တိုးလှ (ဒေါက်တာ)

ဝီကီပီးဒီးယား မှ
ဒေါက်တာတိုးလှ
မွေးဖွား (1943-03-27) ၂၇ မတ်၊ ၁၉၄၃ (အသက် ၈၀)
သပြေပင်ရွာ၊ ရေစကြိုမြို့နယ်ပခုက္ကူခရိုင်မကွေးတိုင်း
အလုပ်အကိုင်စာရေးဆရာ၊ သမိုင်းပါမောက္ခ၊သုတေသနပညာရှင်
ပညာရေးဝိဇ္ဇာဘွဲ့ (မန္တလေးတက္ကသိုလ်)၊ ပါရဂူဘွဲ့ (အီလီနွိုက်တက္ကသိုလ်)
မိခင်ကျောင်းမန္တလေးတက္ကသိုလ်
ရရှိသည့်ဆုများအမျိုးသား စာပေဆု (၂၀၀၄)
အိမ်ထောင်ဖက်ဒေါ်နွဲ့နွဲ့ရီ

ဒေါက်တာ တိုးလှ သည် မြန်မာ အမျိုးသား စာရေးဆရာနှင့်သမိုင်းပညာရှင်တစ်ဦး ဖြစ်သည်။ ဒေါက်တာတိုးလှအား ၁၉၄၃ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် မကွေးတိုင်းပခုက္ကူခရိုင်ရေစကြိုမြို့နယ်၊ သပြေပင်ရွာနေ အဖ ဦးအောင်သူ၊ အမိ ဒေါ်ပု တို့မှ မွေးဖွား၍ မွေးချင်း (၆) ယောက်အနက် ပဉ္စမမြောက်သား ဖြစ်သည်။

ပညာသင်ကြားခြင်း[ပြင်ဆင်ရန်]

ငယ်စဉ်က ၁၉၄၈-ခုနှစ်သပြေပင်ရွာ ကံစွယ်တိုက် (အနောက်ကျောင်း) ဆရာတော် ဦးရာဇိန္ဒ ထံတွင် ပညာသင်ယူခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ပခုက္ကူမြို့နယ်၊ အမှတ် (၂) အစိုးရအထက်တန်းကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်ပြီး မန္တလေးတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြားခဲ့သည်။ ပခုက္ကူမြို့နယ်အသင်း နံရံကပ်စာစောင်ကို ဦးစီးထုတ်ဝေခဲ့သည်။

ဝန်ထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၆၃ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ရပြီးနောက် ၁၉၆၅-ခုနှစ်မှစတင်၍ မြစ်ကြီးနားကောလိပ်၊ သမိုင်းဌာနတွင် နည်းပြအဖြစ် အမှုထမ်းနေစဉ် ကချင်ပြည်နယ် ဆေးချစ်သူတူရိယာအဖွဲ့နှင့် မန္တလေးတက္ကသိုလ် ဂီတဆည်းဆာအဖွဲ့တို့အတွက် သီချင်းများ ရေးစပ်ပေးခဲ့သည်။

၁၉၆၉ ခုနှစ်တွင် အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်းတွင် "ပဒုံမင်းလက်ထက် မြန်မာစာပေ" စာတမ်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၀ ခုနှစ်တွင် "ပဒုံမင်းလက်ထက် မြန်မာနိုင်ငံသမိုင်း (၁၇၈၂−၁၈၁၉)" ကျမ်းဖြင့် မဟာဝိဇ္ဇာဘွဲ့ကို ဂုဏ်ထူးနှင့် အောင်မြင်ခဲ့သည်။ မန္တလေးတက္ကသိုလ်တွင် လက်ထောက်ကထိကအဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၇၇ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ပြောင်းရွှေ့အမှုထမ်းခဲ့သည်။ မြန်မာနိုင်ငံ သုတေသနအသင်း စာအုပ်ထုတ်ဝေရေးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၈၃ ခုနှစ်မှ ၁၉၈၇ ခုနှစ်အထိ အမေရိကန်နိုင်ငံ အီလီနွိုက်တက္ကသိုလ်သို့ ပါရဂူဘွဲ့ဆည်းပူးရန် ပညာတော်သင် စေလွှတ်ခံခဲ့ရသည်။ အဆိုပါကာလတွင် ကထိကရာထူးသို့ တိုးမြှင့်ခံခဲ့ရသည်။ ၁၉၈၇ ခုနှစ်တွင် Money Lending and Contractural Thet-Kayits: A Socio-Economic Pattern of the Later Kon-baung Period (1819-1885) ကျမ်းဖြင့် ပါရဂူဘွဲ့ ရရှိခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ ကထိကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် မကွေးဒီဂရီကောလိပ်တွင် တွဲဖက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ ခုနှစ်တွင် ပါမောက္ခအဖြစ် ရာထူးတိုးခဲ့သည်။ ၁၉၉၄ ခုနှစ်တွင် မုံရွာ ဒီဂရီကောလိပ် သို့ ပြောင်းရွေ့အမှုထမ်းပြီး နှစ် (၅၀) ပြည့် တပ်မတော်နေ့ ရွှေရတုအထိမ်းအမှတ်အဖြစ် ချင်းတွင်းမြစ်သာ မူးဧရာ ကို ထုတ်ဝေခဲ့သည်။

၂၀၀၂ ခုနှစ်တွင် တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာနတွင် ဒု−ညွှန်ကြားရေးမှူးချုပ်ရာထူးသို့ တိုးမြှင့်ပေးခြင်း ခံရသည်။ ၁၉၉၅ ခုနှစ်တွင် မန္တလေးတက္ကသိုလ်သို့ ပြန်လည်ပြောင်းရွေ့ခဲ့သည်။ ယခုအခါ တက္ကသိုလ်များ သမိုင်းသုတေသနဦးစီးဌာနတွင် မြန်မာသမိုင်းအဖွဲ့ဝင် (သမိုင်းပညာရှင်) အဖြစ် တာဝန်ယူလျက်ရှိပြီး ကျောင်းသား/သူများ၊ သုတေသနပညာရှင်များနှင့် ပါရဂူဘွဲ့ကြိုများအား ပညာဖြန့်ဖြူးလျက် ရှိသည်။

စာပေရေးသားခြင်းနှင့် စာတမ်းပြုစုခြင်းများ[ပြင်ဆင်ရန်]

၁၉၇၃ ခုနှစ်တွင် နိုင်ငံတကာစာအုပ်နှစ်အတွင် "ကုန်းဘောင်ခေတ် ပိဋကတ်တိုက်များ" စာတမ်းကို ဖတ်ကြားခဲ့သည်။ ၁၉၇၆ ခုနှစ်တွင် အင်းဝခေတ် ပျို့ကဗျာများထဲကသမိုင်း စာအုပ်ကို ပြုစုခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် "ကုန်းဘောင်ခေတ် အသပြာသမိုင်း" စာတမ်းကို မြန်မာနိုင်ငံ သုတေသနအသင်း၌ ဖတ်ကြားခဲ့ပြီး ၁၉၇၉ တွင် အသင်းဂျာနယ်တွင် ဖော်ပြခံရသည်။ ၁၉၇၉ ခုနှစ်တွင် "ကုန်းဘောင်ခေတ် လူမှုစီးပွားရေးသမိုင်း" ကို ၁၉၇၇ မှ ၁၉၇၉ အထိ နိုင်ငံတော်၏ ထောက်ပံ့မှုဖြင့် သုတေသနပြုကာ စာတမ်းပြုစုခဲ့ပြီး ပညာပဒေသာစာစောင်တွင် အခန်းနှစ်ခုခွဲ၍ ဖော်ပြခံရသည်။

၁၉၈၀ ခုနှစ်တွင် "ကုန်းဘောင်ခေတ်ဦး ပညာရေး" ကို မြန်မာနိုင်ငံ သုတေသနစာတမ်းဖတ်ပွဲတွင် ဖတ်ကြားပြီး ပညာလောကစာစောင်တွင် အပိုင်းလေးပိုင်းခွဲ၍ ဖော်ပြခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ဒဂုန်နတ်ရှင် ရေးသားသော မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာ (၁၉၈၃) ကို တည်းဖြတ်ပေးခဲ့သည်။

၁၉၉၅ ခုနှစ်တွင် "တကောင်းမြို့ဟောင်းသမိုင်း ပဏာမလေ့လာချက်" အစီရင်ခံစာကို တင်သွင်းသည်။ ၁၉၉၂ ခုနှစ်တွင် မြနန်းစံကျော် ရွှေနန်းတော်ကြီး တည်ဆောက်ရေးသမိုင်းကို ပြုစု၍ "ကဘော်ချိုင့်ဝှမ်း လေ့လာရေးအစီရင်ခံစာ" ကို တင်သွင်းခဲ့သည်။

၁၉၉၇ ခုနှစ်တွင် မလေးရှားနိုင်ငံကွာလာလမ်ပူ၌ ကျင်းပသော (၁၁) ကြိမ်မြောက် အာရှ−ပစိဖိတ် စားပွဲဝိုင်းအစည်းအဝေးသို့ တက်ရောက်ကာ "Domestic Security in Southeast Asia: Dousing the Remaining Embers' Myanmar" စာတမ်းကို ဖတ်ကြားခဲ့သည်။ ပြည်ပစာတမ်းများအား စုစည်းကာ Pacific Peace: Issues and Response, 1998 တွင် ဖော်ပြခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ကုန်းဘောင်ခေတ် ကျေးလက်လူမှုစီးပွားရေးသမိုင်း ကို ပြုစုခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် စစ်ကိုင်း ဗုဒ္ဓယဉ်ကျေးမှုပြတိုက် ပုရပိုက်စာစုစာရင်း နှင့် ဗန့်ကျီတိုက် သာသနာဝင် ညောင်ပင်အိုင်တောရ သမိုင်း ကို ရေးသားခဲ့သည်။

၂၀၀၃ ခုနှစ်တွင် လုံးချင်းစာအုပ်အဖြစ် မြေပေါ်မြေအောက် ကျောက်စာမှတ်တမ်းများကပြောသော ရှေးဟောင်းမြန်မာနိုင်ငံသမိုင်း ကို ထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ကုန်းဘောင်ခေတ် မြန်မာ့လူမှုအဖွဲ့အစည်းနှင့် တရားမှုခင်းများ ကို ရေးသားသည်။ ကုန်းဘောင်ခေတ် ကျေးလက်လူမှုစီးပွားဘဝ (၁၇၅၂−၁၈၈၅) ကို ထုတ်ဝေရာ အမျိုးသား စာပေဆုကို ရရှိခဲ့သည်။

၂၀၀၅ ခုနှစ်တွင် နှစ်ဆယ်ရာစု မဟာလူသားမြန်မာ့ကျင့်ဝတ်သိက္ခာနှင့် လူမှုတန်ဖိုးကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် စာအုပ်များ ပြုစုထုတ်ဝေခဲ့သည်။

၂၀၀၆ ခုနှစ်တွင် ပင်းယ−အင်းဝမြေမှ သမိုင်းဝင်စေတီပုထိုးများ (၆၇၂−၁၂၄၇) ကို ပြုစုရေးသားသည်။ ဥဿရော အမတ်ကြီး၏ ဟံသာဝတီဆင်ဖြူရှင် အရေးတော်ပုံမော်ကွန်းဥဒါန်း ကို တည်းဖြတ်ထုတ်ဝေခဲ့သည်။

မိသားစု[ပြင်ဆင်ရန်]

၁၉၆၆ ခုနှစ်တွင် ဒေါ်နွဲ့နွဲ့ရီနှင့် လက်ထပ်ခဲ့သည်။ ရန်ကုန်မြို့၊ လှိုင်မြို့နယ်တွင် သားသမီးများနှင့် အတူနေထိုင်လျက် ရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. လှလှရီ၊ မ (၂၀၀၆)။ ဒေါက်တာ တိုးလှ စာစုစာရင်း။ ရန်ကုန်။