ဆေးမင်ကြောင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မျက်နှာဆေးမင်ကြောင်နှင့် မာအိုရီလူမျိုး အကြီးအကဲ

ဆေးမင်ကြောင်သည် လူ့ခန္ဓာကိုယ် အရေပြားပေါ်တွင် သေရာပါသည့်တိုင် စွဲစွဲမြဲမြဲ ထင်နေစေရန် ဆုတ်၊ ဆူးချွန် အစရှိသည့် ကိရိယာများဖြင့် ဆေးရောင်သွင်းကာ ရုပ်ပုံများ၊ အမှတ်အသားများ၊ စာလုံးများနှင့် ပန်းကနုတ်များကို အလှအပ အလို့ငှာ ထိုးခြင်းဖြစ်သည်။

ယနေ့ခေတ် လူငယ်များသည် ဆေးမင်ကြောင် (Tattoo) ကို မိမိတို့၏ ခန္ဓာကိုယ်တွင် နှစ်ခြိုက်စွာ ဆေးခြယ်လာကြသည်ကို တွေ့ရှိနေရသည်။ ကျား၊ မ မရွေး အလှအပအဖြစ် မိမိကိုယ်တွင် ရေးထိုးလာကြသည်။

ယနေ့ခေတ် မြန်မာ သရုပ်ဆောင် လောကတွင်လည်း ဆေးမင်ကြောင်ထိုးသည့် အလေ့အထများ ဂယက်ရိုက်လာသည်ကို တွေ့လာရသည်။ ဆေးမင်ကြောင်ထိုးခြင်းသည် မြန်မာ့ အနုပညာလောကတွင် ၂၀၀၀ ပြည့်လွန်နှစ်များမှ စတင်၍ ခေတ်စားလာသည်။

ဆေးမင်ကြောင်ထိုးကြရာတွင်

  1. အထိန်းအမှတ်အဖြစ် ထိုးနှံခြင်း၊
  2. အလှအပအဖြစ် ထိုးနှံခြင်း၊
  3. စွဲလမ်းမှုကို အခြေခံ၍ အဆောင်အဖြစ် ထိုးနှံခြင်း၊
  4. ရိုးရာဓလေ့အရ ထိုးနှံခြင်းတို့ ဖြစ်ကြသည်။


ဆေးမင်ကြောင်အစ[ပြင်​ဆင်​ရန်​]

ဆေးမင်ကြောင်ထိုးခြင်းကို ပေါ်လီနေးရှင်းလူမျိုးများက စတင်ခဲ့ပြီး ၎င်းလူမျိုး၏ ဘာသာစကား Ta Tau မှ အင်္ဂလိပ်လို Tattoo သို့ ပြောင်းလဲ ဆင်းသက်လာခြင်း ဖြစ်သည်။ ဆေးမင်ကြောင်ကို အစောဆုံး တွေ့ရှိရသည့် သက်သေ အထောက်အထားမှာ ဆိုက်ဘေးရီးယားရှိ ရေခဲပြင်မှ တူးဖော်ရရှိသော ဆေးမင်ကြောင်ရုပ်ပါ ရုပ်အလောင်းဖြစ်သည်။

၎င်းရုပ်အလောင်းသည် ဘီစီ ၅ ရာစုမှ ရုပ်အလောင်းဖြစ်ပြီး လန်ဒန်မြို့ရှိ ဗြိတိသျှပြတိုက်တွင် ပြသခဲ့ဖူးသည်။ အီဂျစ်နိုင်ငံတွင်မူ ၁၅ ရာစုခန့်က ဆေးမင်ကြောင် အတတ်ပညာ ပေါ်ထွန်းခဲ့သည်ဟု အထောက်အထားများ တွေ့ရှိရသည်။

A tattoo on the right arm of a Scythian chieftain whose mummy was discovered at Pazyryk, Russia. The tattoo was made more than 2,500 years ago.

ဗြိတိသျှတို့က ဆေးမင်ကြောင်ကို အပျော်တမ်းသဘော၊ အလှအပ သဘောဖြင့် ထိုးနှံလေ့ရှိကြသည်။ ဟာရိုလ်ဘုရင်ကြီး၏ ဘယ်ဘက်ရင်အုံ၌ Edith ဟု ထိုးခဲ့သည်။ သတ္တမမြောက် အက်ဒွပ်ဘုရင်သည်လည်း ဝေလမင်းသား ဘဝကပင် ဆေးမင်ကြောင်ထိုးခြင်းကို ဝါသနာပါကာ တစ်ကိုယ်လုံးတွင် ဆေးမင်ကြောင် ထိုးနှံခဲ့သည်။

ပဉ္စမမြောက် ဂျော့ဘုရင်နှင့် စစ်သေနာပတိဟောင်းကြီး မောင့်ဂိုမာရီတို့သည်လည်း ၎င်းတို့၏ ကိုယ်ပေါ်တွင် နဂါးရုပ်နှင့် လိပ်ပြာရုပ်များ ထိုးခဲ့သည်။ ဒိန်းမတ်ဘုရင်ကြီး ဖရက်ဒရစ်သည် ၎င်း၏ ကိုယ်ခန္ဓာတွင် တစ်ကိုယ်လုံးအနှံ့ ဆေးရောင်စုံ အရုပ်များ ထိုးနှံခဲ့ခြင်းကြောင့် ဆေးမင်ကြောင် ပြခန်းကြီးဟု ဖရက်ဒရစ်ဘုရင်ကို ချီးကျူးခဲ့ကြသည်။

တကိုယ်လုံးနီးပါး ဆေးမင်ကြောင်ထိုးထားသည့် ဂျပန် နပန်းသမား

ဂျပန်လူမျိုးတို့တွင် ဆေးမင်ကြောင် ထိုးသည့်ဓလေ့မှာ အနုပညာပိုဆန်ပါသည်။ ဂျပန်လူမျိုးတို့ ထိုးနှံလေ့ရှိသော အရုပ်များမှာ ရိုးရာဓလေ့နှင့် ရှေးဟောင်း သမိုင်းဝင် ဇာတ်ကောင်များ၏ ပုံသဏ္ဍာန် အမျိုးမျိုး ပါဝင်သည်။ လူ့အလုံးအရပ်နှင့်ညီသော လူစွမ်းကောင်းပုံများ၊ ဘီလူးသဘက်ပုံများ၊ နဂါးရုပ်များအပြင် သစ်ပင်ပုံ၊ ငှက်ပုံ၊ ငါးပုံ၊ ပန်းပုံများ ထိုးနှံလေ့ရှိကြသည်။

၁၉ ရာစုနှစ်တွင် ဂျပန်နိုင်ငံ၌ ဆေးမင်ကြောင်ထိုးခြင်းကို ဥပဒေဖြင့် ပိတ်ပင်ခဲ့သော်လည်း ပပျောက်သွားခြင်း မရှိပေ။ ငွေကုန်ကြေးကျခံကာ လပေါင်းများစွာ သည်းညဉ်းခံပြီး ကြိုးစားပမ်းစား အနုစိတ် ပြီးစီးအောင် ထိုးနှံလေ့ရှိသည်ကို တွေ့ရသည်။ ဂျပန်နိုင်ငံရှိ ယာဂူဇာဂိုဏ်းဝင်များသည် ဆေးမင်ကြောင် ထိုးလေ့ရှိသည်။

ဒုတိယ ကမ္ဘာစစ်အတွင်း နာဇီ စစ်အကျဉ်းစခန်းရောက် အကျဉ်းသားများအနက် ကိုယ်ခန္ဓာတွင် ဆေးမင်ကြောင် ထိုးထားသူများသည် အခြားသော အကျဉ်းသားများထက် ပိုမို ကံဆိုးခဲ့ကြသည်။ အကြောင်းမှာ အကျဉ်းစခန်း အရာရှိများသည် အကျဉ်းသားများ၏ ရင်ဘတ်နှင့် ကျောပြင်မှ ဆေးမင်ကြောင်ရုပ်များကို အရေခွံခွာယူပြီး မီးအုပ်ဆောင်း လုပ်ခဲ့ကြဟု သိရသည်။

တက်တူး ဒီဇိုင်းများ

မလေးရှားလူမျိုးတို့သည် ဆေးမင်ကြောင်ကို တင်ပါးတွင် ထိုးနှံကြပြီး ဆေးမင်ကြောင်မှာ အရုပ်များ မဟုတ်ပဲ လှပဆန်းကြယ်သည့် ပန်းကနုတ် ဒီဇိုင်းများ၊ အကွက်များ ဖြစ်ကြသည်။ ထိုင်ဝမ်မြောက်ပိုင်းဒေသတွင် နေထိုင်ကြသည့် ထိုက်ရာလူမျိုး လူငယ်များကမူ လူလားမြောက် အရွယ်ရောက်ခြင်း အထိမ်းအမှတ်အဖြစ် မျက်နှာတွင် ဆေးမင်ကြောင်ထိုးလေ့ရှိသည်။ ယောက်ျားလေးများမှာ နဖူးနှင့် မေးတွင် လည်းကောင်း၊ မိန်းကလေးများမှာ နဖူးနှင့် ပါးနှစ်ဘက်တွင် လည်းကောင်း ထိုးနှံကြသည်။ ပါးရဲထိုးသည်ဟုလည်း ခေါ်သည်။

ဥရောပတိုက်တွင် ရှေးခေတ်အခါက ဂျာမန်လူမျိုး၊ ဂေါလလူမျိုးများနှင့် အင်္ဂလန်ကျွန်းသား တိုင်းရင်းသားများတွင် ထိုးကွင်းထိုးသော ဓလေ့ ရှိခဲ့ဖူးသည်။ မြောက်အမေရိကမှ အင်ဒီယန်းလူမျိုးများသည်လည်း ကလေးအရွယ်မှ စတင်ပြီး ထိုးကွင်း ထိုးနှံလေ့ရှိသည်။ ပစိဖိတ်သမုဒ္ဒရာ အတွင်းရှိ ကျွန်းများပေါ်မှ ပေါ်လီနေးရှင်းလူမျိုး၊ မာအိုရီလူမျိုး၊ မာကေဆလူမျိုး ကျွန်းသားများမှာလည်း ယောက်ျားရော မိန်းမပါ ဆေးမင်ကြောင်ထိုးနှံကြသည့် ရှေးရိုးအစဉ်အလာရှိသည်။

ဆော်လမွန်ကျွန်းသူ မိန်းကလေးများမှာမူ မျက်နှာနှင့် ရင်ဘတ်၌ ဆေးမင်ကြောင် ထိုးပြီးမှသာ အိမ်ထောင်ပြုနိုင်သည်။ ဖော်မိုဆာကျွန်းသူများမှာလည်း ထိုနည်းတူ လက်ထပ်ပွဲ မကျင်းပမီ မျက်နှာ၌ ဆေးမင်ကြောင် ထိုးနှံကြရသည်။ နယူးဂီနီကျွန်းမှ ပါပူအန် အမျိုးသမီးများမှာ လက်မထပ်မီ မျက်နှာကို ချန်ကာ တစ်ကိုယ်လုံးအနှံ့ ဆေးမင်ကြောင် ရေးခြယ်ထိုးနှံပြီး မင်္ဂလာပွဲ ကျင်းပသောအခါတွင် မျက်နှာကို ဆေးမင်ရည် စုတ်ထိုးကြရပြန်သည်။

အင်္ဂလန်နှင့် အနောက်ဥရောပတွင် ၁၇ ရာစုအထိ ဆေးမင်ကြောင်ကို မမြင်ဖူးခဲ့ကြပေ။ ဥရောပတိုက်သား ဒမ်ပီယာ ဆိုသူသည် ထိုးကွင်းထိုးသော ပစိဖိတ်တောင်ပိုင်း ကျွန်းသားများကို ခေါ်ယူ၍ ပြပွဲပြခဲ့ဖူးသောကြောင့်သာ ဆေးမင်ကြောင်ကို တွေ့မြင်ကြရခြင်းဖြစ်သည်။ ဩစတြေးလျမှ သိုးမွေးသော သူဌေးတစ်ဦးသည် သူ၏ သေတမ်းစာကို ကျောပြင်တွင် ရေးထိုးခဲ့ဖူးသည်ဟု မှတ်သားရသည်။

ပထမ ကမ္ဘာစစ် မတိုင်မီနှစ်များနှင့် စစ်အတွင်းကာလ၌ သူလျှိုများသည် ဆေးမင်ကြောင်ထိုးသော ပညာကို အသုံးချခဲ့ကြသည်။ ရန်သူ၏ အရေးကြီးသော ခြေကုတ်စခန်းများကို စက္ကူတွင် ရေးဆွဲ ယူဆောင်ရန် မလွယ်ကူသောကြောင့် ဦးခေါင်းကို ပြောင်အောင် ရိတ်ကာ လျှို့ဝှက်မြေပုံများကို စုတ်ဖြင့် ရေးထိုး၍ ဆံပင်ရှည်အောင် ထားပြီးမှ ကိုယ့်နိုင်ငံသို့ ပြန်သွားကြသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးတို့သည် အလှအပ အလို့ငှာ ဆေးမင်ကြောင် ထိုးနှံကြသည်လည်း ရှိကြသည်။

မင်ကြောင်ထိုးနေပုံ
မြန်မာမင်ကြောင်

ဆေးမင်ကြောင်နှင့် မြန်မာနိုင်ငံ[ပြင်​ဆင်​ရန်​]

ကုန်းဘောင်ခေတ်ဦး အချိန်လောက်ကတည်းက ရှေးမြန်မာတွေ ထိုးကွင်းမင်ကြောင် ထိုးတဲ့ဓလေ့ရှိနေနှင့်ပြီလို့ မှန်းဆရပါသည်။ ကုန်းဘောင်ခေတ်ဦး နံရံဆေးရေးပန်းချီနှင့် ပုရပိုက်များတွင် တွေ့နိုင်ပါသည်။ အကြမ်းအားဖြင့် ထိုးကွင်း နဲ့ မင်ကြောင် လို့ နှစ်မျိုးခွဲခြားပြီးပြောရမည်။ အလှအပအနေနဲ့ ထိုးကွင်းထိုးခြင်း သိဒိ္ဓတင်၊ ပီယမြောက် အဆောင်အဖြစ် မင်ကြောင်ထိုးခြင်း ရည်ရွယ်ချက် နှစ်မျိုးရှိပါသည်။

ရှေးမြန်မာ ဆေးမင်ကြောင် ထိုးနေပုံ

မြန်မာနိုင်ငံတွင် ကုန်းဘောင်ခေတ်နှောင်းမင်းများလက်ထက်၌ လူ့ခန္ဓာပေါ်တွင် အမှတ်အသားပြုမှုကို ဆေးမှင်ကြောင်ထိုးနှံ၍ အမှတ်အသားပြုလေ့ရှိကြောင်း အမှတ် အသားမှာ နှစ်မျိုးရှိပြီး အကောင်းဘက်ရော အဆိုးဘက်တွင်ပါ သုံးခဲ့ကြောင်း သိရသည်။ ထိုခေတ်အခါက ခိုးသားဓားပြများကို အဆုံးစီရင်လေ့ရှိပြီး အဆုံးစီရင်မခံရသည့် ခိုးသား ဓားပြများကို နဖူးတွင် ‘ဓားပြ’ဟူ၍ လည်းကောင်း၊ ‘သူခိုး’ဟူ၍ လည်းကောင်း၊ လက်ဖျံတွင် ‘နောက်မဆိုးနဲ့’ ဟူ၍လည်းကောင်း ဆေးမင်ကြောင် ထိုးလွှတ်ပြီး အဆိုးဘက်တွင် အမှတ် အသားဖြင့် အသုံးပြုခဲ့သည်ဟု သိရှိရသည်။ မြန်မာမင်းများ လက်ထက်တွင် အမြဲတမ်း တပ်မတော်ဖွဲ့စည်းခြင်း မရှိခဲ့သော်လည်း ကုန်းဘောင် ခေတ်နှောင်းပိုင်းတွင် အမြဲတမ်း တပ်အချို့ ဖွဲ့စည်းထားခဲ့သည်။ လွှတ်ရုံးနှင့် ရွှေနန်းတော်အတွက် လတ်တလော အသုံးမပြု လိုသည်များမှာ လယ်ယာကိုင်းကွျန်း လုပ်ကိုင်စားသောက် နေထိုင်ကြရသည်။ ယင်းတို့ကို အစုအဝန်းဖြင့် သတ်မှတ်ထားရာ မင်းမှုထမ်းတို့ လည်ကုပ်တွင် ဆေးထိုးကာ အမှတ်အသား ပြုထားသဖြင့် ‘ဆေးထိုးထမ်း’ ဟူ၍ခေါ်သည်။ သေနတ်စွဲ အမှုထမ်းတို့မှာလည်း လည်ကုတ်၊ လက်ဖမိုးတို့ပေါ်၌ ‘နတ်ဘီလူး လက်ယာသံလျက်ထမ်း’ ခြင်္သေ့ရုပ်များ ဆေးတော် ရေးမှတ်ထားကြသည်။ အာဏာပါးကွက်သားများဟု ခေါ်သော ရာဇဝတ် အမှုထမ်းများမှာလည်း ပါးတွင်အကွက်ကြီးများ ဆေးထိုးထားကြရသည်။ ၄င်းအမှုထမ်းများကို ‘ပါးကွက်’ ဟူ၍ ခေါ်သည်။ ထိုပါးကွက်တို့မှာ ပါးနှစ်ဖက်တွင် မင်နက်ဖြင့် ဒင်္ဂါးဝိုင်းအရွယ်ခန့် ထိုးနှံထားကြသည်။ ရင်ဘတ်တွင်လည်း ‘သူသတ်’ ဟူ၍ စာတန်းကို မင်နက်ဖြင့် ထိုးနှံထားကြရသည်။ ဂဠုန်ဆရာစံက သူပုန်ထသောအခါတွင် ဂဠုန်တပ်သားများကို ‘က’တပ်သား၊ ‘ခ’တပ်သားဟု ဆေးမင်ကြောင်ထိုးကာ အမှတ်အသားပြု ခွဲခြားခဲ့သည်။

မြန်မာနိုင်ငံတွင် ထိုးကွင်းမင်ကြောင် ခေတ်ကောင်းခဲ့စဉ်က အမျိုးသမီးများလည်း အားကျမခံ ဝင်ထိုးခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့ထိုးရာတွင် ပေါင်တစ်ဖက်၌ ငုံးရုပ်၊ တစ်ဖက်၌ ကြက်ရုပ် တစ်ဖက်တစ်ရုပ်စီ ထိုးနှံကြခြင်းမျိုး ဖြစ်သည်။ မှိန်းကဲ့သို့ အခွစုတ်ဖြစ်သော မြန်မာစုတ်ဖြင့်ထိုးသော ဆေးမင်ကြောင်ခေတ် မှေးမှိန်ချိန်တွင် ဓာတ်ခဲအားသုံး အပ်ဖြင့်ထိုးသော မင်ကြောင်ရုပ်များ ပေါ်ပေါက်လာခဲ့သည်။ နှစ်ပေါင်း များစွာကြာပြီးမှသာ အဝတ်ချုပ်အပ်ဖြင့် ထိုးသော ဆေးမင်ကြောင်ထိုးနည်း အသစ် ပေါ်ပေါက်လာခဲ့သည်။ ထိုနည်း နှစ်နည်းနှင့် ထိုးသော ဆေးမင်ကြောင်များသည် အားလုံးနီးပါး အလှအပ သက်သက်သာ ထိုးခဲ့ကြခြင်းဖြစ်သည်။

ကြောင်တက်၊ ကြောင်ဆင်း၊ ကြောင်ဖီလာ ဆိုတဲ့ ကြောင်ရုပ်တွေကို မင်ဆေးနဲ့ ထိုးတာကြောင့် မင်ကြောင် ဆိုတဲ့ ဝေါဟာရဖြစ်လာတယ်လို့ သုတေသီများက မှန်းဆကြတယ်။ မင်ကြောင်ထိုးတဲ့အခါ ရင်အုပ်၊ နောက်ကျော၊ ခြေသလုံး၊ ပုခုံး၊ လက်မောင်း၊ လက်ဖျံတွေကစပြီး ဦးရေခွံပါမကျန် တကိုယ်လုံး နေရာမျိုးစုံမှာ ထိုးပါတယ်။ အင်းကွက်တွေ၊ ဂါထာ စာတန်းတွေနဲ့ အရုပ်အမျိုးမျိုးကို မင်နီ၊ မင်နက်တွေနဲ့ ထိုးလေ့ရှိတယ်။ အမျိုးအစား အင်မတန်စုံတော့ မင်ကြောင်ဆရာတဦးထဲက ထိုးထားတာတောင်မှ တသွေမသိမ်းတူတဲ့ မင်ကြောင်တွေကို ရှာတွေ့ဖို့ မလွယ်ကူပါ။ မိန်းမသားတွေမှာလည်း လက်ကောက်ဝတ်နေရာတွေမှာ စားခွက်နှိုက်အဆောင်ဆိုပြီး ထိုးတတ်ကြသေးတယ်။

စွဲလမ်းမှုကို အခြေခံ၍ ထိုးခြင်းမှာ များသောအားဖြင့် ခန္ဓာကိုယ်အထက်ပိုင်းတွင် ထိုးလေ့ရှိကြသည်။ နတ်ရုပ်၊ ဘီလူးရုပ်များ၊ အခြားအရုပ်များကို မန္တာန်စာလုံးများ ခြံရံ၍ ထိုးခဲ့ကြသည်။ အင်းကွက်များတွင် အင်းစာများသွင်း၍ဖြစ်စေ၊ စာလုံးများချည်းဖြစ်စေ ထိုးနှံကြသည်။ အချို့လည်း လှျာပေါ်တွင်ပါ ထိုးနှံကြသေးသည်။ သို့ရာတွင် အစက်အ ပြောက်မှျသာ အထိုးခံနိုင်ပေသည်။ စွဲလမ်းမှုကိုအခြေခံ၍ အဆောင်အဖြစ် ဆေးမင်ကြောင် ထိုးနှံကြရာတွင် ခန္ဓာကိုယ်အထက်ပိုင်းတွင်သာ ဆေးအနီဖြင့် အထိုးများတတ်ကြသည်။ သို့ရာတွင် ရံဖန်ရာခါ၌လည်း အနက်ရောင်ဖြင့် ထိုးတတ်ကြသေးသည်။ လက်ယာဘက် လက်ဆစ်၊ လက်ဖမိုးလက်ကောက်ဝတ်များတွင် တွေ့ရလေ့ရှိသော ဆေးမင်ကြောင် အနီစက်၊ အနက်စက်များနှင့် ခြေမျက်စိဝန်းကျင်တွင် တွေ့မြင်ရသော အနက်စက်များမှာ အဆောင်သဘောဖြင့် ထိုးကြခြင်းဖြစ်သည်။

ရှေးဘုရင်ခေတ်က ရာဇဝတ်သားတွေရဲ့ လက်ဖျံ၊ နဖူး စတဲ့နေရာတွေမှာ အများမြင်သာစေဖို့ ရည်ရွယ်ချက်နဲ့ ‘ငမိုးသီး၊ မဆိုးနဲ့၊ မမိုက်နဲ့’ စသဖြင့် လူဆိုးမှတ်တမ်းတွေကို မင်ကြောင်နဲ့ ထိုးလေ့ရှိတယ်။

ထိုးကွင်းလို့ခေါ်တာကတော့ အကွင်းအကွင်း အဝိုင်းပုံစံတွေထဲမှာ အရုပ်မျိုးစုံကို မင်ဆေးနဲ့ ထိုးထားတာကြောင့်ပါ။ ထိုးကွင်းအရွယ်က ၁ လက်မခွဲကနေ ၂ လက်မတမတ်လောက်အထိ ရှိတယ်။ ရှေးကျတဲ့ ထိုးကွင်းတွေက အရွယ်ပိုကြီးပြီး၊ နောက်ပိုင်းကျလာရင် ထိုးကွင်းအရွယ်တွေက ငယ်ငယ်လာတယ်။ ထိုးကွင်းမထိုးခင် လေးထောင့်အကွက်တွေနဲ့ အကွင်းပုံစံကို အရင်မင်နဲ့ရေးပြီး ရာထားပါတယ်။ တချို့ ထိုးကွင်းဆရာတွေက အလွတ်ထိုးတယ်။ နောက်ပိုင်းခေတ်မှာတော့ လက်ပံဆူးပေါ်မှာ အဆင်သင့်ထွင်းထားတဲ့ အရုပ်ကို မင်သုတ်၊ ပုံနှိပ်ပြီး ကောက်ကြောင်းပုံစံအတိုင်း ထပ်ထိုးတာလည်းရှိတယ်။

ထိုးကွင်းထဲမှာ အထိုးအများဆုံးအရုပ်က ဘီလူးရုပ်ပါ။ ဘီလူးစက်နင်း၊ အလံကိုင်၊ တံခွန်လွှား၊ သံလှျက်ထမ်း၊ ဘီလူးခေါင်းတုံး စတဲ့ ဘီလူးရုပ်အမျိုးမျိုးရှိတယ်။

ခါးပတ်ပတ်လည်ကစလို့ ဒူးဆစ်နားဆီမှာဆုံးတဲ့ ထိုးကွင်းကိုတော့ မြန်မာယောက်ျားသားတွေပဲ ထိုးလေ့ရှိတယ်။ ထိုးကွင်းရှိမှ ယောက်ျားဟန်ပန်ပီသတယ်လို့ ယူဆကြတဲ့ခေတ်ဆိုတော့ ရောင်ကြီးဗွေ၊ ရောင်တစောင်းထုံးတဲ့ပြီး ခါးတောင်းကျိုက်နဲ့ ခြင်းအယိုင်ခတ်ကြတဲ့အခါဖြစ်ဖြစ်၊ အပျော်သဘောနဲ့ နပန်းလုံးကြတဲ့အခါဖြစ်ဖြစ်၊ ထိုးကွင်း မထိုးရသေးရင်၊ ပေါင်တွေလုံးချင်းအတိုင်း ပြောင်ပြောင်ကြီးမြင်နေရတာကို ရှက်စနိုးဖြစ်တတ်ကြတယ်။ ဒါကြောင့် အများအားဖြင့် ၁၂ နှစ်သား၊ ၁၄ နှစ်သားလောက်မှာ ထိုးကွင်းထိုးပြီးနေကြပြီ။ ၁ဝ နှစ်သားလောက်က စပြီး ၁၇ နှစ်သား လောက်အတွင်းမှာ ထိုးလေ့ရှိပါတယ်။

မြန်မာအမျိုးသားများသည် ရှေးဦးပိုင်းတွင် အဆောင်သဘောဖြင့် ဆေးမင်ကြောင် ထိုးခဲ့ရာမှ နောင်သော် အလှအပ သဘောသို့ ရွေ့လျောလာခဲ့သည်။ ၄င်းမှတစ်ဖန် ထိုးကွင်းရှိမှ ယောက်ျားပီသသည်ဟူသော သဘောထားများ ဝင်ရောက်လာခဲ့ပေရာ ထုံးတမ်းစဉ်လာသဘော သက်ရောက်သွားပေသည်။ မြန်မာနိုင်ငံသား ချင်းအမျိုးသမီးများသည် မျက်နှာတစ်ပြင်လုံး မည်းမှောင်နေအောင် ပါးရဲထိုးခဲ့ကြဖူးသည်။ ချင်းအမျိုးသမီးတို့တွင် ပါးရဲမပါသော အမျိုးသမီးသည် ပွဲမဝင်၊ မတင့်တယ်ဟု သဘောထားခဲ့ကြသည်။ နောင်အခါကာလ ရွေ့လျောပြီး ပါးကြောင်၊ ပါးကြားဖြင့် စတိသဘောထိုးခြင်းသို့ သက်ရောက် သွားတော့သည်။

မြန်မာနိုင်ငံတွင် ဆေးမင်ကြောင်ထိုးခြင်း အစမှာ အယူအဆသုံးမျိုး ကွဲပြားလျက်ရှိပြီး ပုဂံခေတ်အရည်းကြီးများက စခဲ့သည်ဟူ၍ လည်းကောင်း၊ သရေခေတ္တရာ ဥတ္တမ သီရိမထေရ်က စခဲ့သည်ဟူ၍ လည်းကောင်း၊ ထိုးကွင်းအစ မောင်ကံက ဟူ၍လည်းကောင်း၊ သုံးမျိုးကွဲပြားလျက်ရှိသည်ဟု သိရသည်။ ဆေးမင်ကြောင်ထိုးရာတွင် အထက်ဆေး၊ အောက်ဆေးဆိုပြီးတော့လည်း ရှိခဲ့သေးသည်။ အထက်ဆေးတွင် ဘုရားဆေး၊ နတ်မှော် ဆေး၊ ဝိဇ္ဇာမှော်ဆေးဟူ၍ရှိပြီး အောက်ဆေးတွင် ကာယသိဒ္ဓိဆေး၊ ပီယသိဒ္ဓိဆေးဟူ၍ ထိုးကြသည်ဟု သိရသည်။ ရှေးအခါက ပေါင်တွင်ထိုးကွင်းမရှိသူကို မိန်းကလေးများက မနှစ်သက်ကြသည့် အတွက် ‘ပေါင်ဖြူချင်း မယူချင်ဘူး’ ဟုငြင်းလေ့ရှိကြရာ အမျိုးသားများမှာ မျက်ရည်တောက်တောက်ယို၍ ထိုးကွင်း ထိုးခဲ့ကြရသည်ဟု သိရသည်။ ထိုးကွင်းမင်ကြောင်ထိုးရာတွင် ချစ်သူမိန်းကလေးက ထောင်ပုဆိုး၊ ရာပုဆိုးဟူ၍ မင်ခံပုဆိုးကို ပေးကြရသည်ဟုလည်း သိရသည်။ မင်ခံပုဆိုးမှာ ထိုးကွင်းထိုးရာတွင် မင်နှင့်သွေးများ ရောထွေးနေပြီး ခန္ဓာကိုယ်အောက်ပိုင်းမှာ သွေးစိမ်းရှင်ရှင် ထွက်သည့်အတွက် ခန္ဓာကိုယ်အောက်တွင် ခံထားရသော ပုဆိုးဖြစ်သည်။ ၄င်းပုဆိုးကို ချစ်သူမိန်းကလေးမှ လက်ဆောင်အဖြစ် ပေးကြရသည်ဟူ၍ သိရသည်။ အကြောင်းမှာ မိမိ၏ ချစ်သူအမျိုးသားမှာ ယောက်ျားပီသသည်ကို ဂုဏ်ယူကြသည့် သဘောမျိုးဖြစ်သည်။ ထိုးကွင်းမင်ကြောင်ထိုးသော အချိန်၌ အချို့မှာ မထနိုင်တော့ဘဲ မင်ကြောင်ရုံထဲမှ ကတ်ဖြင့် ဆွဲထုတ်ယူရသူများရှိသလို အချို့လည်း လူတွဲထုတ်ရသူများရှိသည်။ အချို့ကတော့ အံခဲလျက် အကူအတွဲမပါဘဲ ထွက်လာနိုင်သည်။ မင်ကြောင်ထိုးပြီး အပြင်သို့ ထွက်လာသူတိုင်း လက်ခမောင်းခတ်၍ ‘ငါယောက်ျားဟေ့၊ ယှဉ်ရဲသူထွက်ခဲ့’ဟု လောကကြီးကို စိန်ခေါ်သည့် သဘောဖြင့် လက်ခမောင်း သုံးကြိမ်ပြည့်အောင် ခတ်ရသည်။ ကတ်ဖြင့်ထွက်လာသူကို ‘အဝါခတ်’ ဟုခေါ်သည်။ အကူအတွဲဖြင့် ထွက်လာသူကို ‘အမြှောင်ခတ်’ဟုခေါ်သည်။ တစ်ကိုယ်တည်းထွက်လာသူကို ‘အထီးခတ်’ ဟု ခေါ်သည်။ ၄င်းမင်ခံပုဆိုးကို တစ်သက်တာ ဂုဏ်ယူနိုင်ရန်အတွက် အမျိုးသားများက မိမိ၏ချစ်သူ အမျိုးသမီးများကို လက်ဆောင်အဖြစ် ပြန်ပေးလေ့ရှိကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများကို မိန်းကလေးရှင်များကလည်း လောကဓံ၏ အထုအထောင်းကို မခံနိုင်သူဟူ၍ မိမိ၏ သမီးမိန်းကလေးနှင့် ပေးစားရန် ဝန်လေးခဲ့ကြသည် ဟုလည်း သိရသည်။ ထိုးကွင်းမထိုးသူများ အိမ်ထောင်ပြုလှျင် ‘ပေါင်ဖြူချင်း သေမင်းခေါ်တတ်တယ်’ ဟူ၍ ဆိုကြသည်။ ‘ပေါင်ဖြူစင်းမို့ နတ်စိမ်းပွယ်ရတယ်၊ မင်ကြောင်စိမ်းမို့ ပျိုသိမ်းပါရမယ်’ ဟူသော စကားကြောင့် ယောက်ျားမပီသသော ပေါင်ဖြူသူကို ယူမိလှျင် ရိုးရာနတ်ကို တောင်းပန်ပသရသဖြင့် မင်ကြောင်စိမ်းနှင့် လူကိုသာ ယူတော့မည်ဟု ဆိုခြင်းဖြစ်သည်။

ဝက်၊ ကြောင်၊ ဥဒေါင်း၊ လိပ်၊ ငှက်တော်၊ မျောက်၊ ဇော်၊ ငုံး အရုပ်အမျိုးမျိုး၊ ပန်းခက်နဲ့ အကွက်အဆင်တွေကိုလည်း ထိုးကွင်းဆရာက လက်စွမ်းပြတဲ့အနေနဲ့ရော၊ ကွက်လပ်ဖြည့်တဲ့အနေနဲ့ရော အစုံထိုးပါတယ်။ တခြားအရုပ်တွေက ဘီလူးရုပ်လောက်တော့ လက်မဝင်ပါ။ ဒါကြောင့် ထိုးကွင်းတခုမှာ “မင့်ဟာက ဝက်ကုန်းတွေပဲ များနေတာပါကွာ” လို့ အဝေဖန်ခံရရင်၊ ထိုးကွင်းဆရာက လက်ရာခိုထားတယ်လို့ ဆိုလိုပါတယ်။

ဒူးစွတ် ဆိုတာက ဒူးအထက်နားမှာ ထိုးကွင်းကို လက်စသတ်တဲ့အခါ ထိုးတဲ့ပုံစံကို ခေါ်ပါတယ်။ အရုပ်ဘေးက ပတ်ဝိုင်းထားတဲ့စက်ဝိုင်းကို စာရံ လို့ ခေါ်တယ်။ အင်းစာ နဲ့ စမတွေ၊ ဂဏန်းတွေကို ပတ်ဝိုင်းပြီးထိုးရာက ဆင်းသက်လာတဲ့ စကားလုံးပါ။ စာရံမှာထိုးထားတဲ့ လေးထောင့်ရှည်ရှည် အတုံးငယ်ကလေးတွေရဲ့ အကျဉ်းအကျယ်ဗြက်ကိုကြည့်ပြီး သုံးတဲ့စုတ်အရွယ်အစားကို သိနိုင်တယ်။ စုတ်တွေကို ကြေးနဲ့လုပ်ထားပြီး အသွားက အချွန်မဟုတ်၊ အပြားပါ။ အတန်းလိုက်၊ ဒေါင်လိုက်စိပ်ထားတဲ့ အသွား ၂ ခွကနေ ၁ဝ ခွ၊ ၁၂ ခွ အထိ ပါတယ်။ စုတ်ရဲ့ခေါင်းပိုင်းတွေကို စိတ်ကူးရသလို အလှအပတွေနဲ့ ထုထားလေ့ရှိတယ်။ နတ်ရုပ်ပုံစံနဲ့ အတွေ့ရ များတယ်။

ထိုးကွင်းအထိုးခံရတာ မသက်သာလှပါ။ အသွား ၁ဝ ခွ၊ ၁၂ ခွပါတဲ့ ကြေးစုတ်ကြီးနဲ့ သွေးပေါက်ပေါက်ကျအောင်ထိုးမှ အရုပ်စွဲတယ်။ ထိုးကွင်းအထိုးခံနေတုန်းမှာ ကွမ်းသီးမာမာတလုံးကို အလုံးလိုက်အံသွားနဲ့ ခဲထားတာတောင်မှ တခွမ်းခွမ်းနဲ့ ကွဲအောင်ကိုက်မိတဲ့အထိ နာတယ်လို့ ဆိုပါတယ်။ ပေါင်တဖက်ကို တမနက်ခင်းနဲ့ အပြီးထိုးပေမယ့်၊ ခံရတဲ့ ဒဏ်ချက်ပြင်းတာကြောင့် အနာယဉ်းပြီး ဖျားတတ်ကြတယ်။ ဒါကြောင့် တပတ်၊ ၁ဝ ရက်လောက်ခြားပြီးမှ နောက်တဖက် ထိုးလေ့ရှိတယ်။ တနေ့တည်းနဲ့ နှစ်ဖက်စလုံး အထိုးခံနိုင်တဲ့သူတွေလည်းရှိတယ်လို့ ကြားဖူးပါတယ်။ အနာမခံနိုင်တော့လို့ ထိုးနေရင်း လက်စသတ်မပြီးခင် ထပြေးတာကြောင့် တဝက်တပျက်ပဲထိုးထားပြီး ကြောင်သွားတဲ့ ထိုးကွင်းကြောင်၊ အင်းကြောင်တွေလည်းရှိသတဲ့။

မြန်မာဘုရင်လက်ထက်က စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အခါမျိုးမှာ ထိုးကွင်းမထိုးရသေးရင် အခက်အခဲ တွေ့ကြရတယ်။ ထိုးကွင်းထိုးဖို့ကလည်း အချိန်မရှိတော့ ထိုးကွင်းပုံစံအတိုင်း ပေါင်နှစ်ဖက်မှာ မင်ဆေးနဲ့ ရေးသွားကြသတဲ့။ ဒီအတိုင်းနေရင်တော့ ခါးတောင်းကျိုက်နဲ့ဘာနဲ့ ဟန်မပျက်ဖူးလေ။ တကယ်စစ်ချီရလို့ ချောင်းတွေ ကန်တွေကို ဖြတ်ကူးကြရတဲ့အခါ ဆေးတွေက ရေနဲ့မျောကုန်ရော။ ဒါကြောင့် ရှေးက မေတ္တာစာ ရေးပေးတဲ့အခါ မောင့်မေတ္တာက ခိုင်မြဲပါတယ်၊ ရေမှာမျောတတ်တဲ့ အယောင်ဆောင် ထိုးကွင်းမင်ကြောင်မျိုး မဟုတ်ပါလို့ ညွှန်းဆိုဂုဏ်တင်တတ်ကြတယ်။

၂ဝ ရာစု စောစောပိုင်းကစပြီး တဖြည်းဖြည်းနဲ့ မြန်မာယောက်ျားတွေမှာ ရောင်ထုံးထားတဲ့ဓလေ့နဲ့အတူ၊ ထိုးကွင်းထိုးတဲ့ဓလေ့လည်း ပျောက်ကွယ်သွားခဲ့တယ်။ မြန်မာ့ရိုးရာ လက်ဝှေ့သမားတွေလောက်ကလွဲရင်၊ ထိုးကွင်းဗလာ မိမွေးတိုင်း၊ ဖမွေးတိုင်း ပေါင်ခေါင်းတုံးအဖြစ်နဲ့ပဲ နေကြလေတော့တယ်။ ရောင်ကြီးဗွေ နေရာမှာလည်း ဘိုကေ ရောက်လာခဲ့တယ်။ ဘိုကေ ဆိုတဲ့ ဝေါဟာရက တော်တော်ပဲခေတ်စားခဲ့ဖူးတယ်။ လူပျိုလူရွယ်တွေကို ကိုယ်စားပြုတဲ့ စကားလုံးအဖြစ် သုံးခဲ့ကြဖူးတယ်။ နန်းတော်ရှေ့ဆရာတင်ရဲ့ သီချင်းတွေမှာ တွေ့နိုင်ပါတယ်။

အဆောင်အဖြစ်ထိုးတာနဲ့ အလှအပအဖြစ် မင်ကြောင်ထိုးတဲ့ အလေ့အထကတော့ မြန်မာပြည်ထဲမှာ ဒီကနေ့အထိ ရှိနေပါတယ်။ အဆောင်အဖြစ် ရိုးရာနည်းအတိုင်း မင်ကြောင်ထိုးနေကြဆဲပါ။


(၂ဝ)ရာစုနှောင်းပိုင်းတွင်မှ ထိုးကွင်းမင်ကြောင် ထိုးသည့် ဓလေ့သည် မြန်မာပြည်တွင် တဖြည်းဖြည်း ပပျောက်လာပေသည်။ အကြောင်းမှာ ရောဂါ ကူးစက်ခံရခြင်း၊ ထိုးကွင်းထိုးသူများကို မိန်းကလေးအများစု ရွံကြောက်လာကြခြင်းတို့ကြောင့် အဓိက ဖြစ်သည်ကို တွေ့ရသည်။ ဆေးမင်ကြောင် ထိုးကြရာတွင် တချို့မှာ အလှအပသက်သက်သာ ထိုးကြလေ့ ရှိကြတော့သည်ကိုလည်း တွေ့ရသည်။

ဒီကနေ့ မြန်မာနိုင်ငံအနှံ့အပြား မြို့တွေ ရွာတွေမှာတော့ ရှေးရိုးပုံစံတွေကို ခေတ်သစ်ပုံစံ အလှထိုး မင်ကြောင်တွေက အစားထိုးဝင်ရောက်နေခဲ့တာကြာပြီ။ ပွဲလမ်းတွေရှိရင် လမ်းဘေးတွေမှာ ကြော်ငြာဒီဇိုင်း ပုံတွေထောင်ထားလို့ ဘက်ထရီအားသုံး စက်ကလေးတွေနဲ့ ထိုးပေးနေတဲ့ ၁၂ ပွဲဈေးလိုက် မင်ကြောင် ဆရာတွေကအစ၊ မြိ်ု့ကြီးတွေမှာ ဆိုင်ခန်းကြီးတွေနဲ့ လုပ်ငန်းကြီးတွေလုပ်နေတဲ့ ခေတ်သစ် မင်ကြောင်ဆရာတွေကို တွေ့နိုင်ပါတယ်။ နိုင်ငံခြားဖြစ် မင်ကြောင်ထိုးတဲ့ ကရိယာတွေကြောင့်လည်း အသား မနာလှတော့ပါ။ နိုင်ငံခြားကတင်သွင်းလာတဲ့ ခေတ်သစ်မင်ကြောင် ပုံစံတွေကိုလည်း ဒီကနေ့ မြန်မာ လူငယ်တွေရဲ့ကိုယ်ပေါ်မှာ တွေ့မြင်နေရပါပြီ။

ယခု(၂၁)ရာစု အစောပိုင်းတွင်တော့ တစ်ခါသုံးအပ်များဖြင့် ဆေးမင်ကြောင်ထိုးသည့် ဓလေ့သည် ပြန်လည် ခေါင်းထောင်လာခဲ့ပြီ ဖြစ်သည်။ ဆယ်ကျော်သက် လူငယ်အများစုသည် ယနေ့ခေတ်တွင် လှပသော အရုပ်ဒီဇိုင်းများကို မိမိခန္ဓာကိုယ်ပေါ်တွင် ရေးတင်လာကြသည်မှာ လူငယ်တိုင်းလိုလိုတွင် တွေ့နေရပေသည်။ ယခုခေတ်တွင် မြန်မာပြည်၌ ဆေးမင်ကြောင်များ ပြန်လည် ခေတ်စားလာခြင်းမှာ အနောက်တိုင်း အနုပညာရှင်များ၊ လူငယ်များမှ ယဉ်ကျေးမှု ရွေ့လျောလာသည့်သဘော ဖြစ်ပေသည်။ ဆေးမင်ကြောင်သည် ရှေးခေတ်အခါက ဂုဏ်ယူဖွယ်တစ်ရပ် အဖြစ် ထိုးနှံခဲ့ကြသည်ကို ယခုခေတ်လူငယ်များ အလှအပ သက်သက်၊ အပျော်သဘော သက်သက် ထိုးနှံနေကြခြင်း ဖြစ်သည်။ [၁]

ယနေ့ခေတ် ဆေးမင်ကြောင်
မန္တလေးမြို့ မင်ကြောင်ဆိုင်ခန်းတခုအတွင်းက ဒီကနေ့လူငယ်များ
ယနေ့ခေတ် ဆေးမင်ကြောင်ထိုးနေပုံ

ဆေးမင်ကြောင်၏ ဆိုးကျိုးများ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံဆိုင်ရာ ယဉ်ကျေးမှုအရ-

  1. သေရာပါ ဖျက်မရပါ။
  2. လေးစားမှု နည်း၍ လူအထင်သေးသည်။
  3. ဆေးမင်ကြောင်ထိုးခြင်းကြောင့် ဘီပိုးစီပိုးအေအိုင်ဒီအက်စ် ရောဂါများ ဝင်နိုင်သည်။
  4. စစ်တက္ကသိုလ် ဝင်ခွင့်မရပါ။--Mayor mt 04:44, 15 နိုဝင်ဘာ 2009 (UTC)


ကိုးကား[ပြင်​ဆင်​ရန်​]

  1. ဆင်ဖြုူကွျန်းအောင်သိန်း၏ မြန်မာ့ထိုးကွင်းမင်ကြောင် ဓလေ့ စာအုပ်မှ မှီငြမ်း ရေးသားသည်။
  1. မြန်မာမှုသုတေသနစာ (ဝင်းမောင်-တမ္ပဝတီ)၊ ဇွန်လ ၂ဝဝ၆
  2. ဦးလေးလှထုံး နှလုံးမူကာ၊ မောင်အေးမြင့် (မြန်မာမှုဒီဇိုင်းသုတေသီ)၊ နှစ် ၉ဝ ပြည့် လူထုဦးလှ၊ ဇွန်လ၊ ၂ဝဝဝ
  3. အငြိမ့် (လူထု ဒေါ်အမာ)၊ ပ၊ ဒု၊ နိုဝင်ဘာ၊ ၂ဝဝ၅
  4. ပြည်သူချစ်သော အနုပညာသည်များ၊ လူထုဒေါ်အမာ၊ မေလ၊ ၁၉၆၄
  5. Burma Art and Archaeology (Alexandra Green and T. Richard Blurton)