ဂူဂလီရယ်မို မာကိုနီ

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
ဂူဂလီရယ်မို မာကိုနီ
Guglielmo Marconi
Guglielmo Marconi.jpg
ဂူဂလီရယ်မို မာကိုနီ
မွေးဖွား ၁၈၇၄-ခုနှစ်
ဘိုလော့ဂ်နာမြို့
ကွယ်လွန် ၁၉၃၇-ခုနှစ်
ရောမမြို့
နိုင်ငံလူမျိုး Flag of Italy.svgအီတလီနိုင်ငံ
အလုပ်အကိုင် တီထွင်သူ
ကျော်ကြားမှုအရင်းခံ ကြိုးမဲ့ကြေးနန်းစက်
မာကိုနီတီထွင်သည် ကြိုးမဲ့ကြေးနန်းစက်

ရေဒီယိုကိုတည်ထွင်သူ ဂူဂလီရယ်မို မာကိုနီ (Guglielmo Marconi) အား ချမ်းသာသောမိဘနှစ်ပါးမှ အီတလီနိုင်ငံ၊ ဘိုလော့ဂ်နာမြို့တွင် ၁၈၇၄ခုနှစ်က ဖွားမြင်သည်။ ဂူလျဲမိုး မာကိုနီသည် ကြိုးမဲကြေးနန်း (ဝိုင်ယာလက်) စက်ကို ၁၈၉၅-ခုနှစ်တွင် စတင်တီထွင်နိုင်ခဲ့သော အီတလီနိုင်ငံသား ကမ္ဘာကျော် ပုဂ္ဂိုလ်ကြီးပင် ဖြစ်သည်။ ပထမတွင် သူသည် မိမိ၏ ဝိုင်ယာလက်သတင်းပို့ သတင်းဖမ်းစက်တို့ဖြင့် ခရီးတိုများသို့သာ အချက်ပြသတင်း ပို့နိုင်ခဲ့သည်။ ထိုမှ တစ်စထက်တစ်စ ဆက်လက်ကြိုးစားခြင်းဖြင့် ခရီးဝေးသို့လည်း သတင်းပို့နိုင်ရမည်ဟု ယုံကြည်ထားသူ ဖြစ်၏။ အများကမူ မိုင်ပေါင်းရာထောင်ဝေးသော သတင်းပို့၍ ရနိုင်မည်မဟုတ်ဟု ယူဆထားကြသည်။ သို့ရာတွင် မာကိုနီသည် ၁၉ဝ၁ ခုနှစ်၌ မိုင်ပေါင်း ၂ဝဝဝ မျှကျယ်ပြန့်သော အတ္တလန္တိတ်သမုဒ္ဒရာ ကြီးကို ကျော်ဖြတ်ကာ အင်္ဂလန်နိုင်ငံမှနေ၍ မြောက်အမေရိကတိုက် နျူးဖောင်းလန်းကျွန်းသို့ ဦးစွာပထမ အောင် မြင်စွာ အချက်ပြသတင်းပို့နိုင်ခြင်းဖြင့် တစ်ကမ္ဘာလုံးအား အံ့ဩသွားစေခဲ့လေသည်။

ဤကဲ့သို့ ဝိုင်ယာလက်ကို လက်တွေ့အားဖြင့် အထမြောက် အောင် ကြံစည်တီထွင်နိုင်ခြင်းအတွက် မာကိုနီအား ချီးကျူးဂုဏ်ပြု ထိုက်သော်လည်း၊ မာကိုနီ၌ အဓီကအားဖြင့် လက်ဦးဆရာကြီး ၃ ဦးရှိပေသည်။ ၁၈၇၃ ခုနှစ်တွင် ဂျိမ်းကလပ် မက္ကဆွဲက လျှပ်စစ် လှိုင်းများ အကြောင်းကို လည်းကောင်း၊ ဂျော့ဖရန်စစ် ဖစ်ဇဂျရယ်က ၁၈၈၃ ခုနှစ်တွင် လျှပ်စစ်သံလိုက်လှိုင်းများ လွှင့်နိုင်ပုံကို လည်းကောင်း၊ ဟိုင်းနရစ် ရုဒေါ့ဟက်ဇက ၁၈၈၇ ခုနှစ်တွင်ထိုလှိုင်းများ၏ ပမာဏနှင့်အနေအထားတို့ကို လည်းကောင်း အသီး အသီးပြဆိုခဲ့ကြသည်။ မာကိုနီသည် ထိုသိပ္ပံပညာရှင်ကြီး များ၏တွေ့ရှိချက်နှင့် ယူဆချက်များကို ရှေးဦးစွာ ဝါသနာအလျောက် လေ့လာဆည်းပူးခဲ့သည်။ ထိုနောက် ပါမောက္ခ ရီဂီ၏ လျှပ်စစ်သံလိုက်လှိုင်းနှင့် သက်ဆိုင်သော စမ်းသပ်ချက်များကို ထပ်၍ လေ့လာပြီးလျှင် မဆုတ်မနစ်သော လုံ့လဖြင့် မိမိဖာသာ လေ့လာစမ်းသပ်ရာမှာ ၁၈၉၅ ခုနှစ်၌ ဝိုင်ယာလက်ဖြင့် အချက်ပြသတင်းပို့နိုင်သည့်စက်ကို အောင်မြင်စွာ စတင်တီထွင်နိုင်ခဲ့လေသည်။ ၁၈၉၆ ခုနှစ်တွင် သူသည် အင်္ဂလန်နိုင်ငံသို့သွား၍ သူ၏နည်းကို မှတ်ပုံတင်ရန်ကြိုးစားရာ မကြာမီပင် မှတ်ပုံတင်ခွင့် ရသည်။ ထိုနောက် ၁၈၉၇ ခုနှစ်၌ ပထမဆုံးဝိုင်ယာလက် ကုမ္ပဏီတစ်ခုကို တည်ထောင်လေသည်။ မာကိုနီသည် အီတလီနိုင်ငံ ဗလုံးညား မြို့သားဖြစ်၍ ၁၈၇၄ ခုနှစ် ဧပြီလ ၂၅ ရက်နေ့တွင် မွေးဖွားသည်။ ဖခင်မှာအီတာလျံ လူမျိုးဖြစ်၍ မိခင်မှာ အိုင်ယာလန်သူဖြစ်သည်။ မာကိုနီး သည် အသားလတ်၍ မျက်လုံးပြာပြီးလျှင်၊ အရပ်ထောင်ထောင် မောင်းမောင်းနှင့် လူချောလူခန့် တစ်ယောက်ဖြစ်သည်။ လူပုံပန်း မှာ အင်္ဂလိပ်နှင့်တူ၍ ဟန်အမူအရာမှာ အီတာလျံ ဆန်သည်။ အီတာလျံနှင့် အဂ‡လိပ်ကျောင်းနှစ်မျိုးစလုံးတွင် ပညာသင်ကြားခဲ့၍ ငယ်ရွယ်စဉ်ကပင် သိပ္ပံပညာရပ်များကို ဝါသနာကြီးစွာနှင့် ဆည်းပူး လေ့လာခဲ့လေသည်။

ပထမတွင် မာကိုနီသည် သူအောင်မြင်စွာ စတင်တီထွင် ခဲ့သည့် ဝိုင်ယာလက်စက်ဖြင့် ခရီးတစ်မိုင်ကျော်ကျော် အထိကိုသာသတင်းပေးပို့နိုင်ခဲ့သည်။ သို့သော်လည်း တစ်ဆင့်ပြီးတစ်ဆင့်မနေမနား ဆက်လက်ကြိုးစားလာရာ ခရီးဝေးသည်ထက်ဝေးသည့်နေရာသို့ သတင်း ပေးပို့နိုင်လေသည်။ ၁၈၉၉ ခုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် ဝိုင်ယာလက်စက်၏ အဖိုးတန်ပုံကို ပထမဆုံးအကြိမ် အသုံးချ ပြခဲ့လေသည်။ ထိုနေ့တွင် အင်္ဂလန်ကမ်းခြေမှ လေမုန်တိုင်းဒဏ်ကြောင့် အိဂွတ် ဒဝင်းဆင်း အမည်ရှိ မီးပြသင်္ဘောသည် ပင်လယ် ထဲသို့လွင့်စဉ်၍ ပျက်စီးသွားလေသည်။ သို့ရာတွင် သင်္ဘောပေါ်၌ တပ်ဆင်ထားသော မာကိုနီ၏ ဝိုင်ယာလက်စက်ဖြင့် အနီးအနားရှိ သင်္ဘောများသို့ အချိန်မှီ အချက်ပြ ဆက်သွယ်နိုင်ခဲ့သောကြောင့်အသက်ပေါင်းများစွာ ချမ်းသာရာ ရရှိခဲ့လေသည်။ ထိုမှတစ်ဆင့် တက်လှမ်းကြိုးစားရာမှ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း ၁၉ဝ၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့၌ အတ္တလန္တိတ် သမုဒ္ဒရာကိုပင် ကျော်ဖြတ်၍ သတင်းပို့နိုင်သည့်အထိ စွမ်းဆောင်နိုင်ခဲ့လေသည်။

ဝိုင်ယာလက်ဖြင့် အချက်ပြသတင်းပေးပို့နိုင်ခြင်းသည် နေ့အချိန်ထက် ညဉ့်အချိန်၌ ပိုမိုဝေးလံစွာ ရောက်ရှိနိုင်ကြောင်းကို မာကိုနီသည် နောက်တစ်နှစ်တွင် တွေ့ရှိပြန်လေသည်။ အမေရိကန်ပြည် ထောင်စုသို့သွားသော ဖိုလဒဲလဖီးယား အမည်ရှိ သင်္ဘောပေါ်တွင် မိုင်ပေါင်း ၂၁၉၉ မိုင်ဝေးကွာသောနေရာမှ ပေးပို့လိုက်သော အချက်ပြကြေးနန်းကို မာကိုနီ ရရှိနိုင်ခဲ့လေသည်။ ၁၉၁ဝ ပြည့် နှစ်သို့ ရောက်သောအခါ အိုင်ယာလန်ကျွန်း၊ ကလစ်ဒင်းမြို့မှ တောင်အမေရိကတိုက်၊ အာဂျင်တီးနားနိုင်ငံ၊ ဗွေ့နိုဆိုင်းရက်မြို့သို့ လည်းကောင်း၊ ၁၉၁၈ ခုနှစ်တွင် အင်္ဂလန်နိုင်ငံမှ ဩစတြေးလီးယား တိုက်သို့ လည်းကောင်း ဝိုင်ယာလက်သတင်းများကို ပို့နိုင်လာသည်။

၁၉ဝ၄ ခုနှစ် စောစောပိုင်းလောက်တွင် မာကိုနီသည် ပင်လယ်ကူး သင်္ဘောကြီး တစ်စင်းပေါ်တွင် သတင်းဖြန့်ချိရေးဌာန တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့ရာမှအစ ယခုအခါ ကမ်းခြေမှ မိုင် ထောင်ပေါင်းများစွာဝေးသော ပင်လယ်ကူးသင်္ဘောကြီးများ၌ ဝိုင်ယာ လက်ဖြင့်ရရှိသော ကမ္ဘာ့သတင်းအရပ်ရပ်ကို ပုံနှိပ်ထုတ်ဝေသည့် နေ့စဉ်သတင်းစာများ ပေါ်ပေါက်လာလေသည်။ ၁၉ဝ၇ ခုနှစ်သို့ရောက်သောအခါ ပင်လယ်ခရီးသွား ရိုက်ကြားနိုင်သော ဝိုင်ယာလက်ကြေးနန်းများ ပေါ်ပေါက်လာခဲ့သည်။ ထိုအချိန်မှစ၍ စစ်သင်္ဘောများပေါ်တွင်သာမက ခရီးသည်တင် သင်္ဘောကြီးပေါ်တွင်လည်း ဝိုင်ယာလက်စက်များ တပ်ဆင်ထားရန် အစိုးရတိုင်းက ဥပဒေပြုခဲ့လေသည်။

မာကိုနီသည် ထိုမျှနှင့် အားမရသေးဘဲ တိုးတက်ကြံ စည်ပြန်ရာ ၁၉၂၂ ခုနှစ်တွင် ဝိုင်ယာလက်လှိုင်းများကို အရပ် လေးမျက်နှာသို့ ပျံ့လွင့်စေမည့်အစား အလိုရှိသည့် အရပ်မျက်နှာတစ်ဖက်တည်းသို့ လွှင့်ပေးနိုင်သည့် နည်းကို တွေ့ရှိပြန်သည်။ ဤနည်းကို အတန်းလိုက် လှိုင်းလွှင့်နည်းဟုခေါ်၍ ကမ္ဘာအရပ်ရပ်ရှိ ဝိုင်ယာလက် အချက်ပြသတင်းပို့ရေး လုပ်ငန်းတွင် ယခုအခါ ဤနည်းကိုပင် အဓိက အသုံးချလျက်ရှိ ကြသည်။ ဤနည်းကို အခြေခံပြု၍ နှင်းတောထဲ၌ မိနေသော သင်္ဘောများအား လမ်းပြပေး နိုင်သည့် နည်းကိုလည် မာကိုနီသည် တီထွင်ခဲ့လေသည်။

ဝိုင်ယာလက်ဖြင့် အချက်ပြ သတင်းပို့သည့် နည်းမှာ အချက်ပြ ကြေးနန်းရိုက်နည်းတစ်မျိုးပင်ဖြစ်ရာ ဆာအမ် ဗရိုဖလင်းမင်း တီထွင်သော ပလာပြွန်တစ်မျိုးကြောင့် နောင်သော်စကားပြော ကြေးနန်းကဲ့သို့ ဝိုင်ယာလက်ဖြင့် စကားပြောနိုင်သည့်အဆင့်သို့ တိုးတက်လာပြန်သည်။ ထိုမှတစ်ဆင့် ယခုအခါ ကမ္ဘာအရပ်ရပ်၌ နားသောတဆင်နေကြ သော ရေဒီယိုများ ပေါက်ဖွားလာခြင်းပင် ဖြစ်သည်။ မာကိုနီသည် အချက်ပြ ဝိုင်ယာလက် အတွက်သာမက စကားပြော ဝိုင်ယာလက်အတွက်လည်း တိုးတက်အသုံးချနိုင်သည့် နည်းအမျိုးမျိုးကို ကြံစည်တီထွင်ပေးခဲ့သေး၍ ၁၉ဝ၉ ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုကြီးဖြင့်ချီးမြေ|ာက်ခြင်းခံခဲ့ရလေသည်။

ထိုနှစ်မှာပင် အီတလီဘုရင်ကြီးက သူ့အား အထက်လွှတ်တော် အမတ်အဖြစ် ခန့်အပ်ခဲ့ပြန်သည်။ ၁၉၁၂ ခုနှစ်တွင် မာကိုနီသည် မော်တော်ကားတိုက်မိ၍ မျက်စိတစ်ဖက် ချွတ်ယွင်းသွားသည်။ သို့သော် သူသည်ရွက်လှေစီး ခြင်း၊ အမဲလိုက်ခြင်း၊ မော်တော်ကားမောင်းခြင်း၊ စက်ဘီးစီးခြင်း စသော မိမိဝါသနာပါသည့် အလုပ်များကိုမူ လက်မလွှတ်ခဲ့ပေ။ ပထမကမ္ဘာစစ်ကြီးအတွင်းက သူသည် အီတာလျံ ကုန်းတပ်ရေတပ်တို့တွင် ပါဝင်အမှုထမ်းရွက်ခဲ့၍ ၁၉၁၉ ခုနှစ်တွင် ပါရစ်မြို့၌ ကျင်းပသော ငြိမ်းချမ်းရေး ကွန်ဖရင့်သို့ အီတလီနိုင်ငံ၏ ကိုယ်စားလှယ်တော်အဖြစ်ဖြင့် တက်ရောက်ခဲ့၏။ ၁၉၂၉ ခုနှစ်၌ မားကွစ်ဘွဲ့ဖြင့် ချီးမြှင့်ခြင်းခံရပြန်လေသည်။

ကမ္ဘာ့အံ့ဖွယ်တစ်ရပ်အနေနှင့်သာမက တစ်ကမ္ဘာ လုံးအကျိုးရှိရေးအတွက် အမျိုးမျိုးအသုံးချနိုင်သော ဝိုင်ယာလက်စက်ကို တီထွင်ပေးခဲ့သည့် ဤကမ္ဘာကျော် သိပ္ပံကဝိကြီးသည် ၁၉၃၇ ခုနှစ်၌ ကွယ်လွန်လေသည်။[၁] လူချမ်းသာတို့ ထုံးစံအတိုင်း သားဖြစ်သူကို အိမ်၌ပင် ဆရာပင့်၍ ပညာသင်ကြားစေသည်။ အသက် ၂ဝအရွယ် ၁၈၉၄ရောက်လျှင် ယခင်နှစ်အတန်ကြာက ဟိန်းရစ်ဟော့ဇ်ဆိုသူ၏ စမ်းသပ်ချက်များကို ဖတ်ရှုမိခဲ့ရာမှ အလင်း၏အမြန်နှုံးအတိုင်း လေထုထဲရှိ လျှပ်စစ်သံလိုက်လှိုင်းများ ပျံနှံနိုင်ကြောင်းကို သိရှိခဲ့ရသည်။ ထိုကြောင့်ပင် ဝိုင်ယာကြိုးမပါဘဲ တစ်နေရာမှ အဝေးတစ်နေရာသို့ သင်္ကေတစနစ်ဖြင့် အကြောင်းအချက်များ ပေးပို့နိုင်တော့မည်ဟု စိတ်ကူးရလာပြီး စမ်းသပ်တီထွင်ရန် ကြိုးပမ်းလာသည်။

တစ်နှစ်ခန့်အကြာ ၁၈၉၅တွင် မာကိုနီအနေဖြင့် လက်တွေ့အသုံးပြုနိုင်သည့် ကြိုးမဲ့ကြေးနန်းစနစ်ကို အကောင်အထည် ဖော်နိုင်ပြီဖြစ်ကာ ၁၈၉၆တွင် အင်္ဂလန်၌ လက်တွေ့ပြနိုင်သဖြင့် မူပိုင်ခွင့်အား အများက အသိအမှတ်ပြုခဲ့ရသည်။ ထိုမှ ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ကာ ၁၈၉၈တွင် သူ၏ မာကိုနီဂရမ်အား ထုတ်လွှင့်ခဲ့သည်။ နောက်တစ်နှစ်တွင် အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ကာ သတင်းပို့သည်။ ၁၉၀ဝပြည့်နှစ်တွင် တရားဝင်မူပိုင်ခွင့်ရသည်။ ၁၉၀၁တွင် အတ္တလန်တစ် သမုဒ္ဒရာအား ဖြတ်ကျော်ကာ အင်္ဂလန်မှ နယူးပါင်လင်သို့ သတင်းပို့သည်။ ၁၉၀၉ခုနှစ်တွင် အက်စ်အက်စ်ရီပါပလီကန် သင်္ဘောနှစ်မြုပ်ရာ ရေဒီယိုဖြင့် သတင်းပေးပို့နိုင်သည့်အကျိုးကြောင့် လူခြောက်ယောက်သာ သေဆုံးခဲ့ရပြီး ကျန်သူများကို ကယ်တင်နိုင်ခဲ့သည်။ ထို့ကြောင့် ထိုနှစ်အတွက် နိုဘယ်ဆု ချီးမြှင့်ခံရသူများစာရင်းတွင် ပါဝင်ခဲ့သည်။

နောက်တစ်နှစ်အကြာတွင် မိုင်ပေါင်း ခြောက်သောင်းကျော်ကွာဝေးသည့် အိုင်ယာလန် မှ အာဂျင်တီးနားသို့ အောင်မြင်စွာ သတင်းများပေးပို့နိုင်ခဲ့သည်။ အစပိုင်းတွင် မော့စ်ကုဒ် ခေါ် လျှို့ဝှက်သင်္ကေတများ အသုံးပြုကာ သတင်းများပေးပို့ခဲ့ခြင်း ဖြစ်သော်လည်း ၁၉၀၆အရောက်တွင် အသံဖြင့် သတင်းပေးပို့ခြင်းကို စတင်နိုင်ခဲ့သည်။ ထိုသို့ အသံလွှင့်ခြင်းကို စီးပွားဖြစ်အနေဖြင့် ထုတ်လွှင့်သည်ကို ၁၉၂ဝကျော်တွင် စတင်သည်။

အောင်မြင်မှုကြောင့် မူပိုင်ခွင့်အတွက် တရားရုံးတက်ငြင်းခုန်ကြသော်လည်း ၁၉၁၄တွင် မာကိုနီသာ ဦးစွာတီထွင်သူ ဟုဆုံးဖြတ်ပေးသဖြင့် နောင်တွင် ငြင်းခုန်ရခြင်း မရှိတော့ပေ။ ဘဝနောက်ပိုင်းကာလများအတွင် လှိုင်းတိုနှင့် မိုက်ခရိုလှိုင်းများ၏ အရေးပါပုံများကို သုသေတနပြုခဲ့သည်။ ၁၉၃၇ခုနှစ်တွင် မာကိုနီတစ်ယောက် ရောမမြို့၌ ကွယ်လွန်ခဲ့သည်။[၂]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)
  2. ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း