နရဲစွမ်
| မဟာနရဲစွမ် นเรศวรมหาราช | |||||
|---|---|---|---|---|---|
| အယုဒ္ဓယပြည့်ရှင် | |||||
မြန်မာတို့ထံမှ လွတ်လပ်ကြောင်း အဓိဋ္ဌာန် ဥဒါန်းကျူးပြီးနောက် မြေသို့ရေသွန်းဟန် ထုလုပ်ထားသည့် နရဲစွမ်ရုပ်တု၊ နရဲစွမ် တက္ကသိုလ် | |||||
| အယုဒ္ဓယမင်း | |||||
| နန်းသက် | ၁ ဇူလိုင် ၁၅၉၀ – ၂၅ ဧပြီ ၁၆၀၅ | ||||
| ရှေ့မင်းဆက် | မဟာဓမ္မရာဇာ | ||||
| နောက်မင်းဆက် | ဧကာဒသရထ် | ||||
| မွေးဖွား | ၁၅၅၅-၁၅၅၆, စူဠသက္ကရာဇ် ၉၁၇ သုခေါဒယတိုင်း၊ ပိဿလောက်မြို့၊ စန္ဒန နန်းတော် | ||||
| ကွယ်လွန် | ၂၅ ဧပြီ၊ ၁၆၀၅ (အသက် ၄၉) စူဠသက္ကရာဇ် ၉၆၇၊ ကဆုန်လဆန်း ၈ရက်၊ တနင်္လါနေ့ လင်းဇင်း | ||||
| အိမ်ထောင်ဖက် | မဏိရတနာ ဧကခတ္တိယီ ယိုးဒယား မိဖုရား | ||||
| |||||
| စံအိမ် | သုခေါဒယမင်းဆက် | ||||
| ခမည်းတော် | မဟာဓမ္မရာဇာ | ||||
| မယ်တော် | ဝိသုဒ္ဓိခတ္တိယီ | ||||
| ကိုးကွယ်မှု | ထေရဝါဒ | ||||
မဟာ နရဲစွမ် (အင်္ဂလိပ်: Naresuan the Great; ထိုင်း: ็สมเดจพระนเรศวรมหาราช, RTGS: Somdet Phra Naresuan Maharat, အသံထွက် [sǒmdèt pʰráʔ nārēːsǔa̯n māhǎːrâːt]
listen (ကူညီ·ချက်လက်)) သို့မဟုတ် နရေသွရ်( ပါဠိ: နရိဿရ, နရ+ဣဿရ=လူတို့အရှင်၊ လူမင်း) သည် ၁၈ ရာစု အယုဒ္ဓယပြည်၏ ပြည့်ရှင်မင်းတစ်ပါးဖြစ်ပြီး သုခေါဒယခေတ်၏ ဒုတိယမြောက် ပြည့်ရှင်မင်းတစ်ပါးဖြစ်သည်။ ခမည်းတော်ဘွဲ့ကို လိုက်၍ ဒုတိယ သဗ္ဗည်း မင်း (သရ်္ဗေဇ္ဉ/သဗ္ဗည;ထိုင်း: สรรเพชญ์ Samphet II, စန်ဖေ့'တ်) ဟုလည်း သမုတ်သည်။ မဟာချက္ကရာဖတ်ဘုရင့်၏ မြေးတော်တစ်ဦးဖြစ်ပြီး တောင်ငူ-ဟံသာဝတီပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီး မွေးစားတော်မူသော သားတော် တစ်ပါးဖြစ်သည်။ မြန်မာတို့မှ ဗြနရာဇ် ဟူ၍လည်း သိကြသည်။ ၁၅၉၀ ခုနှစ်တွင် အယုဒ္ဓယပြည်အား အုပ်စိုးခဲ့ပြီး ဇင်းမယ်ပြည်အား ၁၆၀ ခုနှစ်မှ နတ်ရွာစံသည်အချိန် ၁၆၀၅ ခုနှစ်အထိ အုပ်စိုးနိုင်ခဲ့သည်။ ဗြနရာဇ်သည် ထိုင်းတို့ ချစ်ကြောက်ရိုသေလေးစားရသည့် ပြည့်ရှင်များထဲမှ တစ်ပါးဖြစ်ပြီး ထိုင်းအား တောင်ငူအင်ပိုင်ယာ၏ အုပ်ချုပ်မှုအောက်မှ လွတ်မြောက်ရန် ကြိုးပမ်းမှုများကြောင့် ထင်ရှားသည်။ သူ၏လက်ထက်တွင် မြန်မာနိုင်ငံ တောင်ငူမင်းဆက်နှင့် ဖြစ်ပွားသည့် စစ်ပွဲများစွာရှိခဲ့သည်။ ဗြနရာဇ်သည် ဒတ်ချ်များအား အယုဒ္ဓယတိုင်းတွင် အခြေချခွင့်ပြုခဲ့သူတစ်ဦးလည်းဖြစ်သည်။
အစောပိုင်းဘဝ
[ပြင်ဆင်ရန်]မင်းသားနရာဇ် ကို ၁၅၅၅-၅၆ ခုနှစ်အတွင်း သုခေါဒယတိုင်း၊ ပိဿလောက်ပြည်တွင် ဖွားမြင်ခဲ့သည်။ ခမည်းတော်မှ ပိဿလောက်တိုင်းပြည်ကို အုပ်ချုပ်သော မဟာဓမ္မရာဇာ(ဓိရာဇ်)မင်းနှင့် မိဖုရားခေါင်ကြီး ဝိသုဒ္ဓိခတ္တိယီ တို့မှဖွားမြင်သည့် မင်းသားတစ်ပါးဖြစ်သည်။ မယ်တော်မှာ မဟာစကြဝတ္တိမင်း(မဟာချက္ကရဖတ်)နှင့် သူရိယောဒယ(စူရီယိုထိုင်း)မိဖုရားကြီးတို့၏ သမီးတော်တစ်ပါးဖြစ်သည်။ ခမည်းတော်မှာ ၁၅၄၈ ခုနှစ်အတွင်း ငတပါးမင်း ဝရဝံသာဓိရာဇ်ကို ရှုံးနိမ့်ခဲ့ရသော မဟာစကြဝတ္တိအား မင်းအဖြစ်တင်မြောက်ပေးခဲ့ရသည့် သုခေါဒယမင်းစိုးရာဇာမျိုးထဲမှ တစ်ဦးဖြစ်သည်။ နရာဇ်မင်းသားကို "မင်းသားမဲ" ( ဗြအင်္ဂဒှမ် ) ဟူ၍လည်းကောင်း၊ ညီတော် ဧကာဒသရထ် ကို "မင်းသားဖြူ" (ဗြအင်္ဂခေါ်) ဟူ၍ ခေါ်ဝေါ်ကြသည်။ ဆုပန်ကလျာ (သုဝဏ္ဏကလျာ)မင်းသမီးသည် ယင်းတို့၏ အစ်မကြီး ဖြစ်သည်။
ယိုးဒယား-မြန်မာစစ်ပွဲ (၁၅၆၃-၆၄)အချိန်အတွင်း အယုဒ္ဓယအား လုပ်ကြံရန်အတွက် ဟံသာဝတီတောင်ငူပြည့်ရှင် ဘုရင့်နောင်မင်းတရားကြီးသည် စစ်မက်ကြီးမားစွာဖြင့် သိမ်းပိုက်ရန်ချီတတ်လာပြီး ပိဿလောက်မြို့တွင် စစ်တည်လေသည်။ မဟာဓမ္မရာဇာလည်း ဤသို့မြို့တွင် ကြာမြင့်စွာ ဝန်းရံထားပါက အစာရေစာနှင့် ကျောက်ရောဂါကြောင့် ပြည်သူတို့ဒုက္ခရောက်ကြရမည်ကို သိမြင်လာခဲ့ပြီး မင်းတရားကြီးထံ အညံ့ခံလေသည်။ ဘုရင့်နောင်လည်း ပိဿလောက်နှင့်အယုဒ္ဓယ မြို့အား ရပြီးနောက် ထိုတိုင်းပြည်တို့အား ပဏ္ဏာဆက်ပြည်အဖြစ် သွတ်သွင်းလိုက်သည်။ ထို့နောက် မင်းတရားကြီးလည်း မဟာဓမ္မရာဇာဓိရာဇ်အား သစ္စာခံစေပြီး ယင်း၏ သားတော်နှစ်ပါးဖြစ်သော မင်းသားမဲနှင့် မင်းသားဖြူကိုလည်း ပဲခူးသို့ ခေါ်ဆောင်လာခဲ့လေသည်။
ပဲခူး၌
[ပြင်ဆင်ရန်]
ဘုရင့်နောင်မင်းတရားကြီးသည် မဟာဓမ္မရာဇာမင်းအား သစ္စာပေးကာ အယုဒ္ဓယ၌ မင်းပြုစေပြီးလျှင် ယိုးဒယား-မြန်မာစစ် (၁၅၆၈-၇၀) လည်း ပြီးလေသည်။ ပဲခူးတွင် ၆နှစ်ကြာပြီး ၁၅၇၀ ခုနှစ်တွင် မင်းသားနရာဇ်နှင့် မင်းသားဖြူတို့လည်း အယုဒ္ဓသို့ ပြန်လာခဲ့လေသည်။ မြန်မာပြည်တွင် နေထိုင်စဉ်က "မြန်မာတို့၏အကောင်းဆုံးသော စစ်ပညာများကို လေ့ကျင့်သင်ကြားခွင့်ရခဲ့သည်"၊ ထို့ပြင် မြန်မာ မင်းညီမင်းသား၊ မင်းဆွေမင်းမျိုးများအား သင်ကြားပေးသည့် အဋ္ဌာရသပညာတို့ကိုလည်း သင်ကြားခွင့်ရခဲ့သည်။ မင်းသား နရာဇ်သည် စစ်ရေးတွင် ကျွမ်းကျင်သည်သာမက ဉာဏ်ရည်လည်းမြင့်မားလေသည်။ အထွေထွေဗဟုသုနှင့် ပက်သက်၍လည်း အထူး လေ့လာတတ်မြောက်လာခဲ့သည်။
ဘုရင်ခံ
[ပြင်ဆင်ရန်]မဟာဓမ္မရာဇာမင်းသည် မင်းသားမဲ အသက် ၁၅နှစ် အရွယ်တွင် နရဲစွမ်ဘွဲ့ပေး၍ အိမ်ရှေ့ဥပရာဇာမြှောက်ကာ ပိဿလောက်မြို့ကိုစားစေသည်။ နရဲစွမ်သည် ၎င်း၏ခမည်းတော်၊ ပဲခူးဘုရင်တို့နှင့် ပူးပေါင်းကာ လင်းဇင်းပြည် (ဗီယက်ချင်း)အား သိမ်းပိုက်ရန် ကြိုးစားသော်လည်း ကျောက်ရောဂါဖြစ်၍ ပြန်လာခဲ့ရသည်။ ထို့နောက် ၎င်း၏ မိဖများထံ အလည်အပတ်သွားရောက်ချိန် အယုဒ္ဓယ၌ စန္ဒခေမ (Chankasem) နန်းတော်အား တည်ဆောက်ခဲ့လေသည်။
၁၅၈၁ ခုနှစ်တွင် ဘုရင်နောင်နတ်ရွာစံပြီးနောက် နန္ဒဘုရင် နန်းတတ်လာခဲ့သည်။ ထိုအချိန် ဦးရီးတော် အင်းဝမြို့စား သတိုးမင်းစောက ၁၅၈၃ ခုနှစ်တွင် ပုန်ကန်လေသည်။ နန္ဒဘုရင်လည်း ပြည်၊ တောင်ငူ၊ ဇင်းမယ်၊ လင်းဇင်း နှင့် အယုဒ္ဓယမင်းတို့အား အကူအညီပေးရန် ဆင့်ဆိုလေသည်။၁၅၈၄ ခုနှစ် ဖေဖော်ဝါရီလ ၂ရက်နေ့တွင် နန္ဒဘုရင်၏အိန့်တော်အတိုင်းပဲခူးသို့ စစ်ကူလာခဲ့ပြီး ဧပြီလတွင်နယ်စပ်သို့ ရောက်လေသည်။ ထိုင်းသမိုင်းဆရာ မင်းသားဒမ်ရောင်း၏အဆိုအရ ထိုသို့စစ်ချီလာခြင်းသည်ပင် နန္ဒဘုရင်၏စိုးရိမ်စိတ်ကို ဖြစ်ပေါ်လာစေပြီး သားတော် မဟာဥပရာဇာအား မြို့ကို စောင့်ကြပ်နေစေ၍ ဗြနရာဇ်အားသုတ်သင်ရန် အမိန့်တော်ရှိလေသည်။ မြန်မာ့ ရာဇဝင်သမိုင်းတို့တွင်ဖော်ပြသည်ကား နန္ဒဘုရင်သည် အင်းဝသို့မချီမီကပင် မင်းကြီးစွာအား မြို့စောင့်အဖြစ်ထားခဲ့ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။
ဒမ်ရောင်း ဆက်လက်ဖော်ပြသည်မှာ နရဲစွမ်သည် ကရင် နယ်စပ်မြို့သို့ ရောက်သည်နှင့် မဟာဥပရာဇာ စေသော ဗြရံနှင့် ဗြကိရက် နှစ်တပ်သည် အနောက်ဘက်မှ တိုက်၍ မဟာဥပရာဇာ၏တပ်က ရှေ့မှ တိုက်သည်ကို ခံရလေသည်။ ထို့နောက်နရဲစွမ်လည်း လွှတ်တော်ခေါ်ကာ ထိုအထဲတွင် ဗြရမ်၊ ဗြကိရက်နှင့် အခြားမွန်တို့လည်းပါဝင်လေသည်။ နရဲစွမ် ရွှေတကောင်းမှ ရေကို မြေသို့လောင်း၍ ဟံသာဝတီပြည်နှင့် သျှမ်းပြည်(ပါဠိ:သျာမ်၊ Siam, စယမ်/စီယမ်) တို့ကြားရှိခဲ့သော ချစ်ကြည်မှုသည် ယနေ့အချိန်မှစ၍ နောင်တွင်မရှိပြီ ဆိုကာ နတ်တို့အား တိုင်တည်လေသည်။
ထို့နောက် နရဲစွမ်သည် ၎င်း၏ စစ်ဆင်ရေးတွင်ပါဝင်ရန် မွန်တို့အား စည်းရုံးစေပြီ ထိုတဝိုက်တွင် ဖမ်းဆီးထိမ်းသိမ်းခံထားရသည့် ယိုးဒယား လူမျိုးများအား အချုပ်အနှောင်မှ လွှတ်ကာ ပဲခူးသို့ ချီလာခဲ့လေ၏။ ထိုအချိန် နန္ဒဘုရင်သည်လည်း အင်းဝအားစစ်နိုင်၍ ဟံသာဝတီသို့ ပြန်လာချိန်ဖြစ်သည်။ နရဲစွမ်လည်း ယိုးဒယားမိသားစု ၁သောင်းခန့်အား လွှတ်ပေးပြီနောက် တပ်ဆုတ်ပြန်လေသည်။ မင်းကြီးစွာလည်း စစ်သူကြီး သူရကမ္မနှင့်အတူ နောက်မှလိုက်လေသည်။ ထို့နောက် စစ်တောင်းမြစ်တွင် ယိုးဒယားတပ်ကို မီလေသည်။ ထိုနေရာတွင် သူရကမ္မသည် စစ်တောင်းမြစ်တဘက်ကမ်းမှ ဗြနရဲစွမ်ပစ်သော သေနတ်တော် ကျည်မှန်၍ သေရလေသည်။ ထို့ကြောင့်မဟာဥပရာဇာ၏တပ်တော်လည်း ထိတ်လန့်ကာ တပ်ဆုတ်ပြန်ခဲ့ရပြီး မြို့သို့ချက်ချင်းပြန်လေသည် ဟူ၏။
ထို့နောက် နရဲစွမ်သည် တန်ခိုးကြီးသည့် ဖွေစီ ရေကန်၌ သုခေါဒယတိုင်းသားများနှင့် သစ္စာရေသောက်အခမ်းအနား ကျင်းလေသည်။ ယင်း၏တပ်များလည်း သဂ္ဂလောက(Sawankhalok; စဝန်ခလောက်)နယ်အား သိမ်းယူသည်။ ၁၅၈၄ ခုနှစ်အတွင်း နရဲစွမ်သည် ပဲခူးတပ်အား တိုက်ခိုက်ရန် မြောက်ဘက်ပိုင်းပြည်နယ်များရှိ ယိုးဒယားသားတို့အား မြို့တော် အယုဒ္ဓယတွင် စစ်ပြင်ရန်အတွက် စုရုံးစေသည်။
ထိုနှစ်တွင်ပင် နန္ဒဘုရင်သည် သီးခြား တပ်တော်နှစ်ခုကို စေလွှတ်ပြန်လေသည်။ ထိုတပ်တို့မှာ ပုသိမ်စား၏တပ်နှင့် ဒုတိယတစ်ခုမှာ ညီတော် ဇင်းမယ်မင်း နော်ရထာစော တို့၏ တပ်တို့ ဖြစ်ကြသည်။ ထိုနှစ်တပ်လုံး လည်း သီးခြားထိတွေ့မှုများဖြင့် အရေးနိမ့်ကာ တပ်အားပြန်လည်မစုစည်းနိုင်ဘဲ ဆုတ်ပြန်ကြရသည်။ ထို့နောက် ၁၅၈၆ ခုနှစ် နရဲစွမ် သည် ဇင်းမယ်ဘုရင်အား ပါမောက်နှင့် ဘှန်ကဲဝ(ဘန်ကဲးဝို) အနီးတွင် အနိုင်ရ၍ စစ်သည် ၁သောင်း၊ ဆင်၁၂၀၊ မြင်း၁၀၀၊ လှေ ၄၀၀ တို့နှင့်အတူ လက်နက်၊ ခဲယမ်း မီးကျောက် စားနပ်ရိက္ခာအမြောက်အမြား သိမ်းဆီးရမိလေသည်။
၁၅၈၆ခုနှစ် အောက်တိုဘာလ တွင် နန္ဒဘုရင်ကိုယ်တိုင် ဦးဆောင်၍ အယုဒ္ဓယအား သိမ်းရန်ချီသည်။ ထို့နောက် မြို့အား ၅လခန့် ဝန်းရံထားနိုင်ခဲ့သော်လည်း နရဲစွမ်က ကြံ့ကြံ့ခံသဖြင့် မြို့အားမသိမ်းနိုင်ချေ။ ထိုသို့လျှင် နန္ဒဘုရင်လည်းတပ်ခေါက်ပြန်လေသည်။
၁၅၉၀ခုနှစ်တွင် မဟာဓမ္မရာဇာဓိရာဇ် မင်း ကံတော်ကုန်သည်။ ၁၅၉၀ခုနှစ် ဇူလိုင်လ တွင် နရဲစွမ်လည်း သဗ္ဗည်း၂ ဘွဲ့ ခံ အယုဒ္ဓယပြည်၏ ထီးဆောင်းမင်း ဖြစ်လာလေသည်။
မဟာဥပရာဇာ ဦးဆောင်သော မြန်မာတပ်များသည် အယုဒ္ဓယပြည်အား ထပ်မံတိုက်ခံပြန်သော်လည်း နရဲစွမ်က စုက္ကလိ ခေါ် ဘန့်ခွိုင်အရပ်အနီးတွင် အနိုင်ရရှိခဲ့ပြန်သည်။ မြန်မာတို့လည်း အရေးနိ့မ့်ကာ လူသူ လက်နက် ခဲယမ်းမီးကျောက် အမြောက်အမြားဆုံးရှုံးကာ ပဲခူးသို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြသည်။
အယုဒ္ဓယပြည့်ရှင်မင်းအဖြစ် စိုးစံခြင်း
[ပြင်ဆင်ရန်]အယုဒ္ဓယရာဇဝင်သမိုင်းများ
[ပြင်ဆင်ရန်]၁၅၉၂ခုနှစ် နိုဝင်ဘာလတွင် ဟံသာဝတီမင်းတရား နန္ဒဘုရင်သည် သားတော် မင်းကြီးစွာကို အယုဒ္ဓယသို့ စေတော်မူပြန်သည်။ မင်းကြီးစွာ၊ တောင်ငူစား၏ သားတော် နတ်သျှင်နောင်၊ ပြည်စား၏ တပ်တို့စုပေါင်းကာ တပ်မ၃ခုဖွဲ့လေသည်။
မင်းကြီးစွာ၏တပ်သည် ဘုရားသုံးဆူ ကို ဖြတ်သန်းချီတက်လာခဲ့ပြီး အခြားတပ်နှစ်ခုမှာလည်း မော်လမြိုင်မှတဆင့် ချီတက်လာခဲ့သည်။ ဇင်းမယ်နော်ရထာက လှေတပ်တစ်တပ် စေလွှတ်သည်။ နရဲစွမ်သည် ယခင်က ကမ္ဗုဇာတိုင်း (ကမ္ဘောဒီးယား)အား တိုက်ခိုက်ရန် စီစဉ်ထားသော်လည်း မြန်မာတို့ ချီလာသည်ကြား၍ အစီအစဉ်ပြောင်းလိုက်သည်။ နရဲစွမ်၏တပ်သည် သုဝဏ္ဏပုရ(ဆူပန်ဘူရီ)ဆီသို့ ချီတက်လာကာ ထာခွိုင်မြစ်အနီးရှိ နောင်စရိုင်တွင် တပ်စခန်းချလေသည်။ နရဲစွမ်သည် စစ်ရေးအစီအစဉ်ဆွဲရာ၌ ၎င်းတို့တပ်အား ဆုတ်လာစေမည်၊ မြန်မာတပ်များအားနောက်မှ လိုက်လာစေရန် စစ်မြူပြီး လိုက်လာသော မြန်မာတပ်များ ဖရိုဖရဲဖြစ်စဉ်အချိန်၌ ၎င်း၏တပ် ဝင်ရောက်တိုက်ခိုက်မည်ဖြစ်သည်။
၁၅၉၃ ခုနှစ် ဇန်နဝါရီလ ထိုစစ်ပွဲအတွင်း နရဲစွမ်က စောဗညား ဇေယျာနုဘော် ဆင် နှင့် ဧကာဒသရထ်က စောဗညား ပြာဘ် တြိစက္က အမည်ရှိသော မုန်ယိုနေသည့်ဆင်တို့ကိုစီးကာ ၎င်းတို့နောက်ရန် အသေခံစစ်သူရဲအနည်းငယ်ကို ခေါ်၍ မြန်မာတို့၏ စစ်အလယ်သို့ ဝင်တိုက်လေသည်။ ဒမ်ရောင်၏ ဆက်စပ်၍ ပြန်လည်ဖော်ထုတ်ချက်အရ နရဲစွမ်သည် သစ်တစ်ပင်အောက်ရှိ ဆင်ပေါ်ကမင်းကြီးစွာကို မြင်သည်တွင် "နောင်တော်ဘုရား၊ သစ်ရိပ်အောက်တွင် ပသို့ကြောင့် ရပ်တော်မူပါသနည်း၊ ခတ္တိယဂုဏ်ကို ထောက်လျက် ထွက်တော်မူ၍ စီးချင်းထိုးလှည့်ပါ။ နောင်နှောင်းစိုလျှင် ငါတို့ကဲ့သို့ တစ်ပါးချင်း စီးချင်းထိုးဝံ့သည့် မင်းမျိုး မရှိပြီ" ဟူ၍ အော်ပြောလေသည်။
နရဲစွမ်နှင့် မင်းကြီးစွာတို့ကြား ထိပ်တိုက်တွေ့ပွဲသည် "ဆင်စီးချင်းထိုးပွဲ" ((สงครามยุทธหัตถี Songkram Yuddhahatthi) ဟူ၍ ယိုးဒယား ထိုင်းရာဇဝင်တွင် အလွန်အမွှမ်းတင် စာဖွဲ့ခံရသည့် အဖြစ်အပျက်တစ်ခုဖြစ်သည်။
အချိန်ဆွဲထားခဲ့သည့် စီးချင်းထိုးပွဲနောက် မင်းကြီးစွာခုတ်သော ဓားချက်သည် နရဲစွမ်၏ မောက်ရူအား ခုတ်မိ၍ မောက်ရူပျက်လေသည်၊ နရဲစွမ်လည်း သူ၏ ငေါလက်နက် (တဖက်တွင်ဓားသွားရှိ၍ အခြားတဖက်တွင် ဆွဲစရာဓားမောက်ချွန်ပါသော လှံကဲ့သို့ဓား)ဖြင့် မင်းကြီးစွာအား ခုတ်လေရာ မင်းကြီးစွာ ကျဆုံးလေသည်။ ညီတော်ဧကာဒသရထ်လည်း စာပရောစော်ဘွား မင်းစာဇြောကို သတ်နိုင်ခဲ့လေသည်။ ထိုအချိန် ယိုးဒယားတပ်တို့ ရောက်ရှိလာခဲ့ပြီး မြန်မာတပ်တို့လည်း အရပ်ရပ်သို့ ပြန့်ကြဲသွားခဲ့သည်။ ထို့ကြောင့် ပဲခူးဘုရင်လည်း အခြားတပ်နှစ်ခုအား ပြန်လည်ဆုတ်ခွာရန် မိန့်တော်မူသည်။
နရဲစွမ်၏ "စောဗညား ဟံသာဝတီနိုင်" အမည်ရှိသော ငေါလက်နက် နှင့် "စောဗညား ဗိုလ်အသိန်းဖယ်" အမည်ရှိသော မောက်ရူတော်သည် ယနေ့တိုင်တည်ရှိဆဲဟူ၏။ နရဲစွမ်သည် ထိုဆင်စီးချင်းထိုးပွဲနေရာတွင် အောင်မြင်မှုအထိမ်းအမှတ်အဖြစ် ဘုရားတစ်ဆူတည်ခဲ့လေသည်။
နရဲစွမ်သည် တရားလွှတ်တော်မခေါ်ခင် မြန်မာတပ်၏ အလယ်သို့ဝင်ရောက်တိုက်ခိုက်ချိန် သူနောက်လိုက်ရန် ပျက်ကွပ်သည့် နောက်လိုက်များအား ခေါ်ငင်စေ၏။ ထိုသူတို့အား သေဒဏ်ပေးလေသည်။ သို့သော် ဝါဋ်ယိုင်ချိုင်မွန့်ခွန်ကျောင်းတော် မှ ဝန်ရတ်ဆရာတော် (ဝနရတန မဟာထေရ်) သည် နရဲစွမ်အား ပြစ်ဒဏ်အား ပြန်လည်ရုပ်သိမ်းပေးရန် မေတ္တာရပ်ခံလေသည်။ ယင်းပြစ်ဒဏ်အစား အပြစ်ကျူးလွန်သော ထိုတပ်မှူးများကို ထားဝယ်နှင့် တနင်္သာရီအား တိုက်ခိုက်သိမ်းယူရန် ခိုင်းစေလေသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ สมเด็จพระนเรศวร พระนามแปลกปลอมของ ็สมเดจพระนเรศ (25 April 2025)။
| ဤ အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |