အမျိုးသားကုကုန်းပြတိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အမျိုးသားကုကုန်းပြတိုက်အား အဝေးမှမြင်ရပုံ

အမျိုးသားကုကုန်း(နန်းတွင်း)ပြတိုက်
國立故宮博物院
တည်ထောင်ခြင်း 1925
တည်နေရာ ထိုင်ပေမြို့ထိုင်ဝမ်
အမျိုးအစား ယဉ်ကျေးမှုသမိုင်းပြတိုက်
လည်ပတ်သူဦးရေ 2,574,804 (2009)
ညွှန်ကြားရေးမှူး ကျိုးကုန်းရှင်း (周功鑫)
ဝက်ဘ်ဆိုက်ဒ် www.npm.gov.tw

အမျိုးသားကုကုန်း(နန်းတွင်း)ပြတိုက် (National Palace Museum) သည် တရုတ်သမ္မတနိုင်ငံ (ထိုင်ဝမ်) ထိုင်ပေမြို့တွင် တည်ရှိပြီး ဝန်ကြီးများရုံးမှ ကြီးကြပ်သည့် ပြည်သူပိုင် ယဉ်ကျေးမှု သမိုင်းပြတိုက် တစ်ခုဖြစ်သည်။ အတိုကောက်အားဖြင့် ကုကုန်းပြတိုက် (သို့) ထိုင်ပေကုကုန်းပြတိုက်ဟုလည်း ခေါ်ဆိုကြသည်။ ထိုင်ပေကုကုန်းပြတိုက်သည် တရုတ်သမိုင်း ခေတ်အဆက်ဆက်မှ ရှေးဟောင်း အနုပညာ လက်ရာပစ္စည်းများ စုစုပေါင်း ၆၅၅၇၁၉ ရပ်ကို စုဆောင်းထားသည့် ကမ္ဘာ့အကြီးဆုံး ပြတိုက်ကြီး ၄ ခုစာရင်းတွင် ပါဝင်သည့် ပြတိုက်ဖြစ်သည်။ အဓိကအားဖြင့် စုန့်မင်းဆက်ယွမ်မင်းဆက်မင်မင်းဆက်နှင့် ချင်းမင်းဆက် မင်းဆက် ၄ ဆက်မှ လက်ရာ နူးညံ့သိမ်မွေ့သည့် တော်ဝင်ပစ္စည်းများကို စုဆောင်းထားသည်။

သမိုင်း[ပြင်​ဆင်​ရန်​]

အမျိုးသားကုကုန်းပြတိုက်အား မူလအစက တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီနန်းစွန့်ပြီး များမကြာမှီ ၁၉၂၅ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့ ပေကျင်းမြို့ရှိ နန်းတွင်း (Forbidden City) တွင် ကုကုန်းပြတိုက် (Palace Museum - နန်းတွင်းပြတိုက်) အဖြစ် တည်ထောင်ခဲ့သည်။ ၁၉၃၁ ခုနှစ် မန်ချူးအရေးအခင်း (တရုတ်-ဂျပန်စစ်ပွဲ၏ တစ်စိတ်တစ်ဒေသ) ဖြစ်ပွားချိန်တွင် ယဉ်ကျေးမှု အမွေအနှစ်များ ဂျပန်လက်အောက် မကျရောက်စေရန် ကွန်မင်တန်ခေါင်းဆောင် ချန်ကေရှိတ်က ကုကုန်းပြတိုက်အား တန်ဖိုးအရှိဆုံး ပစ္စည်းများကို ပေကျင်းမှ ပြောင်းရွှေ့ရန် အမိန့်ပေးခဲ့သည်။ ၁၉၃၃ ခုနှစ်တွင် ရထား ၂ စင်းဖြင့် ၁၃၄၉၁ သေတ္တာပါ ရှေးဟောင်းပစ္စည်းများအား တောင်ပိုင်းဒေသသို့ ပြောင်းရွှေ့ခဲ့သည်။ ၎င်းရှေးဟောင်းပစ္စည်းများအား ရှန်ဟိုင်း၊ အန်းဆွန့်၊ ယီပင်း အပါအဝင် နေရာ အတော်များများသို့ ပြောင်းရွှေ့ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်များတွင် ကွန်မင်တန်အစိုးရ၏ မြို့တော် နန်ကျင်းမြို့သို့ ရောက်ရှိခဲ့သည်။

တရုတ်ပြည်တွင်းစစ်နှောင်းပိုင်းကာလ ၁၉၄၈ - ၁၉၄၉ ခုနှစ်အတွင်း ရှေးဟောင်းပစ္စည်းအချို့အား အသုတ် ၃ သုတ်ခွဲကာ ထိုင်ဝမ်မြောက်ပိုင်း ကြီးလုံဆိပ်ကမ်းသို့ ရေကြောင်းဖြင့် သယ်ဆောင်လာခဲ့သည်။ ဘေဂျင်းမှ တရုတ်ပြည်တောင်ပိုင်းသို့ ပြောင်းရွှေ့သည့် သေတ္တာပေါင်း ၁၃၀၀၀ ကျော်အနက် ၅၄၂၂ သေတ္တာ (၂၂%) သာထိုင်ဝမ်သို့ ရောက်ရှိလာသည်။

တရုတ်ပြည်တွင်းစစ်တွင် တရုတ်ကွန်မြူနစ်တို့ အနိုင်ရခဲ့ပြီးနောက် ကျန်ရှိသည့် ပစ္စည်းများအား နန်ကျင်းမှ ဘေဂျင်းသို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပြီးနောက်တွင် ကုကုန်းပြတိုက်သည် ဘေဂျင်းတွင်တစ်တိုက် ထိုင်ပေတွင်တစ်တိုက် ပြတိုက်နှစ်တိုက်အဖြစ် ကွဲထွက်ခဲ့သည်။ နောက်ပိုင်းတွင် ဘေဂျင်းရှိပြတိုက်အား ″ဘေဂျင်းကုကုန်း″ဟုလည်းကောင်း၊ ထိုင်ပေရှိပြတိုက်အား ”ထိုင်ပေကုကုန်း″ဟုလည်းကောင်း လူသိများလာခဲ့သည်။

ထိုင်ပေတွင် ပြတိုက်တည်ဆောက်ခြင်း[ပြင်​ဆင်​ရန်​]

ထိုင်ပေရှိ အမျိုးသားကုကုန်းပြတိုက်အား ၁၉၆၄ ခုနှစ် မတ်လတွင် စတင်တည်ဆောက်ကာ ၁၉၆၅ ခုနှစ် ဩဂုတ်လတွင် ပြီးစီးခဲ့သည်။ စုဆောင်းပစ္စည်းပေါင်း ၆ သိန်းခွဲကျော်အား ပြသရန် နေရာမလောက်ငှသည့်အတွက် ၁၉၆၇၊ ၁၉၇၀နှင့် ၁၉၉၇ ခုနှစ်တွင် တိုးချဲ့ ဆောက်လုပ်ခဲ့သည်။

ကုကုန်းပြတိုက်တွင် ရှေးဟောင်းပစ္စည်းများအား သုံးလပတ်လျှင် တစ်ကြိမ် အလှည့်ကျ ပြသလေ့ရှိသည်။ တနည်းအားဖြင့်ဆိုလျှင် တနှစ်လျှင် ပစ္စည်းပေါင်း ၆ သောင်းကို ကြည့်ရှုနိုင်ပြီး စုဆောင်းပစ္စည်းအားလုံးကို ကြည့်ရှုမည်ဆိုလျှင် ၁၂ နှစ်ကြာ ကြည့်ရှုရမည် ဖြစ်သည်။

အထင်ကရ လက်ရာပစ္စည်းများ[ပြင်​ဆင်​ရန်​]

ကျောက်စိမ်းထည် မုန်ညှင်းထုပ် အလျား-18.7cm အနံ-9.1cm အထူ-5.07cm
ဝက်သားပုံကျောက် အမြင့်-5.73cm၊ အကျယ်-6.6cm၊ အထူ-5.3cm