မောင်စွမ်းရည် (စာရေးဆရာ)
ဦးဝင်းဖေ မောင်စွမ်းရည် | |
---|---|
ပုံတူပန်းချီကား | |
မွေးဖွား | မြင်းခြံမြို့နယ်၊ ကန်တောင်ဆင့်ရွာ | ၁၇ ဖေဖော်ဝါရီ၊ ၁၉၃၇
အလုပ်အကိုင် | ကျောင်းဆရာ၊ မြန်မာစာသင်ရိုး(လက်ထောက်)၊စာကြည့်တိုက်မှူး၊မြန်မာစာကျောင်းသုံးစာအုပ်များ ပြုစုရေးအဖွဲ့ဝင် |
နိုင်ငံလူမျိုး | မြန်မာ |
ပညာရေး | မန္တလေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ် |
အိမ်ထောင်ဖက် | ဒေါ်ခင်နွဲ့ကြည် |
သားသမီး | ၄ ဦး |
မိဘ | ဦးသိန်းဖေ၊ ဒေါ်တင်ကြည် |
မောင်စွမ်းရည် (၁၇ ဖေဖော်ဝါရီ ၁၉၇၃ ဖွား) သည် မြန်မာစာပေလောက ၌ ထင်ရှားသူ တစ်ဦး ဖြစ်သည်။အမည်အရင်းမှာ ဦးဝင်းဖေ ဖြစ်ပြီး အခြေခံပညာဦးစီးဌာန တွင် ကျောင်းဆရာ နှင့် စာကြည့်တိုက်မှူး[၁] အဖြစ် နှစ်ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်သည်။သူ့ကို ကဗျာဆရာကြီးတစ်ဦး အဖြစ်လည်းကောင်း[၂] [၃] ၊ ရှေ့မီ နောက်မီ စာရေးဆရာကြီးတစ်ဦး အဖြစ်လည်းကောင်း၊စာပေဝေဖန်ရေးဆရာ အဖြစ်လည်းကောင်း သိကြသည်။
ငယ်ဘဝနှင့်ပညာရေး
[ပြင်ဆင်ရန်]အဖ ရွာသူကြီး၊ မူလတန်းကျောင်းအုပ် ဦးသိန်းဖေ၊အမိဒေါ်တင်ကြည် တို့က ၁၉၇၃ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ တွင် မြင်းခြံမြို့နယ်၊ ကန်တောင်ဆင့်ရွာ တွင် မွေးဖွားသည်။မွေးချင်း ၇ ဦးအနက် အကြီးဆုံးသားဖြစ်သည်။ငယ်စဥ်က မွေးရပ်မြေမှာပင် ပညာသင်ကြားခဲ့ပြီးနောက် မြင်းခြံ အစိုးရအထက်တန်းကျောင်း ယင်းမှတဆင့် မန္တလေး အထက (၁)သို့ ပြောင်းရွေ့ပြီး ဆယ်တန်းအောင်သည်။တက္ကသိုလ်ပညာရေးများအား မန္တလေးတက္ကသိုလ် နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် များတွင် သင်ကြားခဲ့သည်။ ဝိဇ္ဇာဘွဲ့၊ ပညာရေးဒီပလိုမာ၊ စာကြည့်တိုက်ဒီပလိုမာ ဘွဲ့များ ရရှိခဲ့သည်။သူသည် မန္တလေးတက္ကသိုလ် ကျောင်းသားဘဝထဲက စာပေထူးချွန်သည်။စာရေးကောင်းသည်။ထို့အပြင် နိုင်ငံရေးကိုလည်း အထူးစိတ်ဝင်စားသည်။မန်းတက္ကသိုလ် ကျောင်းသားလှုပ်ရှားမှု ထဲ သူပါဝင်ခဲ့သည်။ယင်းအပြင် အထက်ဗမာနိုင်ငံစာရေးဆရာအသင်း တွင် တက်ကြွစွာ ပါဝင်ပြီး လူထုသတင်းစာတိုက် တွင်လည်း စာရေးသည်။မန္တလေးတက္ကသိုလ် ကျောင်းထွက် ကဗျာဆရာများထဲ ထင်ရှားပြီး ကဗျာ့တပ်မှူးကြီးလေးဦးအဖြစ် တင်စားခံရသည့် တင်မိုး၊ မောင်စွမ်းရည်၊ ကြည်အောင်၊ ကိုလေး(အင်း၀ ဂုဏ်ရည်)တို့ထဲ တစ်ဦးအနေဖြင့် ပါဝင်သည်အထိ ကဗျာအရေးအသားကောင်းသည်။ [၄]
ဘဝဖြတ်သန်းမှု
[ပြင်ဆင်ရန်]သူသည် ဘွဲ့ရပြီးနောက် ကျောင်းဆရာ (သမိုင်းဘာသာရပ်) အဖြစ်လည်းကောင်း၊ယင်းနောက် ပြည်သူ့နီတိ နှင့် မြန်မာစာသင်ရိုး အဖွဲ့ဝင်၊ မြန်မာစာသင်ရိုး လက်ထောက်၊ အခြေခံပညာဦးစီးဌာန စာကြည့်တိုက်မှူး၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာန ပြင်ပကထိက နှင့် စာစစ်၊ ပညာတန်ဆောင် ပညာရေးမဂ္ဂဇင်း အတိုင်ပင်ခံ အယ်ဒီတာ အဖွဲ့ဝင် စသည်ဖြင့် အခြေခံပညာရေးဌာန၊ မြန်မာစာ ကျောင်းသုံးစာအုပ်များ ပြုစုရေးအဖွဲ့၊ ကျောင်းဆရာလောက၊ စာပေလောက၊ စာကြည့်တိုက်လောက တို့ကို ဖြတ်သန်းခဲ့သည်။သူသည်အထက် မြန်မာနိုင်ငံ စာရေးဆရာအသင်း အလုပ်အမှုဆောင် (တွဲဖက် အတွင်းရေးမှူး)၊ လူထု သတင်းစာ၊ ရှုမဝ၊ ငွေတာရီ၊ မိုးဝေ၊ စာပေဂျာနယ်၊ သောင်းပြောင်း ထွေလာ၊ မြားနတ်မောင်၊ ရွှေဝတ်မှုန်၊ မန္တလေး ဂျာနယ်၊ ဗြူတီ စသည့် စာနယ်ဇင်း များတွင် ကဗျာနှင့် စာပေ ဝေဖန်စာများ ရေးသားခြင်းလည်း ဆောင်ရွက်ခဲ့သည်။သူသည် မြန်မာ့ ရိုးရာ လူထုတေး အပါအဝင် ပေပုရပိုက် စုဆောင်းခြင်းအားလည်း ဝါသနာပါသည်။သူသည် ဖောက်ပြန်သူများ နှင့် စစ်အာဏာရှင်များအပေါ် ကဗျာများဖြင့် တစိုက်မတ်မတ် ထိုးနှက် တိုက်ခိုက်ခဲ့သူ အပြင် သူ၏ စာပေ ဝေဖန်ရေး နှင့် စာအုပ် ဝေဖန်ချက်များသည် ပြင်းပြင်းထန်ထန် လေးလေးနက်နက် ထက်ထက်ရှရှ ရှိခဲ့သည်။[၅]ဆရာ စွမ်းရည် ၏ စာကဗျာများထဲ တိုက်ပွဲ ခေါ်သံ၊ စိန်ခေါ်သံ များလည်း အများအပြား ရှိခဲ့သည်။[၆] အမေ့ခေါ်သံ ၊ အဘခေါ်သံ များသာ သာမက၊[၇] မဟုတ်မဟပ် စာမျိုးအချို့ အပေါ် အပစ်အခတ် အညှစ်အသတ် အညစ်အပတ် စာပေတွေ ဟု ခေါ်ဝေါ် ကင်ပွန်း တပ်ပေးခဲ့မှုမှာလည်း ထင်ရှားခဲ့သည်။ ၁၉၇၆ ခုနှစ် က မြန်မာ စာပေ ဘာလဲ ဘယ်လဲ ဟု ခေါင်းစဉ် တပ်ထားသည့် စာပေ ဝေဖန်ရေး စာအုပ် အပြင် ၂ဝဝ၇ ခုနှစ်က ထုတ်ဝေခဲ့သည့် ဘာလဲဟဲ့ - မောင်စွမ်းရည် နှင့် အနီနှင့် အပြာ ကဗျာ တို့မှာ လူကြိုက်များခဲ့သည်။
ပုဂ္ဂိုလ်ရေးဘဝ
[ပြင်ဆင်ရန်]ဇနီး ဖြစ်သူမှာ ဒေါ်ခင်နွဲ့ကြည် ဖြစ်ပြီး၊ သားသမီး ၄ ဦး ထွန်းကားခဲ့သည်။သူသည် ၂၀၀၂ ခုနှစ်နောက်ပိုင်းက စပြီး မြန်မာနိုင်ငံ ပြင်ပတွင်သာ အခြေချနေထိုင်သည်။၂၀၁၅ ခုနှစ်က ခေတ္တ ပြန်လာခဲ့သေးပြီး[၈] လက်ရှိ တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ တွင် နေထိုင်လျက်ရှိနေသည်။[၉]
စာပေ အတွေ့အကြုံ
[ပြင်ဆင်ရန်]- ၁၉၅၃ ခုနှစ် - မန္တလေး အထက (၁) ကျောင်းသား သမဂ္ဂ စာစောင်တွင် ကဗျာ စတင်ရေး၊
- ၁၉၅၉ ခုနှစ် - မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း ကော်မတီ အတွင်းရေးမှူး၊
- ၁၉၅၇ - ၅၉ - ကျောင်းသား သမဂ္ဂ အမှုဆောင်၊
- ၁၉၆၁ - ၆၂ - မန္တလေး တက္ကသိုလ် ကလောင်ရှင် အသင်း အတွင်းရေးမှူး။
- ၁၉၆၂ - ၂ဝဝ၂ (မြန်မာပြည်တွင်း)
- ၂ဝဝ၂ နှင့် နောက်ပိုင်း (မြန်မာပြည် ပြင်ပ)
- ၂ဝဝ၂ နိုဝင်ဘာ - နယ်သာလန် နိုင်ငံ လေဒင် တက္ကသိုလ် အာရှ စာပေ နှီးနှော ဖလှယ်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား။
- ၂ဝဝ၃ - (၁) အိုင်အိုဝါ တက္ကသိုလ် နိုင်ငံတကာ စာရေး ဆရာများ အစီအစဉ်သို့ ၃ လ တက်ရောက်၊
- နီဘရာစတာမြို့ KHN အနုပညာ စခန်းဝင်၊
- ဝါရှင်တန် တက္ကသိုလ် FBC နှစ်လည်ပွဲတွင် တက်ရောက် စာတမ်း ဖတ်ကြား၊
- ၂ဝဝ၄ - ၂ဝဝ၅ မြောက်အီလီနွိုက် တက္ကသိုလ် Center for Burma Studies တွင် သုတေသီ အဖြစ် တာဝန် ထမ်းဆောင်၊
- ၂ဝဝ၅ - ဂျပန်နိုင်ငံ မိုးသောက်ကြယ် စာကြည့်တိုက် နာယက၊
- ၂ဝဝ၆ - (၁) DVB, RFA အသံလွှင့် ဌာနများ၏ အသံလွှင့် ဆောင်းပါးရှင် (ရွှေဒေါင်းတောင် ကဏ္ဍ)၊
- VOA အသံလွှင့် ဌာန၏ သက်ကြီးစကား သက်ငယ်ကြား အစီအစဉ်၊
- မိုးမခ Radio and Multimedia ၏ အကြံပေး နှင့် အခါအားလျော်စွာ ပြည်ပရောက် မြန်မာများ၏ စာအုပ် စာစောင် ထုတ်ဝေရေး လုပ်ငန်းများ အတွက် အတိုင်ပင်ခံ အယ်ဒီတာ အပါအဝင် ဂျပန် မေခ ရေဒီယို အဖွဲ့ ၏ အကြံပေး။
ရေးသားခဲ့သော စာအုပ်များ
[ပြင်ဆင်ရန်]- စိတြကဗျာများ (ကြည်အောင်နှင့် တွဲဖက်ပြီး) (၁၉၆ဝ)
- အနီနှင့်အပြာကဗျာများ (အမျိုးသား စာပေဆုရ) (၁၉၆၄)
- ဟိုချီမင်အကျဉ်းထောင်က ပုလွေသံ (ဘာသာပြန် ကဗျာ) (၁၉၆၄)
- ပြည်သူရှုဒေါင့်စာအုပ် ဝေဖန်ချက်များ (၁၉၆၆)
- မန္တလေးမြို့ရဲ့ မနက်ခင်း ကဗျာများ (၁၉ရဝ)
- ဂယက်စာပေဆောင်ပါးများ (၁၉၇၃)
- မြန်မစာပေ ဘာလဲ ဘယ်လဲ (၁၉၇၆)
- အမေ့ခေါ်သံကဗျာများ (၁၉၈၇)
- အတွေးကြွယ်ကြွယ်၊ အရေးလွယ်လွယ် အက်ဆေးငယ်များ (ဒေါ်နွဲ့ကြည်နှင့်) (၁၉၉၂)
- စာပန်းချီ စာစီစာကုံးများ (၁၉၉၆)
- ဖိုးဝနဲ့ ဖိုးလှ ကလေးကဗျာများ (၁၉၉၉)
- နံ့သာသူခိုးနှင့် ဝတ္ထုတိုများ (၂ဝဝဝ)
- ကဗျာဆရာ့အဖေ ကဗျာဆရာ့အမေ (၂ဝဝ၂)
- သူတို့နှင့် ကျနော် (၂ဝဝ၂)
- ဘာလဲဟဲ့ မောင်စွမ်းရည် (၂ဝဝ၇)
- မှိုင်းမှသည် မိုးထိအောင် (၂ဝ၁၀)
- မော်စီတုန်းရဲ့ ကဗျာများ (၂၀၁၆)
ဝေဖန်ခံရမှု
[ပြင်ဆင်ရန်]နုနုရည် - အင်းဝ ၏ စာအုပ် တစ်အုပ် အပေါ် စာပေဝေဖန်ရေးဆရာ မောင်စွမ်းရည် က ကောင်းမွန်သည် ဟု ချီးကျူးစကားဆိုခဲ့ခြင်းနှင့် စပ်လျဥ်းပြီး "ဘီရိုကြီး လက်ဆောင်ရလို့ စာအုပ် ကောင်းတယ်လို့ ဝေဖန်ရေး ရေးပေးသူ ဝေဖန်ရေး ဆရာကြီး" အဖြစ် ပုံဖော် တိုက်ခိုက် လှောင်ပြောင်ခံခဲ့ရဖူးသည်။မောင်စွမ်းရည်က "ကျုပ်အိမ်မှာ ကြည့်စမ်းပါဗျာ၊ ဘီရိုကြီး မပြောနဲ့၊ ဘီရိုနဲ့ တူတာဆိုလို့ ကြောင်အိမ်တောင် ကောင်းကောင်း မရှိ ပါဘူးဗျာ" ဟု ဝေဖန်မှုများ အပေါ် ဖြေရှင်းခဲ့ရသည်။ဖြစ်စဥ်စခဲ့ပုံက စာရေးဆရာမ နုနုရည် အင်းဝ ၏ အမျိုးသား ကိုအောင်ကျော်တိုး ဆိုသူကို စာပေသမား တဦးက "တော်တော်တန်တန်များ ကောင်းတယ်လို့ကို သိပ်မပြောတတ်တဲ့ ဒီဆရာကြီးက ခင်ဗျား မိန်းမရဲ့ စာအုပ် ကိုတော့ တယ်ချီးကျူး ထားပါလားဗျ" ဟု စကား စပြီး ပြောရာ ခပ်တည်တည် နှင့် မထေ့တထေ့ ပြောရာတွင် ပါရမီ ပါလှသူ ကိုအောင်ကျော်တိုးက အနီးအနားရှိလူများအား ဂရုမစိုက်ဘဲ ပြုံးဖြဲဖြဲဖြင့် "ဟာ - ကောင်းတယ်လို့ ပြောမှာပေါ့ဗျ၊ ကျနော်တို့ လင်မယားက ဘီရိုကြီး တလုံးလုံး သွားပီး လက်ဆောင် ပေးထားတာ ကိုးဗျ" ဟု ခပ်တည်တည်ဖြင့် စနောက် ပြန်လည် ဖြေဆိုရာမှတဆင့် ဝေဖန်တိုက်ခိုက်ခံရခြင်းဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Librarians’ notes (19)။ myanmarlibraryassociation။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ဆရာ မောင်စွမ်းရည်ရဲ့ ရှစ်လေးလုံးအရေးတော်ပုံ ကဗျာနဲ့ သူ့ရဲ့ခံစားမှု။ RFA (၈ သြဂုတ် ၂၀၁၈)။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မောင်စွမ်းရည် - ကဗျာအစွမ်း။ မိုးမခ (၈ မတ် ၂၀၂၁)။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ မန်းကလွမ်းတဲ့ ဆရာစွမ်း။ The Irrawaddy (၁၈ ဖေဖော်ဝါရီ ၂၀၁၇)။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ ၂ဝဝဂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ကျရောက်မယ့် ဆရာ မောင်စွမ်းရည်ရဲ့ (၇၁) နှစ်မြောက် မွေးနေ့ကို မှတ်မှတ်ရရ ရည်စူး အထိမ်းအမှတ်ပြု ရေးဖွဲ့ လိုက်တာ ဖြစ်တဲ့ ဝင်းတင့်ထွန်းရဲ့ "ဆရာစွမ်း (သို့မဟုတ်) အနီနဲ့ အပြာ နောက်ခံကားချပ် ပေါ်က ထက်မြတဲ့ ခေါ်သံရှင်၊ (၂၆။ ၁။ ၂ဝဝဂ)
- ↑ ၂ဝဝရ ခုနှစ် ဇူလိုင်လမှာ ပထမ အကြိမ် အဖြစ် ဖန်မီးအိမ် စာပေ ချစ်သူများ [ဆန်ဖရန်စစ္စကို] မှ ထုတ်ဝေ ဖြန့်ချိ ခဲ့တဲ့ ကဗျာဆရာ ဦးတင်မိုး [၁၉၃၃-၂ဝဝရ] ကွယ်လွန်ခြင်း ၆ လပြည့် အမှတ်တရ စာစုက "မောင်စွမ်းရည် အတ္ထုပ္ပတ္တိ"
- ↑ ဗိုလ်ချုပ်ကြီး ခင်ညွှန်ရဲ့ ထောက်လှမ်းရေး လက်ကျန်တွေက စုစည်း ထုတ်ဝေခဲ့တာလို့ ယုံကြည်ရတဲ့ "သိမှတ်ဖွယ်ရာ ကိုယ်ရေး အချက်အလက်များ" (ရေးသားသူ၊ ထုတ်ဝေသည့် စာအုပ်တိုက်နှင့် ခုနှစ်၊ လတို့ မပါရှိ။) စာအုပ်
- ↑ မောင်စွမ်းရည်နှင့် မိတ်ဆွေများ စာပေစကားဝိုင်း (ဓာတ်ပုံ)။ DVB (၁၇ နိုဝင်ဘာ ၂၀၁၅)။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။
- ↑ စစ်တပ်အာဏာသိမ်းတာဟာ အောက်တန်းကျတဲ့လုပ်ရပ်လို့ စာရေးဆရာကြီး မောင်စွမ်းရည်ပြော။ VOA (၁၄ ဖေဖော်ဝါရီ ၂၀၂၁)။ ၂၂ သြဂုတ် ၂၀၂၄ တွင် ပြန်စစ်ပြီး။