ဆုပန်ကလျာ

ဝီကီပီးဒီးယား မှ
ဆုပန်ကလျာ
ဘုရင့်နောင်မင်းတရားကြီးရဲ့ မိဖုရား ယိုးဒယားမင်းသမီး ဆုပန်ကလျာ
ချန်းနန်းတော်ရှိဆုပန်ကလျာ (ခေါ် ) ဗြဣန္ဒဒေဝီ ရုပ်ထု
နန်းသက်၂၂ ဇန်နဝါရီလ ၁၅၆၇ – ၁၀ အောက်တိုဘာ ၁၅၈၁
မွေးဖွား၁၅၅၄ခုနှစ်မတိုင်မီ
ချန်းနန်းတော်, ပိဿလောက်၊ ဆူခိုထိုင်းတိုင်းပြည်
ကွယ်လွန်?
အိမ်ထောင်ဖက်ဘုရင့်နောင်
သားသမီးများမင်းအထွေး
စံအိမ်ဆူခိုထိုင်းခေတ်
ခမည်းတော်မဟာသမ္မရာဇသီရတ်
မယ်တော်ဝိသုကေသထရီ

ဆုပန်ကလျာ (သို့မဟုတ်) ဗြဣန္ဒဒေဝီ (ထိုင်း: สุพรรณกัลยา, အင်္ဂလိပ်: Suphankanlaya) သည် ( ၁၅၅၄ ခုနှစ်မတိုင်မီ)၊ ချန်းနန်းတော် ၊ ပိဿလောက်မြို့၊ ဆူခိုထိုင်းတိုင်းပြည်တွင်မွေးဖွားခဲ့သည်။ ဆုပန်ကလျာသည် ၁၆ ရာစု ယိုးဒယားမင်းသမီးတစ်ပါးဖြစ်ပြီး ဘုရင်နောင်မင်းတရားကြီး၏ မိဖုရားတစ်ပါးလည်း ဖြစ်လေသည်။ယိုးဒယားမင်းသမီး ဆုပန်ကလျာ ၏ဘဝအကြောင်းကို မှတ်တမ်းတင်ထားသည့် သမိုင်းမှတ်တမ်းမှာ အနည်းငယ်သာရှိသော်လည်း ယင်းနှင့်ပက်သက်သည့် ဒဏ္ဍာရီအမြောက်အမြားသည် ထိုင်းတစ်နိုင်ငံလုံးတွင် ပျံ့နှံ့လျက်ရှိပြီးထိုင်းနိုင်ငံ၏ သူရဲကောင်းတစ်ဦးအဖြစ်လည်းကောင်း နတ်သမီး တစ်ပါးအဖြစ်လည်းကောင်းထင်ရှားကျော်ကြားသောမင်းသမီးတစ်ပါးဖြစ်သည်။ဒါအပြင် မြန်မာနိုင်ငံမှနတ်ကိုးကွယ်သူတစ်ချိူ့ကလဲ ဆုပန်ကလျာ၏ အရိုးပြာအိုး ကို ထိမ်းသိမ်းထားတဲ့ ရန်ကုန်မြို့၊မင်္ဂလာဒုံမြို့နယ်ရှိ ကျိုက္ကလော့စေတီတော်အတွင်းရှိ ဆုပန်ကလျာနတ်နန်းကိုလာရောက်ပူဇော်ဆုတောင်းသူများရှိသည်။

ဆုပန်ကလျာသည်ပိဿလောက်မြို့စား ဗြမဟာဓမ္မရာဇာမင်းနှင့် မိဖုရား ဗြဝိသုဒ္ဓိကေသထရီတို့၏ သမီး တော်ဖြစ်ပါသည်။ မွေးချင်းနှစ်ယောက်ရှိပြီး မောင်တော် မင်းသား ဗြနရာဇ် နှင့် ဧကထို့စရို့ တို့ဖြစ်ကြသည်။ သူမ၏ မိခင်ဘက်မှ အမျိုးစပ်လျင် ချက္ကရဖတ်မင်းနှင့် မိဖုရား ဆူရီယိုထိုင်းတို့၏ မြေးတော်တစ်ဦးဖြစ်သည်။ဆုပန်ကလျာသည်ရွှေအဆင်းကဲ့သို့ အသားအရေချောမွေ့သူ (ဗြသုဝဏ္ဏဒေဝီ) အဖြစ် ယိုးဒယားရာဇဝင်များက မှတ်တမ်းတင်ခဲ့ကြပြီး မြန်မာရာဇဝင်များကလည်း ထိုအချက်ကို အစွဲပြုကာ ဗြသဝန် ဟု သုံး နှုံးမှတ်တမ်း တင်ခဲ့ကြပါသည်။

သမိုင်းကြောင်းအကျဉ်း[ပြင်ဆင်ရန်]

(၁၅၆၉ )ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးကိုယ်တော်တိုင် အယုဒ္ဓယသို့ ချီတက် သိမ်းယူခဲ့သည်။ ဖိဿလောက်မြို့စား ဗြမဟာဓမ္မရာဇာ သည် ဘုရင့်နောင်မင်းတရားကြီးထံသစ္စာခံ ပြီး အယုဒ္ဓယကို သိမ်းပိုက်ရာတွင်ပါဝင်ခဲ့သည်။ အယုဒ္ဓယဘုရင် မဟိန္ဒမင်းကြီး သည် ဗြမဟာဓမ္မရာဇာ နဲ့ ယောက်ဖ တော်စပ်သည်။ ဘုရင့်နောင်မင်းတရားကြီးသည် အယုဒ္ဓယပြည်ကို သိမ်းပိုက်ပြီး အယုဒ္ဓယဘုရင် မဟိန္ဒမင်းကြီး အားနန်းချပြီး ဘုရင့်နောင်မင်းကြီး ကိုယ်တော်တိုင် ထီးဖြူပေး၍ အယုဒ္ဓယဘုရင် ဗြမဟာဓမ္မရာဇာအားနန်းတင်ပေးခဲ့သည်။ ဗြမဟာဓမ္မရာဇာ ကလည်း မိမိ၏ (၁၇)နှစ်အရွယ် သမီးတော် ဆုပန်ကလျာကို ဘုရင့်နောင်ထံ ဆက်သခဲ့ပါသည်။[၁][၂][၃]ဘုရင့်နောင်မင်းတရားကြီးသည် အယုဒ္ဓယကိုသိမ်းပိုက်ပြီးနောက် တိုက်ပွဲကြောင့် ပြိုကျပျက်စီးခဲ့သော ဘုရားကျောင်းကန် စေတီပုထိုးများကိုပြန်လည်ပြုပြင်မွမ်းခံခဲ့ပါသည်။ ပိဠိကတ်သုံးပုံ ကိုလဲဘာသာပြန်၍ပေးပို့စေခဲ့ပါတယ်။ မြန်မာ၊မွန်၊ယိုဒယား၊ရှမ်း သံဃာတော်များကိုလဲ ပင့်ဖတ်ကာ ရက်လည်အောင်ဆွမ်းလုပ်ကျွေးတော်မူခဲ့ပါသည်။ အလေးတင်းတောင်း အချိန်အတွယ်များကိုလဲ မြန်မာပြည်နဲ့ တညီတည်းဖြစ်အောင် ညှိ့နှိုင်းသတ်မှတ်စေခဲ့ပါတယ်။ မနုကျယ်ဓမ္မသတ် နဲ့ ဆင်ဖြူရှင်ဖြတ်ထုံးကိုစီရင်ခဲ့ပြီး တရားဥပဒေကို ဟံသာဝတီနေပြည်တော်နဲ့တညီတည်းသတ်မှတ်စေခဲ့ပါသည်။ မိမိထံသစ္စာလာခံသူတိုင်းကို မရှုံ့ချဘဲ အရေအသွေးအလိုက်ချီးမြင့်မြှောက်စားတော်မူခဲ့ပါသည်။ အယုဒ္ဓယပြည်၏အလုံးစုံသောအရေးများကိုစီရင်ပြီးနောက် ယိုဒယားမင်းသမီး ဆုပန်ကလျာ နှင့် မောင်တော် နရဲစွမ် တို့မောင်နှစ်မ နှစ်ယောက်ကို ဟံသာဝတီ သို့ ခေါ်ဆောင်လာပြီး ဆုပန်ကလျာကို မိဖုရားမြှောက်ခဲ့ပြီး နရဲစွမ်မင်းသားကို သားအဖြစ်မွေးစားတော်မူခဲ့ပါသည်။ ဘုရင့်နောင်မင်းတရားကြီးသည်သားတော်အဖြစ်မွေးစားတော်မူသောမင်းသား နရဲစွမ်(ခေါ်) ဗြနရာဇ် ကို သားညီမင်းသားများနှင့်အတူမင်းသားတို့တက်အပ်တဲ့အထာရသ များကိုသင်ကြားစေခဲ့ပါသည်။ဘုရင့်‌နောင်မင်းတရားကြီးသည် ဆုပန်ကလျာကို ချစ်မြတ်နိုးခဲ့ပြီးမင်းကြီးနှင့် သမီးတော်တစ်ပါး ရရှိခဲ့ပါသည်။သမီးတော်အမည်မှာ မင်းအထွေး ဟု မြန်မာရာဇဝင်မှတ်တမ်းများတွင်ရေးသားဖော်ပြထားသည်။၁၅၈၁ခုနှစ်တွင် ဘုရင့်နောင်မင်းတရားကြီးသည် နတ်ရွာစံပြီး သားတော် နန္ဒဘုရင် နန်းတက်ခဲ့ပါသည်။ ဟံသာဝတီဧကရာဇ်နန်းတက်ပွဲမှာ အခြားလက်အောက်ခံ ဘုရင်များလဲတက်ရောက်ခဲ့ပြီး အယုဒ္ဓယ ဘုရင့်ဖြစ်နေသည့် နရဲစွမ်(ခေါ်) ဗြနရာဇ် လဲ လက်ပဏများနဲ့အတူ အဖူးအမြှောက်ရောက်လာပါသည်။

၁၅၉၄ခုနှစ်နောက်ပိုင်တွင် ယိုးဒယား မြန်မာ စစ်ဖြစ်ကြပြီး ဟံသာဝတီမှာ ရှိနေသည့် ဆုပန်ကလျာ ကို နန္ဒဘုရင်က အမြတ်ဒေါသဖြစ်ပြီး ကိုယ်ဝန်အရင့်အမာဖြင့် ရှိနေစဉ် နန္ဒဘုရင် က ဆုပန်ကလျာနှင့်အတူ သမီးတော် မင်းအထွေးကို ဓါးဖြင့် ခုတ်သတ်ခဲ့ သည်ဟု ထိုင်းရာဇဝင်မှတ်တမ်းကဖော်ပြထားကြောင်း ဆိုထားကြပါသည်။ မြန်မာရာဇဝင်မှတ်တမ်းများတွင်ထိုအချက်ကိုမှတ်တမ်းတင်ထားခြင်းမရှိပါ။[၄][၅]

ကိုးကား[ပြင်ဆင်ရန်]

  1. ตำนานนางกษัตริย์. หน้า 271
  2. Taylor (2001)၊ History, Simulacrum and the real၊ p. 6
  3. อยุธยาศึกษา:ตลาดวิชาสำหรับครู-อาจารย์, หน้า 183
  4. อยุธยาศึกษา:ตลาดวิชาสำหรับครู-อาจารย์, หน้า 184
  5. Chris Baker; Pasuk Phongpaichit (2000)၊ A History of Thailand (Second ed.)၊ Cambridge University Press၊ p. 262