ဆံကျစ်

ဝီကီပီးဒီးယား မှ

ဆံကျစ်ဟူသည် ရသေ့၏ကိုယ်၌ ရှိရင်းစွဲတည်း။ ရသေ့ ပြုလုပ်သောသူသည် မိမိဆံပင်ကို သန့်ရှင်းဖီးလိမ်း ပြင်ဆင်နေရမှု မရှိအောင် ကျစ်လစ်စွာ ခိုင်ခိုင်မြဲမြဲ ထုံးထားရာ၏။ ထိုသို့ ဆံပင်ကို ကျစ်လစ်စွာ ထုံးထား သည်ကိုပင် ဆံကျစ်ခေါ်သည်ဟု မှတ်ယူသင့်၏။[၁]

ဆံကျစ်ဝန်း[ပြင်ဆင်ရန်]

အဋ္ဌသာလိနီ အဋ္ဌကထာလာ သစ်ရွက်မိုးသော စရပ်အတွင်း ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော အသုံးအဆောင်တို့တွင် ဇဋာမဏ္ဍလခေါ် ဆံကျစ်ဝန်းတခု ပါသဖြင့် ဆံကျစ်၀န်းဟူသည် ရသေ့ကိုယ်မှအလွတ် ဝိသုကြုံနတ်သား ဖန်ဆင်းအပ်သော ပစ္စည်းတခုဖြစ်သည်။ ရှင်သုမေဓာကိုယ်၏ အစိတ်အပိုင်းတခု မဟုတ်ဟု မှတ်ယူသင့်၏။ ရှင်သုမေဓာသည် သစ်ရွက်မိုးသော စရပ်အတွင်းသို့ ရောက်သောအခါ ဆံကျစ်ဝန်းကို ဦးခေါင်း၌စွပ်၍ ဦးသျှောင်နှင့်တကွ မလှုပ်မရှားရအောင် ဆင်စွယ်ဆံထိုးကို သွင်းထိုးထားသည်-ဟူသော စကားကို ထောက်၍လည်း ဇဋာမဏ္ဍလ = ဆံကျစ်ဝန်းသည် ရှင်သုမေဓာ၏ ဦးသျှောင် (ဆံထုံး)မှ သီးခြားဖြစ်ကြောင်း သိသာ၏။ ဤသို့ ဦးသျှောင်ပေါ်မှ အုပ်၍စွပ်ထားရသော ဆံကျစ်ဝန်းကိုပင် ယခုအခါကာလ၌ ထောက်ချာဟု ခေါ်သည်။ (ထောက်ချာ = ဦးသျှောင်ပေါ်မှာ အမှိုက်သရိုက်စသည် မကျရအောင် ထောက်ခံအုပ်ချုပ်ထားသော အသုံးအဆောင်ဟု ဆိုလိုသည်။)[၁]

ထောက်ချာ (သို့) ဆံကျစ်?[ပြင်ဆင်ရန်]

မုံရွေး ဇေတဝန်ဆရာတော်ကမူ- “သမန္တစက္ခုဒီပနီကျမ်း ပဌမတွဲ၌ ကျစ်လစ်စွာ ထုံးထားသော ဆံပင်ကို ဆံကျစ်ခေါ်သည်ဟု ရှေးဦးစွာ ပြပြီးလျှင်၊ နောက်၌ အကြောင်းအမျိုးမျိုး ထုတ်ဆောင်၍ ထောက်ချာကိုလည်း ဆံကျစ်ခေါ်သည်ဟု ပြဆိုသွားသည်။ (သမန္တစက္ခုဒီပနီကျမ်း၊ ပဌမအုပ်၊ ပုစ္ဆာအမှတ် ၄၈-၌ ကြည့်လေ။)[၁]

ဆံပင်ပေါ်က အုပ်ထားသောအရာ[ပြင်ဆင်ရန်]

ဆုတောင်းခဏ်းပျို့၌လည်း- “ရှင်အရည်းလည်း၊ ပြည်းစည်းမဟုတ်၊ ငုတ်လုတ်ဦးသျှောင်၊ ဆံကျစ်နှောင်၍”ဟု စပ်ဆိုသည်။ အဓိပ္ပါယ်မှာ ရှင်ရသေ့သည် ကတုံးမဟုတ်၊ သျှောင်ငုတ်တုတ်နှင့် ဆံပင်ကိုကျစ်လစ်အောင် ထုံးနှောင်ထားသည် ဟူ၍လည်း ယူနိုင်၏။ ဤသို့ ယူသည်ရှိသော် “ကျစ်လစ်စွာ ထုံးနှောင်ထားသော ဆံပင်ကိုပင် ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်ရ၏။ (တနည်း) ဆံငုတ်တုတ်ကို အပေါ်က ဆံကျစ်ဖြင့် အုပ်၍ နှောင်၍ဟုလည်း ယူနိုင်၏။ ဤသို့ ယူသည်ရှိသော် “ဆံပင်ပေါ်က အုပ်ထားသောအရာ (ထောက်ချာ)ကို ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်ရောက်သွား၏။ ၎င်းပျို့ တနေရာ၌လည်း “ပြုပြင်ဦးရစ်၊ ဆံကျစ်လည်းစွပ်၊ သျှောင်ကျင်တပ်၍”ဟု စပ်ဆိုပြန်သည်။ ဆံပင်ပေါ်က အုပ်ထားသောအရာကိုပင် ဆံကျစ်ခေါ် သည်ဟု အဓိပ္ပါယ်ထွက်သည်။[၁]

လှပအောင် ထုံးထားသော ဦးသျှောင်[ပြင်ဆင်ရန်]

စတုဓမ္မသာရခေါ် (ကိုးခဏ်း)ပျို့၌- “ပြေပြေပြစ်ပြစ်၊ ဆံကျစ်ဦးသျှောင်၊ လှအောင်ပတ်လုံး”ဟူ၍ စပ်ဆိုထားသဖြင့် ထို (ကိုးခဏ်း)ပျို့ဆရာ ရှင်မဟာရဋ္ဌသာရ၏ အလိုအားဖြင့် “ကောင်းမွန်စွာ လှပအောင် ထုံးထားသော ဦးသျှောင်ကိုပင် ဆံကျစ်ခေါ်သည်”ဟု အဓိပ္ပါယ်တမျိုးတည်း ရှင်းလျက်ထွက်သည်။[၁]

ဇဋာပါဠိကို ဆံကျစ်ဆို[ပြင်ဆင်ရန်]

မဂဓအဘိဓာန်ကျမ်း ဂါထာအမှတ် (၂၅၇)၌- “တာပသာနံ တဟိံ ဇဋာ”ဟူ၍ ဇဋာသဒ္ဒါသည် ရသေ့တို့၏ ဆံပင်အပေါင်း (ဆံစည်း)ကို ဟောကြောင်း ပြဆိုထားသည့်ပြင်၊ ဂါထာအမှတ် (၉၄၈)၌- “ဝေဏွာဒိ သာခါဇာလသ္မိံ ၊ လဂ္ဂကေသေ ဇဋာလယေ”ဟူ၍ ဇဋာသဒ္ဒါသည် ရှုပ်ထွေးရစ်လိမ်နေသော ဝါးရုံစသော အနက်၊ ရသေ့တို့၏ ရှုပ်ထွေးနေသော ဆံပင်ဟူသော အနက်၊ တဏှာဟူသော အနက် ဤသုံးနက်တို့၌ ဖြစ်ကြောင်းကို ပြဆိုထားသဖြင့် မဂဓအဘိဓာန် (အဘိဓာနပ္ပဒီပိကာ)ကျမ်းအလို “ရှုပ်ထွေး ထုံးနှောင်ထားသော ဆံပင်ကို ဇဋာဟုခေါ်ကြောင်း” ထင်ရှားသည်။ ဇဋာဟူသော ပါဠိကိုပင် ဆံကျစ်ဟူ၍ မြန်မာပြန်ထားခြင်း ဖြစ်သည်။[၁]

ဆံပင် (သို့မဟုတ်) ဦးသျှောင်[ပြင်ဆင်ရန်]

အဋ္ဌသာလိနီ အဋ္ဌကထာ၌ ဝိသုကြုံနတ်သား ဖန်ဆင်းသော အသုံးအဆောင်တို့ကို ပြဆိုရာဝယ် ဇဋာ = (ဆံကျစ်)ကို ဖန်ဆင်းသည်ဟု ပြဆိုချက် မပါမရှိ။ ဇဋာမဏ္ဍလ = (ဆံကျစ်ဝန်း)ကို ဖန်ဆင်းသည်ဟုသာ ပြဆိုသည်။ သို့ဖြစ်၍ ဇဋာ = (ဆံကျစ်)သည် ရသေ့၏ ကိုယ်အင်္ဂါအစိတ်အပိုင်း ဆံပင် (သို့မဟုတ် ဦးသျှောင်)ဖြစ်ကြောင်း သိသာသည်။

ဗုဒ္ဓဝင် ပါဠိတော်၌လည်း သုမေဓာ ရှင်ရသေ့သည် ဒီပင်္ကရာ မြတ်စွာဘုရား ရှေ့တော်တွင် ဆံပင်ကို ဖြည်ဖြန့်ကြောင်း “ကေသေ မုဉ္စိတွာဟံ တတ္ထ”ဟု ဘုရား ဟောတော်မူသည်။ “ဆံပင်တို့ကို ဖြည်လိုက်သည်”ဆိုသော စကားဖြင့် “ကျစ်လစ်စွာ ထုံးထားသော ဆံကျစ်ကို ဖျက်လိုက်သည်”ဟူသော အဓိပ္ပါယ်ကို ပြသည်။


ထို့ပြင်၊ ၊ဝီသတိနိပါတ် မာတင်္ဂဇာတ် ပါဠိတော်လာ၊ ၊ဇဋာ စ ကေသာ အဇိနာ နိဝတ္ထာ၊ ၊ဟူသော စကားရပ်၌၊ ၊ဇဋာ စ ကေသာတိ တာတ မဏ္ဍဗျ တဝ ဒက္ခိဏေယျသု ဧကစ္စာနံ ကေသာ ဇဋာ ကတွာန ဗဒ္ဓါ။ အဇိနာ နိဝတ္ထာတိ သခုရာနိ စမ္မာနိ နိဝတ္ထာ၊ ၊ဟူ၍ အဋ္ဌကထာ၌ ဖွင့်ပြသည်။ ။(ဇဋာ စ ကေသာတိ၊ ဇဋာ စ ကေသာ ဟူသည်ကား။ တာတ မဏ္ဍဗျ၊ ချစ်သား မဏ္ဍဗျ...။ တဝ၊ သင်ချစ်သား၏။ ဒက္ခိဏေယျေသု၊ အလှူခံပုဂ္ဂိုလ်တို့တွင်။ ဧကစ္စာနံ၊ အချို့သော ပုဂ္ဂိုလ်တို့၏။ ကေသာ၊ ဆံပင်တို့ကို။ ဇဋာ ကတွာ၊ ဆံကျစ်ပြု၍။ ဗဒ္ဓါ၊ နှောင်ဖွဲ့အပ် (ထုံးအပ်)ကုန်၏) ဟု အဋ္ဌကထာ၌ အနက်သမ္ဗန်ရမည်။ ဆံပင်တို့ကိုပင် ကျစ်လစ်စွာ ဖွဲ့နှောင် ထုံးအပ်ကုန်သည်ဟု ဆိုသဖြင့် ကျစ်လစ်စွာ ဖွဲ့ထုံးအပ်သော ဆံပင်ကိုပင် ဆံကျစ်ခေါ်သည်ဟု အဓိပ္ပါယ်ထွက်သည်။

သို့ဖြစ်၍ “ကျစ်လစ်စွာ ထုံးထားသော ဆံပင်ကိုပင် ဆံကျစ်ဟူ၍ ခေါ်ကြောင်း ဖော်ပြရာပါ ပါဠိ အဋ္ဌကထာ မဂဓအဘိဓာန်တို့ကို ထောက်၍ ယုံမှားမရှိ မှတ်ယူရာ၏။

ထိုမှတပါးလည်း- စတုဓမ္မသာရ (ကိုးခဏ်း)ပျို့ ပိုဒ်ရေ (၁၈)မှာ-

“အဋ္ဌင်္ဂီမဂ်၊ ထီးလှိုင်ငှက်အား၊ စိတ်စုံပြားဝယ်၊ နားလတ်သောခါ၊ ထောင်လိုငှါဖြင့်၊ မဟာဇဋ၊ ကျော့ကွင်းပြ၍၊ တောဝနေလေ့၊ ကျင့်သိမ်မွေ့သား၊ ရသေ့ပရိက္ခရာ၊ ထက်ကြပ်ပါလျက်”.. စသည်ဖြင့်၎င်း၊

မဃဒေဝလင်္ကာသစ်၊ ပဉ္စမပိုင်း တောထွက်ခဏ်း၊ ဒုတိယပိုဒ်၌-

“ကေသမဿုံ ဩဟာရေတွာ၊ ကျမ်းလာပါဠိ၊ မိန့်ခွန်းယှိတိုင်း၊ ဣသိတာပသ်၊ ပြုတုံလတ်သား၊ သူမြတ်တကာ၊ ရှေးဦးစွာ၌၊ ကေသာမဿု၊ လူ့အသွင်ပြင်၊ ဆံပင်မုစ္ဆိတ်၊ ဖြတ်ရိတ်ပယ်ပြီး၊ တသီးနောက်မှ၊ ပေါက်သမျှကို၊ မချလုံးလုံး၊ ဆံကျစ်ထုံး၍၊ သက်ဆုံးတိုင်အောင်၊ ထားကြဆောင်၏…။ ဆောင်သည်စင်စစ်၊ ထိုဆံကျစ်လည်း၊ ပျံရစ်မိုးထက်၊ ကောင်းကင်ငှက်ကို၊ ဆက်ဆက်ဖမ်းငှါ၊ မှန်စွာမချွတ်၊ ကျော့ကွင်းညွတ်ဖြင့်၊ မလွတ်ရဘွယ်၊ ထောင်သော့နှယ်သို့၊ ထိပ်လယ်ဦးဖျား အတွင်းထား၍၊ ရှစ်ပါးအင်ညီ၊ အဋ္ဌင်္ဂီမဂ်၊ တရားငှက်ကို၊ ဆက်ဆက်ရအောင်၊ ဖြားကြထောင်၏”-

ဟူ၍၎င်း စပ်ဆိုအပ်လေသည်။[၁]

“ဆံကျစ်”မှာ ဆံထုံး[ပြင်ဆင်ရန်]

ဤ ပျို့ လင်္ကာတို့ကို ထောက်၍လည်း “ဆံကျစ်”မှာ ဆံထုံးဖြစ်ကြောင်း သိသာလှပေ၏။ ဤပျို့လင်္ကာများဖြင့် ဆံကျစ်မှာ ရိုးရိုးဆံထုံးမဟုတ်၊ ကျော့ကွင်းကဲ့သို့ ဆံမြိတ်ကွင်းဖော်၍ ထုံးထားသော ဆံထုံးဖြစ်ကြောင်းကို ပြဆို၏။ ဤပျို့လင်္ကာများ၌ အဓိပ္ပါယ်မှာ.. လောက၌ ထီးလှိုင်ငှက် (ငှက်ဆင်) မိုးပျံငှက်ကို ဖမ်းယူရန် ကွင်းထောင်သကဲ့သို့၊ ရသေ့များမှာလည်း အင်္ဂါရှစ်ပါးရှိသော အရိယမဂ်တည်းဟူသော ထီးလှိုင်ငှက် (ငှက်ဆင်) မိုးပျံငှက်ကို စိတ်တည်းဟူသော တောထဲ၌ ဖြစ်လာ နားလာလျှင် မလွတ်တမ်း ဖမ်းယူဘို့ရန် ကျော့ကွင်းအသွင် ဆံပင်ကို ထုံးဖွဲ့ထားသည်။ ထိုသို့ ဆံမြိတ်ကွင်းဖြင့် ဖွဲ့ထုံးထားသော ဆံထုံးကိုပင် ဆံကျစ်ခေါ်သည်ဟု ဆိုလိုသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ ၁.၅ ၁.၆ ၁.၇ မဟာဗုဒ္ဓဝင် ပထမတွဲ (ပဌမပိုင်း) မင်းကွန်းဆရာတော်