ခန္တီ

ဝီကီပီးဒီးယား မှ

ခန္တီပါရမီ (သင်္သကရိုက် kṣānti) သို့မဟုတ် khanti (ပါဠိ) သည် စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း ဖြစ်သည်။[၁] ခန္တီသည် ထေရဝါဒနှင့် မဟာယာန ဗုဒ္ဓဘာသာ နှစ်မျိုးစလုံးရှိ ပါရမီဆယ်ပါးတွင် တစ်ခု အပါအဝင် ဖြစ်သည်။

  • [၂] (က) နှစ်သက်တတ်–မြင်စွမ်းနိုင်-သောဉာဏ် (အနုလောမိကခန္တိ)။ [၃]
  • (ခ) နှစ်သက်ခြင်း၊ လက်ခံကျေနပ်ခြင်း (ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ)။ [၄]
  • (ဂ) အလို၊ အယူအဆ။ ခန္တီ ပရမံ တပေါ တိတိက္ခာ။ [၅][၆] [၇]

အဓိဝါသနခန္တိ[ပြင်ဆင်ရန်]

(သူတစ်ပါး၏ မကောင်းပြုမှု ပြောဆိုမှုများကို ဆန့်ကျင်ဖက်မပြုပဲ သည်းခံနေခြင်းသည် အဓိဝါသနခန္တိမည်၏။ (အဓိ = မိမိအပေါ်၌၊ ဝါသန = နေစေခြင်း။) သူတစ်ပါး၏ ဆဲရေး ရိုက်ပုတ်မှု စသည်ကြောင့် ပြန်လှန်ဆဲရေး ရိုက်ပုတ်လျှင် ထိုအမှုသည် မိမိအပေါ်၌ လက်မခံ ပယ်လှန်ပစ်သည် မည်၏၊ ပြန်လှန် ဆဲရေးရိုက်ပုတ်မှုမပြုပဲ သည်းခံနေလျှင် ထိုဆဲ ရေးမှုကို မိမိအပေါ်၌ နေစေသည် မည်၏။) တရားကိုယ်မှာ အဒေါသ ပြဓာန်းသော ကုသိုလ်စိတ္တုပ္ပါဒ်ဖြစ်သည်။ ဧကေ ဆရာများက ပညာဟုဆိုကြသေး၏ [၈]

ထို့အပြင် အချမ်း အပူစသော ရာသီဥတုကို သည်းခံနိုင်မှုသည်လည်း အဓိဝါသနခန္တိပင် မည်၏၊ အချို့သူများသည် အချမ်းအပူကို သည်းမခံတတ်ကြ၊ အေးလွန်းပြန်လျှင်လည်း အေးမှုရာသီ ဥတုကို အကြောင်းပြု၍” “အေးနိုင်ရန် ကော”ဟု ဒေါသဖြစ်တတ်ကြ၏။ ပူလွန်းပြန် လျှင်လည်း ပူမှုရာသီဥတုကို အကြောင်းပြု၍ “ပူနိုင်ရန်ကော”ဟု ဒေါသဖြစ်တတ်ကြသည်။ အအေးအပူကြောင့် ဒေါသမဖြစ်ပဲ အေးချိန်မို့ အေးတာပဲ၊ ပူချိန်မို့ ပူတာပဲ”ဟု နှလုံးသွင်း၍ ပူမှုအေးမှုကိုလည်း သည်းခံနိုင်ခြင်းသည် အဓိဝါသနခန္တိမည်၏ [၉]

အဓိဝါသနခန္တီနှင့် ပြည့်စုံ သူသည် ဣဋ္ဌာရုံ, အနိဋ္ဌာရုံ၌ ညီမျှသောစိတ် ရှိ၏။ ဣဋ္ဌာရုံ (ကောင်းသောအာရုံ) နှင့် တွေ့ကြုံသော်လည်း ဝမ်းမသာ၊ အနိဋ္ဌာရုံ (မကောင်းသောအာရုံ)နှင့် ဆုံမိသော်လည်း ဝမ်းမနည်း [၁၀]

အက္ကောသဝတ္ထု ၁၀-မျိုးဖြင့် ဆဲရေးသူ၌လည်း မကြားယောင်ပြု၍ သည်းခံတတ်၏။ ရိုက်နှက်ပုတ်ခတ် သတ်ဖြတ်ညှဉ်းဆဲ သူ၌လည်း မမြင်သကဲ့သို့ပြု၍ သည်းခံတတ်၏ [၁၁]လာ ခန္တီဝါဒီဇာတ်-ကြည့်)။ [၇]

အကောင်းမြင်သူ[ပြင်ဆင်ရန်]

ခန္တီတရားနှင့် ပြည့်စုံသူသည် အကောင်းကိုသာ နှလုံးသွင်းတတ်၏၊ အကောင်းကိုသာ မြင်တတ်၏၊ အဆိုးကို မကြည့်တတ်၊ မမြင် တတ်၊ မိမိကိုဆဲရေးလာလျှင် “မရိုက်တော် သေးတာပေါ့”၊ ရိုက်ပြန်လျှင် “မသတ်တော် သေးတာပေါ့”ဟု အကောင်းဖက်ကိုသာ နှလုံးသွင်းတတ်သည်၊ မြင်တတ်သည် [၁၂] လာ ပုဏ္ဏောဝါဒသုတ်-ကြည့်)။

အယုတ်, အလတ်, အမြတ် ပုဂ္ဂိုလ်တို့၏ ကြမ်းကြုတ်သောစကားကို သည်းခံနိုင်ခြင်းကို ရှေးပညာရှိများ ချီးကျူးကြသည် [၁၃])။ [၇]

သည်းခံခြင်းသည် အမြတ်ဆုံး[ပြင်ဆင်ရန်]

အားရှိသူ ဖြစ်ပါလျက် အားနည်းသူအား သည်းခံမှုကိုသာ အမြတ်ဆုံးခန္တီဟု ဆိုရသည်၊ အားနည်းသူကား အမြဲတမ်းသည်းခံတတ်သည်သာ၊ စိတ်ဆိုးအမျက်ထွက်သူအပေါ်၌ ပြန်၍ စိတ်ဆိုးသူသည် ယုတ်ညံ့သူသာဖြစ်၏၊ ပြန်၍စိတ် မဆိုးအမျက်မထွက်သူကိုသာလျှင် စစ်မှန်သော “အောင်ပွဲရသူ”ဟု ဆိုရသည်၊ သူတစ်ပါး၏ စိတ်ဆိုးအမျက်ထွက်မှုကို ပြန်၍စိတ်မဆိုး အမျက်မထွက်ပဲ သည်းခံနေသူသည် “မိမိသူတ ပါး နှစ်ဦးသား၏ အကျိုးကိုကျင့်သူ” ပင်ဖြစ်၏၊ ကိုယ်ကျိုးဟူသမျှတွင် သည်းခံခြင်းထက် သာလွန်သောအကျိုးဟူ၍မရှိ [၁၄]

သည်းခံမှုအားအစွမ်းနှင့် ပြည့်စုံသူအဖို့ သည်းမခံနိုင်သောအရာ မည်သည်မရှိ၊ အရာရာ သည်းခံနိုင်သည်သာ[၁၅]

ဆဲရေး မှုသတ်ပုတ် ညှဉ်းဆဲမှုနှောင်ဖွဲ့မှုကို သည်းခံတတ်သူကိုသာ “ဗြာဟ္မဏ”ဟုဆို၏ [၁၆][၇]

မြေကြီးနှင့် တူသောသူ[ပြင်ဆင်ရန်]

မြေကြီးသည် မိမိအပေါ်၌ ပစ်ချလာ ကျရောက်လာသော အကောင်း အဆိုးနှစ်မျိုးကို အမျက်လည်းမထား၊ ဝမ်းသာမှုလည်းမပြု၊ လျစ်လျူရှု၍ သည်းခံသကဲ့သို့ ခန္တီပါရမီကို ဖြည့်ကျင့်သူသည်လည်း သူတစ်ပါး၏ ချီးမွမ်းမှု, ကဲ့ရဲ့မှု, မြတ်နိုးမှု, မလိုမုန်းထားမှုများကို ရွှင်လန်း ညှိုးငယ် နှစ်သွယ်စပ်ကြား ချိန်အလားသို့ အဒေါသ စိတ်ထားဖြင့် သည်းခံနေရမည် [၁၇]

ကြီးမားသည့် တာဝန်များကို မငြီးမငြူပဲ ခံနိုင်ရည်ရှိမှု အားထုတ်သည်းခံမှု (ဝီရိယ)ကိုလည်း ခန္တီဟု သုံးနှုန်းသေး၏ [၁၈] [၇]

ခန္တီ အတု[ပြင်ဆင်ရန်]

အလုပ်တစ်ခုကို မိမိလက်အောက်ငယ်သားများအား စေခိုင်းထားရာ စေခိုင်းခံရ သူက ဉာဏ်မှီသလောက် အကောင်းဆုံးဖြစ် အောင် စီမံပြုလုပ်ထားသော်လည်း စေခိုင်းသူအဖို့ မိမိရည်မှန်းသည့်အတိုင်း ဖြစ်မလာပါက (မိမိစိတ်တိုင်းမကျပါက) အမျက်ဒေါသ ထွက်တတ်သေး၏၊ ထိုအခါမျိုး၌ အောက်လက် ငယ်သားများအပေါ် အမျက်မထွက်အောင် ချုပ်တည်းမှုကား သည်းခံမှုခန္တီ ဟုတ်၊ အမျက်မထွက်မှု = အက္ကောဓသာ ဖြစ်သည်။ [၇]

ခန္တီပါဝင်သော တရားစုများ[ပြင်ဆင်ရန်]

ခန္တီတရားလက်ကိုင်ထားဖို့မှာ အရေးကြီးလှ၏၊ ထို့ကြောင့် ခန္တီတရားကို အား ၈-ပါးတွင် တစ်ပါးအဖြစ်၎င်း [၁၉]

မင်းကျင့်တရား ၁၀-ပါးတွင် တစ်ပါးအဖြစ်၎င်း [၂၀]

မင်္ဂလာတရား ၃၈-ပါးတွင် တစ်ပါးအဖြစ်၎င်း [၂၁] ဟောတော်မူသည်။ [၇]

လက္ခဏာ, ရသစသည်[ပြင်ဆင်ရန်]

  • ခန္တီတရားသည် သည်းခံခြင်းဟူသော ထူးခြားသော အမှတ်အသား ဂုဏ်ထူးဝိသေသ ရှိသည်။
  • ဣဋ္ဌာရုံ (ကောင်းသောအာရုံ) နှင့် တွေ့ကြုံသော်လည်း စိတ်မတက်၊ အနိဋ္ဌာရုံ (မကောင်းသောအာရုံ) နှင့် ဆုံမိသော်လည်း စိတ်မပျက်၊ အမျက်မထန် ကြံ့ကြံ့ ခံနိုင်ခြင်း ကိစ္စရှိသည်။
  • သည်းခံတတ်သော သဘောဟု ဉာဏ်အားရှေးရှု ထင်သောအခြင်းအရာ ရှိသည်။
  • ဆန့်ကျင်ဘက် မပြုခြင်းဟူသော ကျိုးရှိသည်။ ဟုတ်တိုင်းမှန်စွာ ရှုမြင်ခြင်းဟူသော နီးသောအကြောင်းရှိသည် [၂၂][၇]

အနုလောမိက ခန္တီ[ပြင်ဆင်ရန်]

လောကီလောကုတ္တရာ အစီးအပွါးအားလျော်သော လောကီလောကုတ္တရာ စီးပွါး ချမ်းသာဖြစ်ပေါ် အောင် ကြံဆတွေးတောနိုင်သော ပညာကို “အနုလောမိကခန္တီ”ဟု ခေါ်သည်။ အနုလောမိကခန္တိသည် ၅-ဌာန၌ ဖြစ်သည်။ ယင်းတို့ကား—

  • ၁။ ကမ္မာယတန၊
  • ၂-သိပ္ပါယတန၊
  • ၃-ဝိဇ္ဇာဌာန၊
  • ၄-ကမ္မဿကတာ၊
  • ၅-သစ္စာနုလောမိကတို့ ဖြစ်သည်။ [၇]

မိမိဉာဏ်စွမ်းဖြင့် တီထွင်ကြ ဆလုပ်ဆောင်နိုင်မှုပညာ[ပြင်ဆင်ရန်]

ထိုတွင်— ၁-ကမ္မာယတနဟူသည် လက် သမားအလုပ် မိလ္လာသိမ်းအလုပ် စသော ယုတ်ညံ့သော အလုပ်များနှင့် ကုန်သွယ်လယ် လုပ်စသော မြင့်မြတ်သော အလုပ်များဖြစ်သည်။ ထိုအလုပ်များကို မြင်ဆရာ သင်ဆရာ ကြားဆရာမရှိပဲ မိမိဉာဏ်စွမ်းဖြင့် တီထွင်ကြ ဆလုပ်ဆောင်နိုင်မှုပညာသည် အနုလောမိက ခန္တိမည်၏။

ကျူထရံသည်အတတ်, ယက်ကန်းသည် အတတ်စသော ယုတ်ညံ့သော အတတ်များ နှင့် ဂဏန်းအတတ်စသော မြင့်မြတ်သော အတတ်များကို သိပ္ပါယတနဟု ခေါ်သည်၊ ယင်းအတတ်များကို သူတစ်ပါးထံမှ နည်းခံမှု မရှိပဲ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်ကြံဆလုပ် ဆောင်နိုင်မှု ပညာသည် အနုလောမိကခန္တိ မည်၏။

ဝိဇ္ဇာဌာနဟူသည် မြွေဆိပ်ချမန္တ အတတ်စသော ဓမ္မိကအတတ်ပညာများဖြစ်သည်၊ ယင်းအတတ်ပညာများကို သူတစ်ပါး ထံမှ နည်းခံသင်ယူမှုမရှိပဲ မိမိကိုယ်ပိုင်ဉာဏ်ဖြင့် ကြံဆလုပ်ဆောင်နိုင်မှုပညာသည် ဝိဇ္ဇာ ဌာန အားလျော်သော အနုလောမိကခန္တိ မည်၏။

သူတစ်ပါး ဟောကြားချက်ကြောင့်မဟုတ်ပဲ “ကုသိုလ်ကံသည် သတ္တဝါများ၏ ကိုယ်ပိုင်ဥစ္စာဖြစ်သည်၊ အကုသိုလ်ကံသည် ကိုယ် ပိုင်ဥစ္စာမဟုတ်”ဟု ကိုယ်ပိုင်ဉာဏ်ဖြင့်ထိုးထွင်း သိမှုသည် ကမ္မဿကတာ အားလျော်သော အနုလောမိကခန္တိမည်၏။

လက္ခဏာရေးသုံးပါးကို သူတစ်ပါးထံမှ နာခံမှတ်သားနည်းယူမှု မရှိပဲ ကိုယ်ပိုင်ဉာဏ်ဖြင့် ထိုးထွင်းသိမှုပညာသည် လောကုတ္တရာအကျိုးစီးပွါး (= မဂ္ဂသစ္စာနှင့် ပရမတ္ထသစ္စာဖြစ်သောနိဗ္ဗာန်)အားလျော်သော အနုလောမိကခန္တိ”မည်၏။ [၇]

လောကုတ္တရာ အကျိုးစီးပွါး အားလျော်သော အနုလောမိကခန္တိ[ပြင်ဆင်ရန်]

လောကုတ္တရာ အကျိုးစီးပွါး အားလျော်သော အနုလောမိကခန္တိသည်—

  • ၁-မုဒုကာနုလောမိကခန္တိဉာဏ်၊
  • ၂-မဇ္ဈိမာနုလောမိက-ခန္တိဉာဏ်၊
  • ၃-တိတိက္ခာနုလောမိကခန္တိဉာဏ်ဟု အနုအလတ်အရင့်အားဖြင့် ၃-မျိုးပြားသည်။

ထိုတွင် သမ္မသနဉာဏ်နှင့် ဥဒယဗ္ဗယဉာဏ်သည် မုဒုကာနုလောမိကခန္တိဉာဏ် မည်၏။

ဘင်္ဂဉာဏ်မှ သင်္ခါရုပေက္ခာဉာဏ် တိုင်အောင် ဉာဏ် ၇-ပါးသည်မဇ္ဈိမာနုလောမိကခန္တိဉာဏ် မည်၏။

အနုလောမဉာဏ်သည် တိတိက္ခာရနုလောမိကခန္တိဉာဏ် မည်၏ [၂၃][၇]

အနုလောမိကခန္တီ ဖြစ်နိုင်သူများ[ပြင်ဆင်ရန်]

ယင်းငါးမျိုးစလုံး သာမန်ပုဂ္ဂိုလ်များအား ဖြစ်နိုင်သည်မဟုတ်၊ ထင်ရှားကျော် ကြားသော အလောင်းတော်များ၌သာ ဖြစ်နိုင်သည်၊ လောကုတ္တရာအားလျော်သော အနုလောမိကခန္တိ (သစ္စာနုလောမိကခန္တိ)သည် ဘုရားလောင်းနှင့် ပစ္စေကဗုဒ္ဓါလောင်း တို့အားသာ ဖြစ်နိုင်သည်။ ကျန် ၄-မျိုးကား ပါရမီဖြည့်ပြီးသော ပညာကျော်တို့အားဖြစ်နိုင်ကြသည် [၂၄][၇]

ဓမ္မနိဇ္ဈာနက္ခန္တိ[ပြင်ဆင်ရန်]

တရားသဘောကို အမှန်တိုင်းစူးစိုက်ကြည့် ရှုနိုင်စွမ်းသည့်ဉာဏ်ကို ဓမ္မနိဇ္ဈာနက္ခန္တိဟုခေါ်သည်၊ ယင်းဓမ္မနိဇ္ဈာနက္ခန္တိတရား လက်ကိုင် မရှိပဲလျက် သူတစ်ပါးအကျိုးကို အားထုတ် ဆောင်ရွက်ပေးရလျှင် ထိုသူထံမှ ကျေးဇူး တုံ့ပြန်မှုကို လိုလားသည့် လောဘဖြစ်တတ်ကြ၏၊ ဓမ္မနိဇ္ဈာနက္ခန္တိတရား လက်ကိုင်ထားနိုင်မှသာ ကျေးဇူးတုံ့ပြန်မှုကို မလိုလား မငဲ့ ကွက်ပဲ သူတစ်ပါး အကျိုးကျေးဇူးကို ဆောင်ရွက်ပြုလုပ်နိုင်သည်။ ဝီရိယလွန်သော် ဥဒ္ဓစ္စ ဖြစ်တတ်၏၊ ယင်းဥဒ္ဓစ္စအဖြစ်ကို ဓမ္မနိဇ္ဈာနက္ခန္တိကသာ ပယ်နိုင်သည်[၂၅][၇]

ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ[ပြင်ဆင်ရန်]

ဉာဏ်ဖြင့်၎င်း မိမိ၏မိရိုးဖလာ အယူဝါဒဖြင့်လည်းကောင်း, အဖန်ဖန် စူးစမ်း ဆင်ခြင်၍ “ဤကား အမှန်ပင်တည်း”ဟု သန္နိဋ္ဌာန်ချမှု နှစ်သက်လက်ခံ ကျေနပ်မှုမျိုးကို ဒိဋ္ဌိနိဇ္ဈာနက္ခန္တိဟု ခေါ်သည် [၂၆] [၇]

ခန္တီအမျိုးမျိုး[ပြင်ဆင်ရန်]

ထို့ပြင်...

  • နေက္ခမ္မခန္တိ = နေက္ခမ္မကို နှစ်သက်ခြင်း။
  • အဗျာပါဒခန္တိ = အဗျာပါဒကိုနှစ်သက်ခြင်း။
  • အဝိက္ခေပခန္တိ = မပြန့်လွှင့်ခြင်းကို နှစ်သက်ခြင်း။
  • ဓမ္မဝဝတ္ထာနခန္တိ = ဓမ္မဝဝတ္ထာန်ကို နှစ်သက်ခြင်း။
  • ဉာဏခန္တိ = ဉာဏ်ကို နှစ်သက်ခြင်း။
  • ပါမောဇ္ဇခန္တိ = ဝမ်းမြောက်ခြင်းကိုနှစ်သက်ခြင်း၊
  • ပဌမဇ္ဈာနခန္တိ = ပဌမဈာန်ကိုနှစ်သက်ခြင်း။
  • အရဟတ္တမဂ္ဂခန္တိ = အရဟတ္တမဂ်ကို နှစ်သက်ခြင်း စသည်ဖြင့် ခန္တီအမျိုးပေါင်း များစွာ ရှိသေး၏ [၂၇]။ (အကျယ်ကို မဟာဗုဒ္ဓဝင် ပ-တွဲ ပဌမပိုင်း အနုဒီပနီခန်း၌၎င်း၊ ဒုတိယပိုင်း ၁၁၅-၆၊ ၁၂၇၊ ၁၆၂-၈။ ၁၈၀-၄-တို့၌၎င်း ကြည့်။) [၇]

ကိုးကား[ပြင်ဆင်ရန်]

  1. Rhys Davids & Stede (1921-25), p. 232, entry for "Khanti & Khantī" (retrieved 3 Jul 2007).
  2. ခန္တိ (ထီ) [ခမု+တိ။ ခမနံ သဟနံ ခန္တိ၊ တိ၊ ဓာန်၊ဋီ၊၁၆၁။ (က္ခာန္တိ-သံ)] သည်းခံခြင်း၊ သည်းခံတတ်သော တရား (အဓိဝါသန-ခန္တိ)။
  3. (က) ယံ ဧဝရူပိံ အနုလောမိကံ ခန္တိံ ဒိဋ္ဌိံ ရုစိံ...ပဋိလဘတိ။ အဘိ၊ဝိ၊၃၃၇။ ဒီ၊ဋ္ဌ၊၃၊၁၁၄။ ဝိသုဒ္ဓိ၊၁၊၆၉။ (သံ၊၁၊၂၇။ ပဋိသံ၊၁၁၈၊ ၄၁၀။) ခန္တိန္တိအာဒီနိ သဗ္ဗာနိ ပညာဝေဝစနာနေဝ... သဗ္ဗာနိပိ ဧတာနိ ကာရဏာနိ ခမတိ သဟတိ ဒဋ္ဌုံ သက္ကောတီတိ ခန္တိ။ အဘိ၊ဋ္ဌ၊၂၊၃၉၄။ အနုလောမိကာယ ခန္တိယာတိ ဧတ္ထ ဝိပဿနာဉာဏမေဝ...
    • သဗ္ဗသင်္ခါရာ တဿ အနိစ္စတော ဒုက္ခတော အနတ္တတော ခမန္တိ ရုစ္စန္တီတိ ခန္တိ။ ပဋိသံ၊ဋ္ဌ၊၂၊၃၁၅။ (ဒီ၊ဋီ၊၃၊၂၁၀။ သံ၊ဋီ၊၁၊၁၁၇။ ဝိသုဒ္ဓိ၊ဋီ၊၂၊၇၉။) မူလဋီ၊၂၊၂၀၂။ အနုဋီ၊၂၊၂၀၃-တို့၌ နိဇ္ဈာနခမနံဟု၎င်း သမတ္ထတံ-ဟု၎င်း ဖွင့်ဆိုထားသဖြင့် ယင်းတို့အလို “စွမ်းနိုင်ခြင်း”ဟု ပြန်ဆိုနိုင်ပါသည်။ သို့ရာတွင် အဘိ၊ဋ္ဌ၊၂၊၃၉၄-၌ ဒဋ္ဌုံ သက္ကောတိ-ဟု ဖွင့်ဆိုထားသဖြင့် ယင်းအဋ္ဌကထာအတိုင်း ပြန်ဆိုထားသည်။
  4. (ခ) ဧဝံ ပရေသံ အဇ္ဈာသယံ ခန္တိံ မနံ။ ဒီ၊ဋ္ဌ၊၁၊၅၁။ မ၊ဋ္ဌ၊၁၊၁၇။ (အဘိ၊ဝိ၊၂၅၄။ ပဋိသံ၊၁၇၄။ ဒီ၊ဋ္ဌ၊၁၊၃၁၀။) ခန္တိန္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိံ။ သီ၊ဋီ၊သစ်၊၁၊၂၁၉။ မ၊ဋီ၊၁၊၅၅။ (သီ၊ဋီ၊သစ်၊၂၊၃၈၈။ ပရမတ္ထဒီပနီ၊၁၆၄။)
  5. ဒီ၊၂၊၄၂။ ဓမ္မ၊၄၁။ ဝိ၊ဋ္ဌ၊၁၊၁၅၄။ ဝိသုဒ္ဓိ၊၁၊၂၈၇။ (ဒီ၊၃၊၁၇၉။ သံ၊၁၊၁၀၁။ သံ၊၃၊၁၄၇။ အံ၊၁၊၉၃၊ ၄၂၈။ အံ၊၂၊၂၁၇။ အဘိ၊ဓ၊၁၅၊ ၂၆၀။ ခုဒ္ဒက၊၄။ သုတ္တနိ၊၃၂၃။ ဇာ၊၁၊၆၆။ ဇာ၊၂၊၉၇၊ ၁၇၁။ ဒီ၊ဋ္ဌ၊၂၊၆၉။) ပရူပဝါဒံ ပရာပကာရံ သီတုဏှာဒိဘေဒဉ္စ ဂုဏောပရောဓံ ခမတိ သဟတိ အဓိဝါသေတိတိ ခန္တိ။ သာရတ္ထ၊၁၊၄၄၁။ ခန္တီတိ စ ဣဓ အဓိဝါသနခန္တိ အဓိပ္ပေတာ။ ဝိသုဒ္ဓိ၊ဋီ၊၁၊၃၅၀။ (ဒီ၊ဋ္ဌ၊၃၊၁၆၃။ သံ၊ဋ္ဌ၊၁၊၁၅၂။ သံ၊ဋ္ဌ၊၃၊၂၅၉။ အံ၊ဋ္ဌ၊၂၊၆၂၊ ၃၂၉။ အံ၊ဋ္ဌ၊၃၊၇၆။ ခုဒ္ဒက၊ဋ္ဌ၊၁၂၅။ ဓမ္မ၊ဋ္ဌ၊၂၊၁၅၄။ သုတ္တနိ၊ဋ္ဌ၊၂၊၅၂။ ဇာ၊ဋ္ဌ၊၂၊၂၁၇။ ဇာ၊ဋ္ဌ၊၅၊၄၀၃။ ဇာ၊ဋ္ဌ၊၆၊၇၂။ ဒီ၊ဋီ၊၂၊၇၄။)
  6. (ဂ) ဣမသ္မိံ အတ္ထေ ဓမ္မောတိ အမှာကံ ခန္တိ။ ခုဒ္ဒက၊ဋ္ဌ၊၁၀။ (ဝဇိရ၊၁၁၅၊ ၁၂၁၊ ၁၃၃။ သာရတ္ထ၊၁၊၁၆၊ ၂၄။ ဝိမတိ၊၁၊၁၈၀။)
  7. ၇.၀၀ ၇.၀၁ ၇.၀၂ ၇.၀၃ ၇.၀၄ ၇.၀၅ ၇.၀၆ ၇.၀၇ ၇.၀၈ ၇.၀၉ ၇.၁၀ ၇.၁၁ ၇.၁၂ ၇.၁၃ ၇.၁၄ တိပိဋကအဘိဓာန် အတွဲ-၆
  8. (မ၊ဋီ၊၁၊၆၃။ အံ၊ဋီ၊၃၊၇၆။ မူလဋီ၊၁၊၁၆၂)
  9. (သာရတ္ထ၊၁၊၄၄၁။ ဒီ၊ဋီ၊၂၊၇၄)
  10. (ဝိ၊ဋ္ဌ၊၂၊၁၈၈။ သာရတ္ထ၊၂၊၃၅၉)။
  11. (ဇာ၊ဋ္ဌ၊၁၊၉၉။ ဇာ၊ဋ္ဌ၊၃၊၃၇-၄၀-
  12. (မ၊၃၊၃၁၂-၃
  13. (ဇာ၊၂၊၇။ ဇာ၊ဋ္ဌ၊၅၊၁၄၈။
  14. (သံ၊၁၊၂၂၃-၄)
  15. (ဥဒါန၊ဋ္ဌ၊၂၃၈)။
  16. (ဓမ္မ၊၇၀။ ခုဒ္ဒက၊ဋ္ဌ၊၁၂၅)
  17. (ဗုဒ္ဓဝံ၊၃၁၇။ အဘိ၊ဋ္ဌ၊၁၊၅၀)။
  18. (သံ၊ဋ္ဌ၊၁၊၃၀၅)။
  19. (အံ၊၃၊၅၈)
  20. (ဇာ၊၂၊၉၇)၊
  21. (ခုဒ္ဒက၊၄)
  22. (စရိယာ၊ဋ္ဌ၊၂၇၂)။
  23. (ပဋိသံ၊ဋ္ဌ၊၂၊၃၁၅)။
  24. (အဘိ၊ဝိ၊၃၃၇။ အဘိ၊ဋ္ဌ၊၂၊၃၉၃-၄)
  25. (စရိယာ၊ဋ္ဌ၊၂၇၁-၂)
  26. (ပရမတ္ထဒီပနီ၊၁၆၄)။
  27. (ပဋိသံ၊၃၆၅)