ခင်ယုမေ

ဝီကီပီးဒီးယား မှ

ခင်ယုမေ (၁၉၃၇−၂၀၁၄) သည် မြန်မာနိုင်ငံသား အဆိုတော်နှင့် ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။

ခင်ယုမေ
'
မွေးသက္ကရာဇ် မတ် ၁၉၃၇
အမည်ရင်း
မိဘအမည် ဦးယုဆွမ်း+ ဒေါ်ကြင်မြိုင်
မွေးဖွားရာဒေသ ရန်ကုန်မြို့
နိုင်ငံသား မြန်မာ
လူမျိုး မြန်မာတရုတ်
ကိုးကွယ်သည့်ဘာသာ ဗုဒ္ဓဘာသာ
ပညာအရည်အချင်း တက္ကသိုလ် ဝင်တန်း
အလုပ်အကိုင် အဆိုတော်၊ သရုပ်ဆောင်
ကြင်ဖော် သရုပ်ဆောင် ဦးကျော်ဆွေ
သားသမီး အောင်ကျော်မိုး (ကျော်ဆွေဆက်)
ထင်ပေါ်ကျော်ကြားမှု အဆိုတော်၊ သရုပ်ဆောင်
ထင်ရှားသည့်လက်ရာများ မေပန်းချီ သီချင်း၊ မေတ္တာ ဇာတ်ကား၊ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကား
ရရှိခဲ့သည့်ဘွဲ့တံဆိပ်များ
ကွယ်လွန်ရက် ၂၃ ဇန်နဝါရီလ ၂၀၁၄ နှစ် [၁]
ကွယ်လွန်ရာဒေသ ရန်ကုန်မြို့
လက်မှတ် [[Image:|100px]]
ကွန်ယက်


ငယ်ဘဝ[ပြင်ဆင်ရန်]

ရန်ကုန်မြို့နေ အဖ ဦးယုစွမ်၊ အမိ ဒေါ်ကြင်မြိုင် (ကျင်မြို့ [၂]) တို့မှ ၁၉၃၇ ခု မတ်လ (၂၃) ရက်နေ့တွင် မွေးသည်။ မွေးချင်းနှစ်ယောက် အနက် သမီးကြီး ဖြစ်ပြီး ညီမငယ် ခင်ခင်အုန်းမှာလည်း အဆိုတော်ဖြစ်သည်။ အမည်ရင်းမှာ မေ ဖြစ်ပြီး ငယ်အမည် ဘိဝှါ တွင်သည်။

၁၉၅၁ ခုနှစ်မှာ စိန့်ဖရန် ကွန်ဗင့်ကျောင်းနဲ့ ၁၉၅၅ မှာ ရန်ကုန်မြို့ နိုင်ငံတော် မိန်းကလေးများ အထက်တန်းကျောင်းတို့မှာ တက္ကသိုလ်ဝင်တန်း အထိ ပညာ သင်ကြားခဲ့တယ်။

ဂီတ လှုပ်ရှားမှု[ပြင်ဆင်ရန်]

၁၉၅၅ခုနှစ်၊ ၈ တန်းကျောင်းသူ ဘဝကတည်းက ဂီတနယ်သို့ စတင်ရောက်ရှိသည်။ မိသားစုများနဲ့ တေးရေးဆရာမြို့မသီးတို့ ရင်းနှီးမှုကြောင့် ဂီတဗိမာန်တီးဝိုင်းနဲ့ အဲဒီကာလတုန်းက ဝင်ဒါမီယာကနေ ထုတ်လွှင့်နေတဲ့ မြန်မာ့အသံမှာ သီချင်း စဆိုခဲ့ပါတယ်။ ဆရာမြို့မသီးက မေပန်းချီ သီချင်းကို ရေးပေးပြီး အဆိုတော်အမည်ကိုလည်း မေပန်းချီ ဟု ပေးခဲ့သည်။ တေးဗိမာန် တူရိယာအဖွဲ့သို့ ရောက်သော အခါမှသာ ခင်ယုမေ အမည်ဖြင့် သီဆိုသည်။

အဲဒီတုန်းက ခုခေတ်လို တိပ်နဲ့ အသံသွင်းပြီးမှ လွှင့်ရတာမျိုး မဟုတ်ဘဲ တီးဝိုင်းနဲ့ တိုက်ရိုက်ဆိုပြီး တိုက်ရိုက် လွှင့်ထုတ်ရတဲ့ စနစ်ဖြစ်ပါတယ်။ ကာလပေါ် တီးဝိုင်း အဖွဲ့တစ်ဖွဲ့ သီဆိုလွှင့်ထုတ်တဲ့ အထဲက ပရိသတ်ကြိုက်မယ့် အဆင့်မီ သီချင်းများကိုသာ ဓာတ်ပြားရ သီချင်း အဖြစ် သတ်မှတ်ပြီး မြန်မာ့အသံမှ အကြိမ်ကြိမ် ထုတ်လွှင့်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ ခင်ယုမေ၏ ဂီတဆရာများမှာ “မြို့မသီး၊ ကိုမြကြီး၊ ကိုမျိုးလှိုင်” တို့ဖြစ်ကြသည်။ တေးဗိမာန်တူရိယာအဖွဲ့တွင် ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသီးချင်းများ သီဆိုခဲ့သည်။

ဓာတ်ပြား မရတဲ့ သီချင်းများ ကတော့ တစ်ကြိမ်နဲ့တင် ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒေါ်ခင်ယုမေ ပထမဦးဆုံး သီဆိုခဲ့တဲ့သီချင်းက မေပန်းချီ လို့ ဆိုပါတယ်။ သူကိုယ်တိုင်က ပန်းချီဆွဲတာကို ဝါသနာပါသူဖြစ်လို့ တေးရေးဆရာက မေပန်းချီ ဆိုတဲ့ သီချင်းကို ရေးပေးခဲ့တာလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။

ကျော်ကြားသောတေးများ[ပြင်ဆင်ရန်]

ခေါင်းစဉ် တေးရေး ထုတ်ဝေနှစ် မှတ်ချက်
ရိုင်းတဲ့ စင်ရော်
လူညိုယဉ်
စုံတောမြိုင်
မုန့်ဆီကြော်
မြင်းလှည်းကလေးနဲ့ တူပျော်ပျော် ကိုမျိုးလှိုင်နှင့်တွဲဆို
မေတ္တာမူပိုင်
ချိန်းတဲ့ည
တူတူရေ
အလှူ့ရှင်
အဝါရောင်ချယ်
ယိုလေးငယ် ညာသံ
ငွေကြယ်လေးများပမာ
မိုးနှမလေး နှုတ်ဆက်လွှာ
နှုတ်ဆက်လွှာ
ပျော်ပျော်ပါးပါး ရုပ်ရှင် နောက်ခံတေး
ယုန်ကလေး ရုပ်ရှင် နောက်ခံတေး
ရွှေမန်းမေ ရုပ်ရှင် နောက်ခံတေး
စကားတက္ကသိုလ် ရုပ်ရှင် နောက်ခံတေး
သက်ဆိုင်သူသို့ ရုပ်ရှင် နောက်ခံတေး

သရုပ်ဆောင် လှုပ်ရှားမှု[ပြင်ဆင်ရန်]

ခင်ယုမေ နှင့် ဖိုးပါကြီး

အသက် ၁၈၊ ၁၉ အရွယ် ၁၉၅၇-၅၈ လောက်မှာ ဒါရိုက်တာ ဦးချင်းစိန်က ခေါ်ဆောင်မှုနဲ့ သက်ဟု အမည်ပေးထားတဲ့ ရုပ်ရှင် ကားတစ်ကား စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါပေမယ့် သက် က အိမ်ထောင်ရေး ဇာတ်ကားတစ်ကားဖြစ်ပြီး တစ်ကားလုံး နီးပါး မင်းသမီးငိုရတဲ့ ဇာတ်ဖြစ်နေတာကြောင့် ဆရာ ဦးချင်းစိန်က မင်းသမီးသစ် တစ်ယောက်ကို ဒီလို ပွဲထုတ်လို့ မဖြစ်ဘူး၊ အဆိုကျော် မင်းသမီး အနေနဲ့ ပေါ့ပေါ့ပါးပါး ဇာတ်ကား တစ်ကားနဲ့ ပွဲဦး ထွက်သင့်တယ် ဆိုပြီး ဒါရိုက်တာ ဦးလှတင်လက်ကို အပ်လိုက်ပါတယ်။ သက် ဇာတ်ကား ရိုက်ကူးမှုကို ခေတ္တရပ်ဆိုင်းပြီး ဒါရိုက်တာ ဦးလှတင် ရိုက်ကူးတဲ့ ဤဘဝဝယ် ဟာသကားမှာ အဲဒီခေတ် အခါတုန်းက နာမည်ကြီး ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးဖိုးပါကြီးနဲ့ တွဲပြီး သရုပ်ဆောင်ခဲ့ရပါတယ်။ ဒါကြောင့် ဒေါ်ခင်ယုမေရဲ့ ပွဲဦးထွက် ရုပ်ရှင်ကားဟာ ဤဘဝဝယ် လို့ မှတ်တမ်း တင်ရသည်။ ခင်ယုမေသည် ဂီတနယ်မှတစ်ဆင့် ရုပ်ရှင်နယ်သို့ ဂီတစာဆို ဦးစိန်မြမောင်နှင့် အကယ်ဒမီဖိုးပါကြီး၏ ကျေးဇူးကြောင့် ရောက်ခဲ့သည်။ ရုပ်ရှင်နယ်တွင်လည်း ခင်ယုမေ၏ဆရာများမှာ ဆရာဦးချင်းစိန်၊ ဒါရိုက်တာ ဦးတင်လှ၊ ဆရာကြီးဦးသုခ နှင့် မင်းသားကြီးဦးကျော်ဆွေတို့ ဖြစ်ကြသည်။

ဒေါ်ခင်ယုမေက အဆိုကျော်ဘဝကနေ သရုပ်ဆောင် ဖြစ်လာတော့ ပင်ကို ကတည်းက ဝါသနာပါတဲ့ ဖက်ရှင်မျိုးစုံကို တီထွင်ဝတ် ဆင်လာခြင်းကြောင့် မြန်မာ နိုင်ငံတစ်လွှားမှာ ခင်ယုမေ ဖက်ရှင်ဆိုပြီး ဖက်ရှင်ပေါင်း များစွာ ခေတ်စားခဲ့ပါတယ်။ ခုခေတ် မိန်းကလေးများ ဝတ်နေကြတဲ့ ဒူးအောက်ရောက် စကတ်ထဘီများဟာ ခင်ယုမေ ခေတ်တုန်းက တီထွင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အဲဒီတုန်းက လူကြီးများက လယ်သူမဖက်ရှင်လို့ ဩဘာ ပေးခဲ့ကြပါတယ်။ ဆံပင် ဖက်ရှင်နဲ့ ပတ်သက်လို့လည်း ငယ်ထိပ်တည့်တည့်မှာ ဗူးပွင့်သဏ္ဌာန် အပွင့်ဖော်တဲ့ ဆံပင် ဖက်ရှင်ကို တီထွင်ခဲ့တဲ့ အပြင် ဗီးဟိုက်လို့ ခေါ်တဲ့ ပျားအုံပုံစံ ဆံပင်ဖက်ရှင်ဟာလည်း မြန်မာနိုင်ငံမှာ ခင်ယုမေ စတင် တီထွင်ခဲ့တာပါ။

ရုပ်ရှင်မင်းသမီးအဖြစ် ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပါတယ်။ ရုပ်ရှင်ထူးချွန်ဆုကို ၁၉၆၁ ခုနှစ်မှာ မန္တလေး ရုပ်ရှင်က ရိုက်ကူး ထုတ်လုပ်ခဲ့တဲ့ ကိုယ်ပိုင် မေတ္တာ ဇာတ်ကားနဲ့ ပထမဆုံးအကြိမ် အမျိုးသမီး ပညာသည်ဆုကို ရရှိခဲ့ပါတယ်။ ထူးချွန်ဆုပေးပွဲ ကျင်းပချိန်မှာ ရုပ်ရှင်လုပ်ငန်းက ဆက်သွယ် အကြောင်းကြားခဲ့ ပေမယ့် သံတောင်၊ ဘောဂလိ တောထဲမှာ ပုလဲမျက်ရည် ရုပ်ရှင်ဇာတ်ကားကို သွားရောက် ရိုက်ကူးနေချိန် ဖြစ်တဲ့အတွက် ရန်ကုန်သို့ ပြန်မလာနိုင်ခဲ့ပါဘူး။ ဒေါ်ခင်ယုမေကိုယ်စား သရုပ်ဆောင်၊ ဒါရိုက်တာ ဗိုလ်ဗကိုက ဆုတက် ယူပေးခဲ့ပါတယ်။ ၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။

တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘဝမှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။

ဆောက်ပြီးတဲ့တိုက်ကို ရွှေခြည်ငွေခြည်မှာ အတူ သရုပ်ဆောင်ခဲ့တဲ့ ချိုပြုံး ရောက်လာပြီး ရုပ်ရှင်သမားတွေကို ငှားပါလားလို့ အကြံပေး တိုက်တွန်းခဲ့ရာကအစ ခုချိန်ထိ ဒေါ်ခင်ယုမေရဲ့ တိုက်ကို ရုပ်ရှင်သမားများ ရိုက်ကူး နေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ်ခင်ယု မေက “အရင်တုန်းကတော့ တစ်လမှာ ရက် ၂ဝ လောက် ငှားရပါတယ်။ ခုတော့ ၁ဝ ရက်တောင် မပြည့်တတ်တော့ဘူး”လို့ ဆိုပါတယ်။ သူ့အိမ်မှာ ရုပ်ရှင်သမားတွေ ဝင်ထွက် သွားလာနေကြပေမယ့် ရိုက်ကွင်းပေါ် ရောက်တဲ့ သူများ ဒေါ်ခင်ယုမေကို မတွေ့ကြရပါဘူး။ ရိုက်ကွင်း ရှိတဲ့ နေ့ဆိုရင် ဒေါ်ခင်ယုမေက သူ့အခန်းထဲမှာပဲ စားစရာ သောက်စရာ အပြည့်အစုံ နဲ့ အခန်းတံခါး ပိတ်နေတာပါ။

ဒီအသက်အရွယ်မှာ သူနဲ့လိုက်ဖက်တဲ့ ဇာတ်ရုပ်မှာ သရုပ်ဆောင်မယ် ဆိုရင် ဖြစ်နိုင်သေးပေမယ့် ဒေါ်ခင်ယုမေကတော့ လုံးဝငြင်းပါတယ်။ ဒီအလုပ်ကို လုပ်ဖို့ စိတ်မဝင်စားတော့ဘူးလို့လည်း ဆိုပါတယ်။ ကျန်းမာရေး အခြေအနေက ကင်ဆာရောဂါဖြစ် ပွားခဲ့ဖူးပြီး ကင်ဆာပျောက်ခဲ့ပေမယ့် တစ်မျိုးမဟုတ် တစ်မျိုး ဖောက်နေတာပဲလို့ ဒေါ်ခင်ယုမေက ဆိုပါတယ်။ လက်ရှိ အခြေအနေမှာ လက်တစ်ဖက်နဲ့ ခြေထောက် တစ်ဖက်က သွေးပြန်ကြောများ ပိတ်နေတာကြောင့် လက်များ ရောင်ကိုင်းနေသလို ခြေထောက်ကလည်း ခြေဖမိုး တစ်ခုလုံး ရောင်ကိုင်းနေတာ တွေ့ရပါတယ်။ လက်ရှိ နေအိမ်ဖြစ်တဲ့ အမှတ် (၂၉/အေ) သီရိမင်္ဂလာ ရိပ်သာလမ်း၊ ရန်ကင်းမြို့နယ်မှာ တူမကလေး များရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်လျက် ရှိပါတယ်။ [၃]

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ဒါရိုက်တာ ရုံတင်နှစ် ထုတ်ဝေသူ မှတ်ချက်
ဤဘဝဝယ် ဦး လှတင် ၁၉၅၉
ကိုယ်ပိုင်မေတ္တာ ဗိုလ်ဘကို ၁၉၆၁ မန္တလေး ရုပ်ရှင် အမျိုးသမီး ဇာတ်ဆောင်ဆု
ရွှေချည်ငွေချည် တန်းပါလို့ ဦး သုခ ၁၉၇၅ အမျိုးသမီး ဇာတ်ဆောင်ဆု
သက် ဦး ချင်းစိန် ၁၉၅၇

မိသားစုဘဝ[ပြင်ဆင်ရန်]

၁၉၆၅ ခုတွင် ဦးကျော်ဆွေနှင့် အိမ်ထောင်ပြုသည်။ ၁၉၇၁ ခုတွင် အောင်ကျော်မိုးကို မွေးသည်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်ဟု ခေါ်လိုသော်လည်း ဒေါ်ခင်ယုမေက အောင်ကျော်မိုး အမည်ကိုသာ တွင်စေသည်။ အောင်ကျော်မိုးမှာ အမေရိကန်ပြည်ထောင်စု၌ နေထိုင်လျက်ရှိသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၄ ခု ဇန်နဝါရီလ (၂၃) ရက်တွင် ရန်ကုန်၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် (၇၇)နှစ်ရှိပြီ ဖြစ်သည်။ ကွယ်လွန်ချိန်မှာ အတူနေ အစ်မကြီး တယောက် ကျန်ရှိပြီး အမေရိကန် ပြည်ထောင်စုတွင် နေထိုင်သော သားနှင့်မိသားစု ကျန်ရှိခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. http://www.bbc.co.uk/burmese/burma/2014/01/140124_khin_yu_may_obit.shtml အကယ်ဒမီများရှင် မင်းသမီးကြီး ခင်ယုမေ ကွယ်လွန် (ဘီဘီစီ)
  2. ဝန်ဇင်း (၁၉၇၅) "ဂီတအဘိဓာန်"
  3. ဝင်းငြိမ်း (ရွှေအမြုတေ မဂ္ဂဇင်းမှ)