇာတ်ကောင်ဖန်ဆင်းကာ ချစ်စနိုးရေးဖွဲ့ခဲ့သောကြောင့် ဖြစ်သည်၊

ဦးမြင့်သည် စာသမားဖြစ်သည်၊ အင်္ဂလိပ်မြန်မာ နှစ်ဘာသာစလုံးကို ကျွမ်းကျွမ်းကျင်ကျင် နိုင်နိုင်နင်းနင်း ရေးသားနိုင်သူ ဖြစ်သည်၊ သပိတ်မှောက်ကာလအတွင်းက တိုင်းပြည်သို့ ကြေညာချက်များ ထုတ်ပြန်ရာတွင် ဦးဖိုးကျား။ ဦးထွန်းဖေ(ထွန်းနေ့စဉ်)တို့ နှင့်အတူ စာနယ်ဇင်းများ၌ ဝင်ရောက်ရေးသားသည်၊ ဦးမြင့်၏ အသိုင်းအဝိုင်းမှာ စာပေ အသိုင်းအဝိုင်းဖြစ်သည်၊ ဆရာမှိုင်း။ ဒီးဒုတ်ဦးဘချို။ ဦးဖိုးကျား။ ဦးဖိုးလတ်။ ဦးလူဖေဝင်း။ ဦးထွန်းဖေ(ထွန်းနေ့စဉ်)။ သတိုးပီယ။ ဇေယျ။ ဟံသာဝတီဦးဘရင်။ မဟာဂီတ ဦးပြုံးချို စသူတို့ ဖြစ်သည်။ စာပေဩဇာ အရှိန်အဝါကြီးမားသော အသိုင်းအဝိုင်း ဖြစ်သည်။

သူ၏အမျိုးသားပုံနှိပ်တိုက်ကလည်း အမျိုးသားစာပေယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်သော စာအုပ်စာတမ်းများ ရိုက်နှိပ်ထုတ်ဝေသည်၊ မှန်သည်။ မြန်မာပညာရှိဦးအောင်၏ ကဝိသေနင်္ဂဗျူဟာကျမ်း၊ ခုံတော်မောင်ကျဘမ်း အတ္ထုပ္ပတ္တိ၊ ဦးပြုံးချို၏ မဟာဂီတ။ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည်။ ဇေယျ၏ ဇေယျသတင်းစာ။ သတိုးပီယ ခေါ် ဦးချစ်စရာ၏ မြန်မာစာညွန့်ပေါင်းသျှီကာနှင့် မြန်မာကဗျာဖွဲ့နည်းကျမ်း။ မစ္စတာမောင်မှိုင်း ဘွိုင်းကောက် သျှီကာကြီး။ မဟာဆွေ၏ ဘိုးဝဇီရနှင့် လယ်တီတရား သတင်းစာတို့ ဖြစ်သည်။

၁၉၅၃ ခုနှစ်တွင် ဦးမြင့်သည် ပြုပြင်ရေးမဂဏ္ဍဇင်းကိုဦးစီးထုတ်ဝေသည်၊ ပါဝင်ရေးသားသူ များမှာ ဆရာမှိုင်း၊ ပီမိုးနင်း၊ ဦးဖိုးကျား၊ ဦးလူဖေဝင်း၊ ဟံသာဝတီဦးဘရင်၊ ဇေယျ စသူတို့ ဖြစ်သည်။ မှိုင်းက ဤသို့ရေးသားခဲ့သည်။

ရှေးအခါယမန်က သာလာယံကောလိပ် အပျက်တွင် အထက် တစ်ခွင် အညာ စစ်ကိုင်းသို့ စိုင်းနှင့်ပြန်တက်ခဲ့ရာ အကြံခက် အစည်ခက် အခက်မျိုးများစွာနဲ့ ဆရာ့မှာ အလုပ်အကိုင် ခက်ပြီး ဘိုင်ကျနေသည်တွင် အကြင်တပည့်မောင်မြင့်က တစ်လတစ်လမှာ အသပြာငွေ ၁၅၀ ကျပ်ကျ လေး ငါး ခြောက်လမျှ ပေးကမ်း လှူဒါန်း၍ ဆွမ်းကွမ်းအတွက် မခက်လွယ်ကူ လက်ရှိသမထ တစ်မျိုးဖြင့် အဂ္ဂိရတ်ထိုးတော်မူရသတဲ့ ကျေးဇူးတော်ကိုလည်း ထိမ်မြူးမမေ့ ရသေ့ယောဂီ တောဆီကအမှတ်ရသဖြင့် မပြတ်ခါခါ မေတ္တာပို့မိတဲ့အပြင် အကြင် တပည့် မောင်မြင့်၏ ယခင်ကျေးဇူးကို အထူးတုံ့လှယ်ဘယ်လိုများဆပ်ရပါ့မလဲလို့ အနည်းနည်း ကြံစည်နေသည့်အတွင်း ယင်းသို့သော မောင်မြင့်သည် အောင်မြင်မှု အောင်ကြာင်းဆုဖြင့် ပြုပြင်ရေး မဂ္ဂဇင်းစာအုပ် ထုတ်ဝေမည့်အလုပ်တွင် ကျွန်ုပ်တို့တောရက ဩဝါဒပေးပို့သည်မှာ...

အို... မောင်မြင့် နောင်အဆင့်ဆင့် မြင့်ထက်မြင့်အောင် ယခင်အခါ ရတနာပူရဆိုတဲ့ အင်းဝက မင်းများဆရာ ရှင်မဟာသီလဝံသ ပုဂ္ဂိုလ်ကျော် ရေးသားစီ ရင်တော်မူသည့် ပါရမီပျို့သစ္စာခန်း စာဟောင်းပေဟောင်းတွင် -
(၁) အကြောင်းဖြစ်ငြား၊ ကြိုက်လတ်ငြားမှု
သိကြားလူဌာ၊ မလွတ်သာတည့်
သစ္စာနှုတ်သီး၊ မန္တာန်ကြီးဖြင့်
ကျော်ချီးစေအောင်၊ အငြိမ်းဆောင်သည်
အခေါင်မြုတေ၊ လထိတည်း
ဟူသောအရလည်းကောင်း၊
(၂) ဝသုန္ဒြေ ဤမြေသော်လည်း
စောင့်စည်းမုသား။ ကြဉ်သောအားဖြင့်
စကားသစ္စာ၊ မှန်သောခါကား
ဩဇာလေးနက်။ ပေါ်ဆီတက်၍။
နွယ်မြက်သစ်ပင်၊ ဆေးဖက်ဝင်၏၊
ဟူ၍လည်းကောင်း၊
၎င်းပြင် တစ်ခါ ရတနာပူရအင်းဝကို
မင်းဓားပြ ရှမ်းမျိုးလွှမ်းတဲ့ခေတ်မှာ
သရေခေတ္တရာ မည်သော ပြည်မြို့သို့
စုန်ဆင်းကြွလာတော်မူသည့် ရှင်မဟာရဋ္ဌသာရ
ပုဂ္ဂိုလ်ကျော် ထုတ်ဖော်ဆုံးမသည့်
သံဝေရပျို့ဖတ်စာမှာ
(၃) သစ္စာဓမ္မ၊ ဝီရိယနှင့်
စာဂဟူသည်၊ ရန်သူအောင်မှု
ကြောင်းလေးခု
ဟူသော စာအရလည်းကောင်း

ရှေးဟောင်းအခါက ဆရာ ဆရာ့များဆုံးမစာအလင်္ကာတို့နှင့်အညီ ဤမည်ထိုမည်သော လုပ်ငန်းတို့ကို အဟုတ်တမ်း လုပ်စမ်းကြ စို့ဆိုလျှင် အောင်မြင်ဖို့အစစ်မှာ သစ္စာရှိရမည် ဆိုလိုသည်၊ ဤခေတ်ဤအခါက မြန်မာတွေကောင်းအောင်ကောင်းအောင်နှင့် ခေါင်းဆောင်လုပ်ကာ ဥစ္စာဓနပြည့်စုံအောင် မြန်မာပြည်သူ ရှင်လူကိုဗန်းပြပီး ပန်းရအောင် ညစ်သဟာကိုလည်း သစ္စာ ဟူ၍ မမှတ်မိကြရာ (ဝါ)တစ်နည်းအားဆိုလျှင် ၎င်းတို့လုချင်သည့် စားကျက်လမ်းကိုပင် အထက်တန်းက မျက်နှာပန်းလှတဲ့ တက်လမ်းအစစ်ပါဟု သစ္စာမရှိ ကတိမတည် လိမ်လည်ကောက်ကျစ် မှုမျိုးကို အတုမခိုးကြရာ တစ်မျိုးလုံး ခေတ်သာအောင် သစ္စာ ပါရမီအလုပ်ကို အားထုတ်ကြရာသည်။

နေရှင်နယ်ဦးမြင့်သည် ဖက်ဆစ်တို့၏လူမဆန်စွာ ရက်စက်ကြမ်းကြုတ်မှုကို အစောဆုံး သိမြင်ခဲ့သူတစ်ဦးဖြစ်သည်၊ ဒီးဒုတ်ဦးဘချိုနှင့် လက်ပံတန်း ဦးဘတင်တို့ကဲ့သို့ ဖက်ဆစ် ဆန့်ကျင်ခဲ့သူ မှန်သည်၊ ဒုတိယကမ္ဘာစစ်မီး မြန်မာနိုင်ငံသို့ မကူးစက်မီက စာရေးဆရာမဟာဆွေနှင့်အတူ ဖက်ဆစ်ဆန့်ကျင်ရေး ဝါဒဖြန့်လုပ်ငန်းများကို လုပ်ကိုင်ခဲ့သူ။ စစ်ပြီးခေတ်တွင် ပြန်ကြားရေးဌာန ပြည်သူ့ဆက်ဆံရေးအရာရှိအဖြစ် ဆောင်ရွက်သည်၊ နောက်မှ လူထုပညာဌာနသို့ ပြောင်းရေွှ့လုပ်ကိုင်သည်၊ လူထုပညာဌာန တိုင်းမှူးဖြစ်လာ သည်၊ ငယ်စဉ်ကစ၍ ဗုဒ္ဓဘာသာကို နက်နက်ရှိုင်းရှိုင်းလေ့လာလိုက်စားခဲ့သည်၊ ဘာသာရေးကိုင်းညွှတ်သည်၊ နေရှင်နယ်ဦးမြင့်နှင့် နီးကပ်သော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း ဘာသာရေး ကိုင်းညွှတ်သူ များသည်။ ဆရာမှိုင်းက တို့မြန်မာဝတ်ရွတ်စဉ်ကို ရေးသည်၊ ဆရာကျားက ကျောင်းသူကျောင်းသားငယ်များ အတွက် ငါးရာ့ငါးဆယ် (ဇာတကဝတ္ထုများ) ကိုအလွယ်နည်းဖြင့် ရေးသည်၊ ဆရာ ဦးဖိုးလတ်ကလည်း ဓမ္မပဒကို ပထမဦးဆုံး အကျဉ်းချုပ် မြန်မာ ပြန်ခဲ့သည်။ နေရှင်နယ်ဦးမြင့်သည် ဝန်ထမ်းအဖြစ်မှအငြိမ်းစား ယူပြီးနောက် သာသနာပြု ဓမ္မကထိကအဖြစ်ဆောင်ရွက်သည်၊

ကြိုးပမ်းမှုများ[ပြင်ဆင်ရန်]

သူ လူဖြစ်ရသော အချိန်ကာလသည် ခေတ်ကျပ်ခေတ်ဆိုး ကြီးဖြစ်သည်၊ သီပေါမင်း ပါတော်မူပြီးနောက် ရှစ်နှစ်အကြာတွင် မွေးဖွားခဲ့သူဖြစ်သည်၊ လွတ်လပ်ရေးရပြီးနောက် ၁၈ အကြာတွင်ကွယ်လွန်ခဲ့သည်၊ မြန်မာနိုင်ငံတွင် အမျိုးသားနေ့ကြိုးပမ်းမှုအရှိန်အဟုန် အပြင်းထန်ဆုံး၊ အခက်ခဲဆုံး၊ အကြမ်းတမ်းဆုံး အချိန်ကာလဖြစ်သည်၊ ထိုသို့သောကာလတွင် သူသည် ပြည်သူလူထုနှင့်အတူ အေးအတူပူအမျှခံစားသည်၊ သူ့တစ်ကိုယ်ရည် ကောင်းစားရေးအတွက် မည်သည့် အခွင့်အရေးမျှ ရယူခဲ့သူမဟုတ်၊ အမျိုးသားရေး လမ်းကြောင်းပေါ်မှ မဖောက်မပြန်သစ္စာရှိရှိလျှောက်လှမ်းခဲ့သည်၊ နေရှင်နယ်ဦးမြင့်သည် တိုင်းပြည်နှင့်လူမျိုးအတွက် အနစ်နာခံသည်၊ ဇွဲသတ္တိ ရှိပြီး ရိုးဖြောင့်သည်၊ စည်းစိမ်ဥစ္စာ ဂုဏ်ပကာသနှင့် အဆောင်အယောင်တို့ကို မမက်မော၊ မှိုင်းကြီးကဲ့သို့ ရှိသမျှနှင့် ရောင့်ရဲတင်းတိမ်သည်။

မြန်မာနိုင်ငံတွင် နေရှင်နယ်ဦးမြင့်၏ ကြိုးပမ်းအားထုတ်မှုကြောင့် အမျိုးသားနေ့ဟူ၍ နယ်ချဲ့ဆန့်ကျင်ရေး နေ့ထူးနေ့မြတ်တစ်နေ့ ပေါ်ပေါက် လာသည်၊ ထိုနေ့ကိုအကြောင်း ပြု၍မြန်မာတို့ နိုင်ငံရေးနိုးကြားလာသည်၊ ပညာရေးမျက်စိ ပွင့်လာသည်၊ စီးပွားရေးအမြင် ကျယ်လာသည်။ အမျိုးသားနေ့မပေါ်ပေါက်မီက မြန်မာနိုင်ငံတွင် တစ်မျိုးသားလုံးနှင့်သက်ဆိုင်သော နေ့ထူး နေ့မြတ်ဟူ၍မရှိခဲ့၊ ကဆုန်လပြည့်။ ဝါဆိုလပြည့်။ သီတင်းကျွတ်လပြည့်။ တန်ဆောင်မုန်းလပြည့်စသော ဘာသာရေးဓလေ့ ထုံးစံများနှင့်သက်ဆိုင် နေ့ထူးနေ့မြတ်များသာရှိ၏၊ တပေါင်းပွဲတော်။ နှစ်သစ်ကူး သင်္ကြန်ရေသဘင်ပွဲတော်များ ရှိသည်၊ အမျိုးသားနေ့ဟူ၍ကား မရှိခဲ့ပေ၊ ပထမကျောင်းသားသပိတ်ကြီး ပေါ်ပေါက်လာသည့်နေ့ကို အမျိုးသားနေ့ဟု သတ်မှတ်ပြီးမှ စာဆိုတော်နေ့၊ ဖက်ဆစ်တော်လှန်ရေးနေ့၊ ပြည်ထောင်စုနေ့လွတ်လပ်ရေးနေ့စသော နေ့ထူးနေ့မြတ်များ တစ်သီကြီး ပေါ်ပေါက်ခဲ့သည်။

နိဂုံး[ပြင်ဆင်ရန်]

အသက် ၇၃ နှစ်အရွယ် ၁၉၆၆တွင် ရန်ကုန်မြို့၌ မထင်မရှားကွယ်လွန်သွားလေသည်၊

မူရင်း[ပြင်ဆင်ရန်]

မောင်မောင်အေး(စစ်ကိုင်း)၊ စံပယ်ဖြူမဂ္ဂဇင်း ဇန်နဝါရီ။ ၂၀ဝ၉

ကိုးကား[ပြင်ဆင်ရန်]