ဓီရာမိုရ်
| ဓီရာမိုရ် Dira More | |
|---|---|
ဓီရာမိုရ် ဂီတကဗျာစတူဒီယိုတွင် ရှိနေစဉ် (၂၀၂၀) | |
| မွေးဖွား | မောင်မောင်ဇော်ထက် ၄ ဇွန်၊ ၁၉၇၄ ကော့ကရိတ်မြို့ ကရင်ပြည်နယ် |
| ပညာရေး | ဝိဇ္ဇာ(ဂီတ) မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု) |
| မိခင်ကျောင်း | အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) တိုကျိုအနုပညာတက္ကသိုလ် |
| အလုပ်အကိုင် | သံစုံတီးဝိုင်းဦးဆောင်ညွှန်ကြားသူ၊ တေးရေးဆရာ၊ အဆိုတော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး |
| တက်ကြွလှုပ်ရှားနှစ်များ | ၂၀၀၀-လက်ရှိ |
| အိမ်ထောင်ဖက်(များ) | မေထူးချို |
| သားသမီး | ၃ |
| မိဘ(များ) | ဦးထွန်းနိုင် ဒေါ်ညွန့်နွယ် |
| ရရှိသည့်ဆုများ | မြန်မာ့ ရုပ်ရှင် ထူးချွန်ဆု |
| ဝက်ဘ်ဆိုဒ် | diramore.com/en |
| ဂီတခရီးလမ်း | |
| တူရိယာ |
|
| တေးသံသွင်း ကုမ္ပဏီ | Third Eye Gita Kabyar Production |
| ပူးတွဲ ပါဝင်မှု | Gita Kabyar Orchestra NUAC Orchestra |
| လက်မှတ် | |
ဓီရာမိုရ် ဟုအများကသိကြသည့် မောင်မောင်ဇော်ထက် (၄ ဇွန် ၁၉၇၄ မွေးဖွား) သည် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) မှ ဒုတိယပါမောက္ခချုပ်ဟောင်း(သင်ကြား)[၁]ဖြစ်ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဂီတပညာရှင်ဖြစ်သည်။[၂]
မောင်မောင်ဇော်ထက်၏ အနုပညာအမည် ဓီရာမိုရ် ကို သူ၏ဖခင်နှင့် အကိုအကြီးဆုံးတို့မှ မှည့်ခေါ်ခဲ့ခြင်းဖြစ်သည်။ ဓီရာ ဆိုသည်မှာ ပါဠိစကားလုံးဖြစ်ပြီး ပညာရှိသော ဟု အဓိပ္ပာယ်ရသည်။ မိုရ် ကား မြင်းမိုရ်တောင် ကို အစွဲပြုခေါ်ဆိုထားခြင်းဖြစ်သည်။ ထို့ကြောင့် ဓီရာမိုရ် ဟူသော အမည်ကို "မြဲမြံသောပညာရှိသူ၊ သာ၍ပညာရှိသူ" (တနည်း) "မောင်ပညာမြင့်"ဟု ဆိုလိုကြောင်း မှတ်ယူနိုင်သည်။[၃]
ငယ်ဘဝနှင့်ပညာရေး
ဓီရာမိုရ်ကို ၁၉၇၄ ဇွန် ၄ ရက်တွင် ဦးထွန်းနိုင်နှင့် ဒေါ်ညွန့်နွယ်တို့မှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၇ယောက်အနက် အငယ်ဆုံးဖြစ်သည်။[၃] အကိုအကြီးဆုံးကြောင့် ငယ်စဉ်ကတည်းကပင် ဂီတကိုဝါသနာပါခဲ့သည်။ အသက် ၁၂နှစ်အရွယ်တွင် အကိုများဖွဲ့စည်းထားသော တီးဝိုင်း၏အဖွဲ့ဝင်တစ်ယောက်ဖြစ်လာကာ မော်လမြိုင်မြို့၌ကျင်းပသော ပွဲတော်များတွင် ပါဝင်ဖျော်ဖြေခဲ့သည်။ ၁၉၉၂ တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ရူပဗေဒဂုဏ်ထူးဖြင့် အထက(၄)၊ မော်လမြိုင်မှ အောင်မြင်ခဲ့သည်။ [၄]
၁၉၉၃ တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) ဖွင့်လှစ်သောအခါ ဓီရာမိုရ်သည် ဂီတဘာသာရပ်ကို အထူးပြုသင်ယူခဲ့သည်။ [၃] ကျောင်းသားဘဝမှာပင် သူသည် ဂီတဖြင့်အသက်မွေးဝမ်းကြောင်းပြုရန် ဆုံးဖြတ်ခဲ့သည်။[၄]
ကနဦးတွင် ဓီရာမိုရ်သည် မြန်မာဂီတအပေါ် စိတ်ဝင်စားမှု နည်းပါးခဲ့သည်။ တက္ကသိုလ်၌ မြန်မာ့ရိုးရာဂီတအကြောင်း သင်ယူရသောအခါမှသာ ရိုးရာဂီတ၏ အလှနှင့် အနှစ်သာရကို သိမြင်နားလည်လာခဲ့သည်။ [၅] နောင်တွင် နိုင်ငံတော်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆိုကရေးတီးပြိုင်ပွဲများတွင် နှဲ၊ အိုးစည်၊ ဒိုးပတ် စသော ရိုးရာတူရိယာတို့ဖြင့် ပါဝင်ယှဉ်ပြိုင်ကာ ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များလည်း ရရှိခဲ့သည်။ ထို့ပြင် သူသည် အသံဖမ်းခြင်း၊ အသံထပ်ခြင်း၊ ရုပ်ရှင်နောက်ခံတေး ဖန်တီးခြင်းဆိုင်ရာ အသိပညာတို့ကို ပညာရှင်ကြီးများဖြစ်ကြသော ဂီတလုလင်ဦးကိုကို၊ စန္ဒယားဦးလှထွတ်၊ တယောဦးတင်ရီ၊ ထရမ်းပက်ဦးဝင်းဦးတို့ထံမှ ရရှိခဲ့သည်။[၅] ဓီရာမိုရ်သည် ဝိဇ္ဇာ(ဂီတ) ဘွဲ့ကို ၁၉၉၇ တွင် ရရှိခဲ့သည်။[၃]
၂၀၀၃ ခုနှစ်တွင် ဓီရာမိုရ်ကို Monbukagakusho Scholarship Program of Japan မှ ပညာသင်ဆု ချီးမြှင့်ခဲ့သည်။ သို့ဖြစ်၍ ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ် (ဂဲဒိုင်) တွင် သုတေသနကျောင်းသားအဖြစ် ၂၀၀၄ အထိ တက်ရောက်ကာ ၂၀၀၆ တွင်မူ မဟာဝိဇ္ဇာ(ဂီတဖွဲ့သီမှု) ဘွဲ့ကို ၎င်းတက္ကသိုလ်မှပင် ရရှိခဲ့သည်။[၃] မဟာဝိဇ္ဇာဘွဲ့အတွက် ဓီရာမိုရ် တင်သွင်းခဲ့သော တေးသွားအမည်မှာ End of This Life ဖြစ်သည်။ ထိုတေးသွားမှာ မြန်မာရိုးရာတီးလုံးကွက်တစ်မျိုးဖြစ်သော ဗျိုင်းတောင် (နာရေးတွင်တီးခတ်လေ့ရှိသောတေးသွား) ၏ အငွေ့အသက်ကို ဆင့်ပွားဖန်တီးရေးဖွဲ့ထားခြင်းဖြစ်သည်။ End of This Life တေးသွားတွင် လူသားတစ်ယောက်၏ နောက်ဆုံးအချိန်မတိုင်မီ ဖြစ်ပေါ်သည့်ခံစားမှုများကို အပိုင်းငါးပိုင်းခွဲကာ ဖော်ပြထားသည်။ ယင်းတို့မှာ - သတိပြန်လည်ခြင်း၊ အတိတ်ကိုအမှတ်ရခြင်း၊ နာကျင်ခြင်း၊ သေခြင်းတံခါးဝ၊ ချုပ်ငြိမ်းခြင်း တို့ ဖြစ်သည်။ ဓီရာမိုရ်သည် ဤတေးသွားကို အပြီးသတ်ရန် တစ်နှစ်ခန့် အချိန်ယူခဲ့ရသည်။ ထို့အပြင် ဂျပန်တွင် ပညာသင်ယူဆဲကာလအတွင်း Bunkyo Amateur Orchestra ၏ အဖွဲ့ဝင်အဖြစ်လည်း တီးခတ်ခဲ့သေးသည်။[၆]
အသက်မွေးဝမ်းကျောင်း
အစိုးရဝန်ထမ်း
၁၉၉၇ တွင် ဓီရာမိုရ်သည် ပထမဘွဲ့ကို ရရှိခဲ့ပြီး အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထို့နောက် ပညာသင်ဆုကိုရရှိရာ ဒုတိယဘွဲ့အတွက် ဂျပန်နိုင်ငံ၊ တိုကျိုအနုပညာတက္ကသိုလ်၌ ၂၀၀၃ မှ ၂၀၀၆ အထိ ပညာဆက်လက်ဆည်းပူးခဲ့သည်။[၄] ၂၀၀၇သို့ရောက်သောအခါ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနတွင် လက်ထောက်ကထိက ဖြစ်လာခဲ့သည်။ ၂၀၁၀ မှ ၂၀၁၁ အထိ ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာ ဦးစီးဌာနတွင် လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၁ မှာပင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာနသို့ တွဲဘက်ပါမောက္ခအဖြစ် ပြန်လည်၍တာဝန်ပေးအပ်ခြင်းခံရသည်။ ၂၀၁၃တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ဂီတပညာဌာန၏ ပါမောက္ခ၊ ဌာနမှူး ဖြစ်လာခဲ့ပြီး ၂၀၁၉ တွင်မူ အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)အဖြစ် ရာထူးတိုးမြှင့်ခန့်ထားခြင်းခံရသည်။ ဓီရာမိုရ်သည် ၂၀၂၁ မြန်မာနိုင်ငံစစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(မန္တလေး) ၏ ဒုတိယပါမောက္ခချုပ်(သင်ကြား)အဖြစ်မှ နုတ်ထွက်ခဲ့သည်။[၁]
ဂီတပညာရှင်
ဂီတပညာရှင်အနေဖြင့် ဓီရာမိုရ်သည် တေးရေးဆရာ၊ အဆိုတော်၊ ဂီတဒါရိုက်တာ၊ ဂီတမှူး စသော ကဏ္ဍအသီးသီးကို ဆောင်ရွက်လျက်ရှိသည်။၎င်းအနေဖြင့် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်မှ ကျောင်းသားများဖြင့် တေးဂီတဖျော်ဖြေပွဲများ ကျင်းပလေ့ရှိပြီး ထိုပွဲများမှာ တီထွင်ဆန်းသစ်မှုရှိကာ ပရိသတ်အများ စိတ်ဝင်စားကြသည်။[၇] [၈]၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မှ ဆက်လက်တာဝန်ယူမည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်အား အသံပိုင်းဆိုင်ရာ တည်းဖြတ်မှုများအား တာဝန်ယူလျက်ရှိသည်။[၁][၉]
တေးရေးဆရာ၊ အဆိုတော်
၂၀၀၀ ခုနှစ်တွင် ဓီရာမိုရ်သည် ဂစ်တာရှိလား အယ်လ်ဘမ်ဖြင့် တေးရေးဆရာ၊ အဆိုတော်အဖြစ် ဂီတလောကသို့ စတင်ဝင်ရောက်ခဲ့သည်။ ထို့နောက် ၂၀၀၈ တွင် ဒုတိယအယ်လ်ဘမ် ကျွန်တော်နဲ့ဂီတ၊ ၂၀၁၂ တွင် တတိယအယ်လ်ဘမ် လမင်းဖမ်းပွဲ နှင့် ၂၀၁၆ တွင် စတုတ္ထအယ်လ်ဘမ် မြစ်အိုကြီး တို့ ထွက်ရှိခဲ့သည်။[၁၀] အဆိုတော်တစ်ယောက်အနေဖြင့် ဓီရာမိုရ်သည် နိုင်ငံခြားအဆိုတော်အချို့နှင့် ဂီတဖန်တီးမှုများ ပူးပေါင်းဆောင်ရွက်ခဲ့သည်။ ၂၀၁၆ တွင် ဂျပန်အဆိုတော် Suwa Junko နှင့်တွဲဖက်၍ "တံခါး/ Friends" အမည်ရှိ သီချင်းတစ်ပုဒ်ကို Kumamoto ငလျင်ပြန်လည်ထူထောင်ရေးရံပုံငွေအတွက် ဖြန့်ချိခဲ့သည်။[၁၁] ၂၀၁၇တွင် အင်္ဂလိပ်အဆိုတော် Joss Stone ၏ ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်အတွင်း သူမနှင့်တွဲဖက်ကာ "ဘုရားပေးဆု" အမည်ရှိ သီချင်းတစ်ပုဒ်ကို ပုံစံအသစ်ဖြင့် ဖန်တီးဖြန့်ချိခဲ့ပြန်သည်။[၁၂] ၂၀၂၀ ခုနှစ်တွင် သူ၏ ပဉ္စမ တစ်ကိုယ်ေတာ်အယ်လ်ဘမ် “The Circle” ကို ထုတ်ဝေခဲ့ပြီး၊ ၂၀၂၄ ခုနှစ်တွင် ခြောက်ခုမြောက် အယ်လ်ဘမ် “Night” ကို ထပ်မံ ထုတ်ဝေခဲ့သည်။ သူ၏ တေးဂီတအပေါ် ဘဝတသက်တာ သက်ရောက်မှုရှိသူများမှာ ထူးအိမ်သင်၊ ခင်ဝမ်း၊ ရွှေပြည်အေး နှင့် ဖရဲဒီ မာကရီ (Queen) တို့ဖြစ်ကြသည်။
ဂီတဒါရိုက်တာ
ဓီရာမိုရ်သည် "ဂီတကဗျာ"သံစုံတီးဝိုင်း (ယခင် - "အော်ပရာ"သံစုံတီးဝိုင်း) ကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ကာ ဂီတဒါရိုက်တာအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။ ဓီရာမိုရ်နှင့် ဂီတကဗျာ၏ အစောဆုံးတင်ဆက်မှုမှာ ခိုင်သင်းကြည်မင်္ဂလာဆောင်ခွေ ဟု လူသိများသော "ချစ်သူတို့ရဲ့မင်္ဂလာတေး"အယ်လ်ဘမ် ဖြစ်သည်။[၁၃] ဂီတဒါရိုက်တာအဖြစ် ဓီရာမိုရ်၏ ထင်ရှားသောလုပ်ဆောင်ချက်များမှာ - ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၄ အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲဖွင့်ပွဲ၊ပိတ်ပွဲ၊ ၂၀၁၇၊ ၂၀၁၈၊ ၂၀၁၉ တို့တွင် ကျင်းပခဲ့သော မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ၊ ဂျပန်-မြန်မာပွဲတော်၊ အာဆီယံ-ရုရှားသံစုံတီးဝိုင်းပူးပေါင်းတင်ဆက်မှု၊ Taipei Civic Orchestra၊ BBC Symphony Orchestra တို့ဖြင့် ပူးပေါင်းတင်ဆက်မှု စသည်တို့ ဖြစ်ကြသည်။[၁၄][၁၅][၁၆][၁၇] ၂၀၁၆ တွင် ဓီရာမိုရ်သည် Charles Wallace Burma Trust (UK-registered Charity) အဖွဲ့အစည်း၏ ဆုချီးမြှင့်ခြင်းကိုခံရကာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုးတက္ကသိုလ်သို့ ဧည့်ပညာရှင်အဖြစ် ၃လကြာ သွားရောက်ခဲ့ရသည်။[၁၈]ထိုကာလအတွင်း သူသည် BBC Symphony Orchestra နှင့် Orchestra for Myanmar and New Children's Choir တို့အတွက် မြန်မာဂန္ထဝင်သီချင်းတစ်ပုဒ်ဖြစ်သော "ရွှေတညာ" သီချင်းကို Orchestral Version အဖြစ် စီစဉ်ဖန်တီးပေးရုံသာမက[၁၅]ဘရစ္စတိုးတက္ကသိုလ်၊ အနုပညာဌာနတွင်လည်း မြန်မာဂန္ထဝင်ဂီတအကြောင်းကို ဟောပြောပွဲပြုလုပ်ခဲ့သည်။[၁၉]ထို့ပြင် ဓီရာမိုရ်သည် ၂၀၁၆ ခုနှစ်တွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) မှ ဂီတကျောင်းသား၊ ကျောင်းသူများနှင့် NUAC Orchestra ကို စတင်ဖွဲ့စည်းကာ ၂၀၁၈ တိုင်အောင် ဂီတဖျော်ဖြေပွဲများ နှစ်စဉ်တင်ဆက်ခဲ့သည်။[၂၀]ထိုမျှသာမက ဓီရာမိုရ်သည် ဝေလ၊ လင်းလင်း၊ ဟန်ထူးလွင်၊ စိုင်းစိုင်းခမ်းလှိုင်၊ နီနီခင်ဇော် စသောနာမည်ကျော်အဆိုတော်များ၏ ဖျော်ဖြေပွဲများတွင်လည်း ဂီတဒါရိုက်တာအဖြစ် ပူးပေါင်းပါဝင်ခဲ့သည်။[၂၁][၂၂][၂၃]
ဂီတမှူး
၂၀၀၄ ခုနှစ်တွင် ဒါရိုက်တာကြည်ဖြူသျှင် ရိုက်ကူးသော "ချစ်သောအရိမဒ္ဒနပူရ၏မဟာအောင်ပွဲ" ရုပ်ရှင်ဖြင့် ဓီရာမိုရ်သည် ရုပ်ရှင်နောက်ခံတေးဖန်တီးသူ၊ ဂီတမှူးအဖြစ် စတင်ဆောင်ရွက်ခဲ့သည်။[၂၄]ဂီတမှူးအနေဖြင့် ဓီရာမိုရ်သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(တေးဂီတဆု) ၂ကြိမ် ရရှိထားသူ ဖြစ်သည်။ ပထမအကြိမ်မှာ "ဇော်က ကနေသည်" ရုပ်ရှင်ဖြင့် ၂၀၀၉ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယအကြိမ်မှာ "လူးရတနာသိုက်" ရုပ်ရှင်ဖြင့် ၂၀၁၆ ခုနှစ်အတွက် ရရှိခဲ့ခြင်းဖြစ်သည်။[၂၅] ၎င်းအပြင် ဓီရာမိုရ်သည် ဒါရိုက်တာ ဉာဏ်ကျယ်စေ ရိုက်ကူးသော "ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ" animation ဇာတ်လမ်းတိုဖြင့် အမေရိကန်နိုင်ငံတွင် ကျင်းပပြုလုပ်သော Epic Animation, Comic and Game Festival 2016 မှ ချီးမြှင့်သည့် Best Music Score Award ကိုလည်း ရရှိခဲ့သည်။[၂၆] ယခုအချိန်ထိဆိုလျှင် သူသည် ရုပ်ရှင်ဇာတ်ကား ၅၀ကျော်အတွက် နောက်ခံတေးဂီတ ဖန်တီးခဲ့ပြီးဖြစ်သည်။[၂၄]
ဓီရာမိုရ်၏ ကြိုးပမ်းအားထုတ်မှုများထဲတွင် မြန်မာဂီတကို ထိန်းသိမ်းခြင်း နှင့် ဖြန့်ဝေခြင်းတို့လည်း အပါအဝင်ဖြစ်သည်။[၄]၂၀၁၃ ခုနှစ်တွင် မြန်မာရိုးရာဂီတ၊ သီချင်း ပုဒ်ရေ ၁၀၀ ကို လေ့လာစုစည်းကာ ပြန်လည်အသံသွင်းသည့် "Beauty of Tradition" အမည်ရှိ ပရောဂျက်ကို စတင်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ဂျပန်မှ တေးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သော Airplane Label နှင့် ပူးပေါင်း၍ "Beauty of Tradition" ပရောဂျက် အမည်အောက်၌ မြန်မာရိုးရာဂီတအယ်လ်ဘမ် ၃ ခွေကို ဂျပန်နိုင်ငံတွင် ဖြန့်ချိဖြစ်ခဲ့သည်။[၂၇]သို့သော်လည်း မြန်မာ့ဂီတကို ထိန်းသိမ်းရန် ကြိုးပမ်းရာတွင် သီချင်းပုဒ်ရေ ၁၀၀ မျှဖြင့် မလုံလောက်နိုင်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ပရောဂျက်ကို မြန်မာရိုးရာဂီတ၊သီချင်းပုဒ်ရေ ၁၀၀၀ စုစည်းမှုအဖြစ် ထပ်မံချဲ့ထွင်ကာ "ဂီတရတနာ" ဟု ပြန်လည်အမည်ပေးခဲ့သည်။[၂၈] ၎င်းပရောဂျက်၏ ရည်ရွယ်ချက်မှာ သက်တမ်းကြာမြင့်ပြီး ရှားပါးနေပြီဖြစ်သော မြန်မာရိုးရာဂီတ၊ သီချင်းပုဒ်ရေ ၁၀၀၀ ကို အသံအရည်အသွေးကောင်းကောင်းဖြင့် လွယ်ကူစွာရှာဖွေနားဆင်နိုင်သော ဂီတမော်ကွန်းတိုက်တစ်ခု ဖြစ်ပေါ်လာစေရန်ပင်ဖြစ်သည်။ ဤပရောဂျက်မှ သီချင်းအသီးသီးကို နိုင်ငံအဝှမ်းမှ ရိုးရာဂီတပညာရှင်ကြီးများ၏ အကူအညီဖြင့် လေ့လာစုစည်းကာ ရိုးရာဂီတပညာရှင်များနှင့်အတူ ဂျပန်အသံဖမ်းအင်ဂျင်နီယာ Hiroshi Iguchi ၏ အကူအညီဖြင့် ပြန်လည်အသံသွင်းခဲ့သည်။ ပရောဂျက်တွင် ကဏ္ဍအားဖြင့် ၇ မျိုး ပါဝင်သည်။ ထိုကဏ္ဍများမှာ - မဟာဂီတ၊ ကာလပေါ်၊ သဘင်ဂီတ၊ မြန်မာဆိုင်း၊ ကျေးလက်ဂီတ၊ နတ်ချင်း၊ လက်စွမ်းပြ တို့ ဖြစ်ကြသည်။ ယင်းပရောဂျက်ကို အတွဲ ၉ တွဲဖြင့် ဖြန့်ချိရန် စီစဉ်ထားသည်။ ၂၀၁၈ ခုနှစ်တွင် "ဂီတရတနာ" ကို စတင်မိတ်ဆက်ကာ Spotify၊ MMN နှင့် JOOX ကဲ့သို့သော နိုင်ငံတကာနှင့် ပြည်တွင်းတေးဂီတဝက်ဘ်ဆိုဒ်များတွင် ဖြန့်ချိခဲ့သည်။[၂၈]၂၀၁၉နှောင်းပိုင်းတွင် "ဂီတရတနာ" အတွဲ ၆ အထိ ထွက်ရှိပြီးဖြစ်သည်။
ဆရာတဖြစ်လဲ ဂီတပညာရှင် ဓီရာမိုရ်သည် ဂီတဆိုင်ရာအသိပညာများကို အခွင့်သင့်တိုင်း မျှဝေလေ့ရှိသူဖြစ်သည်။ အစိုးရဆိုင်ရာ၊ ပုဂ္ဂလိကဆိုင်ရာ ပြည်တွင်း၊ ပြည်ပအလုပ်ရုံဆွေးနွေးပွဲများ၊ ပညာရပ်နှီးနှောဖလှယ်ပွဲများတွင် ပါဝင်ဆွေးနွေးခြင်း၊ ILBC၊ Yangon Music School၊ MMDC ကဲ့သို့သော သင်တန်းကျောင်းများတွင် သင်ကြားပို့ချခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။
တည်ထောင်သူ
၂၀၂၂ ခုနှစ်တွင် ဂီတနှင့်ပန်းချီသင်တန်းကျောင်း Music City Myanmar (ဂီတမြို့) ကို တည်ထောင်ခဲ့သည်။
ရရှိခဲ့သောဆုများ
| ခုနှစ် | ဆု | အမျိုးအစား | ရွေးချယ်ခံလက်ရာ | ရလဒ် |
|---|---|---|---|---|
| ၂၀၀၉ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | နောက်ခံတေးဂီတ | ဇော်က ကနေသည် | ဆုရရှိ[၂၉] |
| ၂၀၁၆ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | နောက်ခံတေးဂီတ | လူးရတနာသိုက် | ဆုရရှိ[၃၀] |
| 2016 | Epic Animation, Comic and Game Festival, USA | Best Music Score | ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ | ဆုရရှိ[၂၆] |
| ၂၀၁၉ | မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှပေးအပ်သော ဂုဏ်ပြုဆု | ဂီတ | – | ဆုရရှိ[၃၁] |
| ၂၀၂၄ | မြန်မာ့ရုပ်ရှင်ထူးချွန်ဆု | နောက်ခံတေးဂီတ | အိပ်မက်ကာရန် |
တေးအယ်လ်ဘမ်များ
ဓီရာမိုရ်သည် တစ်ကိုယ်တော်တေးအယ်လ်ဘမ် လေးခွေ ထွက်ရှိပြီးဖြစ်သည်။
| ခုနှစ် | အယ်လ်ဘမ် | သီချင်းပုဒ်ရေ | ထုတ်လုပ်ရေး |
|---|---|---|---|
| ၂၀၀၀ | ဂစ်တာရှိလား | ၁၁ | Third Eye |
| ၂၀၀၈ | ကျွန်တော်နဲ့ဂီတ | ၁၀ | Gita Kabyar Production |
| ၂၀၁၂ | လမင်းဖမ်းပွဲ | ၁၀ | Gita Kabyar Production |
| ၂၀၁၆ | မြစ်အိုကြီး | ၁၀ | Gita Kabyar Production |
| ၂၀၂၀ | စက်ဝိုင်း | ၁၀ | Gita Kabyar Production |
| ၂၀၂၀ | ည | ၁၀ | Gita Kabyar Production |
ကိုယ်ပိုင်ဘဝ
ဓီရာမိုရ်သည် မမေထူးချိုနှင့် ၂၀၀၈ တွင် လက်ထပ်ခဲ့သည်။ ယခုအခါတွင် သားသမီး ၃ဦး ထွန်းကားပြီးဖြစ်သည်။ [၃၂]
ကိုးကား
- 1 2 3 ဒုပါချုပ်ရာထူးမှ_ဓီရာမိုရ်နုတ်ထွက်။ 29 June 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 25 June 2021 တွင် ပြန်စစ်ပြီး။
- ↑ ဓီရာမိုရ်_ဂီတပညာရှင်။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 3 4 5 diramore-human-of-mawlamyine။ 8 December 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 3 4 di-ra-mo_profiled။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 diramore-interview-irrawaddy။
- ↑ diramore-interview-popular။ 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ မတူညီတဲ့ ပုံစံနဲ့ မြင်တွေ့ရဦးမယ့် NUAC ရဲ့ Orchestra Music Showcase။
- ↑ diramore-interview-mizzima။
- ↑ ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင် ရိုက်ကူးထုတ်လုပ်ရေးကော်မတီ၏ ၁၄ ကြိမ်မြောက် လုပ်ငန်းကော်မတီညှိနှိုင်းဆွေးနွေးပွဲကို မေ ၁၆ ရက်က ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ပြုလုပ်။
- ↑ diramore's-old-river-album-review-irrawaddy။
- ↑ junko-suwa-connecting-the-hearts။
- ↑ joss-stone-total-world-tour။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ chit-thu-doe-ye-mingalar-tay။[လင့်ခ်သေ]
- ↑ myanmar-academy-ceremony-music။ 29 October 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 myanmar-orchestra-strikes-an-international-chord။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ local-musicians-join-asean-russia-orchestra။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ a-golden-evening-of-music။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ charles-wallace-burma-trust-award။ 27 April 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ diramore-talks-about-his-recent-compositions။[လင့်ခ်သေ]
- ↑ nuac-orchestra-music-showcase။
- ↑ wai-la-live-in-360။
- ↑ a-road-to-starry-night-big-bag။
- ↑ sai-sai-one-man-show။
- 1 2 diramore-interview-mizzima။
- ↑ diramore-second-academy။ 6 August 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 my-life-i-don't-want။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ diramore-promotes-myanmar-classical-music။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- 1 2 gitayadana-reviving-forgotten-treasures။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ diramore-interview-irrawaddy။
- ↑ Myanmar Academy Awards for 2016။ 26 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ myanmar-copyright-day။ 25 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
- ↑ diramore-songs-influenced-by-marriage-kids။ 24 March 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 April 2020 တွင် ပြန်စစ်ပြီး။
