ကျော်ဆွေ

ဝီကီပီးဒီးယား မှ
ပြည်ထဲ​ရေးဝန်ကြီး အတွက် ကျော်ဆွေ (ဒုတိယဗိုလ်ချုပ်ကြီး) ကို ကြည့်ပါ။
ကျော်ဆွေ
မွေးဖွားမော်နီ
(1924-02-10)၁၀ ဖေဖော်ဝါရီ၊ ၁၉၂၄
၁၂၈၅-ခုနှစ်၊ တပို့တွဲလဆန်း ၆-ရက်နေ့
ရန်ကုန်မြို့ဗြိတိသျှဘားမား
ကွယ်လွန်၁၅ ဩဂုတ်၊ ၁၉၈၂(1982-08-15) (အသက် ၅၈)
ရန်ကုန်မြို့မြန်မာနိုင်ငံ
အလုပ်အကိုင်သရုပ်ဆောင်၊ ဒါရိုက်တာ
တက်ကြွလှုပ်ရှားနှစ်များ၁၉၄၅–၁၉၈၂
အိမ်ထောင်ဖက်(များ)ဒေါ်နွဲ့နွဲ့
သားသမီးဝင်းနွဲ့ဆွေ၊ သက်နီဆွေ၊ ခိုင်မာကျော်၊ ဝင်းမော်နီ၊ ကျော်ဆွေသက်
မိဘ(များ)ဦးဘနှစ်(မြို့ပြအိုးအိမ်ဌာန ဝန်ထောက်) + ဒေါ်အုန်းစိန်

ကျော်ဆွေသည် မြန်မာ ရုပ်ရှင်သရုပ်ဆောင်နှင့် ရုပ်ရှင်ဒါရိုက်တာ ဖြစ်သည်။ ကျော်ဆွေကို ရန်ကုန်မြို့၌ အဖ ဦးဘနှစ်( မြို့ပြအိုးအိမ်ဌာန ဝန်ထောက်)နှင့် အမိ ဒေါ်အုန်းစိန်တို့မှ မြန်မာသက္ကရာဇ် ၁၂၈၅-ခုနှစ်၊ တပို့တွဲလဆန်း ၆-ရက်နေ့ တနင်္ဂနွေနေ့တွင် မွေးဖွားသည်။ ငယ်နာမည်မှာ မော်နီဖြစ်သည်။ မွေးချင်းညီအစ်ကို လေးဦးရှိသည့် အနက် ဒုတိယမြောက်သား ဖြစ်သည်။

ကျော်ဆွေသည် ငယ်စဉ်က စိန်ဂျွန်းကျောင်းတွင် ပညာသင်ခဲ့သည်။ ထို့နောက် ဒုတိယကမ္ဘာစစ်အတွင်း၌ ပဲခူးမြို့တွင် ရာဇဝတ်အုပ် အဖြစ် တာဝန်ထမ်းသည်။ ဖက်ဆစ်တော်လှန်ရေးကာလတွင် ဘီဒီအေ ဗမာ့ကာကွယ်ရေးတပ်မတော် သို့ ဝင်ရောက် တာဝန်ထမ်းသည်။ ၁၉၄၅-၄၆ ခုနှစ်၊ ဒုတိယကမ္ဘာစစ် ပြီးစအချိန်တွင် ဝါသနာအလျောက် ရုပ်ရှင်လောကသို့ စတင်ခြေချခဲ့သည်။ ဗြိတိသျှဘားမားရုပ်ရှင် (ယခု ညွှန့်မြန်မာ) ကုမ္ပဏီမှ ဒါရိုက်တာ ဦးဘရှင် ရိုက်ကူးသော စောရစံရှား အသံတိတ် ရုပ်ရှင်ကားတွင် စတန့်မင်းသား တင်ဖေ၊ မင်းသမီး မေမြတို့နှင့် တွဲဖက်၍ ကျော်ဆွေ အမည်ဖြင့် ရုပ်ရှင်သရုပ်ဆောင်အဖြစ် ပထမဆုံး ပါဝင် ရိုက်ကူးခဲ့သည်။

ထို့နောက် ကျော်ဆွေသည် သူ၏ လက်ဦးရုပ်ရှင်ဆရာ ဒါရိုက်တာ ဦးဘရှင်နှင့် အေဝမ်းဖလင် ရုပ်ရှင်ကုမ္ပဏီသို့ ပြောင်းရွှေ့ကာ ဗိုလ်ချုပ်၊ တသွေးတမြေ စသော ရာဇဝင်နောက်ခံ ကားများတွင်၎င်း၊ ဒါရိုက်တာ ဦးချင်းစိန် (ရွှေညာမောင်) ရိုက်ကူးသော အထောက်တော်နှင့် ချစ်ရဲဘော် ဇာတ်ကားများတွင်၎င်း၊ မင်းသမီးမေမြမေမြင့်မေဆန်း စသည်တို့နှင့် တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်ဆွေဟု ထင်ရှားလာစ အချိန်တွင် ဗြိတိသျှဘားမားရုပ်ရှင်သို့ ပြန်လည်ကူးပြောင်းကာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ နာမည်ကျော် ဗိုလ်အောင်ဒင် အဆက် သား ဗိုလ်အောင်ဒင် ဇာတ်ကားတွင် မင်းသမီး ခင်အုန်းမြင့်နှင့် တွဲဖက်ပါဝင် သရုပ်ဆောင်ခဲ့သည်။ ဒါရိုက်တာ ရွှေဒုံးဘီအောင်နှင့်ပင် ပွဲခါညောင်ရေ၊ ဒါရိုက်တာ ဦးသုခနှင့် ဒီဆောင်းဟေမာန်၊ ဒါရိုက်တာ ချစ်ခင်ရိုက်ကူးသော ဖြေလျော့ခွေ၊ ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသော မင်းအောင် မင်းနောင်၊ ဒါရိုက်တာ လှဦး (လူကြမ်းလှမောင်လေး) ရိုက်ကူးသော ဖူးစာနှစ်ခိုင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။

ရုပ်ရှင်မင်းသား ကျော်ဆွေသည် သုခုမ ရုပ်ရှင်၏ ဒဏ် ဇာတ်ကား၊ ပြည်တော်အေးရုပ်ရှင်၏ မွှေး အစရှိသော ရုပ်ရှင် ဇာတ်ကားများတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့သည်။ ၁၉၆၁-ခုနှစ်တွင် ဂျပန်နိုင်ငံသို့ သွားရောက်၍ တိုဟို ဂျပန်ရုပ်ရှင်ကုမ္ပဏီတွင် ရုပ်ရှင်ပညာ သင်ယူသည်။

ကျော်ဆွေသည် ကိုယ်ပိုင် မိုးရုပ်ရှင် ကုမ္ပဏီကို တည်ထောင်ပြီး ပထမဆုံး ဒါရိုက်တာ၊ သရုပ်ဆောင် မင်းသားအဖြစ် ပုလဲမျက်ရည် စစ်ရုပ်ရှင်ကားကို မင်းသမီး ခင်ယုမေ (မေ)နှင့် တွဲဖက်ပါဝင် ရိုက်ကူးသည်။ မိုးရုပ်ရှင်မှပင် ရုပ်ရှင်မင်းသမီး ခင်ယုမေ (မေ)နှင့် အများဆုံးတွဲ၍ ချစ်မေတ္တာ၊ မချူသာသည်၊ သည်မေတ္တာလမ်း၊ စိမ်း စသည့် ရုပ်ရှင်ကားများကို ဆက်လက်ရိုက်ကူးခဲ့သည်။ ၁၉၄၅-၄၆-ခုနှစ်မှစ၍ ၁၉၈၂-ခုနှစ်အတွင်း နှစ်ပေါင်း ၃၅-နှစ်ကျော် အတွင်း သရုပ်ဆောင်မင်းသား၊ သရုပ်ဆောင် ဒါရိုက်တာ အဖြစ်နှင့် ပါဝင်ရိုက်ကူးခဲ့သော ရုပ်ရှင်ကားပေါင်း ၃၀-ကျော်ရှိသည်။ ကျော်ဆွေသည် မိမိပိုင် မိုးရုပ်ရှင်မှ မင်းသား၊ ဒါရိုက်တာ အနေဖြင့် နောက်ဆုံးရိုက်ကူးသွားသော ရုပ်ရှင်ကားမှာ မြွေမြွေချင်း ခြေမြင် ဇာတ်ကားဖြစ်သည်။ ထိုဇာတ်ကားတွင် စတန့်မင်းသား ရွှေဘနှင့် တွဲဖက် သရုပ်ဆောင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ကျော်ဆွေသည် ၁၉၈၂-ခုနှစ်၊ ဩဂုတ်လ ၁၅-ရက်တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်နွဲ့နွဲ့နှင့် သားသမီး ငါးယောက်ကျန်ရစ်သည်။ ကျော်ဆွေသည် ရုပ်ရှင်ကားပေါင်း ၃၀-ကျော် သရုပ်ဆောင်ခဲ့သော်လည်း အကယ်ဒမီဆု ရရှိမသွားခဲ့ရှာပေ။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာစွယ်စုံကျမ်း နှစ်ချုပ် (၁၉၈၃-ခု)