ဖုန်းမော်
ဖုန်းမော် (၁၉၆၅-၁၉၈၈) သည် မြန်မာလူမျိုး စက်မှုကျောင်းသား ဖြစ်သည်။ ၈၈၈၈ အရေးအခင်း တွင် သေဆုံးခဲ့သူများအနက် ထင်ရှားသည်။
ငယ်ဘဝ
[ပြင်ဆင်ရန်]ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်တွင် ဦးဩဘာ၊ ဒေါ်အမာတို့မှ ၁၉၆၅ ခု၊ ဇန်နဝါရီလ ၂၂ ရက်တွင် မွေးသည်။ မွေးချင်း ၅ ယောက်အနက် စတုတ္ထမြောက် ဖြစ်သည်။
မိဘများကွယ်လွန်သွားရာ အကြီးများဖြစ်သော ကိုကျော်ဝင်း၊ မမာမာဝင်းနှင့် မမာမာအိတို့က မင်္ဂလာဈေးတွင် ဆိုင်ထွက်ကာ အငယ်ဖြစ်သော ဖုန်းမော်နှင့် နီနီအောင် တို့၏ ပညာရေးအား တာဝန်ယူရသည်။
၅ တန်းမှ ၁၀ တန်းအထိ လသာ ၁ တွင် ပညာသင်ကြားသည်။ ၁၉၈၁ ခုတွင် ဆယ်တန်းအောင်သည်။ ၁၉၈၂ ခုတွင် ဒေသကောလိပ် (၂) ရန်ကုန် (ယခု ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေ) တွင် သင်္ချာအထူးပြုဖြင့် တက်သည်။ ၁၉၈၃ တွင် ဒေသကောလိပ်မှ ရန်ကုန် စက်မှုတက္ကသိုလ်သို့ ဓာတုအင်ဂျင်နီယာနှင့် တက်ခွင့်ရသည်။ ၁၉၈၈ ခုတွင် ပဉ္စမနှစ်ကျောင်းသား ဖြစ်နေပြီ ဖြစ်သည်။
လူမှုရေး လှုပ်ရှားမှု
[ပြင်ဆင်ရန်]၉ တန်းတွင် လသာမြို့နယ် လမ်းစဉ်လူငယ်အဖြစ် လူငယ် လေကြောင်းသင်တန်း တက်ခဲ့သည်။
ဒေသကောလိပ်၌ ကြက်ခြေနီအဖွဲ့တွင် ဝင်ရောက်လှုပ်ရှားခဲ့သည်။ စက်မှုတက္ကသိုလ် ရောက်သည်အထိ ထိုအဖွဲ့တွင် ပါဝင်ဆဲ ဖြစ်သည်။ အရံပါတီဝင် တယောက်ဖြစ်ပြီး၊ ကြက်ခြေနီအဖွဲ့၊ တက္ကသိုလ်အရံတပ်ရင်း၊ ဗုဒ္ဓဘာသာအသင်းများ၏ အောင်လက်မှတ်များ၊ မှတ်တမ်းများ၊ ဂုဏ်ပြုလက်မှတ်များ ရရှိထားသည်။
၁၉၈၂ (အောက်တိုဘာ) ရန်ကုန်-မန္တလေး ကားလမ်း လှည်းကူး လုပ်အားပေးစခန်း၊ ၁၉၈၃ (အောက်တိုဘာ) စပါး(၁) ရွှေလောင်းကျွန်း လုပ်အားပေး (ဝါးခယ်မ) တွင် ပါဝင်လုပ်အားပေးခဲ့သည်။
ပြည်ထောင်စုနေ့တွင် ကြက်ခြေနီ တပ်ဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်တက်ရောက်ခဲ့သည်။ ငါးကြိမ်မြောက် သွေးလှူရှင်ဖြစ်ပြီး၊ ဓာတုအင်ဂျင်နီယာ ဘာသာရပ်အသင်း အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။
ဘဝနိဂုံး
[ပြင်ဆင်ရန်]၁၉၈၈ ခု၊ မတ်လ ၁၃ ရက်တွင် အာဏာပိုင်များက စက်မှုတက္ကသိုလ်ဝင်း အတွင်းသို့ဝင်ကာ အဓိကရုဏ်းနှိမ်နင်းခြင်း ပြုသည်။ အဆောင်ပေါ်ရှိ ဖုန်းမော်က အောက်ဆင်းကာ ဆရာ ဦးစိုးမြင့်အား အခြေအနေမေးသည်။ ဆရာက အဆောင်ပေါ်၌သာ ပြန်နေရန်ပြော၍ ပြန်လာရာ ပင်မဆောင်ရေပန်းအနီး စကျင်ကျောက်တိုင်ရှေ့လမ်းတွင် ကျည် (၃) ချက်မှန်ကာ ပင်မဆောင်ဆင်ဝင်အောက်တွင် ကွယ်လွန်သည်။
ကိုးကား
[ပြင်ဆင်ရန်]ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ထုတ်ဝေသည့် စက်မှုအားမာန် စာစောင်၊ အမှတ်စဉ် (၄)၊ ၁၇.၉.၈၈ မှ ကူးယူဖော်ပြပါသည်။