မာတိကာသို့ ခုန်သွားရန်

ဓီရာမိုရ်

ဝီကီပီးဒီးယား မှ
ဓီရာမိုရ်
Dira More
ဓီရာမိုရ် ဂီတကဗျာစတူဒီယိုတွင် ရှိနေစဉ် (၂၀၂၀)
မွေးဖွားမောင်မောင်ဇော်ထက်
(1974-06-04) ၄ ဇွန်၊ ၁၉၇၄ (အသက် ၅၂)
ကော့ကရိတ်မြို့ ကရင်ပြည်နယ်
ပညာရေးဝိဇ္ဇာ(ဂီတ)
မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု)
မိခင်ကျောင်းအမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)
တိုကျိုအနုပညာတက္ကသိုလ်
အလုပ်အကိုင်သံစုံတီးဝိုင်းဦးဆောင်ညွှန်ကြားသူ၊ တေးရေးဆရာ၊ အဆိုတော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး
တက်ကြွလှုပ်ရှားနှစ်များ၂၀၀၀-လက်ရှိ
အိမ်ထောင်ဖက်(များ)မေထူးချို
သားသမီး
မိဘ(များ)ဦးထွန်းနိုင်
ဒေါ်ညွန့်နွယ်
ရရှိသည့်ဆုများမြန်မာ့ ရုပ်ရှင် ထူးချွန်ဆု
ဝက်ဘ်ဆိုဒ်diramore.com/en
ဂီတခရီးလမ်း
တူရိယာ
  • ဂစ်တာ
  • စန္ဒယား
  • ကီးဘုတ်
  • တ​ယော
  • ​စောင်း
  • အဆို
တေးသံသွင်း ကုမ္ပဏီ
Third Eye
Gita Kabyar Production
ပူးတွဲ ပါဝင်မှု
Gita Kabyar Orchestra
NUAC Orchestra
လက်မှတ်

ဓီရာမိုရ် ဟုအများကသိကြသည့် မောင်မောင်ဇော်ထက် (၄ ဇွန် ၁၉၇၄ မွေးဖွား) သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မှ ဒုတိယပါမောက္ခချုပ်​ဟောင်း(သင်ကြား)[]ဖြစ်ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဂီတပညာရှင်ဖြစ်သည်။[]

မောင်မောင်ဇော်ထက်၏ အနုပညာအမည် ဓီရာမိုရ် ကို သူ၏ဖခင်နှင့် အကိုအကြီးဆုံးတို့မှ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဓီရာ ဆိုသည်မှာ ပါဠိစကားလုံးဖြစ်ပြီး ပညာရှိသော ဟု အဓိပ္ပာယ်ရသည်။ မိုရ် ကား မြင်းမိုရ်တောင် ကို အစွဲပြုခေါ်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် ဓီရာမိုရ် ဟူသော အမည်ကို "မြဲမြံသောပညာရှိသူ၊ သာ၍ပညာရှိသူ" (တနည်း) "မောင်ပညာမြင့်"ဟု ဆိုလိုကြောင်း မှတ်ယူနိုင်သည်။[]

ငယ်ဘဝနှင့်ပညာရေး

[ပြင်ဆင်ရန်]

ဓီရာမိုရ်ကို ၁၉၇၄ ဇွန် ၄ ရက်တွင် ဦးထွန်းနိုင်နှင့် ဒေါ်ညွန့်နွယ်တို့မှ ကရင်ပြည်နယ်ကော့ကရိတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ယောက်အနက် အငယ်ဆုံးဖြစ်သည်။[] အကိုအကြီးဆုံးကြောင့် ငယ်စဉ်ကတည်းကပင် ဂီတကိုဝါသနာပါခဲ့သည်။ အသက် ၁၂နှစ်အရွယ်တွင် အကိုများဖွဲ့စည်းထားသော တီးဝိုင်း၏အဖွဲ့ဝင်တစ်ယောက်ဖြစ်လာကာ မော်လမြိုင်မြို့၌ကျင်းပသော ပွဲတော်များတွင် ပါဝင်ဖျော်ဖြေခဲ့သည်။ ၁၉၉၂ တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒဂုဏ်ထူးဖြင့် အထက(၄)၊ မော်လမြိုင်မှ အောင်မြင်ခဲ့သည်။ []

၁၉၉၃ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဖွင့်လှစ်သောအခါ ဓီရာမိုရ်သည် ဂီတဘာသာရပ်ကို အထူးပြုသင်ယူခဲ့သည်။ [] ကျောင်းသားဘဝမှာပင် သူသည် ဂီတဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် ဆုံးဖြတ်ခဲ့သည်။[]

ကနဦးတွင် ဓီရာမိုရ်သည် မြန်မာဂီတအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သည်။ တက္ကသိုလ်၌ မြန်မာ့ရိုးရာဂီတအကြောင်း သင်ယူရသောအခါမှသာ ရိုးရာဂီတ၏ အလှနှင့် အနှစ်သာရကို သိမြင်နားလည်လာခဲ့သည်။ [] နောင်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲများတွင် နှဲ၊ အိုးစည်၊ ဒိုးပတ် စသော ရိုးရာတူရိယာတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ ထို့ပြင် သူသည် အသံဖမ်းခြင်း၊ အသံထပ်ခြင်း၊ ရုပ်ရှင်နောက်ခံတေး ဖန်တီးခြင်းဆိုင်ရာ အသိပညာတို့ကို ပညာရှင်ကြီးများဖြစ်ကြသော ဂီတလုလင်ဦးကိုကို၊ စန္ဒယားဦးလှထွတ်၊ တယောဦးတင်ရီ၊ ထရမ်းပက်ဦးဝင်းဦးတို့ထံမှ ရရှိခဲ့သည်။[] ဓီရာမိုရ်သည် ဝိဇ္ဇာ(ဂီတ) ဘွဲ့ကို ၁၉၉၇ တွင် ရရှိခဲ့သည်။[]

၂၀၀၃ ခုနှစ်တွင် ဓီရာမိုရ်ကို Monbukagakusho Scholarship Program of Japan မှ ပညာသင်ဆု ချီးမြှင့်ခဲ့သည်။ သို့ဖြစ်၍ ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ် (ဂဲဒိုင်) တွင် သုတေသနကျောင်းသားအဖြစ် ၂၀၀၄ အထိ တက်ရောက်ကာ ၂၀၀၆ တွင်မူ မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု) ဘွဲ့ကို ၎င်းတက္ကသိုလ်မှပင် ရရှိခဲ့သည်။[] မဟာဝိဇ္ဇာဘွဲ့အတွက် ဓီရာမိုရ် တင်သွင်းခဲ့သော တေးသွားအမည်မှာ End of This Life ဖြစ်သည်။ ထိုတေးသွားမှာ မြန်မာရိုးရာတီးလုံးကွက်တစ်မျိုးဖြစ်သော ဗျိုင်းတောင် (နာရေးတွင်တီးခတ်လေ့ရှိသောတေးသွား) ၏ အငွေ့အသက်ကို ဆင့်ပွားဖန်တီးရေးဖွဲ့ထားခြင်းဖြစ်သည်။ End of This Life တေးသွားတွင် လူသားတစ်ယောက်၏ နောက်ဆုံးအချိန်မတိုင်မီ ဖြစ်ပေါ်သည့်ခံစားမှုများကို အပိုင်းငါးပိုင်းခွဲကာ ဖော်ပြထားသည်။ ယင်းတို့မှာ - သတိပြန်လည်ခြင်း၊ အတိတ်ကိုအမှတ်ရခြင်း၊ နာကျင်ခြင်း၊ သေခြင်းတံခါးဝ၊ ချုပ်ငြိမ်းခြင်း တို့ ဖြစ်သည်။ ဓီရာမိုရ်သည် ဤတေးသွားကို အပြီးသတ်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ထို့အပြင် ဂျပန်တွင် ပညာသင်ယူဆဲကာလအတွင်း Bunkyo Amateur Orchestra ၏ အဖွဲ့ဝင်အဖြစ်လည်း တီးခတ်ခဲ့သေးသည်။[]

အသက်မွေးဝမ်းကျောင်း

[ပြင်ဆင်ရန်]

အစိုးရဝန်ထမ်း

[ပြင်ဆင်ရန်]

၁၉၉၇ တွင် ဓီရာမိုရ်သည် ပထမဘွဲ့ကို ရရှိခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့​နောက် ပညာသင်ဆုကိုရရှိရာ ဒုတိယဘွဲ့အတွက် ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ်၌ ၂၀၀၃ မှ ၂၀၀၆ အထိ ပညာဆက်လက်ဆည်းပူးခဲ့သည်။[] ၂၀၀၇သို့​ရောက်​သောအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် လက်​ထောက်ကထိက ဖြစ်လာခဲ့သည်။ ၂၀၁၀ မှ ၂၀၁၁ အထိ ယဉ်​ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနတွင် လက်​ထောက်ညွှန်ကြား​ရေးမှူးအဖြစ် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ၂၀၁၁ မှာပင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနသို့ တွဲဘက်ပါမောက္ခအဖြစ် ​​ပြန်လည်၍တာဝန်​ပေးအပ်ခြင်းခံရသည်။ ၂၀၁၃တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာန၏ ပါမောက္ခ၊ ဌာနမှူး ဖြစ်လာခဲ့ပြီး ၂၀၁၉ တွင်မူ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည်။ ဓီရာမိုရ်သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါ​မောက္ခချုပ်(သင်ကြား)အဖြစ်မှ နုတ်ထွက်ခဲ့သည်။[]

ဂီတပညာရှင်

[ပြင်ဆင်ရန်]

ဂီတပညာရှင်အ​နေဖြင့် ဓီရာမိုရ်သည် ​တေး​ရေးဆရာ၊ အဆို​တော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး စ​သော ကဏ္ဍအသီးသီးကို ​ဆောင်ရွက်လျက်ရှိသည်။၎င်းအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသားများဖြင့် တေးဂီတဖျော်ဖြေပွဲများ ကျင်းပလေ့ရှိပြီး ထိုပွဲများမှာ တီထွင်ဆန်းသစ်မှုရှိကာ ပရိသတ်အများ စိတ်ဝင်စားကြသည်။[] []၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ဆက်လက်တာဝန်ယူမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား အသံပိုင်းဆိုင်ရာ တည်းဖြတ်မှုများအား တာဝန်ယူလျက်ရှိသည်။[][]

တေး​ရေးဆရာ၊ အဆို​တော်

[ပြင်ဆင်ရန်]

၂၀၀၀ ခုနှစ်တွင် ဓီရာမိုရ်သည် ဂစ်တာရှိလား အယ်လ်ဘမ်ဖြင့် ​တေး​ရေးဆရာ၊ အဆို​တော်အဖြစ် ဂီတ​လောကသို့ စတင်ဝင်​ရောက်ခဲ့သည်။ ထို့​နောက် ၂၀၀၈ တွင် ဒုတိယအယ်လ်ဘမ် ကျွန်​တော်နဲ့ဂီတ၊ ၂၀၁၂ တွင် တတိယအယ်လ်ဘမ် လမင်းဖမ်းပွဲ နှင့် ၂၀၁၆ တွင် စတုတ္ထအယ်လ်ဘမ် မြစ်အိုကြီး တို့ ထွက်ရှိခဲ့သည်။[၁၀] အဆို​တော်တစ်​ယောက်အ​နေဖြင့် ဓီရာမိုရ်သည် နိုင်ငံခြားအဆို​တော်အချို့နှင့် ဂီတဖန်တီးမှုများ ပူး​ပေါင်း​ဆောင်ရွက်ခဲ့သည်။ ၂၀၁၆ တွင် ဂျပန်အဆို​တော် Suwa Junko နှင့်တွဲဖက်၍ "တံခါး/ Friends" အမည်ရှိ သီချင်းတစ်ပုဒ်ကို Kumamoto ငလျင်ပြန်လည်ထူ​ထောင်​ရေးရံပုံ​​ငွေအတွက် ဖြန့်ချိခဲ့သည်။[၁၁] ၂၀၁၇တွင် အင်္ဂလိပ်အဆို​တော် Joss Stone ၏ ကမ္ဘာလှည့်​ဖျော်​ဖြေ​ရေးခရီးစဉ်အတွင်း သူမနှင့်တွဲဖက်ကာ "ဘုရား​ပေးဆု" အမည်ရှိ သီချင်းတစ်ပုဒ်ကို ပုံစံအသစ်ဖြင့် ဖန်တီးဖြန့်ချိခဲ့ပြန်သည်။[၁၂] ၂၀၂၀ ခုနှစ်တွင် သူ၏ ပဉ္စမ တစ်ကိုယ်‌ေတာ်အယ်လ်ဘမ် “The Circle” ကို ထုတ်ဝေခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ခြောက်ခုမြောက် အယ်လ်ဘမ် “Night” ကို ထပ်မံ ထုတ်ဝေခဲ့သည်။ သူ၏ တေးဂီတအပေါ် ဘဝတသက်တာ သက်ရောက်မှုရှိသူများမှာ ထူးအိမ်သင်၊ ခင်ဝမ်း၊ ရွှေပြည်အေး နှင့် ဖရဲဒီ မာကရီ (Queen) တို့ဖြစ်ကြသည်။

ဂီတဒါရိုက်တာ

[ပြင်ဆင်ရန်]

ဓီရာမိုရ်သည် "ဂီတကဗျာ"သံစုံတီးဝိုင်း (ယခင် - ​"​အော်ပရာ"သံစုံတီးဝိုင်း) ကို ၂၀၀၂ ခုနှစ်တွင် တည်​ထောင်ကာ ဂီတဒါရိုက်တာအဖြစ် စတင်​ဆောင်ရွက်ခဲ့သည်။ ဓီရာမိုရ်နှင့် ဂီတကဗျာ၏ အ​စောဆုံးတင်ဆက်မှုမှာ ခိုင်သင်းကြည်မင်္ဂလာ​ဆောင်​ခွေ ဟု လူသိများ​သော "ချစ်သူတို့ရဲ့မင်္ဂလာ​တေး"အယ်လ်ဘမ် ဖြစ်သည်။[၁၃] ဂီတဒါရိုက်တာအဖြစ် ဓီရာမိုရ်၏ ထင်ရှား​​သောလုပ်​ဆောင်ချက်များမှာ - ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ တို့တွင် ကျင်းပခဲ့​သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆု​ချီးမြှင့်ပွဲ၊ ဂျပန်-မြန်မာပွဲ​​တော်၊ အာဆီယံ-ရုရှားသံစုံတီးဝိုင်းပူး​ပေါင်းတင်ဆက်မှု၊ Taipei Civic Orchestra၊ BBC Symphony Orchestra တို့ဖြင့် ပူး​ပေါင်းတင်ဆက်မှု စသည်တို့ ဖြစ်ကြသည်။[၁၄][၁၅][၁၆][၁၇] ၂၀၁၆ တွင် ဓီရာမိုရ်သည် Charles Wallace Burma Trust (UK-registered Charity) အဖွဲ့အစည်း၏ ဆုချီးမြှင့်ခြင်းကိုခံရကာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ်သို့ ဧည့်ပညာရှင်အဖြစ် ၃လကြာ သွား​ရောက်​ခဲ့ရသည်။[၁၈]ထိုကာလအတွင်း သူသည် BBC Symphony Orchestra နှင့် Orchestra for Myanmar and New Children's Choir တို့အတွက် မြန်မာဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်​သော "​ရွှေတညာ" သီချင်းကို Orchestral Version အဖြစ် စီစဉ်ဖန်တီး​ပေးရုံသာမက[၁၅]ဘရစ္စတိုးတက္ကသိုလ်၊ အနုပညာဌာနတွင်လည်း မြန်မာဂန္ထဝင်ဂီတအ​ကြောင်းကို ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။[၁၉]ထို့ပြင် ဓီရာမိုရ်သည် ၂၀၁၆ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဂီတ​ကျောင်းသား၊ ​ကျောင်းသူများနှင့် NUAC Orchestra ကို စတင်ဖွဲ့စည်းကာ ၂၀၁၈ တိုင်​အောင် ဂီတဖျော်​ဖြေပွဲများ နှစ်စဉ်တင်ဆက်ခဲ့သည်။[၂၀]ထိုမျှသာမက ဓီရာမိုရ်သည် ဝေလ၊ လင်းလင်း၊ ဟန်ထူးလွင်စိုင်းစိုင်းခမ်းလှိုင်နီနီခင်ဇော် စ​သောနာမည်​ကျော်အဆို​တော်များ၏ ​ဖျော်​ဖြေပွဲများတွင်လည်း ဂီတဒါရိုက်တာအဖြစ် ပူး​ပေါင်းပါဝင်ခဲ့သည်။[၂၁][၂၂][၂၃]

ဂီတမှူး

[ပြင်ဆင်ရန်]

၂၀၀၄ ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူး​သော "ချစ်​သောအရိမဒ္ဒနပူရ၏မဟာ​အောင်ပွဲ" ရုပ်ရှင်ဖြင့် ဓီရာမိုရ်သည် ရုပ်ရှင်​နောက်ခံ​တေးဖန်တီးသူ၊ ဂီတမှူးအဖြစ် စတင်​ဆောင်ရွက်ခဲ့သည်။[၂၄]ဂီတမှူးအ​နေဖြင့် ဓီရာမိုရ်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(တေးဂီတဆု) ၂ကြိမ် ရရှိထားသူ ဖြစ်သည်။ ပထမအကြိမ်မှာ "​ဇော်က က​နေသည်" ရုပ်ရှင်ဖြင့် ၂၀၀၉ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ "လူးရတနာသိုက်" ရုပ်ရှင်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။[၂၅] ၎င်းအပြင် ဓီရာမိုရ်သည် ဒါရိုက်တာ ဉာဏ်ကျယ်​စေ ရိုက်ကူး​သော "ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ" animation ဇာတ်လမ်းတိုဖြင့် အ​မေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်​သော Epic Animation, Comic and Game Festival 2016 မှ ချီးမြှင့်သည့် Best Music Score Award ကိုလည်း ရရှိခဲ့သည်။[၂၆] ယခုအချိန်ထိဆိုလျှင် သူသည် ရုပ်ရှင်ဇာတ်ကား ၅၀​ကျော်အတွက် ​​နောက်ခံ​တေးဂီတ ဖန်တီးခဲ့ပြီးဖြစ်သည်။[၂၄]

ဓီရာမိုရ်၏ ကြိုးပမ်းအားထုတ်မှုများထဲတွင် မြန်မာဂီတကို ထိန်းသိမ်းခြင်း နှင့် ဖြန့်​ဝေခြင်းတို့လည်း အပါအဝင်ဖြစ်သည်။[]၂၀၁၃ ခုနှစ်တွင် မြန်မာရိုးရာဂီတ၊ သီချင်း ပုဒ်​ရေ ၁၀၀ ကို ​လေ့လာစုစည်းကာ ပြန်လည်အသံသွင်းသည့် "Beauty of Tradition" အမည်ရှိ ပ​ရောဂျက်ကို စတင်လုပ်​ဆောင်ခဲ့သည်။ ထို့​နောက် ဂျပန်မှ ​တေးထုတ်လုပ်​ရေးကုမ္ပဏီတစ်ခုဖြစ်​သော Airplane Label နှင့် ပူး​ပေါင်း၍ "Beauty of Tradition" ပ​ရောဂျက် အမည်​အောက်၌ မြန်မာရိုးရာဂီတအယ်လ်ဘမ် ၃​ ​ခွေကို ဂျပန်နိုင်ငံတွင် ဖြန့်ချိဖြစ်ခဲ့သည်။[၂၇]သို့​သော်လည်း မြန်မာ့ဂီတကို ထိန်းသိမ်းရန် ကြိုးပမ်းရာတွင် သီချင်းပုဒ်​ရေ ၁၀၀ မျှဖြင့် မလုံ​လောက်နိုင်ဟု ယူဆခဲ့သည်။ ထို့​ကြောင့် ပ​ရောဂျက်ကို မြန်မာရိုးရာဂီတ၊သီချင်းပုဒ်​ရေ ၁၀၀၀ စုစည်းမှုအဖြစ် ထပ်မံချဲ့ထွင်ကာ "ဂီတရတနာ" ဟု ပြန်လည်အမည်​ပေးခဲ့သည်။[၂၈] ၎င်းပ​ရောဂျက်၏ ရည်ရွယ်ချက်မှာ သက်တမ်းကြာမြင့်ပြီး ရှားပါး​နေပြီဖြစ်​သော မြန်မာရိုးရာဂီတ၊ သီချင်းပုဒ်​ရေ ၁၀၀၀ ကို ​အသံအရည်အ​သွေး​ကောင်း​ကောင်းဖြင့် လွယ်ကူစွာရှာ​ဖွေနားဆင်နိုင်​​သော ​ဂီတမော်ကွန်းတိုက်တစ်ခု ဖြစ်​ပေါ်လာ​စေရန်ပင်ဖြစ်သည်။ ဤပ​ရောဂျက်မှ သီချင်းအသီးသီးကို နိုင်ငံအဝှမ်းမှ ရိုးရာဂီတပညာရှင်ကြီးများ၏ အကူအညီဖြင့် ​လေ့လာစုစည်းကာ ရိုးရာဂီတပညာရှင်များနှင့်အတူ ဂျပန်အသံဖမ်းအင်ဂျင်နီယာ Hiroshi Iguchi ၏ အကူအညီဖြင့် ပြန်လည်အသံသွင်းခဲ့သည်။ ပ​ရောဂျက်တွင် ကဏ္ဍအားဖြင့် ၇ မျိုး ပါဝင်သည်။ ထိုကဏ္ဍများမှာ - မဟာဂီတကာလ​ပေါ်သဘင်ဂီတမြန်မာဆိုင်း​ကျေးလက်ဂီတနတ်ချင်းလက်စွမ်းပြ တို့ ဖြစ်ကြသည်။ ယင်းပ​ရောဂျက်ကို အတွဲ ၉ တွဲဖြင့် ဖြန့်ချိရန် စီစဉ်ထားသည်။ ၂၀၁၈ ခုနှစ်တွင် "ဂီတရတနာ" ကို စတင်မိတ်ဆက်ကာ Spotify၊ MMN နှင့် JOOX ကဲ့သို့​သော နိုင်ငံတကာနှင့် ပြည်တွင်း​တေးဂီတဝက်ဘ်ဆိုဒ်များတွင် ဖြန့်​ချိခဲ့သည်။[၂၈]၂၀၁၉​​နှောင်းပိုင်းတွင် "ဂီတရတနာ" အတွဲ ၆ အထိ ထွက်ရှိပြီးဖြစ်သည်။

ဆရာတဖြစ်လဲ ဂီတပညာရှင် ဓီရာမိုရ်သည် ဂီတဆိုင်ရာအသိပညာများကို အခွင့်သင့်တိုင်း မျှ​ဝေ​လေ့ရှိသူဖြစ်သည်။ အစိုးရဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ ပြည်တွင်း၊ ပြည်ပအလုပ်ရုံ​ဆွေး​နွေးပွဲများ၊ ပညာရပ်နှီး​နှောဖလှယ်ပွဲများတွင် ပါဝင်​ဆွေး​နွေးခြင်း၊ ILBC၊ Yangon Music School၊ MMDC ကဲ့သို့​သော သင်တန်း​ကျောင်းများတွင် သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်​လေ့ရှိသည်။

တည်ထောင်သူ

[ပြင်ဆင်ရန်]

၂၀၂၂ ခုနှစ်တွင် ဂီတနှင့်ပန်းချီသင်တန်းကျောင်း Music City Myanmar (ဂီတမြို့) ကို တည်ထောင်ခဲ့သည်။

ရရှိခဲ့သောဆုများ

[ပြင်ဆင်ရန်]
ခုနှစ် ဆု အမျိုးအစား ရွေးချယ်ခံလက်ရာ ရလဒ်
၂၀၀၉မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကောင်းဆုံး နောက်ခံတေးဂီတဆုဇော်က ကနေသည်ဆုရရှိ[၂၉]
၂၀၁၆မြန်မာ့ရုပ်ရှင်ထူးချွန်ဆုအကောင်းဆုံး နောက်ခံတေးဂီတဆုလူးရတနာသိုက်ဆုရရှိ[၃၀]
၂၀၁၆ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံးနောက်ခံတေးဂီတဆု မှော်ကျောက်စာ ဆန်ခါတင်
2016Epic Animation, Comic and Game Festival, USABest Music Scoreကျွန်မ မလိုချင်တဲ့ ကျွန်မဘဝဆုရရှိ[၂၆]
၂၀၁၉မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှပေးအပ်သော ဂုဏ်ပြုဆုဂီတဆုရရှိ[၃၁]
၂၀၂၄ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး နောက်ခံတေးဂီတဆု အိပ်မက်ကာရန် ဆုရရှိ

တေးအယ်လ်ဘမ်များ

[ပြင်ဆင်ရန်]

ဓီရာမိုရ်သည် တစ်ကိုယ်တော်တေးအယ်လ်ဘမ် လေးခွေ ထွက်ရှိပြီးဖြစ်သည်။

ခုနှစ် အယ်လ်ဘမ် သီချင်းပုဒ်ရေ ထုတ်လုပ်ရေး
၂၀၀၀ဂစ်တာရှိလား၁၁Third Eye
၂၀၀၈ကျွန်တော်နဲ့ဂီတ၁၀Gita Kabyar Production
၂၀၁၂လမင်းဖမ်းပွဲ၁၀Gita Kabyar Production
၂၀၁၆မြစ်အိုကြီး၁၀Gita Kabyar Production
၂၀၂၀စက်ဝိုင်း၁၀Gita Kabyar Production
၂၀၂၀၁၀Gita Kabyar Production

ကိုယ်ပိုင်ဘဝ

[ပြင်ဆင်ရန်]

ဓီရာမိုရ်သည် မမေထူးချိုနှင့် ၂၀၀၈ တွင် လက်ထပ်ခဲ့သည်။ ယခုအခါတွင် သားသမီး ၃ဦး ထွန်းကားပြီးဖြစ်သည်။ [၃၂]

ကိုးကား

[ပြင်ဆင်ရန်]
  1. 1 2 3 ဒုပါချုပ်ရာထူးမှ_ဓီရာမိုရ်နုတ်ထွက် 29 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2021 တွင် ပြန်စစ်ပြီး။
  2. ဓီရာမိုရ်_ဂီတပညာရှင် 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  3. 1 2 3 4 5 diramore-human-of-mawlamyine 8 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  4. 1 2 3 4 di-ra-mo_profiled 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  5. 1 2 diramore-interview-irrawaddy
  6. diramore-interview-popular 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  7. မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase
  8. diramore-interview-mizzima
  9. ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ၁၄ ကြိမ်မြောက် လုပ်ငန်းကော်မတီညှိနှိုင်းဆွေးနွေးပွဲကို မေ ၁၆ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ပြုလုပ်
  10. diramore's-old-river-album-review-irrawaddy
  11. junko-suwa-connecting-the-hearts
  12. joss-stone-total-world-tour 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  13. chit-thu-doe-ye-mingalar-tay[လင့်ခ်သေ]
  14. myanmar-academy-ceremony-music 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  15. 1 2 myanmar-orchestra-strikes-an-international-chord 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  16. local-musicians-join-asean-russia-orchestra 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  17. a-golden-evening-of-music 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  18. charles-wallace-burma-trust-award 27 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  19. diramore-talks-about-his-recent-compositions[လင့်ခ်သေ]
  20. nuac-orchestra-music-showcase
  21. wai-la-live-in-360 29 August 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  22. a-road-to-starry-night-big-bag
  23. sai-sai-one-man-show
  24. 1 2 diramore-interview-mizzima
  25. diramore-second-academy 6 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  26. 1 2 my-life-i-don't-want 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  27. diramore-promotes-myanmar-classical-music 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  28. 1 2 gitayadana-reviving-forgotten-treasures 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  29. diramore-interview-irrawaddy
  30. Myanmar Academy Awards for 2016 26 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  31. myanmar-copyright-day 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
  32. diramore-songs-influenced-by-marriage-kids 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။