ဇူးလူးလန်းနယ်

ဝီကီပီးဒီးယား မှ

ဇူးလူးလန်းနယ်[ပြင်ဆင်ရန်]

ဇူးလူးလန်းနယ်သည် တောင်အာဖရိကတိုက် ပြည်ထောင်စု တွင်ပါဝင်သော နာတဲပြည်နယ်၏ အရှေ့မြောက်ပိုင်းကမ်းမြောင် ဒေသဖြစ်သည်။ ထိုကမ်းမြောင်ဒေသ၏ အရှေ့ဘက်နှင့် တောင် ဘက် ကမ်းရိုးတန်းတို့သည် အိန္ဒိယသမုဒ္ဒရာရေပြင်နှင့် ဆက် စပ်လျက်တည်နေသည်။ အကျယ်အဝန်းမှာ စတုရန်း မိုင်ပေါင်း ၁ဝ၃၆၂ မိုင်ဖြစ်၏။ လေဗောင်းဗိုးတောင်တန်းကြီးသည် တောင်နှင့်မြောက်တန်းကာ ဇူးလူးလန်း နယ်ကို ၂ ပိုင်း ပိုင်းလျက်တည်ရှိသည်။ ယင်းတောင်တန်းနှင့် ပင်လယ်စပ် ကြားရှိ အပိုင်းသည် မြေဩဇာကောင်းမွန်၍၊ ကျွဲနွားများမွေး မြူရာ ဒေသဖြစ်သည်။ အတွင်းဖက်ဒေသမှာ တောင်ကုန်း မြင့်များနှင့် ပြည့်နှက် နေသည်။ အချို့ကုန်းမြင့်များသည် ပေ ၅ဝဝဝ အထိမြင့်မား၏။

ဇူးလူးလန်းနယ်တွင် ဇူးလူးလူမျိုးများနေထိုင်သည်။ ယင်း တို့သည် ဗန်တူနွယ်ဝင် နီးဂရိုးများဖြစ်ကြသည်။ ဇူးလူးလန်း နယ်၌ ၁၉၃၆ ခုနှစ် သန်ကောင်စာရင်းအရ လူဦးရေ ၃၆ဝဝဝဝ ယောက်ခန့်ရှိရာ၊ မျက်နှာဖြူ လူမျိုးပေါင်း ၆ဝဝဝ ခန့်ပါဝင်သည်။ လယ်ယာစိုက်ပျိုးခြင်းနှင့် ကျွဲနွားမွေးမြူခြင်း အလုပ်အကိုင်များသည် ဇူးလူးလန်းနယ်၏ အဓိကလုပ်ငန်း များဖြစ်သည်။ ပင်လယ်ကမ်းရိုးတန်းနှင့်နီးသော ဒေသများတွင် ကြံပင်များ ကိုစိုက်ပျိုးကြသည်။ ကြံခင်းများစွာတို့ကို အနောက် တိုင်းသားများက ပိုင်ဆိုင်ကြ၏။

ဇူးလူးလန်းနယ်၏ ရုံးစိုက်ရာမြို့မှာ အက်ရှိုဝေမြို့ဖြစ် သည်။ ထိုမြို့၏မြောက်ဘက် ၁၅ မိုင်ခန့်အကွာတွင် ဂေါ်မိတ် ကျောက်ကို တူးဖော်ရရှိသည်။ ဇူးလူးလန်းနယ်မှ ရွှေ၊ ငွေ၊ ခဲ၊ ကြေးနီနှင့် ဒန်ဖြူတို့လည်း အသင့်အတင့်ထွက်သည်။ ဇူးလူးတို့ သည် အရပ်အမောင်းထွားကျိုင်း၍၊ ကျန်းမာသန်စွမ်း၏။ စစ် တိုက် ဝါသနာပါကြ၏။ သူတို့၏အိမ်များမှာ ပျားအုံသဏ္ဌာန် တဲဝိုင်းများဖြစ်သည်။ ရွာများမှာလည်း ရွာဝိုင်းကြီးများဖြစ် သည်။ ရွာအလယ်၌ ကျွဲနွားများကို ထားတတ်ကြသည်။ ဇူးလူးလူမျိုးတို့၌ တစ်လင်တစ်မယားစနစ် မရှိချေ။

ယောကျာ်းများက မိန်မတစ်ဦးထက်ပို၍ လက်ထပ်ယူလေ့ရှိကြ သည်။ ဇူးလူးယောကျာ်းကလေးနှင့် မိန်းကလေးတို့ ချစ်ရေးဆို ကြသည့်အခါ၌ ယောကျာ်းကလေးက မိန်းကလေးအား ကျွဲနွား အစရှိသော တိရစ္ဆာန်များကို လက်ဆောင်ပေးလေ့ရှိ၏။ လက် ထပ်မင်္ဂလာပွဲ ကျင်းပသည့်အခါ၌ကား သတို့သား သတို့သမီး နှစ်ဦးစလုံးတို့က ထိုလက်ဆောင်မျိုးကိုပင် အပြန်အလှန် ပေးကမ်းကြသည်။

ဇူးလူးများသည် ၁၉ ရာစုအစပိုင်း၌ အာဖရိကတိုက် တောင်ပိုင်းတွင် တန်ခိုးအကြီးမားဆုံး လူမျိုးဖြစ်ခဲ့သည်။ ၁၇၈၃ ခုနှစ်မှ ၁၈၂၈ ခုနှစ်အတွင်း 'ချာက'ဆိုသော ခေါင်းဆောင်ကြီး ၏ ရှေ့ဆောင်မှုဖြင့် ဇူးလူးတို့ တန်ခိုးကြီးခဲ့ရာ၊ ဇမ်ဗီဇီမြစ်မှ ဂွတ်ဒဟုပ် အငူအထိ အာဏာစက် ပျံ့ခဲ့သည်။ ဇူးလူးဘုရင် စက်တီဝေးယို လက်ထက်၌ အင်္ဂလိပ်တို့နှင့် အချင်းများခဲ့သည်။ ဇူးလူးတို့ အရေးရှုံးနိမ့်သဖြင့် ၁၈၈၇ ခုနှစ်တွင် ဇူးလူးလန်းကို ဗြိတိသျှတို့က သိမ်းယူလိုက်၍၊ ၁၈၉၇ ခုနှစ်သို့ရောက်သော်၊ နာတဲနယ်ထဲသို့ သွတ်သွင်းခဲ့ လေသည်။ ၁၉ဝ၆ ခုနှစ်တွင် ဇူးလူးတို့ အနည်းငယ် ဆူပူလှုပ်ရှားခဲ့သေးသည်။ သို့ရာတွင် အလွယ်တကူဖြင့် ထိုဆူပူမှုကို နျိမ်နင်းလိုက်သည်။ ထိုနောက် ၌ကား ဆူပူမှုများမရှိတော့ချေ။ စက်တီဝေးယို၏ မြေးသည် ၁၉၃၉ ခုနှစ်မှစ၍ ဇူးလူးလူမျိုးတို့၏ အကြီးအကဲအဖြစ် အုပ် ချုပ်လျက်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)