စည်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စည်[ပြင်​ဆင်​ရန်​]

ရခိုင်စည်တော်ကြီး

အခေါင်းပါသောသစ်သား သို့မဟုတ် အလားတူပစ္စည်းကို သားရေဖြင့်ပိတ်၍ တင်းအောင်ကြက်ပြီးလျှင်၊ ထိုသားရေမျက်နှာ ပြင်ကို လက်ဖြင့်ဖြစ်စေ၊ တုတ်တံ၊ လက်ခတ် စသည်တို့ဖြင့်ဖြစ်စေ တီးခတ် အသံမြည်စေသော တူရိယာများမှာ စည်ဖြစ် သည်။ စည်သည် လူတို့ ရှေးဦးစွာပြုလုပ်သုံးစွဲခဲ့သော တူရိယာတစ်မျိုးဖြစ်သည်။ ကမ္ဘာပေါ်ရှိ လူမျိုးအများအပြားပင် စည်တူရိ ယာကို အမျိုးသားတူရိယာအဖြစ်ဖြင့် သုံးစွဲကြသည်။


သို့ရာတွင် အဘိဓာန်များ၌ တူရိယာငါးမျိုးကို စည်ငါးမျိုးဟု ပြဆိုထားသည်။ အဘိဓာန်နိဿယအရ၊ ထိုစည်ငါးမျိုးမှာ အာတတစည်၊ ဝိတတစည်၊ အာတတ ဝိတတစည်၊ ဃနစည်၊ သုသိရစည်ဟူ၍ဖြစ်၏။ အာတတစည်သည် အိုးစည်၊ စည်ပုတ် အစရှိသည်တို့ကဲ့သို့ တစ်ဘက်ပိတ်စည်ဖြစ်၏။ ဝိတတစည် သည် မုရိုးစည်ကဲ့သို့ နှစ်ဘက်ပိတ်သောစည် ဖြစ်၏။ အာတတ ဝိတတစည်ဆိုသည်ကား ထက်စည်ကဲ့သို့ အလုံးစုံ သားရေပိတ် ၍ ကြက်သောစည်ဖြစ်၏။ ဃနစည်မှာ ခွက်ခွင်း ကြေးနင်းတို့ ကဲ့သို့ တစ်ခဲနက်သော စည်ဖြစ်၍ သုသိရစည်မှာ ပြွေခရုသင်းနှဲ တို့ကဲ့သို့ အခေါင်းရှိသောစည် ဖြစ်၏။ အထက်ပါ ငါးမျိုးအနက် အာတတစည်၊ ဝိတတစည်၊ အာတတ ဝိတတ စည်ဟူသော စည်သုံးမျိုးမှာ ယခုခေတ်အခေါ် စည်ဟူသော အသုံးအနှုန်းနှင့် ကိုက်ညီ၏။

ဦးကုလား မဟာရာဇဝင်ကြီးနှင့် မှန်နန်းရာဇဝင်တို့တွင် လာသော တူရိယာစာရင်း၌ စည်မျိုး ၁၂ ပါးဟု ပြသည်။ ယင်းတို့ကား

  1. မြှောက်စည်
  2. သံလွင်
  3. စည်ပြော
  4. စည်ကြီး
  5. ဒုံမင်း
  6. စည်ဝန်း
  7. စည်သေး
  8. စည်ပုတ်
  9. စည်ပန်းတောင်း
  10. ပတ်သာ
  11. တစ်ဘက်စည်
  12. စည်အိုင်တို့ ဖြစ်သည်။

ဗျာ့ဗန္ဓသာရကျမ်းတွင်ကား၊ မြန်မာပြည်ဖြစ် စည် (၁၂) မျိုး၊ နိုင်ငံခြားမှရသော စည်မျိုးစုံ ၁ ဟူ၍ စည် (၁၃) မျိုးပြသည်။
မြန်မာပြည်ဖြစ်စည် ၁၂ မျိုးကား-

  1. စည်ပြော
  2. မုရားစည်(မုရိုးစည်)
  3. မြောက် စည်
  4. စည်ဝန်း
  5. စည်ပုတ်
  6. စည်သေး
  7. စည်အိုင်
  8. စည်ဒိုး
  9. စည်ပန်းတောင်း
  10. တစ်ဘက် ပိတ်စည်
  11. စည်သံလွင်
  12. စည်ဒုံမင်းတို့ ဖြစ်သည်။

စည်တူရိယာမျိုးကို သုံးမျိုးသုံးစား ခွဲခြားနိုင်၏။

  • ပထမ တစ်မျိုးမှာ တိုးရိုးပေါက် အခေါင်းတွင် ထိပ်ဝ နှစ်ဖက်လုံး သားရေပိတ်သော စည်မျိုးဖြစ်၍ ယင်းစည်မျိုးသည် နှစ်ဖက်

လုံးတီးခတ်ရသောစည်၊ တစ်ဖက်တည်းသာ တီးခတ်ရသောစည် ဟူ၍ အမျိုးကွဲပြားသည်။

  • ဒုတိယတစ်မျိုးမှာ တိုးရိုပေါက် အခါင်းတွင် မျက်နှာဝ တစ်ဖက်ကိုသာ သားရေပိတ်၍ ကြက်သော စည်မျိုးဖြစ်၏။ မြန်မာတို့ တီးလေ့ရှိသော အိုးစည်မှာ ထိုအမျိုး တွင်ပါဝင်သည်။
  • တတိယတစ်မျိုးမှာ အိုးကဲ့သို့ မျက်နှာဝ တစ်ခုတည်းရှိသော အခေါင်းကို သားရေပိတ်၍ ကြက်သော ပလုတ်တုတ်စည်မျိုးဖြစ်သည်။

စည်များကို သားရေကြက်ရာ၌ စည်မျက်နှာပြင် တင်း၍နေရန်၊ သားရေကြိုးဖြင့်လည်းဆွဲကြသည်။ ဝက်အူရစ်ပါသော ချိတ်များဖြင့်လည်း စွဲကြသည်။ ဥရောပတိုက်၌ သုံးသောစည်များသည် အများအားဖြင့် ဝက်အူရစ်နှင့်ဆွဲ၍ အတင်းအလျော့ လုပ်နိုင်သော စည်များဖြစ်သည်။ မြန်မာနိုင်ငံအပါအဝင်ဖြစ်သော အရှေ့တိုင်းတွင်သုံးသော စည်များမှာ အများအားဖြင့် သားရေကြိုးဖြင့်ဆွဲ၍ ကြက်သော စည်များဖြစ်ကြသည်။


စည်ကို နှဲ၊ ပြွေ၊ စောင်းညှင်း စသည်တို့နှင့် တွဲဖက်၍ လည်းတီးနိုင်သည်။ သို့မဟုတ် တစ်ခုချင်းလည်း တီးနိုင်သည်။ စည်၏ သဘောမှာ တုန်သံ ဟည်းသံဖြင့် လူတို့၏စိတ်ကို လှုပ်ရှားစေရန်ဖြစ်သည်။ အသံအမျိုးမျိုး၊ တီးခတ်ပုံအမျိုးမျိုးဖြင့် လူ၏ စိတ်ကိုလှုပ်ရှားစေ၏။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်ရှိ လူအမျိုးမျိုးတို့သည် စစ်ချီတက်ရာတွင်၄င်း၊ သုမင်္ဂလာဒုမင်္ဂလာကိစ္စများတွင်၄င်း၊ ကခုန်ပွဲများတွင်၄င်း၊ မိမိတို့ဓလေ့ ထုံးစံများအရ စည်များကိုတီးခတ်ကြသည်။

စည်ကို တူရိယာအဝိုင်း၌ ထည့်သွင်းအသုံးပြုသောအခါ၊ တယောစောင်း၊ ပြွေ၊ ခရာ စသည်တို့ကဲ့သို့ အဆက်မပြတ် တီးမှုတ်ရသည်မဟုတ်၊ စည်းချက်သဖွယ်သာ တီးခတ်ရသည်။ ခေတ်ဦးနိုင်ငံတို့တွင် စည်တစ်မျိုးတည်းကိုသာ တီးခတ်၍ သီဆိုကခုန်ခြင်းပြုလေ့ရှိသော်လည်း၊ ယခုခေတ်၌ များစွာသော နိုင်ငံတို့ တွင် စည်ကို အခြားတူရိယာများဖြင့် တွဲဖက်၍ အသုံး ပြုလျက်ရှိကြသည်။

မြန်မာတို့တွင် စည်သဘောသက်ရောက်သော သားရေကြက် တူရိယာများရှိသည့်အနက်၊ စည်များကို အကြီးအငယ်ခွဲ၍ အသံ အမျိုးမျိုးညှိကာ အခြားတူရိယာများကဲ့သို့ သီချင်းသံဖြစ်အောင် တီးသော စည်များကို 'ဗုံ' သို့မဟုတ် 'ပတ်'ဟုခေါ်သည်။ တီးကွက်၏ အပိုင်းအခြား သို့မဟုတ် သီချင်း၏ အပိုင်းအခြား သို့မဟုတ် အချိန်၏ အပိုင်းအခြားကို တီးခတ်သော အခြားစည်များလည်း ရှိသေးသည်။ ပုံစံပြရမည်ဆိုသော် အိုးစည်ကို လုံးချင်းတီးသည့်အခါ တီး၍၊ တီးကွက်၏ အပိုင်းအခြားတွင် တီးသည့်အခါလည်း တီးသည်။ ဗုံကြီးကိုကား သီချင်း၏ အပိုင်းအခြားအတွက်သာ တီး၏။

မြန်မာဘုရင်များသည် နန်းသုံးတူရိယာများအဖြစ် စည်များ ကို အသုံးပြုခဲ့၏။ မြန်မာမင်းသုံး စည်များအနက် စည်တော် နှင့် ပဟိုရ်စည်များသည် ပမာဏအားဖြင့် ကြီးသောစည်ကြီးများ ဖြစ်၏။ ပဟိုရ်စည်ကဲ့သို့ စည်ကြီးများကို ယခုခေတ်အချို့ ဘုန်းကြီးကျောင်းများတွင် တွေ့ရှိရ၏။ ထိုစည်များသည် ထိပ်ဝ အချင်း ၂ ပေခွဲမှ ၃ ပေအထိရှိတတ်၍ အလျား ၅ပေအထိ ရှိတတ်သည်။ စည်ဗြောကို အလှူဒါနပြုသောအခါ အသုံးများ သည်။ သီချင်းသွားကို နှဲဖြင့်မှုတ်၍ လင်းကွင်းတီးသည်ကို ဗြောနှစ်လုံးသုံးလုံးဖြင့် စည်းချက် လိုက်ပေးရသည်။ ယင်းစည် တီးရာတွင် ပလုတ်တုတ်စည်ကိုလည်းထည့်သွင်းတီးလေ့ရှိ၏။ ကရင်လူမျိုးတို့တွင် ဖားစည်ခေါ် စည်ဝိုင်းတစ်မျိုးရှိ၏။ ယင်းစည်ကို မိုးဦးကျအခါများတွင် ပွဲတော်များ၌ တီးကြ၏။

(ဖားစည်ပွဲ။) ဖားစည်ဟုခေါ်ခြင်းမှာ စည်နှုတ်ခမ်းတွင် ဖားရုပ် ကလေးများရှိ၍ ခေါ်ခြင်းဖြစ်သည်ဟု အချို့ကဆိုသည်။ အချို့ ကမူ မိုးခေါ်ရန်တီးခတ်သော စည်ဖြစ်ခြင်းကြောင့် ဖားစည် ခေါ်သည်ဟုဆို၏။

ကမ္ဘာပေါ်ရှိ လူအမျိုးမျိုးတီးသည့် စည်များနှင့်စပ်လျဉ်း၍ ယုံကြည်မှု အမျိုးမျိုးရှိကြ၏။ ဤမည်သော စည်ကိုတီးလျှင် စစ်အောင်သည်။ ဤမည်သော စည်ကိုတီးလျှင် မိုးရွာသည် စသည်ဖြင့် အထူးပြုတီးသော စည်များကို ရှေးကထားရှိခဲ့သော် လည်း ယခုအခါ အချို့နိုင်ငံများတွင် ကွယ်ပျောက်ခဲ့ပြီဖြစ်၏။ အချို့နိုင်ငံများတွင်ကား ယနေ့တိုင်ရှိနေသေး၏။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)