စိပ်ပုတီး

ဝီကီပီးဒီးယား မှ
ဇင်ဗုဒ္ဓဘာသာ စိပ်ပုတီး

စိပ်ပုတီး သည် ပုတီးစေ့များကို ကုံးထားခြင်း ဖြစ်သည်။ တရားရွတ်ရန်၊ ဆုတောင်းရန်၊ မန်းမှုတ်ရန်အတွက် ထပ်ကာထပ်ကာ ရေတွက်ရန် ဘာသာအများစုက သုံး၏။ ဟိန္ဒူဘာသာဗုဒ္ဓဘာသာရှင်တိုဘာသာ၊ အွမ်ဘန်ဒဘာသာ၊ အစ္စလာမ်ဘာသာဆစ်ဘာသာ၊ ဘဟာအီဘာသာနှင့် အချို့ခရစ်ယာန် ဘာသာကွဲများတွင် သုံးသည်။

နောက်ခံသမိုင်း[ပြင်ဆင်ရန်]

ပုတီးသည် အစောဆုံးသုံးသည့် လူ့အဆင်တန်ဆာများအနက် တခုဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ် ၁၀,၀၀၀ ခန့်က ငှက်ကုလားအုတ်အခွံဖြင့်လုပ်သော ပုတီးကို အာဖရိက၌ တွေ့ထားသည်။ [၁] ရာစုနှစ်အဆက်ဆက် ယဉ်ကျေးမှုမျိုးစုံတို့တွင် ပုတီးကို ကျောက်တုံး၊ အကြေးခွံတို့မှသည် ရွှံ့ဖြင့်လုပ်သည်ကိုပါ တွေ့ရ၏။

အင်္ဂလိပ်စကားလုံး ဘိ (bead) ဟူသော ဝေါဟာရမှာ ရှေးအင်္ဂလိပ်စာလုံး ဘဒီး (bede) မှ လာပြီး ဆုတောင်းသူဟု အဓိပ္ပာယ်ရသည်။ ဂရိနိုင်ငံ၊ ဆန်တိုရီနီ (မြို့ဟောင်းအမည်မှာ သီရာ) မြို့နယ်၊ အက္ခရိုတီရီ သမိုင်းဝင်ရွာဟောင်းရှိ နံရံလုပ်ကျောက်တုံးအမှတ် (၃) ၌ ဝတ်ပြုသူများပုံ ဆွဲထားသော နံရံစိုဆေးရေးပန်းချီတွင် ပုတီးများဆွဲဆင်ထားသည်ကို တွေ့ရ၏။ ယင်းပန်းချီမှာ ခရစ်တော်မပေါ်မီ ၁၇ ရာစု (၁၆၁၃ ခုခန့်) က ရေးထားခြင်းတည်း။ ပုတီးအရင်းတည်ရာကို အတိအကျ မသိရ။ သို့သော် သမိုင်းအရ အစောဆုံးခြေရာကောက်နိုင်သည်မှာ အိန္ဒိယရှိ ဟိန္ဒူဘာသာမှ ဖြစ်သည်။ [၂][၃] ဗုဒ္ဓဘာသာက ထိုအယူကို ဟိန္ဒူမှ ပွားယူ၏။ ဟိန္ဒူသူတော်စင်တဦး၏ ပုတီးဖြင့်ရုပ်တုတခုမှာ ခရစ်တော်မပေါ်မီ ၃ ရာစုက လုပ်သည်။

စာဟောင်း[ပြင်ဆင်ရန်]

စိပ်ပုတီးသည် မည်သည့်အခါက စတင်ပေါ်ပေါက်ခဲ့သနည်း။ ပုတီးစိပ်ခြင်း အလေ့အကျင့်သည် မည်သည့်အခါက စတင်ထွန်းကားခဲ့သနည်း စသည်တို့မှာ စိတ်ဝင်စားစရာကောင်းသော မေးခွန်းများပင်ဖြစ်၏။ မြတ်စွာဘုရားတွင် စိပ်ပုတီးရှိသလော၊ ရဟန္တာတို့သည် စိပ်ပုတီးစိပ်ကြသလော စသည်တို့ကိုလည်း ဗုဒ္ဓအယူဝါဒီများ သိရှိလိုကြလေသည်။ စင်စစ်အားဖြင့် စိပ်ပုတီးအကြောင်းကို မည်သည့်ပါဠိတော်အဋ္ဌကထာနှင့် ဋီကာ များတွင်မှ မတွေ့ရပေဟု သုတေသီများဆိုကြပေသည်။ မြတ်စွာဘုရားနှင့် ရဟန္တာတို့သည်လည်း စိပ်ပုတီးမစိပ်ကြပေဟု ယူဆ ကြကုန်၏။ ပိဋကတ်တော် နိကာယ်ငါးရပ်တို့တွင်လည်း မြတ်စွာဘုရားသည် စိပ်ပုတီးကိုကိုင်၍ စိပ်တော်မူကြောင်း အဆိုအလာမရှိချေ။ သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး ရှိလိမ့်နည်းဟူသည့် စွယ်စုံကျော်ထင်ကျမ်းလာ အမေးပုစ္ဆာကို သုံးလူများထိပ်၊ ငါးမာရ်နှိပ်၊ စိပ်ရန်ပုတီး မရှိတည်းဟူ၍ မြစ်ကွေ့ဆရာတော်က ဖြေဆိုခဲ့ဘူး၏။ ကျီးသဲလေးထပ်ဆရာ တော်ဘုရားကြီး အရှင်မုနိန္ဒာဘိဓဇကလည်း မြတ်စွာဘုရားပုတီး ဆောင်ဟန် ကျမ်းဂန်မလာပုံကို မိန့်တော်မူခဲ့၏။

သို့သော် ရဟန်းသာမဏေတို့သည် ပစ္စဝေက္ခဏာလေးပုဒ်တို့တွင် တစ်ပုဒ်လျှင် တစ်ပတ်စီရအောင် ဆင်ခြင်၍ စိပ်ပုတီး စိပ်ကြပါက ဣဏပရိဘောဂမှလွတ်ခြင်း၊ ပစ္စယသန္နိဿိတသီလလုံခြုံခြင်းအကျိုးရှိပေ၏။ ရတနာသုံးပါး၏ ဂုဏ်တော်ကို အောက်မေ့ခြင်း၊ ဝိပဿနာဘာဝနာကို ပွားများခြင်းအားဖြင့် စိပ်ပုတီးကိုစိပ်လျှင် လောကုတ္တရာအကျိုးစီးပွားများစွာ ဖြစ်ထွန်းနိုင်ပေ၏။

ထိုမျှမက ဤစိပ်ပုတီးသည်ကား ရတနာသုံးပါး၏ ဂုဏ် တော်ကို ရည်စူး၍ထားသော စိပ်ပုတီးဖြစ်ပေသည်ဟူ၍ ဆင်ခြင် ကာမျှဖြင့်ပင်လျှင် ကမ္ဘာတစ်သိန်း အပါယ်မလားနိုင်ဟု အဆို ရှိပေသည်။ စိပ်ပုတီးကို စိပ်သည်ဖြစ်စေ၊ မစိပ်သည်ဖြစ်စေ အကြင်သူသည် မိမိ၏ဦးခေါင်း၊ လည်ပင်း၊ မျက်နှာ၊ အိမ်အမိုး စသည်တို့၌ စိပ်ပုတီးကိုထား၍ ကိုးကွယ်သည်ဖြစ်အံ့၊ ထိုသူ သည် ကမ္ဘာတသိန်းတိုင်တိုင် အပါယ်မလားရာဟုလည်း အဆို ရှိပေ၏။

စိပ်ပုတီးသည် စိတ်ကို စောင့်ရှောက်တတ်သော သဘောရှိ၏။ ဗုဒ္ဓအယူဝါဒတို့သည် မိမိ၏စိတ်ကို တပါတည်းသော အာရုံ၌ စွဲမြဲတည်တံ့စေရန်၎င်း၊ ဘာဝနာကမ္မဋ္ဌာန်းစီးဖြန်းရာတွင် သတိတရား တိမ်းပါးမှု ကင်းစေလို၍၎င်း စိပ်ပုတီးကို အသုံးပြုကြလေသည်။

စိပ်ပုတီးအမျိုးမျိုး ရှိသည့်အနက် ရှေးအခါကမူ လူတို့ သည် အရိုးကမ္မဋ္ဌာန်းလည်းဖြစ်စေ၊ ပစ္စဝေက္ခဏာကိုလည်း ဆင်ခြင်သတိရစေခြင်းငှာ၊ နွားရိုး၊ ကျွဲရိုး၊ ဆင်ရိုး၊ ဆင်စွယ်၊ ကျွဲချိုစသည့် တိရစ္ဆာန်တို့၏ အစွယ် ဦးချိုနှင့် အရိုးတို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်ကြလေသည်။ ယခုအခါတွင်မူ များသောအားဖြင့် ကြိတ်သီး ကြိမ်သီး၊ ပေသီး၊ နံ့သာသား စသည်တို့ကို စိပ်ပုတီးပြုလုပ်၍ ကိုင်ဆောင်သုံးစွဲလေ့ရှိကြ၏။ ပယင်း၊ ဖန် စသည်တို့ကိုလည်း စိပ်ပုတီးပြုလုပ်လေ့ ရှိကြ ပေသည်။ လောကီပညာကို လိုက်စားသည့် အချို့သော ပုဂ္ဂိုလ် တို့မှာကး ထန်းရွက်၊ ပေရွက်၊ မိုင်းကိုင်စက္ကူ စသည်တို့တွင် လိုအပ်သော ဂါထာမန္တန်ကို ရေးသားသွင်းနှံ၍ ပြင်ပမှ ကြိုးဖြင့် သီထိုးအပ်သော ကြိုးပုတီး၊ သစ်စေးဖြင့် သားရိုးကိုင်တိုက်သွား ထားအပ်သော သားရိုးပုတီး၊ ဆေးဝါးဖြင့် စီမံထားအပ်သော ဆေးပုတီးစသည်တို့ကို အသုံးပြုလေ့ရှိကြပေသည်။

စိပ်ပုတီးကိုကိုင်ဆောင်သုံးစွဲသူတို့သည် စိပ်ပုတီးလုံးရေကို စီမံကန့်သတ်ရာတွင်လည်း မိမိတို့၏ စိတ်ဆန္ဒ နှင့်ရည်ရွယ် ချက်အလျောက် တစ်ဦးနှင့်တစ်ဦး မတူခြားနား၊ အမျိုးမျိုး ကွဲပြားလျက် ရှိကြလေ၏။ အချို့ကား အဝေနိကဂုဏ်တော် ၁၈ ပါးကိုရည်၍ ၁၈ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့ကား ဘုရားဂုဏ်တော်ကိုးပါး၊ တရားဂုဏ်တော်ခြောက်ပါး၊ သံဃာဂုဏ်တော်ကိုးပါး၊ စုစုပေါင်း ဂုဏ်တော် ၂၄ ပါးကို ရည်၍ ၂၄ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့ ကား ၃၂ ကောဋ္ဌာသကို ရည်၍ ၃၂ လုံးပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ အချို့မှာ မူကား ကမ္မဋ္ဌာန်း ၄ဝ ကိုရည်၍ လုံးရေ ၄ဝ ပါရှိသော စိပ်ပုတီးကို အသုံးပြုကြ၏။ သို့သော် လူသုံး အများဆုံးမှာကား ၁ဝ၈ လုံးပါရှိသော စိပ်ပုတီးပင် ဖြစ်၏။ ယင်း ၁ဝ၈ လုံးကို ရည်စူးရာတွင်လည်း အချို့က မြတ်စွာဘုရား၏ ၁ဝ၈ ကွက် ခြေတော်စက် လက္ခဏာကို ရည်စူး၍၊ အချို့က လောကနည်းအားဖြင့် ဂြိုဟ်သက် ၁ဝ၈ ကိုဖြစ်စေ၊ သတ္တမိဿနက္ခတ် ၁ဝ၈ နဝင်းကိုဖြစ်စေ ရည်စူးကြ ကုန်၏။ အချို့ကမူ ဘုရားဂုဏ်တော် ၅၆ ပါး၊ တရားဂုဏ် တော် ၂၈ ပါး၊ သံဃာဂုဏ်တော် ၂၄ ပါး၊ စုစုပေါင်း ဂုဏ် တော် ၁ဝ၈ ပါးကို ရည်စူးကြလေသည်။

စိပ်ပုတီးစိပ်ရာတွင် အချို့က ပုတီးကို ပုံသဏ္ဌာန် ကိုင်တွယ်၍ စိပ်ကြလေသည်။ ထိုသို့စိပ်ခြင်းအားဖြင့် လက်နှစ် ဘက်လုံးက ပုတီးကို ကိုင်ထားရပေရာ တစ်ကြိမ်တည်းနှင့် ပုတီးနှစ်လုံး စိပ်နိုင်သည်ဟု ယူဆကြ သူများရှိသည်။ အချို့ ကမူ စိပ်ပုတီးကို ညာလက်တစ်ဘက်တည်းဖြင့်စိပ်၍၊ အချို့ကမူ ပူတီးကို လက်နှစ်ဘက် ဖြင့်ကိုင်ကာ အတော်အသင့် မြေ|ာက် လျက် စိပ်ကြပေသည်။ ယင်းသို့ မြေ|ာက်၍ စိပ်ခြင်းအားဖြင့် ပုတီးသည် ထမီ၊ ပုဆိုးစသည်တို့နှင့် မထိပဲ သီးခြားကင်းလွတ် ကာ သန့်စင်သည်ဟု ယူဆကြသည်။

စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့ကို လက်မနှင့် လက်ညိ|ုး ကြားတွင် ဖိည|ပ်၍ စိပ်ခြင်းကို များသောအားဖြင့် မနှစ်သက် ကြပေ။ ပုတီးစေ့ကို လက်မနှင့် လက်ခလယ်ကြားတွင် ထား၍ စိပ်ခြင်းကိုသာ နှစ်သက်ကြသူများသည်။ အကြောင်းမှာ လက်ခ လယ်သည် လက်ညိ|ုးထက်ပို၍ သန့်စင်မြင့်မြတ်သည်ဟု ယူဆ ကြသောကြောင့် ဖြစ်ပေ၏။

ဗုဒ္ဓအယူဝါဒီများသာမက ခရစ်ယန်အယူဝါဒီများ၊ အစ္စ လာမ်အယူဝါဒီများနှင့် ဟိန္ဒူအယူဝါဒီများ စသည်တို့ကလည်း စိပ်ပုတီးကို အသုံးပြုကြလေသည်။ သို့သော် ပုတီးစေ့လုံးရေနှင့် စိပ်ပုတီး ပုံသဏ္ဌာန်ခြင်းကား မတူကြပေ။ စိပ်ပုတီး အသုံးပြု ခြင်းအလေ့ကို အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓအယူဝါဒီနှင့် ဟိန္ဒူအယူဝါဒီ တို့က ရှေးနှစ်ပေါင်းများစွာကတည်းက စတင်တီထွင်ခဲ့ကြခြင်း ဖြစ်၏။ ခရစ်ယန်အယူဝါဒတွင် စိပ်ပုတီးကို မည်သည့်အခါက စတင် သုံးစွဲခဲ့ကြောင်းအတိအကျ မသိရပေ။ ၁၂ ရာစုနှစ်တွင် စိန့် ဒိုမီနစ်ဆိုသူက စိပ်ပုတီး စိပ်ခြင်းသဘောကို ပိုမိုစနစ်ကျ အောင် ပြုပြင်ခဲ့သည်ဟူ၍ကား သိရှိရလေသည်။

စိပ်ပုတီးစိပ်ရာတွင် ပုတီးစေ့တစ်လုံးစီ တစ်လုံးစီ လက်မှ ဖြတ်သွားတိုင်း ဘုရားသခင်နှင့်ပို၍ပို၍နီးလာပြီဟူ၍ ခရစ်ယာန် အယူဝါဒီများက ယူဆကြ၏။ မည်သည့် အယူဝါဒီမဆို တစ်စုံတစ်ခုကို အာရုံစူးစိုက်နေစေရန် အတွက်၎င်း၊ စိတ်ကိုစင်ကြယ်စေရန်အတွက်၎င်း၊ စိပ်ပုတီး စိပ်ကြသည်ချည်းဖြစ်လေသည်။ [၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Beads and bead makers: gender, material culture, and meaning by Lidia D. Sciama, Joanne Bubolz Eicher 19988 ISBN 1-85973-995-4 page 1
  2. Bead One, Pray Too by Kimberly Winston 2008 ISBN 0-8192-2276-3 pages 4-10
  3. Linking Your Beads: The Rosary's History, Mysteries, and Prayers by Patricia Ann Kasten 2011 ISBN 1-59276-929-2 OSV Publishers pages 11-13
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)