မဟိန္ဒထေရ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

မဟိန္ဒထေရ်[ပြင်ဆင်ရန်]

မဟိန္ဒထေရ်သည် သီရိဓမ္မာသောက မင်းကြီး၏သားတော် ဖြစ်၍ သင်္ဃမိတ္တာကား သမီးတော်ဖြစ်သည်။ မင်းကြီးသည် မြတ်စွာ ဘုရား၏ သာသနာတော်၌ အလွန်ကြည်ညိုသည် ဖြစ်ရကား ကျောင်းပေါင်း ရှစ်သောင်းလေးထောင် ဆောက်လုပ်လှူဒါန်း၏။ ဤသို့ လှူဒါန်းပြီးနောက် အလွန် နှစ်သက်ဝမ်းမြောက်ခြင်းဖြစ်၏။

အခါတပါး၌ မင်းကြီးသည် အသောကာရာမ ကျောင်းသို့ ထွက်တော်မူ၍ သံဃာတော်တို့အား ဤသို့ မေးလျှောက်၏။ အရှင်ဘုရားတို့ ဘုရားသခင်၏ သာသနာတော်၌ အဘယ်သူသည် အကျွန်ုပ်တို့ကဲ့သို့ ကြီးကျယ်စွာသော စွန့်ကြဲခြင်းကို ပြုဘူးသနည်း၊ အဘယ်သူ၏ စွန့်ကြဲခြင်းသည် ကြီးမြတ်ပါသနည်း ဟု လျှောက်၏။

အရှင်မောဂ္ဂလိပုတ္တတိဿထေရ်က မြတ်သောမင်းကြီး၊ မြတ်စွာဘုရား၏ သာသနာတော်၌ သင်မင်းကြီးနှင့် တူသော စွန့်ကြဲပေးကမ်း လှူဒါန်းသောသူသည် မြတ်စွာဘုရား လက်ထက် တော်၌ပင် မရှိပေ။ သင်မင်းကြီး၏ စွန့်ကြဲခြင်း သည်သာလျှင် သာလွန်မြင့်မြတ်လှ၏ ဟု မိန့်တော်မူ၏။ မင်းကြီးလည်း ထိုစကားကိုကြားရသော် အလွန်ဝမ်းမြောက် ခြင်းဖြစ်သဖြင့် အရှင်ဘုရား၊ အကျွန်ုပ်သည် ဤမျှလောက်သော ဒါနကို ပြုရသဖြင့် သာသနာတော်၏ အမွေကို ခံရပါအံ့လော ဟု လျှောက်ထားပြန်၏။ ထိုအခါ အရှင်မောဂ္ဂလိပုတ္တတိဿက မင်း ကြီး၊ ဤသို့ပစ္စည်းကို စွန့်ကြဲကာမျှဖြင့် သာသနာ့ အမွေခံ အဖြစ်သေးချေ။

ဤမြေမှသည် ဗြဟ္မာပြည်တိုင်အောင် ပစ္စည်းလေး ပါးကို စုပုံ၍ လှူငြားသော်လည်း ဘုရားရှင့်သာသနာတော်၌ အမွေခံ မဖြစ်သေးချေ။ မိမိရင်၌ ဖြစ်သော သားသမီးတို့ကို ရဟန်း ပြုစေခြင်းသည်သာလျှင် သာသနာတော်၏ အမွေခံဖြစ်သတည်း ဟုမိန့်တော်မူသည်။

မင်းကြီးလည်း ငါသည် ဤမျှလောက်သော အလှူကြီးကို ပေးပါလျက် သာသနာတော်၏ အမွေကိုမခံရချေသေး၊ သာသနာ တော်၏ အမွေခံဖြစ်အောင် အဘယ်သို့ပြုရအံ့နည်းဟု အောက်မေ့ လျက် ထိုမှဤမှကြည့်လတ်သော်၊ သားတော်မဟိန္ဒသည် မင်းကြီး၏ အပါးတွင်နေသည်ကို မြင်သဖြင့် ချစ်သားမဟိန္ဒ၊ သင်သည် ရဟန်းပြုခြင်းငှါ စွမ်းနိုင်ပါအံ့လော ဟုမေး၏။ မင်းသားလည်း ခမည်းတော်၏ စကားကိုကြားလျှင် ရွှင်လန်းဝမ်းမြောက်လှသဖြင့် အရှင်မင်းမြတ်၊ အကျွန်ုပ် ရဟန်းပြုနိုင်ပါ၏။ အကျွန်ုပ်ကို ရဟန်းပြု၍ သာသနာ့အမွေကို ခံတော်မူပါ ဟုလျှောက်၏။ မင်းကြီးလည်း သားတော်မဟိန္ဒမင်းသားအား အရှင်မောဂ္ဂလိပုတ္တတိဿ ထေရ်ဥပဇ္ဈာယ်ပြု၍ မင်းသား အသက်နှစ်ဆယ်ပြည့်ပြီး ဖြစ်သော ကြောင့် ပဉ္စင်းပြုတော်မူလေသည်။ မဟိန္ဒမင်းသားကား ကမ္မဝါစာ ၏အဆုံး၌ ပဋိသမ္ဘီဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက် တော်မူသည်။ အရှင်မဟိန္ဒလည်း ရဟန်းဖြစ်သောနေ့မှစ၍ မိမိ ဥပဇ္ဈာယ်ဆရာထံ၌ ပိဋကတ်သုံးပုံဖြစ်သော ဘုရားစကားတော်ကို သင်ကြားသဖြင့် ၃ နှစ်ရှိသောအခါ ထေရဝါဒနှင့် တကါ တတ် မြောက်၍ တစ်ထောင်သောသံဃာတို့၏ ပါမောက္ခ ဖြစ်တော်မူလေသည်။

သမီးတော် သဃ‡မိတ္တာကား အသက် တစ်ဆယ့်ရှစ်နှစ်သား ဖြစ်၍ ပဉ္စင်းမခံဘဲ သာမဏေပြု၏။ တတိယသင်္ဂါယနာတင်ပြီး အဆုံး၌ နောင်အခါ အဘယ်အရပ်၌ သာသနာတော်မြတ် ကောင်း စွာတည်လတ္တံနည်းဟု အရှင်မောဂ္ဂလိပုတ္တတိဿမထေရ် ဆင်ခြင် တော်မူလျှင် ပစ္စန္တရာဇ်တိုင်းတို့၌ ကောင်းစွာ တည်လတ္တံ့သည်ကို မြင်တော်မူ၍ ပစ္စန္တရာဇ် ကိုးဌာနသို့ သာသနာ ပြုစေတော်မူသည်။ ထိုအခါ အရှင်မဟိန္ဒထေရ်ကို သီဟဠ တမ္ဗပဏ္ဏိမည်သော သီဟိုဠ် ကျွန်းသို့ ဥပသမ္ပကံမြောက်လောက်အောင် ပဉ္စဝဂ် သံဃာငါးပါးနှင့် စေတော်မူ၏။

မဟိန္ဒထေရ်သည် သာသနာ ၂၃၆ ခုနှစ်တွင် ဣဓိယ၊ ဥတ္တိယ၊ သမ္ဗလ၊ ဘဒ္ဒသာလ ဤမထေရ်လေးပါးအပြင်၊ တူတော် သုမန သာမဏေ၊ သဏ္ဍုက ဥပါသကာတို့နှင့်တကွ သီဟိုဠ် ကျွန်းသို့ သာသနာပြု ကြွတော်မူသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)