မုံရွေး ဇေတဝန်ဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မုံရွေး ဇေတဝန်ဆရာတော် (မြန်မာ ၁၁၂၈ - ၁၁၉၆)[ပြင်ဆင်ရန်]

ကုန်းဘောင် ဒုတိယခေတ်တွင် ပေါ်ထွန်းလာသော ရဟန်း စာဆိုများ အနက် မုံရွေးဇေတဝန်ဆရာတော်သည် ထင်ရှားသောစာဆိုတစ်ဦးဖြစ်၏။ ဆရာတော်ကို သက္ကရာဇ် ၁၁၂၈ ခုနှစ် နယုန်လဆန်း ၄ ရက်နေ့တွင် မုံရွာမြို့ စီရင်စုကြေးမုံရွာ၌ အဖ ဦးဇေယျ၊အမိ မမင်းလှတို့မှ ဖွားမြင်လေ သည်။ မိဖတို့ ခေါ်ဝေါ်သော ငယ်မည် မောင်အောင်မြ၊ တွင်သော ငယ်မည် မောင်နိုးဖြစ်၏။ အဖဖက်မှာ သူကြီးမျိုးရိုးဖြစ်လေသည်။ အသက် ၆ နှစ် အရွယ်တွင် မုံရွေးရွာ ရွှေရေးလေးထပ်ဇေတဝန် ကျောင်း တိုက်ကြီး၏ အရှင်ဝိစိတ္တာ လင်္ကာရထံ ဆည်းကပ်လျက် ပညာသင်ကြား၍ ၁၅ နှစ် အရွယ်တွင် သာမဏေ ပြုလေသည်။ သာမဏေဘွဲ့ကား အရှင်အရိယာဝံသတည်း။ သာမဏေတဘဝနှင့်ပင် အာဒါသမုခ ပျို့သစ်ကို စီကုံး၏။ အရွယ်ရောက်သော် ရဟန်းပြု၍ စာပေမျာကို ဆက်လက် သင် ကြားသည်။ ရဟန်းဘွဲ့အာဒိစ္စရံသီ ဖြစ်၏။ သို့သော် သာမဏေဘွဲ့ အရိယာထံသတွင် အာဒိစ္စရံသီဟူသော ဘွဲ့ကို ထပ်ဆင့်၍ အရိယဝံသ အာဒိစ္စရံသီဟု တွင်လေသည်။ ရဟန်းခံပြီးနောက် ပရိယတ်အရာ ထင်ပေါ် ကျော်ကြားသော ဆားလင်း၊ ဆားတုံ၊ ဗဒုံ၊ မုံရွာစသော မြို့ရွာတို့မှ ရှင်မဟာဂုဏသာရ စသော ဆရာတော်ကြိးများထံ ဆည်းကပ်လျက် လောကီဆိုင်ရာ၊ လောကုတ္တရာ ဆိုင်ရာ နေ့ဝါ ညဝါ စာပေများကို သူမတူအောင်ကြိုးစားအားထုတ်ကာ သင်ကြားတော်သည်။ ဂန္ထ န္တရ ဗဟုသုတနှင့် လွန်စွာပြည့်စုံတော်မူ၏။ ထိုထိုမြို့ရွာသို့ လှည့်လည်လျက် ပရိယတ္တိဓမ္မကို ကြိုးစား ဆောင်ရွက ်တော်မူပြီး၍ အားရနှစ်သိမ့် ကျေနပ်တော်မူပြီးခါမှ မုံရွေး ဇေတဝန်ကျောင်း တွင် ပြန်လည် သီတင်းသုံးသည်။ ထိုသို့ သီတင်းသုံး နေထိုင်တော်မူစဉ် ဆရာတော်ကြီး ပျံလွန်တော်မူသဖြင့် ထိုကျောင်း၌ပင် ဆရာ၏ အရိုက်အရာကို ဆက်ခံ၍ စာပေပို့ချနေတော် မူသည်။ ထိုသို့ စာပေပို့ချနေသည့် အကြားမှပင် ကျမ်းဂန်များကို ရေးသား တော် မူခြင်း၊ မေးလျှောက်လာသည့် ပုစ္ဆာပြဿနာများကို ဖြေကြားတော်မူ ူခြင်း၊ သမထ ဝိပဿနာတို့ကို ပွားများတော်မူခြင်း စသော ရဟန်းကိစ္စများ ကိုလည်း ပြုတော်မူသည်။ ဘိုးတော်မင်းတရားကြီးသည် ဆရာတော်၏ ဂုဏ်သတင်းကိုကြားသိ၍ ကြည်ညိုလှသဖြင့် ငါးထပ်ကျောင်းဆောက်လုပ် လှူဒါန်းတော်မူလေသည်။ ဘိုးတော်ဘုရား နတ်ရွာစံ၍ ဘကြီးတော်ဘုရား အထွတ်အထိပ်သို့ ရောက် ်တော်မူသောအခါ သက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် ဆရာတော်အား အင်းဝမြို့တော်သို့ ပင့်ဆောင်ကာ ထီးလှိုင် ရှင်ဘုရားအနီး မင်္ဂလာဘုံသာ မည်သော အုတ်ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းပြီးလျှင် ဣန္ဒဝဇီရာဘိလင်္ကာရ သိရိဓဇ ရာဇဂုရု ဟူသော ဘွဲ့တံဆိပ်တော် ကပ်လှူကိုးကွယ်တော်မူလေသည်။ ဆရာတော်သည် မဟာသီလဝပျို့၊ ပဉ္စာဝုဓပျို့၊ ကုသပျို့သစ်၊ ပါရမီတော် ခန်းပျို့ အဖြေ စသော ပျို့ပေါင်း ခုနစ်စောင်ကို ရေးသားတော်မူသည်။ ထိုပျို့များအနက် မဟာ သီလဝံသပျို့နှင့် ပဉ္စာဝုဓပျို့များသည် ဆရာတော်၏ အကောင်းဆုံးလက်ရာဟု ဆိုရပေမည်။ မဟာသီလဝပျို့တွင် ဆရာတော်သည် ရာဇကြောင်းကို နွှယ်၍ ရေးသား၏။ ပဉ္စဝုဓပျို့၌လည်း ထိုကဲ့သို့ပင် ရာဇကြောင်းကို အသားပေးကာ ရေးသား ထားရကား ဆရာတော်သည် ရာဇကြောင်းကို ပိုမိုနိုင်နင်းဟန်တူလေသည်။ စစ်ဆင်စစ်ဘက်နှင့် ဆိုင်သော သေနင်္ဂဗျူဟာကျမ်းကိုလည်း နိုင်နင်းလှသည့်အလျောက် မဟာသီလဝပျို့တွင် စစ်ဗိုလ်မှူးတို့ သိသင့်သိထိုက်သော သေနင်္ဂဗျူဟာကျမ်းပါအချက်အလက်များကို ပေါ်လွင်ထင်ရှားအောင် အကျဉ်းရုံး၍ ပြခဲ့လေသည်။ ဆရာတော်သည် ဖွဲ့ဆိုလိုသည်ကို ကွက်ကွက်ကွင်းကွင်းပေါ်အောင်ဖွဲ့တတ်၏။ တစ်ခါတစ်ရံ အဖွဲ့အနွဲ့ထဲတွင် ဥပမာ ဥပမေယျများကို ညှပ်၍ ဆိုလိုရင်းသဘောကို ထင်ရှားစွာ သိနိုင်ရန်သုံးခဲ့၏။ လူတို့၏ စိတ်ကို ကြောက်ရွံ့ရမည့်နေရာ၌ ကြောက်ရွံ့စေလျက် ကရုဏာ ဖြစ်ပေါ်ရမည့်နေရာ၌ လှိုက်လှိုက်လှဲလှဲ ကြင်နာစိတ်များ ပေါ်ထွက်လာအောင်ထင်ရှားသော ဥပမာများဆောင်ကာ ရေးသားနိုင်၏။ ဆရာတော်သည် လောကကြောင်းဖက် ဖွဲ့ရာတွင် ရှင်မဟာရဋ္ဌသာရ၊ ရှင်အဂ္ဂသမာဓိတို့ကို မမှီချေ။ ထိုကြောင့် ဆရာတော်၏ အရေးအသားတို့ကို သင့်ရုံမျှသာ ကောင်းသည်ဟု ဆိုရပေမည် ။ သို့ရာတွင် ရာဇကြောင်းဖက်၌ ဗဟုသုတ ကြွယ်ဝသဖြင့် အခြားဆရာ များထက် စုံလင်စွာ ဗဟုသုတ ဖြစ်ဖွယ် အခန်းများကို ရေးသားနိုင်သည်။ ဘကြီးတော် မင်းတရားကြီးအား ဆက်သရန် မေတ္တာစာ တစ်စောင် ရေး သားရာတွင် ၁၁၈၉ ခုနှစ် နယုန်လဆန်း ၃ ရက်တနင်းလာနေ့တွင် ရေးစီ၍ ပြီးလေသည်။ ဆရာတော်၏ အရေးအသားများမှာ လွန်စွာ ကျယ်ဝန်းသည့် စကား ဥပဒေများကို အကျဉ်း ချုံး ရေးသားထားသောကြောင့် သိနားလည်ရန် အလွန် ခက်ခဲရကား ၁၁၉၄ ခုနှစ်တွင် မေတ္တာစာ အဖွင့် ဖြစ်သော ရာဇောဝါဒကျမ်းကို ထပ်မံ ရေးသားရပြန်လေသည်။ ဆရာတော်၏ မေတ္တာစာမှာ မဇ္ဈိမဒေသရာဇဝင် ၊ မြန်မာ ရာဇဝင်တို့သာမက ဇာတ်၊ နိပါတ်ကြောင်း များမှ သာဓက ထုတ်၍ ရေးဖွဲ့ထားရကား ပထမတန်းစား မေတ္တာစာကြီး ဟု ဆိုရပေမည် ။ ထိုပျို့များ၊ ကျမ်းများပင် မကသေး၊ ဆရာတော်သည် မင်းဆက် ရာဇဝင်သံပေါက်၊ အမွေခွဲပုံကြီး ဓမ္မသတ်ကျ်း၊ သမန္တစက္ခုဒီ ပနီကျမ်း စသည်များကိုလည်း ရေးသားခဲ့၏။ မင်းဆက် ရာဇဝင် သံပေါက်မှာ နှောင်းသမိုင်းဆရာတိုင်း လက်မလွှတ်နိုင်သော သံပေါက် ဖြစ်လေသည်။ ဆရာတော်သည် သက်တော် ၆၉ နှစ်၊ ဝါတော် ၄၉ ဝါ၊ သက္ကရာဇ် ၁၁၉၆ ခုနှစ်၊ ဝါဆိုလတွင် အင်းဝမြို့ မင်္ဂလာဘုံ သာကျောင်း(ပြာသာဒ်ကျောင်း) ၌ ပျံလွန်တော်မူသည်။ ပြုစုတော်မူခဲ့သော ကျမ်းများမှာ ၁၊ ကဝိမဏ္ဍနီသတ်ပုံ။ ၂၊ ကုသပျို့သစ် ။ ၃၊ ကေသဓာတုဝင်နိသျ ။ ၄၊ နာနာဆန္ဒပျို့၊ ၅၊နာရဒပျို့။ ၆၊ ပါရမီခန်းအဖြေ။ ၇၊ ပုစ္ဆာလင်္ကာ။ ၈၊ ပဉ္စဝုဓပျို့။ ၉၊ ပြာသာဒ်ကျောင်းဘွဲ့ပျို့။ ၁ဝ၊ ပြာသာဒ်ကျောင်းဘွဲ့ မော်ကွန်း။ ၁၁၊မဟာရာဇဝင်တော်ကြီး။ ၁၂၊ မဟာရာဇဝင်သံခိပ်။ ၁၃၊ မဟာသီလဝပျို့။ ၁၄၊ မင်္ဂလသုတ်ပျို့။ ၁၅၊ မုံရွေးမေတ္တာစာ ။ ၁၆၊ မုံရွေးမှတ်စု။၁၇၊ မုံရွေးသတ်ညွှန်း။ ၁၈၊ ရတုဧကပိုဒ်များ။ ၁၉၊ ရာဇောဝါဒကျမ်း။ ၂ဝ၊ သမန္တစက္ခုဒီပနီကျမ်း။ ၂၁၊ သာသနဝံသဒီပနီ။ ၂၂၊ အမွေခွဲ ဓမ္မသတ်ကျမ်း။ ၂၃၊ အာသာသစာရီပျို့။ ၂၄၊ အာဒါသမုခပျို့သစ်တို့ ဖြစ်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)