တင်သန်းဦး (ဒါရိုက်တာ)

ဝီကီပီးဒီးယား မှ
(တင်သန်းဦး၊ ဒါရိုက်တာ မှ ပြန်ညွှန်းထားသည်)

တင်သန်းဦး (၁၉၅၂-၂၀၁၀) သည် မြန်မာလူမျိုး ဒါရိုက်တာ၊ စာရေးဆရာနှင့် စစ်မှုထမ်း ဖြစ်သည်။

တင်သန်းဦး အမည်ရင်း ဒုတိယဗိုလ်မှူးကြီးမောင်မောင်ဦး
မွေးဖွားတင်သန်းဦး
(1952-11-13)၁၃ နိုဝင်ဘာ၊ ၁၉၅၂
ကျိုက်ထိုမြို့
ကွယ်လွန်နိုဝင်ဘာ ၅၊ ၂၀၁၀(2010-11-05) (အသက် ၅၇)
နိုင်ငံသား
အလုပ်အကိုင်ဒါရိုက်တာ၊ စာရေးဆရာ၊ စစ်မှုထမ်း
ကျော်ကြားမှုအရင်းခံစာရေးဆရာ
လက်တွဲဖော်(များ)ဒေါ်စန်းစန်းသူ
မိဘ(များ)ဦးတင်သန်း (စာရေးဆရာ ငွေမောင်း)၊ ဒေါ်သန်းလှ

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၅၂ ခု၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကျိုက်ထိုမြို့အနီး ကလောမြောင် ဆင်စခန်း၌ ဦးတင်သန်း (စာရေးဆရာ ငွေမောင်း) နှင့် ဒေါ်သန်းလှတို့မှ မွေးသည်။

ငယ်စဉ်က သထုံမြို့ မင်းတန်းကျောင်း၊ အမက(၁) မရမ်းကုန်း၊ အထက(၅) ကမာရွတ်၊ အထက(၃) မရမ်းကုန်းနှင့် အထက(၂) မရမ်းကုန်းတို့၌ ပညာသင်ယူသည်။ စတုတ္ထတန်း၌ ပညာတော်သင်ဆုရရှိသည်။ ၁၉၆၉ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ပြီး ရန်ကုန်တက္ကသိုလ်၌ သင်္ချာဘာသာအထူးပြုဖြင့် တက်သည်။ တက္ကသိုလ် ဒုတိယနှစ်၊ ၁၉၇၁ ခု၌ စစ်တက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၆) သို့ တက်ခွင့်ရသည်။

စစ်မှုထမ်း ဘဝ[ပြင်ဆင်ရန်]

စာရေးဆရာတင်သန်းဦးသည် ၁၉၇၄ ခုနှစ် တွင် စစ်တက္ကသိုလ် B.Sc, D.S.Aဘွဲ့ရရှိပြီး တပ်မတော်၌ ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်အဖြစ် ခန့်အပ်ခြင်းခံရသည်။ မြစ်ကြီးနားမြို့ရှိ အမှတ် (၃၇) ခြေလျင်တပ်ရင်း၌ တာဝန်ပေးအပ်ခြင်းခံရပြီး တပ်စုမှူး၊ တပ်ခွဲမှူးတာဝန်များကို ထမ်းဆောင်သည်။ ၁၉၈၀ ပြည့်နှစ်တွင် တောင်ငူမြို့ရှိ အမှတ် (၂၆) ခြေလျင်တပ်ရင်းသို့ လည်းကောင်း၊ ၁၉၈၄ ခုနှစ်တွင် ပြင်ဦးလွင်မြို့ရှိ တပ်မတော်ပညာရေးကျောင်းသို့ လည်းကောင်း၊ ၁၉၈၅ ခုနှစ်တွင် မင်္ဂလာဒုံမြို့နယ်ရှိ ထုတ်လုပ်ရေးတပ် (ပြည်သူ့ဆက်ဆံရေး) သို့လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံးသို့လည်းကောင်း အသီးသီးပြောင်းရွှေ့တာဝန်ထမ်းဆောင်ပြီး ၂၀၀၇ ခုနှစ်တွင် ဦးစီးအရာရှိ (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး တာဝန်မှ အငြိမ်းစားယူသည်။

စာရေးဆရာ ဘဝ[ပြင်ဆင်ရန်]

စာရေးဆရာ တင်သန်းဦးသည် ၁၉၆၅ ခုနှစ်မှ ၁၉၆၈ ခုနှစ်အထိ မြန်မာ့အသံ၌ အသံဖြင့် သရုပ်ဆောင်သူအဖြစ် အကြိမ် ၆၀ ကျော် အသံသွင်းထုတ်လွှင့်ခဲ့ဖူးသည်။ ၁၉၆၉ ခုနှစ်တွင် လောကကြီးကို ဆဲသူကြီး ဟာသဝတ္ထုတိုတစ်ပုဒ် သောကြာစာစောင်၌ ပုံနှိပ်ဖော်ပြခြင်းခံရသည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ ထုတ် ဝေသော သီဟစာစောင်နောက်ကျောဖုံး၌ ကဗျာတစ်ပုဒ် ဖော်ပြခြင်းခံရသည်။ ၁၉၇၄ ခုနှစ်နောက်ဆုံးနှစ် ဗိုလ်လောင်းဘဝတွင် စာပေပြိုင်ပွဲသုံးကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရာ ဝတ္ထုတိုဆုသုံးကြိမ်ရရှိသည်။ ၁၉၇၄ ခုနှစ်တွင် ပထမဆုံး လုံးချင်းဝတ္ထုဖြစ်သော စာမလာသတင်းမကြား ဝတ္ထုကိုပုံနှိပ်ထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ် မတ်လထုတ် မြဝတီမဂ္ဂဇင်း၌ ဝတ္ထုတိုတစ်ပုဒ်ရေးသားပြီး ၁၉၈၀-၈၁ ခုနှစ်မှ စ၍ မဂ္ဂဇင်းများ၌ ဝတ္ထုတို၊ ဝတ္ထုရှည်နှင့် ဆောင်းပါး စုစုပေါင်း ၁çဝဝဝ ကျော်ရေးသားခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိ စာအုပ်ပေါင်း ၉၇ အုပ်ရေးသားထုတ်ဝေခဲ့သည်။

ကလောင်ခွဲများ[ပြင်ဆင်ရန်]

  • မင်းမောင်မောင်
  • ရဲဘော်သစ်မောင်
  • နော်ရထာ
  • ကရင်ပြည်နယ်သားတစ်ဦး

ရေးသားသော စာအုပ်များ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
စာမလာ သတင်းမကြား ၁၉၇၄
ပြည်တွင်းသောင်းကျန်းမှု သမိုင်း ရဲဘော်သစ်မောင် အမည်ဖြင့်ရေး

၁၉၉၁ ခု၊ အမျိုးသားစာပေ (နိုင်ငံရေးစာပေ) ဆု

စန္ဒီမိုးဦးဖြူ
အချစ်အားနည်းရပ်ဝန်း ၂၀၀၉၊ အောက်တိုဘာ ပြည့်စုံ စာအုပ်တိုက်

ဒါရိုက်တာ ဘဝ[ပြင်ဆင်ရန်]

စာရေးဆရာတင်သန်းဦးသည် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၌ တာဝန်ထမ်းဆောင်စဉ် တပ်မတော်သမိုင်း ရုပ်ရှင်ဇာတ်ကားကြီးများနှင့် စပ်လျဉ်း၍ ဦးစီးတာဝန်၊ အုပ်ချုပ်ရေးတာဝန်၊ ဇာတ်ညွှန်းစိစစ်ရေးတာဝန်၊ ရိုက်ကူးရေးအဖွဲ့ခေါင်းဆောင် တာဝန်များကို ဆောင်ရွက်သည်။ ၁၉၈၇ ခုနှစ်တွင် ဒါရိုက်တာ မောင်တင်ဦးရိုက်ကူးသော' ခြူးရွှေကအပြန်' ရုပ်မြင်သံကြားဇာတ်လမ်းအတွက် ရိုက်ကွင်း ဇာတ်ညွှန်းစတင်ရေးသားပြီး တွဲဖက်ဒါရိုက်တာသင်တန်း တက်ရောက်သည်။ ၁၉၈၈ ခုနှစ်တွင် ဒါရိုက်တာ မောင်တင်ဦး ရိုက်ကူးသော တိန်ကော့နော်ဂျာဇာတ်ကား၌ ဇာတ်ညွှန်း၊ တွဲဖက်ဒါရိုက်တာအဖြစ်သာမက သရုပ်ဆောင်အဖြစ်ပါရိုက်ကူးသည်။ ဒါရိုက်တာမောင်တင်ဦးရိုက်ကူးသော 'သွေးအတွက်သွေး'၊ ဒါရိုက်တာ မီးပွားရိုက်ကူးသော 'မောင်ရင်ငတေမိုက်ကန်းသည်' ရုပ်ရှင်ဇာတ်ကားများအတွက် ဇာတ်ညွှန်းရေးသားပေးခဲ့သည်။

မြဝတီရုပ်မြင်သံကြားတည်ထောင်ရာတွင် စီမံကိန်း ဦးစီးကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဇာတ်လမ်းတွဲ သုံးတွဲအပါအဝင် ရုပ်မြင်သံကြားနှင့် ဗီဒီယိုဇာတ်ကား ၁၀၀ ခန့်၊ လျှပ်တစ်ပြက်ရိုက်ချက် အစီအစဉ်များ၊ လှုပ်လှုပ်ရှားရှားပုံရိပ်များ၊ မှတ်တမ်းများ၊ အရေးကြီးသတင်းများနှင့် တပ်မတော်ကြည်း-ရေ-လေ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်း အစီအစဉ်များကို ရိုက်ကူးသည်။ အိပ်မက်ဆိုးမှမနိုးခင်ဇာတ်လမ်းတွဲကို ကိုရီးယားမင်းသမီးနှင့် ရိုက်ကူးခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ရုပ်မြင်သံကြားနှင့် အခြားကဏ္ဍများ လေ့လာရေးအတွက် ထိုင်းနိုင်ငံသို့လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် လေ့လာရေးခရီးအဖြစ် စင်ကာပူနိုင်ငံမလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံများသို့ လည်းကောင်း၊ ၁၉၉၇ ခုနှစ် တွင် ရုပ်ရှင်နှင့် ရုပ်မြင်သံကြားလေ့လာရေးအတွက် တရုတ်နိုင်ငံ၊ ရှန်ဟဲမြို့နှင့်ဟန်ကျိုးမြို့သို့လည်းကောင်း သွားရောက်ခဲ့သည်။

၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်ကာ သီချင်းများနှင့် အထူးအစီအစဉ်များ ရိုက်ကူးခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် မလေးရှားနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးသွားရောက်သည်။ ၂၀၀၄ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ အနုပညာရှင်များနှင့် တွေ့ဆုံမေးမြန်းခန်းများ ရိုက်ကူးခဲ့သည်။

ရိုက်ကူးသော ဇာတ်ကားများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
တိန်ကော့နော်ဂျာ ၁၉၈၈ မောင်တင်ဦး နှင့် တွဲ၍
ထာဝရသစ္စာ ၁၉၈၉
ချစ်သူရန်သူ (နှလုံးသား ကွန်မန်ဒို)
ပါပီမ ၁၉၉၀
ရဲဘော်မသေ
ငြိမ်းချမ်းသော ရင်ခွင်
လှလေးစိန်
လေသူရဲချစ်သူ အမျိုးသား ရုပ်ရှင်
မိုမိုချစ်တဲ့ ကွန်မန်ဒို ရတနာအောင် ရုပ်ရှင်

ဘဝနိဂုံး[ပြင်ဆင်ရန်]

'အရုဏ်ဦးမှာ ဖူးသည့်ကြာ' ဇာတ်လမ်းကို နောက်ဆုံးရိုက်ကူးခဲ့ပြီး 'လွမ်းရင်ခွင်မှာသာတဲ့လ' ရုပ်ရှင်ဇာတ်ကားကို တည်းဖြတ်ဆဲဖြစ်သည်။ ရုပ်ရှင်နှင့်ရုပ်မြင်သံကြား ပညာရပ်ဖြစ်သည့် လှုပ်ရှားနေသောပုံရိပ်များစာအုပ်ကို ရေးသားပြုစုဆဲဖြစ်ပြီး မြန်မာ့သူရဲကောင်းဗိုလ်ချို အတ္ထုပ္ပတ္တိဇာတ်ကားရိုက်ကူးရန် ပြင်ဆင်နေဆဲဖြစ်သည်။ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့ ဗဟိုအမှုဆောင်ကော်မတီဝင်၊ စာရေးဆရာ၊ ဒါရိုက်တာ တင်သန်းဦး (လူမှုထူးချွန်တံဆိပ်ပထမဆင့်) သည် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ဇနီးဒေါ်စန်းစန်းသူမှာ မေလက ကွယ်လွန်ခဲ့ပြီး သားသမီးမထွန်းကားခဲ့ပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)