ကိုကိုကြီး (နိုင်ငံရေးသမား)
ဦး ကိုကိုကြီး | |
|---|---|
| ပြည်သူ့ပါတီ ဥက္ကဋ္ဌ | |
တာဝန်ထမ်းဆောင်ဆဲ | |
| တာဝန် စတင် ၂၃ ဩဂုတ် ၂၀၁၈ | |
| ကိုယ်ရေး အချက်အလက်များ | |
| မွေးဖွား | ဒီဇင်ဘာ ၁၈၊ ၁၉၆၁ ရန်ကုန်မြို့၊ မြန်မာနိုင်ငံ |
| နိုင်ငံရေးပါတီ | ပြည်သူ့ပါတီ (၂၀၁၈ - လက်ရှိ) |
| ကြင်ဖော် | ဒေါ်ခင်သူသူဝင်း (လက်ထပ် 2014) |
| မိဘ | ဦးသောင်းထွန်း |
| ပညာရေး | ရန်ကုန်တက္ကသိုလ် (ပထမနှစ်၊ နိုင်ငံတကာ ဆက်ဆံရေးပညာ) |
| ကျော်ကြားမှု | ရှစ်လေးလုံးအရေးအခင်း ရွှေဝါရောင် တော်လှန်ရေး |
ဦးကိုကိုကြီး (၁၈ ဒီဇင်ဘာ ၁၉၆၁ မွေးဖွား) သည် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သည့်အပြင်၊ လက်ရှိတွင် ပြည်သူ့ပါတီကို တည်ထောင်ခဲ့သူနှင့် ဥက္ကဋ္ဌလည်း ဖြစ်ပါသည်။[၁]
မွေးဖွားခြင်းနှင့် ပညာရေး
[ပြင်ဆင်ရန်]ကိုကိုကြီးကို ၁၉၆၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၇၇ ခုနှစ်၊ နိုဝင်ဘာလတွင် ရန်ကုန်မြို့ရှိ စက်မှုလက်မှု အထက်တန်းကျောင်း အမှတ် (၁) မှ လျှပ်စစ်ဘာသာရပ်ဖြင့် အောင်မြင်ခဲ့ပြီး၊ ၁၉၇၈ ခုနှစ်တွင် အခြေခံပညာ အထက်တန်း (ခ) အဆင့်ကို အောင်မြင်ခဲ့သည်။ ၁၉၈၀ မှ ၁၉၈၃ ခုနှစ်အတွင်း AGTI (EP) စက်မှုလက်မှု သိပ္ပံမှ လျှပ်စစ်အင်ဂျင်နီယာ ဒီပလိုမာကို ရရှိခဲ့သည်။ ၁၉၈၄ ခုနှစ်တွင် အခြေခံပညာ စာမေးပွဲ၌ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ ဘာသာရပ်များတွင် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၈၄-၁၉၈၅ တက္ကသိုလ်ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၌ နိုင်ငံတကာဆက်ဆံရေးပညာ ပထမဆုံးအသုတ်အဖြစ် စတင်တက်ရောက် သင်ကြားခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် HGP အထက်တန်းရှေ့နေ စာမေးပွဲကို ဖွဲ့စည်းပုံအခြေခံဥပဒေဘာသာရပ်၌ ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။
၁၉၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှု
[ပြင်ဆင်ရန်]၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့တွင် ဖြစ်ပွားခဲ့သော တံတားနီ ကျောင်းသားလှုပ်ရှားမှုမှစတင်၍ ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ ဇွန်လ အရေးအခင်းနောက်ပိုင်း ကျောင်းများပိတ်သိမ်းပြီးနောက် ပြန့်ကျဲသွားသော ကျောင်းသားအင်အားစုများကို စုစည်းကာ ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန် ဦးဆောင်စည်းရုံးခဲ့သူတစ်ဦးအဖြစ် ပါဝင်ခဲ့သည်။ ၈၈၈၈ အရေးတော်ပုံကြီးတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ဩဂုတ်လ ၂၈ ရက်နေ့ ရန်ကုန်တက္ကသိုလ်၊ သမဂ္ဂမြက်ခင်းပြင်တွင် ကျင်းပဖွဲ့စည်းခဲ့သော ညီလာခံမှ 'ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်' ၏ ဒု-ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးနှင့် ဝန်ကြီးချုပ် ဦးနု၏ စင်ပြိုင်အစိုးရ ထောက်ခံရေး စည်းရုံးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။ နဝတ (တပ်မတော်) မှ အာဏာသိမ်းပြီးနောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းရေးတွင် ပံ့ပိုးကူညီခဲ့သည်။
ဗကသ အဖွဲ့ချုပ်နှင့် နိုင်ငံရေး လှုပ်ရှားမှုများ (၁၉၈၉-၁၉၉၀)
[ပြင်ဆင်ရန်]၁၉၈၉ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့တွင် တက္ကသိုလ်အလိုက် ကျောင်းသားသမဂ္ဂများနှင့် စုစည်း၍ ဗကသများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရာ၌ ဒုဥက္ကဋ္ဌ-၁ အဖြစ် ဆက်လက်တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဗကသများ အဖွဲ့ချုပ်၊ အလုပ်သမားများ သွေးစည်းညီညွတ်ရေးအဖွဲ့ (အယ်လ်အက်စ်-LS)၊ ရဟန်းပျိုများအဖွဲ့၊ အထိန်းသိမ်းခံ ကျောင်းသားဟောင်းများ အဖွဲ့ (၇၄ မှိုင်း) နှင့် အခြား တပ်ဦးများနှင့် ပူးပေါင်းကာ ဒေါ်ခင်ကြည် ဈာပနကော်မတီအမည်ဖြင့် ဇန်နဝါရီလ ၂ ရက်နေ့တွင် တပ်ပေါင်းစုအသွင် စတင်ဖွဲ့စည်း လှုပ်ရှားခဲ့သည်။ ၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ရက် ကိုဘုန်းမော် ကျဆုံးခြင်း နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပရေး ဦးဆောင်ကော်မတီ၏ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံရေးပါတီများနှင့် အင်အားစုများအကြား တောင်းဆိုချက် (၅) ချက်ကို ဘုံသဘောတူညီမှုဖြင့် ညှိနှိုင်းချမှတ် စုစည်းနိုင်ခဲ့သည်။
၁၉၈၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့တွင် ကိုဘုန်းမော်ကျဆုံးခြင်း နှစ်ပတ်လည် ဝမ်းနည်းခြင်း ရက်သတ္တပတ်အဖြစ် ရန်ကုန်တိုင်း မြို့နယ်အနှံ့အပြား၌ ဒီမိုကရေစီရေး လူထုဟောပြောပွဲများကို ကျင်းပဟောပြောခဲ့သည်။ "လက်ရှိ မြန်မာနိုင်ငံနှင့် ကြားဖြတ်အစိုးရပြဿနာ" ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင်ကို ဗကသခေါင်းဆောင်များအကြား တင်သွင်းဆွေးနွေးခဲ့ပြီး၊ ထိုစာတမ်းနှင့်အတူ ၁၉၈၉ ခုနှစ်၊ ဧပြီလတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ်၊ ဇွန်လတွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် အထိမ်းအမှတ်၊ အခမ်းအနားများ၊ စည်းဝေးဟောပြောမှုများနှင့် စည်းရုံးလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်ခဲ့သည်။ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗကသ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) တို့ ညှိနှိုင်းဆွေးနွေး၍ ရွေးကောက်ပွဲ ဖြတ်သန်းရေး၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရေး၊ တိုင်းရင်းသားများ တန်းတူညီမျှမှုရှိရေး၊ ကျောင်းသားလူငယ် ကိုယ်စားလှယ်များ လွှတ်တော်တွင်းပါဝင်ရေး ဟူသော အချက်လေးချက်ကို ပါတီဂိုဏ်းဂဏစွဲမပါဘဲ အမျိုးသားရေး ဦးတည်ချက်ဖြင့် ချမှတ်ထုတ်ပြန်နိုင်ခဲ့သည်။
၁၉၉၀ ပြည့်နှစ်၊ မေလ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံမေးမြန်းခြင်း၊ ဒီမိုကရေစီအင်အားစုများ အနိုင်ရရှိရေး ကြိုးပမ်းခြင်းများကို ဆောင်ရွက်လှုပ်ရှားခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ ဂန္ဒီညီလာခံ ကျင်းပရေးကို ကူညီပံ့ပိုးခဲ့ပြီး၊ ဂန္ဒီသဘောထား ကြေညာချက်ကို ဗကသအနေဖြင့် ထောက်ခံကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ ဩဂုတ်လတွင် နဝတနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်တိုက်တွေ့ဆုံနေရမှု (၁/၉၀ နှင့် ဂန္ဒီ) ကို ကြားဝင်ဖြန်ဖြေပေးရန် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့အား မေတ္တာရပ်ခံသည့် ကြေညာချက်ကို ဦးရေဝတ (ပျံလွန်တော်မူပြီး) (အထက်ဗမာပြည် လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးပညိန္ဒ (အောက်ဗမာပြည် ရဟန်းပျိုသမဂ္ဂများ အဖွဲ့ချုပ် ဥက္ကဋ္ဌ)၊ ဦးမောင်ကို (ကွယ်လွန်) (အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့) တို့နှင့်အတူ လေးဦးပူးတွဲ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်၊ အောက်တိုဘာလ (သီတင်းကျွတ်လပြည့်နေ့) သံဃာတော်များ သပိတ်မှောက်ကံဆောင်ပွဲ (ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲ) အတွက် ပံ့ပိုးကူညီပေးခဲ့သည်။
ထောင်ဒဏ်ကျခံရခြင်းနှင့် ပြန်လည်လွတ်မြောက်ခြင်း
[ပြင်ဆင်ရန်]၁၉၉၁ ခုနှစ်၊ ဇွန်လ ရန်ကုန်တက္ကသိုလ်ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် လက်ရှိသင်ယူနေသော နိုင်ငံတကာဆက်ဆံရေးပညာ နောက်ဆုံးနှစ်မှ နုတ်ထွက်ကြောင်း တင်ပြခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့စွဲဖြင့် ပညာရေးဝန်ကြီးထံ လိပ်မူ၍ ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းတည်ရှိခွင့်ကို တင်ပြတောင်းဆိုခဲ့သည်။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြီး ရန်ကုန်တက္ကသိုလ် ကျောင်းဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်လ်ဆု ရရှိခြင်း ထောက်ခံဆန္ဒပြပွဲ ဦးဆောင်သည်ဟူသော စွဲချက်ဖြင့် ၁၉၉၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခံခဲ့ရသည်။
၁၉၉၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် သရက်အကျဉ်းထောင်သို့ ပြောင်းရွှေ့ခံရပြီး ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက်နေ့တွင် လွတ်မြောက်ကြောင်း အသိပေးခံခဲ့ရသည်။ သို့သော် ထိုနေ့မှစ၍ ပုဒ်မ ၁၀(က) ဖြင့် ဆက်လက်ချုပ်နှောင်ခြင်းခံရသည်။ ၂၀၀၅ ခုနှစ်၊ မတ်လတွင် အကျဉ်းထောင်မှ လွတ်မြောက်ခဲ့ပြီး စုစုပေါင်း ၁၃ နှစ် ထောင်ဒဏ်ကျခံခဲ့ရသည်။
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ထူထောင်ခြင်းနှင့် နောက်ပိုင်းလှုပ်ရှားမှုများ
[ပြင်ဆင်ရန်]၂၀၀၅ ခုနှစ်၊ စက်တင်ဘာလတွင် အကျဉ်းထောင်အသီးသီးမှ လွတ်မြောက်လာကြသော ၈၈ အရေးတော်ပုံက ကျောင်းသားလူငယ်များနှင့် အမျိုးသမီးများကို စုစည်းပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ကို ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့နှင့်အတူ ထူထောင်ခဲ့သည်။
၂၀၀၆ ခုနှစ်တွင် အဖွဲ့ချုပ်၊ သက်ကြီးနိုင်ငံရေးသမားကြီးများ၊ စာပေအနုပညာရှင်ကြီးများ၊ ကိုဇာဂနာနှင့် မိတ်ဆွေများ၊ မျိုးဆက်သစ်လူငယ်ကျောင်းသားများနှင့် လက်တွဲကာ လက်ရှိနိုင်ငံရေးအခြေအနေများကို လေ့လာဆွေးနွေးခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးအဖြေရှာရေး နည်းလမ်းများကို ထောက်ခံကြောင်း ထုတ်ဖော်ခဲ့သည်။ ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၀၇ ခုနှစ် နှစ်ဆန်းပိုင်းအထိ ကိုကိုကြီး၊ မင်းကိုနိုင်၊ ဌေးကြွယ်၊ ပြုံးချိုနှင့် မင်းဇေယျာတို့ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ အစပြု၍ ကျန် ၈၈ မျိုးဆက်တို့က အဖြူရောင်လှုပ်ရှားမှုအမည်ဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုခဲ့ရာ ဒေါ်အမာ၊ ဇာဂနာ စသည့် အတိုက်အခံ စာပေပညာရှင်များ အပါအဝင် လူထုလူတန်းစားပေါင်းစုံ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၀၇ ခုနှစ်၊ ဇန်နဝါရီလတွင် ထိန်းသိမ်းခံထားရာမှ လွတ်မြောက်လာပြီးနောက် အဖြူရောင်လှုပ်ရှားမှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့ရာ ပြည်သူလူထု၏ ရင်ဖွင့်ချက်များကို ထုတ်ပြန်ခြင်း၊ နိုင်ငံရေးအကျဉ်းသားမိသားစုများကို သွားရောက်အားပေးခြင်းတို့ ပြုလုပ်ခဲ့သည်။ ဤလှုပ်ရှားမှုများကို စစ်အုပ်စု၏ ကြံ့ဖွံ့များနှင့် စွမ်းအားရှင်များက နှောင့်ယှက်ခဲ့ကြသည်။
၂၀၀၇ ခုနှစ်၊ ဩဂုတ်လတွင် ၈ လေးလုံး (၁၉) နှစ်ပြည့် အခမ်းအနားကို ပြုလုပ်ခဲ့ကြသည်။ စစ်အုပ်စု၏ လောင်စာဆီဈေးနှုန်းများ အဆမတန် တိုးမြှင့်ခြင်းကို ကန့်ကွက်ဆန္ဒပြလမ်းလျှောက်ခဲ့ပြီးနောက် ဩဂုတ်လ ၂၁ ရက်နေ့တွင် မင်းကိုနိုင်နှင့် အခြား ၈၈ မျိုးဆက်ကျောင်းသား ၁၂ ဦးနှင့်အတူ ဖမ်းဆီးခြင်း ခံရသည်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အစိုးရက ထောင်ဒဏ် (၆၅) နှစ် ချမှတ်ခဲ့ပြီး ရှမ်းပြည်နယ် မိုင်းဆတ်အကျဉ်းထောင်တွင် အကျဉ်းကျခံခဲ့ရသည်။

၂၀၁၂-ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်နေ့၊ နိုင်ငံတော် သမ္မတဦးသိန်းစိန်၏ စတုတ္ထအကြိမ်မြောက် အကျဉ်းသား ၆၅၁ဦး လွှတ်ရာတွင် လွတ်မြောက်ခဲ့သည်။
နိုင်ငံရေးသမားဘဝ
[ပြင်ဆင်ရန်]၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် NLD ပါတီ အတွက် ရွေးကောက်ပွဲ ဝင်ရောက်ရန် ရည်ရွယ်ခဲ့သော်လည်း [၂]နောက်ဆုံးတွင် ပါတီ၏ ဝင်ပြိုင်မည့် ကိုယ်စားလှယ်စားရင်းတွင် မပါဝင်ခဲ့ပေ။ [၃]နောက်ပိုင်းတွင် ပါတီမှ ထွက်ခွာခဲ့ပြီး၊ ထိုအတွက်ကြောင့် ၂၀၁၈ ခုနှစ်တွင် ကိုယ်ပိုင်ပါတီဖြစ်သည့် ပြည်သူ့ပါတီ (People's Party) ကို တည်ထောင်ခဲ့သည်။[၄]
၂၀၂၀ ရွေးကောက်ပွဲ ဝင်ပြိုင်မှု
[ပြင်ဆင်ရန်]၂၀၂၀ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲတွင် ဦးကိုကိုကြီးမှာ တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ယှဉ်ပြိုင်ခဲ့သည်။[၅]
| စဉ် | ကိုယ်စားလှယ်လောင်းအမည် | ပါတီအမည် | မဲရုံမဲ | ကြိုတင်မဲ | စုစုပေါင်းမဲ | ရာခိုင်နှုန်း |
|---|---|---|---|---|---|---|
| ၁။ | ဦးသက်တိုင်စိုး | အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ | ၆၃,၃၁၉ | ၂၁,၉၁၃ | ၈၅,၂၃၂ | ၈၆.၂၉% |
| ၂။ | ဒေါက်တာမြင့်အောင် | ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ | ၅,၉၅၃ | ၂,၄၈၉ | ၈,၄၄၂ | ၈.၅၅% |
| ၃။ | ဦးကိုကိုကြီး | ပြည်သူ့ပါတီ | ၂,၀၈၁ | ၆၂၅ | ၂,၇၀၆ | ၂.၇၄% |
| ၄။ | ဦးမင်းနောင် | အမျိုးသားဒီမိုကရေစီအင်အားစုပါတီ | ၇၉၅ | ၂၉၈ | ၁,၀၉၃ | ၁.၁၀% |
| ၅။ | ဦးမြင့်ကိုကို | ပြည်သူ့ရှေ့ဆောင်ပါတီ | ၇၇၅ | ၂၂၀ | ၉၉၅ | ၁.၀၁% |
| ၇။ | ဦးခင်မောင်ကြည် | ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ | ၂၀၈ | ၉၈ | ၃၀၆ | ၀.၃၁% |
- အာဏာသိမ်းပိုက်ပြီးနောက် စစ်ကောင်စီမှ ဖွဲ့စည်းခဲ့သည့် ရွေးကောက်ပွဲကော်မရှင်အသစ်က ၂၀၂၁ ခုနှစ် ဇူလိုင် ၂၆ ရက်နေ့တွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ကြောင်း ကြေညာခဲ့သည်။[၇]
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://news-eleven.com/article/117352
- ↑ ၈၈ ဦးကိုကိုကြီး NLD မှ ဝင်ပြိုင်မည်။ VOA Burmese။ 2025-6-30 တွင် ပြန်စစ်ပြီး။
- ↑ ပါတီထောင်မည့် ကိုကိုကြီး။ The Irrawaddy။ 2025-6-30 တွင် ပြန်စစ်ပြီး။
- ↑ ၈ လေးလုံးတဖြစ်လဲ ပြည်သူ့ပါတီ မှတ်ပုံတင်ပြီး။ VOA Burmese (၂၄ ဩဂုတ်၊ ၂၀၁၈)။ 2025-6-30 တွင် ပြန်စစ်ပြီး။
- ↑ ရွေးကောက်ပွဲဝင်ရန် ဦးကိုကိုကြီး၏ ပြည်သူ့ပါတီက ကိုယ်စားလှယ်လောင်း ၁၅၀ ကျော်ရွေးချယ်။ Myanmar Now။ 2025-6-30 တွင် ပြန်စစ်ပြီး။
- ↑ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီ၏ ဆန္ဒမဲရရှိမှုအခြေအနေ (၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ) (in Burmese)။ 1 February 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
- ↑ "၂၀၂၀ ရွေးကောက်ပွဲရလဒ် စစ်ကောင်စီခန့်ကော်မရှင်ဖျက်သိမ်း"။ ၂၀၂၅ ဇွန် ၁၂ တွင် ပြန်စစ်ပြီး။ Archived from the original on ၂၀၂၅ ဇွန် ၁၂။