တရုတ်သမ္မတနိုင်ငံ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Merge arrows ဤ အကြောင်းအရာကို (သို့မဟုတ်) ဤစာမျက်နှာ၏ တစိတ်တပိုင်းကို ထိုင်ဝမ် နှင့် ပေါင်းစပ်ရန် အကြံ ပြုထားပါသည်။ (ဆွေးနွေးရန်)
တရုတ်သမ္မတနိုင်ငံ(ထိုင်ဝမ်)‌
中華民國
Flag of the Republic of China.svg Republic of China National Emblem.svg
နိုင်ငံတော်အလံ နိုင်ငံတော်အမှတ်တံဆိပ်
ပထဝီ
Taiwan in China (+all claims hatched).svg
မြို့တော် ထိုင်ပေမြို့
အကြီးဆုံးမြို့ ထိုင်ပေမြို့
ဧရိယာ
  • ဧရိယာ - ၃၆,၁၉၀ km² (၁၃,၉၇၃ sq mi) (အဆင့်: ၁၃၆)
  • ရေဖုံးလွှမ်းမှု - ၁၀.၃၄%
အမြင့်ဆုံးနေရာ ယွိစန်း (၃,၉၅၂ km)
အရှည်ဆုံးမြစ် ဂျော်ဆွေမြစ်
အကြီးဆုံးအင်း ကျိမ်းဝင်ဆည်
ကမ်ရိုးတန်း ၁,၅၆၆.၃ km
စံတော်ချိန်ဇုန် UTC + ၈
လူနေမှု
ရုံးသုံးဘာသာများ တရုတ်
လူဦးရေ
လူမျိုးများ ဟန့်တရုတ်၊ ဒေသခံတိုင်းရင်းသား
ကိုးကွယ်ယုံကြည်မှု ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ခရစ်ယာန်ဘာသာ
ပွဲတော်များ တရုတ်နှစ်သစ်ကူး၊ အမျိုးသားနေ့ (အောက်တိုဘာ ၁၀ ရက်)
နိုင်ငံရေး
အမျိုးအစား သမ္မတနှင့် ဝန်ကြီးချုပ် အာဏာခွဲဝေသည့် ဒီမိုကရေစီစနစ်
အစိုးရခေါင်းဆောင်များ
  • သမ္မတ - မာရင်းကျို
  • ဒုတိယသမ္မတ - ရှောင်းဝမ့်ချန်
  • ဝန်ကြီးချုပ် - ဝူတွန်းယိ
ထူထောင်မှု
  • ရှင်းဟိုက်တော်လှန်ရေး - ၁၀-၁၀-၁၉၁၁
  • တရုတ်သမ္မတနိုင်ငံ - ၁-၁-၁၉၁၂
  • ထိုင်ဝမ်သို့ပြောင်းရွှေ့ - ၁၉၄၉
စီးပွားရေး
GDP(PPP) US $ ၃၈၃,၃၄၇ ဘီလီယံ (အဆင့် - ၂၄)
GDP(PPP) US $ ၁၈,၃၀၆ (အဆင့် - ၄၁)
HDI ၀.၉၃၂ (မြင့်) (အဆင့် - )
ဗဟိုဘဏ် ဗဟိုဘဏ်
ငွေ ထိုင်ဝမ်ဒေါ်လာ (NTD)
နိုင်ငံတော်အထိမ်းအမှတ်နှင့် သင်္ကေတများ
CCLTD .tw
Calling code +၈၈၆

တရုတ်သမ္မတနိုင်ငံ (中華民國 The Republic of China, ROC(အာအိုစီ) ) သည် အရှေ့အာရှတွင်တည်ရှိသည့် တိုင်းပြည်တခုဖြစ်ပြီး ကမ္ဘာတဝှမ်းက အသိအမှတ်ပြုသည့် တပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံမှ အမေရိကန်၊ ဥရောပ၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအနည်းအကျဉ်းကသာ တရားဝင် အသိအမှတ်ပြုသည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ အာအိုစီသည် ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။[၁]

၁၉၁၂ ခုနှစ်တွင် အာအိုစီ အား တည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့်နယ်နမိတ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် ထိုင်ဝမ်ကျွန်း (台灣) နှင့် ဖုန်ဟူ(澎湖)ကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ကူမင်တန် (中國國民黨 တရုတ်အမျိုးသားပါတီ) အစိုးရ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ်ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင် (金門)နှင့် မားကျူ (馬祖) တို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီးတွင် ကွန်မင်တန်အား အနိုင်ရခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပြည်မကြီးတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ (中華人民共和國 People's Republic of China, PRC (ပီအာစီ) ) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရလက်အောက်ရှိ နယ်မြေများအား “အာအိုစီ၏ လွတ်လပ်သောနယ်မြေ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ ထိုင်ပေမြို့ဖြစ်သည်။ ၁၉၄၉ ခုနှစ်မှစ၍ အာအိုစီအစိုးရသည့် နယ်မြေများမှာ ထိုင်ဝမ်နှင့် ကမ်းလွန်ကျွန်းစုများသာ ကျန်ရှိသည်ဆိုသော်လည်း စစ်အေးခေတ် ခေတ်ဦးပိုင်းတွင် အာအိုစီအစိုးရအား အနောက်တိုင်းနိုင်ငံအများစုနှင့် ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပီအာစီအား မျက်နှာသာပေးလာသောကြောင့် အာအိုစီသည် ယင်းအသိအမှတ်ပြုမှုများကို တဖြည်းဖြည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း တရုတ်တပြည်လုံး၏ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည်ဆိုသည့် အဆိုကို ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်သည်။[၂]

သမ္မတဟောင်း လီတိန်းဟွေး(李登輝)နှင့် ချန်ဆွေပြန်(陳水扁)တို့က အာအိုစီသည် တရုတ်ပြည်မနှင့် ဆက်နွှယ်ခြင်းမရှိသည့် အချုပ်အခြာအာဏာပိုင်နိုင်ငံဖြစ်သောကြောင့် တရားဝင်လွတ်လပ်ရေး ကြေညာရန် မလိုအပ်ဟု အဆိုပြုကြသည်။ [၃] လက်ရှိသမ္မတ မာရင်းကျို (馬英九)ကမူ အာအိုစီသည် ထိုင်ဝမ်ရော ပြည်မပါ အချုပ်အခြာအာဏာကို ပိုင်ဆိုင်ပြီး သီးခြားလွတ်လပ်သည့် နိုင်ငံဖြစ်သည်ဟု ဖော်ပြခဲ့သည်။ ယင်းရပ်တည်ချက်သည် အာအိုစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်သော်လည်းကောင်း၊ ၁၉၉၂ ခုနှစ် နားလည်မှု (九二共識 အဓိပ္ပါယ်နှစ်မျိုးနှင့် တရုတ်တပြည်ထောင်) နှင့်သော်လည်းကောင်း တထပ်တည်းဖြစ်သည်။ [၄]

၁၉၁၀ မှ ၁၉၄၀ ခုနှစ်အတွင်း အာအိုစီမှာ တရုတ်နိုင်ငံကို ညွှန်းဆိုသည်။ ၁၉၅၀ မှ ၁၉၆၀ ခုနှစ်အတွင်းတွင်မူ နေရှင်နယ်လစ်တရုတ် သို့မဟုတ် လွတ်လပ်သောတရုတ်ဟု ညွှန်းဆိုကြသည်။ မျက်မှောက်ခေတ်တွင် အာအိုစီအား များသောအားဖြင့် ထိုင်ဝမ်ဟု ခေါ်ဆိုလာကြသည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်နိုင်ငံဆိုသည်မှာ ပီအာစီကို ညွှန်းဆိုလာကြသည်။

နိုင်ငံတော်ထူထောင်ခြင်း[ပြင်​ဆင်​ရန်​]

တရုတ်သမ္မတနိုင်ငံ (အာအိုစီ) အား ၁၉၁၁ ခုနှစ်တွင် ထူထောင်ခဲ့သည်။ တရုတ်ပြည်အား ၁၆၄၄ - ၁၉၁၂ ခုနှစ်အထိ နှစ်ပေါင်း ၂၀၀ ကျော် အုပ်ချုပ်ခဲ့သည့် ချင်းမင်းဆက်((清朝 မန်ချူးမင်းဆက်) ပျက်သုဉ်းစေခဲ့ပြီး တရုတ်ပြည်တွင် နှစ် ၂၀၀၀ ကျော်ကြာ ကျင့်သုံးခဲ့သည့် သက်ဦးဆံပိုင် ဧကရာဇ်စနစ် ပြည်ဖုံးကားချစေခဲ့သည်။ အာအိုစီသည် အရှေ့အာရှဒေသတွင် သက်တမ်းအကြာမြင့်ဆုံး သမ္မတနိုင်ငံတခုအဖြစ် တည်ရှိဆဲဖြစ်သည်။ တရုတ်ပြည်ကို အုပ်စိုးခဲ့စဉ် အာအိုစီအစိုးရသည် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှုကွန်မင်တန်ပါတီ (KMT) နှင့် ကွန်မြူနစ်ပါတီအကြား ဖြစ်ပွားခဲ့သည့် တရုတ်ပြည်တွင်း စစ်ပွဲများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာအိုစီအစိုးရ ထိုင်ဝမ်သို့ ရောက်ရှိလာပြီးနောက် စီးပွားရေး၊ စက်မှုလုပ်ငန်းနှင့် ဒီမိုကရေစီ နိုင်ငံရေးစနစ် စသည့်နယ်ပယ်များတွင် ဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

၁၉၂၈ ခုနှစ်မှစ၍ အာအိုစီသည် ကွန်မင်တန်ပါတီက အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည့် တပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ [၅] ၁၉၅၀ - ၁၉၆၀ ခုနှစ်များအကြားတွင် ကွန်မင်တန်ပါတီသည် ပြန်လည်ဖွဲ့စည်းမှုအား ကျယ်ကျယ်ပျံ့ပျံ့ လုပ်ဆောင်ခဲ့ကာ အဂတိလိုက်စားမှု ပပျောက်ရေးနှင့် လယ်မြေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ဒီ့နောက်တွင် စီးပွားရေး အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အာရှ ကျားလေးကောင် စာရင်းဝင်နိုင်ငံ ဖြစ်လာသည်။ ၁၉၈၀ - ၁၉၉၀ ခုနှစ်များတွင် အုပ်ချုပ်ရေးစနစ်မှာ ငြိမ်းချမ်းသည့် ဒီမိုကရေစီနိုင်ငံရေးစနစ်အဖြစ် အသွင်ပြောင်းလာသည်။ ၁၉၉၆ ခုနှစ်တွင် သမ္မတအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက်တင်မြောက်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်တိုးတက်ရေးပါတီဝင် ချန်ဆွေပြန် သမ္မတဖြစ်လာသည်။ ၎င်းသည် ၁၉၄၉ ခုနှစ် အာအိုစီအစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပထမဦးဆုံးသော ကွန်မင်တန်ပါတီဝင်မဟုတ်သည့် သမ္မတဖြစ်သည်။ ၂၀၀၈ ခုနှစ် သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် အမတ်ရွေးကောက်ပွဲများတွင် ကွန်မင်တန်ပါတီသည် ဗဟိုအုပ်ချုပ်ရေးအာဏာကို ပြန်လည်ရရှိခဲ့သည့်အပြင် လွှတ်တော်တွင်လည်း အမတ်နေရာအများစုကို အနိုင်ရခဲ့သည်။ [၆]

နိုင်ငံရေးအခြေအနေ[ပြင်​ဆင်​ရန်​]

ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာအိုစီအပိုင် နယ်နမိတ်မြေပုံ။ အစိမ်းရင့်ရောင် ပြထားသည့် နေရာမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၏ တစိတ်တဒေသဖြစ်သည်။

အာအိုစီ၏ နိုင်ငံရေးအခြေအနေသည် အငြင်းပွားစရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ပီအာစီ)သည် အာအိုစီအစိုးရသည် တရားမဝင်ဟု ကြွေးကြော်ကာ “ထိုင်ဝမ်အာဏာပိုင်”ဟုသာ ညွှန်းဆိုလေ့ရှိသည်။ တချိန်တည်းတွင် အာအိုစီအစိုးရက မိမိကိုယ်ကို အချုပ်အခြာအာဏာလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည်။ [၇] ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့်တိုင် အာအိုစီအစိုးရက တရုတ်တပြည်လုံး၏ တရားဝင်အစိုးရဟု ဆိုသော်လည်း ထိုင်ဝမ်ခွဲထွက်ရေး (ထိုင်ဝမ်လွတ်လပ်ရေး)ကိုလိုလားသူ သမ္မတချန်ဆွေပြန် (၂၀၀၀-၂၀၀၈) မှာမူ တရုတ်ပြည်သည် အာအိုစီအစိုးရသည့် နယ်နမိတ်ဟု တက်တက်ကြွကြွ ပြောဆိုလေ့မရှိခဲ့ပေ။ အာအိုစီတွင် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ကွန်မင်တန်ပါတီမှ ၁၉၁၂ ခုနှစ် တရုတ်ပြည်တွင် ရေးဆွဲခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အာအိုစီအပိုင်နယ်နမိတ်မှာ တရုတ်ပြည်မ၊ မွန်ဂိုလီးယား၊ မြန်မာပြည် မြောက်ပိုင်းဒေသတချို့နှင့် မျက်မှောက်ခေတ် ရုရှားအပိုင် ထူဗာဒေသတို့ပါဝင်သည်။ ယင်းဥပဒေကို မျက်မှောက်ကာလအထိ ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိပါ။ လက်ရှိသမ္မတ မာရင်းကျိုသည် အာအိုစီသည် တရုတ်ပြည်၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း တရုတ်ပြည်မဒေသသည် အာအိုစီ၏ အချုပ်အခြာအာဏာပိုင် နယ်နမိတ်ဖြစ်ကြောင်း ပြန်လည်အဆိုပြုထားသည်။

(သို့သော်လည်း ၁၉၉၂ ခုနှစ် ထိုင်ဝမ်နှင့် ပြည်မအကြား ဟောင်ကောင်ဆွေးနွေးပွဲ၌ ကမ္ဘာပေါ်တွင် တရုတ်ပြည် တခုတည်းသာရှိကြောင်း နှစ်ဖက်မှ လက်ခံထားပြီး ထိုင်ဝမ်ဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ အာအိုစီဖြစ်ကာ ပြည်မဖက်မှ ညွှန်းဆိုသည့် တရုတ်ပြည်မှာ ပီအာစီဖြစ်ကြောင်း နားလည်မှုရယူထားသည်။ ၎င်းအား ၁၉၉၂ ခုနှစ် နားလည်မှုဟု နောက်ပိုင်းတွင် ခေါ်ဆိုကြသည်။)

သမိုင်း[ပြင်​ဆင်​ရန်​]

၁၉၁၁–၂၇[ပြင်​ဆင်​ရန်​]

၁၉၁၄ ခုနှစ်တွင် Rand McNally & Co. မှပုံနှိပ်သည့် အာအိုစီမြေပုံ
ယွမ်ရှီခိုင်(ဝဲ) ဆွန်ယက်ဆင် (ယာ) နှင့် အာအိုစီ ခေတ်ဦးတွင် အသုံးပြုသည့် အလံနှစ်မျိုး

၁၉၁၁ ခုနှစ်တွင် နှစ် ၂၀၀၀ ကျော်ကြာသည့် ဧကရာဇ်စနစ်အား တွန်းလှန်ပြီးနောက် တရုတ်၌ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ ချင်းမင်းဆက် အစိုးရသည် ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ဧကရာဇ်စနစ်ကို ကြားကန်ပေးထားသည့် ခေတ်သစ်-ကွန်ဖြူးရှပ်ဝါဒအပေါ် ပြည်သူများက သံသယဝင်လာချိန်ဖြစ်သလို ပြည်တွင်း၌လည်း တရုတ်လူမျိုး သန်း ၄၀ (လူဦးရေ ၁၀ %) က ဘိန်းစွဲသည့် ပြဿနာကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှုမဲ့နေပြီဟု အပြစ်တင်ခံနေရချိန်လည်းဖြစ်သည်။ [၈] တတိယဘိန်းစစ်ပွဲတွင် အနောက်တိုင်းအင်အားကြီးနိုင်ငံများအား မရှုမလှ ရှုံးနှိမ့်ခဲ့ရ၍ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည့် ချင်မင်းဆက် အစိုးရသည် ဤအချိန်တွင် မီးစာကုန် ဆီခန်းဘဝနှင့် အတော်လေးပင် နီးစပ်နေပြီဖြစ်သည်။ [၉]

၁၉၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဒေါက်တာ ဆွန်ယက်ဆင် (孫中山; 孫逸仙)ဦးဆောင်သည့် ဝူချန်းတော်လှန်ရေး (武昌起義) ဖြစ်ပွားခဲ့ပြီး ချင်မင်းဆက်ကို တွန်းလှန်ခဲ့သည်။ ထိုနေ့အား အာအိုစီအစိုးရက အမျိုးသားနေ့(國慶)အဖြစ် သတ်မှတ်ခဲ့သည်။ ၁၀ လ ၁၀ ရက်နေ့ ဖြစ်သောကြောင့် Double Ten Day (雙十節) ဟုလည်းခေါ်သည်။ ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် အာအိုစီကို တည်ထောင်ခဲ့ပြီး ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီ (溥儀) နန်းစွန့်ရန် သဘောတူခဲ့ပြီးနောက် ယွမ်ရှီခိုင်အား ၁၉၁၃ ခုနှစ်တွင် သမ္မတအဖြစ် တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော်လည်း ယွမ်ရှီခိုင်သည် အာဏာရကွန်မင်တန်ပါတီကို ဖြိုခွဲလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအရ သမ္မတအာဏာကို လျစ်လျူရှုကာ ၁၉၁၅ ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။

၁၉၂၄ ခုနှစ် ဟွမ်ဖူစစ်လေ့ကျင့်ရေးကျောင်း ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ကြသည့် ဆွန်ယက်ဆင် (လယ်) နှင့် ချန်ကေရှိတ် (စင်ပေါ်မှစစ်ဝတ်စုံဝတ်ဆင်ထားသူ)။

ယွမ်ရှီခိုင်၏နောက်လိုက်များသည် ယင်းအားစွန့်ခွာသွားကြပြီး ပြည်နယ်များက လွတ်လပ်ရေးကြေငြာကာ စစ်သူကြီးများ အုပ်ချုပ်သည့် တိုင်းနိုင်ငံများ ဖြစ်လာသည်။ ယွမ်ရှီခိုင်သည် ၁၉၁၆ ခုနှစ်တွင် ဆီးအဆိပ်သင့်ရောဂါကြောင့် ကွယ်လွန်ခဲ့သည်။ ယွမ်ရှီခိုင်ကွယ်လွန်ပြီးနောက် ဆယ်စုနှစ် တနှစ်ကြာ စစ်သူကြီးများ ကြီးစိုးခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်သည်လည်း ၁၉၁၇ - ၁၉၂၀ ခုနှစ်တွင် မိမိမွေးရပ်မြေ ကွမ်တုန်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်သည် စင်ပြိုင်အစိုးရကို ထူထောင်ခဲ့ပြီး ၁၉၁၉ ခုနှစ် အောက်တိုဘာလတွင် ကွန်မင်တန်ပါတီကို ပြန်လည်ဖွဲ့စည်းခဲ့သည်။

ဘေဂျင်းရှိ ပေရန်အစိုးရသည် အာဏာကို ဆက်လက်ဆွဲကိုင်ထားနိုင်ရန် ကြိုးပန်းလျက်ရှိသည်။ တရုတ်က အနောက်နိုင်ငံများအား မည်သို့ ရင်ဆိုင်ရမည်ကို ကျယ်ကျယ်ပျံ့ပျံ့ အတိအလင်း ဆွေးနွေးမှုများ ရှိလာသည်။ ဗာဆဲလ်စာချုပ် ချုပ်ဆိုပြီးနောက် မေလ ၄ ရက်နေ့တွင် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြမှုများသည် နိုင်ငံတဝှမ်းလုံးသို့ ကူးစက်ပျံ့နှံ့ခဲ့သည်။ ယင်းဆန္ဒပြမှုကို မေလ ၄ ရက် နေ့စွဲကို အစွဲပြု၍ မေ ၄ လှုပ်ရှားမှု (五四運動) ဟု ခေါ်တွင်လာသည်။

ဝူချန်းတော်လှန်ရေး မတိုင်မှီကာလအတွင်း မင်းမဲ့ဝါဒ အထူးသဖြင့် မင်းမဲ့ကွန်မြူနစ်ဝါဒသည် ဆိုရှယ်လစ်ဝါဒီများအကြား အထင်ရှားဆုံး ဝါဒတရပ်ဖြစ်လာသည်။ ၁၉၁၉ ရုရှတော်လှန်ရေးဖြစ်ပွားပြီးနောက် တရုတ်ပြည်တွင် မာခ်စ်ဝါဒ (Marxism) ပျံ့နှံလာကာ လူသိပိုများလာသည်။ မာခ်စ်-လီနင်ဝါဒီ လှုပ်ရှားမှုကို အစဦးပိုင်းတွင် လီတာ့ကျောင်းနှင့် ချန်တူရှို့တို့က ဦးဆောင်ခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီကို ၁၉၂၁ ခုနှစ် ဇူလိုင်လတွင် တည်ထောင်ဖွဲ့စည်းခဲ့သည်။

၁၉၂၇–၄၅[ပြင်​ဆင်​ရန်​]

၁၉၂၅ ခုနှစ် ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ကွန်မင်တန်ပါတီ ခေါင်းဆောင်အဖြစ် ဆက်ခံခဲ့သူ ချန်ကေရှိတ်

ဒေါက်တာဆွန်ယက်ဆင် ၁၉၂၅ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့ပြီးနောက် ချန်ကေရှိတ်သည် ကွန်မင်တန်ပါတီ၏ ခေါင်းဆောင်ဖြစ်လာသည်။ ဆိုဗီယက်ယူနီယံ၏ အကူအညီဖြင့် ချန်ကေရှိတ်သည် တရုတ်ပြည်မြောက်ပိုင်းဒေသ စစ်ဆင်ရေးကို အနိုင်ရခဲ့ပြီး တစ်မင်းတစ်ချင်းအုပ်စိုးနေသည့် စစ်သူကြီးများအား ချေမှုန်းနိုင်လိုက်ကာ ကွန်မင်တန်ပါတီ၏ ဩဇာအောက်တွင် တရုတ်ပြည်အား အမည်ခံအားဖြင့် တပေါင်းတစည်းတည်းဖြစ်စေခဲ့သည်။ ဆိုဗီယက် အကြံပေးပုဂ္ဂိုလ်များက စစ်ရေးလေ့ကျင့်မှု၊ ဝါဒဖြန့်ချီရေး စသည်တို့တွင် အကူအညီပေးခဲ့သော်လည်း ချန်ကေရှိတ်သည် ၎င်းတို့အား ပယ်ထုတ်ကာ ကွန်မင်တန်ပါတီမှ ကွန်မြူနစ်များနှင့် လက်ဝဲဝါဒီများအား ရှင်းလင်းခဲ့သည်။ ဤသို့ကြောင့် တရုတ်ပြည်တွင်းစစ်ပွဲ စတင်စေခဲ့သည်။ ချန်ကေရှိတ်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် ကွန်မြူနစ်များသည် တရုတ်ပြည် အတွင်းပိုင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ချန်ကေရှိတ်သည် အာဏာတည်မြဲရေးအတွက် ၁၉၂၇ ခုနှစ် နန်ကျင်းမြို့တွင် ကွန်မင်တန်အစိုးရကို ဖွဲ့စည်းကာ တိုင်းပြည် ခေတ်မှီတိုးတက်စေရန် ဗဟိုသုတေသနဌာန၊ တရုတ်ဘဏ်နှင့် အခြားသော ဌာနများကို တည်ထောင်ခဲ့သည်။

၁၉၃၂ ခုနှစ်တွင် ကျင်းပသည့် အိုလံပစ်အားကစားပွဲတော်တွင် အာအိုစီအလံကိုင်ဆောင်ထားသည့် တရုတ်အားကစားသမားများ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။ ဤကဲ့သို့သော တည်ငြိမ်မှုသည် ၁၉၃၁ ခုနှစ် ဂျပန်တို့ မန်ချူးရီးယားကို ကျူးကျော်တိုက်ခိုက်လာချိန်တွင် အဆုံးသတ်ခဲ့သည်။ ဒုတိယတရုတ်ဂျပန်စစ်ပွဲသည် ဒုတိယကမ္ဘာစစ်ကြီးအထိ ဆက်လက်ဖြစ်ပွားခဲ့သည်။ အာအိုစီအစိုးရသည် နန်ကျင်းမှ ခြုံချင့်သို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၉၄၅ ခုနှစ်တွင် ဂျပန်တို့ လက်နက်ချ အရှုံးပေးခဲ့ပြီး အာအိုစီသည်လည်း ကုလသမဂ္ဂအား ဖွဲ့စည်းထူထောင်ခဲ့သည့် အဖွဲ့ဝင်တဦးဖြစ်ခဲ့သည်။ အာအိုစီအစိုးရလည်း နန်ကျင်းသို့ ပြန်လည်ပြောင်းရွှေ့ခဲ့သည်။

၁၉၆၀ - ၁၉၇၀ ပြည့်နှစ်များအတွင်း အာအိုစီတွင် အာဏာရှင်အုပ်စိုးသည့် တပါတီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတခုဖြစ်လာသည်။ စစ်အေးခေတ်ကြောင့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် ပျက်ပျယ်သွားသည့် ၁၉၇၀ ပြည့်နှစ်များအထိ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသည် အာအိုစီအား တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဒီ့နောက်တွင် နိုင်ငံအများစုသည် ယင်းတို့၏ သံတမန်ဆက်ဆံရေးကို ပီအာစီဘက်သို့ ပြောင်းလဲခဲ့ကြသည်။

၁၉၄၅ မှ မျက်မှောက်ခေတ်[ပြင်​ဆင်​ရန်​]

ထိုင်ပေမြို့ရှိ ချန်ကေရှိတ်ရင်ပြင်

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့စစ်ရှုံးပြီးနောက် ချင်းမင်းဆက်အရိုက်အရာကို ဆက်ခံသည့်အာအိုစီအစိုးရသည် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဂျပန်တို့၏တပ်မြို့ ထိုင်ဝမ်အား ဂျပန်တို့ထံမှ ပြန်လည်လက်လွှဲယူခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းမရှိပဲ အချုပ်အခြာအာဏာလွှဲပြောင်းခြင်းသည် တရားမဝင်ဟု အငြင်းပွားမှုများ ရှိခဲ့သည်။

အာအိုစီအစိုးရ၏ စစ်ဖက်အုပ်ချုပ်သူလူတန်းစားများ ထိုင်ဝမ်သို့ ရောက်ရှိလာပြီးနောက် ထိုင်ဝမ်ဒေသခံများနှင့် ပြည်မသားများအကြား မငြိမ်မသက်မှုနှင့် တင်းမာမှုများ တိုးမြှင့်လာသည်။ [၁၀] ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စီးကရက်ရောင်းသူတဦးအား ဖမ်းဆီးမှုနှင့် ဘေးတွင်ဝိုင်းကြည့်သူတဦး သေနပ်မှန်သေဆုံးမှုကြောင့် ထိုင်ဝမ်းကျွန်းအနှံ့ ဆူပူမှုများ ကူးစက်သွားစေသည်။ ယင်းဆူပူမှုအား နှိပ်ကွပ်သည့် အဖြစ်အပျက်အား ၂၂၈ အရေးအခင်းဟု ခေါ်ဆိုသည်။ ယင်းအရေးအခင်းအတွင်း ထိုင်ဝမ်ဒေသခံ ပညာတတ်လူတန်းစား ၁၀,၀၀၀ မှ ၃၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် မာရှယ်လော ကြေငြာခဲ့သည်။ [၁၁]

တရုတ်ကွန်မြူနစ်ပါတီနှင့် ကွန်မင်တန်ပါတီအကြား ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်ခဲ့ပြီး ပိုမိုပြင်းထန်လာသည်။ ၁၉၄၀ နှောင်းပိုင်းတွင် အာအိုစီအစိုးရသည် ပြည်မနှင့် ဟိုင်နန်ဒေသကို လက်လွတ်ဆုံးရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ယင်း၏အစိုးရအား နန်ဂျင်းမှ ထိုင်ဝမ်သို့ ပြောင်းရွှေ့ပြီး ထိုင်ပေအား ယာယီမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ချန်ကေရှိတ်နှင့်အတူ ပြည်မသား ၂ သန်းခန့် ထိုင်ဝမ်သို့ ရောက်ရှိလာကြသည်။ စောစောပိုင်းရောက်လာသူများပါ ထည့်တွက်လျင် လူဦးရေ ၆ သန်းခန့်ရှိသည်။[၁၂]

ကနဦးပိုင်းတွင် ထိုင်ဝမ်သည် ကွန်မြူနစ်လက်အောက် ကျရောက်သွားနိုင်သည်ဟု ခန့်မှန်းရသောကြောင့် အမေရိကန်က ကွန်မင်တန်အား ဆက်လက် မကူညီတော့ပေ။ သို့သော်လည်း ၁၉၄၅ ခုနှစ် ဂျပန်ဆုတ်ခွာချိန်မှစ ဆက်လက်ဖြစ်ပွားလျက်ရှိသည့် ကိုရီးယားစစ်ပွဲသည် ၁၉၅၀ ခုနှစ်တွင် တတိုင်းပြည်လုံး အတိုင်းအတာအထိ ကူးစက်လာသောကြောင့် အမေရိကန်သမ္မတ ဟင်နရီ ထရူးမန်း (Harry S. Truman) ထပ်တဖန် ဝင်ရောက်စွက်ဖက်ခဲ့သည်။ ထိုင်ဝမ်နှင့် တရုတ်ပြည်မအကြား ရန်ဆောင်မှုကို ကာကွယ်ရန် ထိုင်ဝမ်ရေလက်ကြားသို့ အမှတ် ၇ ရေတပ်စုကို စေလွှတ်ခဲ့သည်။ [၁၃] ဆန်ဖရန်စစ္စကိုစာချုပ် ၁၉၅၂ ဧပြီ ၂၈ တွင်လည်းကောင်း ထိုင်ပေစာချုပ် ၁၉၅၂ ဩဂုတ် ၅ တွင်လည်းကောင်း တရားဝင်ဖြစ်လာချိန်တွင် ဂျပန်သည် ထိုင်ဝမ်နှင့် ဖုန်ဟူကျွန်း၏ အချုပ်အခြာအာဏာနှင့် ၁၉၄၂ မတိုင်မီ တရုတ်နှင့် ရေးထိုးခဲ့သော စာချုပ်အားလုံးကို စွန့်လွှတ်ကြောင်း ကြေငြာသည်။ တရုတ်ပြည်တွင်းစစ်တွင် ဘက်မလိုက်သည့်အနေဖြင့် ယင်းစာချုပ်နှစ်ရပ်လုံးတွင် ထိုင်ဝမ်အား မည်သူက ထိန်းချုပ်ခွင့်ရှိကြောင်း တိတိလင်းလင်း ဖော်ပြထားခြင်းမရှိပေ။ ထိုင်ဝမ်လွတ်လပ်ရေး ရှေ့ဆောင်များက ဤအချက်ကို အကြောင်းပြ၍ ထိုင်ဝမ်အား ပီအာစီနှင့် အာအိုစီတို့ မပိုင်ဆိုင်ဟုဆိုကာ ထိုင်ဝမ်၏ အနာဂတ်ကို ထိုင်ဝမ်သားများသာ ဆုံးဖြတ်ခွင့်ရှိသည်ဟု အရေးဆိုကြသည်။ ထိုင်ဝမ်ရေလက်ကြားအရေး အမေရိကန်၏ ဝင်စွက်မှုကြောင့် အာအိုစီနှင့် အမေရိကန် ရေးထိုးခဲ့သည့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် (Sino-American Mutual Defense Treaty)နှင့် ၁၉၅၅ ဖော်မိုဆာ ဆုံးဖြတ်ချက် (Formosa Resolution of 1955)များ ပေါ်ပေါက်လာရသည်။

၁၉၆၀ - ၁၉၇၀ ပြည့်နှစ်များအတွင်း အာအိုစီတွင် အာဏာရှင်အုပ်စိုးသည့် တပါတီစနစ်ကို ကျင့်သုံးသည်ဆိုသော်လည်း စီးပွားရေးနှင့် စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတခုဖြစ်လာသည်။ စစ်အေးခေတ်ကြောင့် တရုတ်-အမေရိကန် အပြန်အလှန် အကာအကွယ်ပေးရေးစာချုပ် ပျက်ပျယ်သွားသည့် ၁၉၇၀ ပြည့်နှစ်များအထိ အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂသည် အာအိုစီအား တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဒီ့နောက်တွင် နိုင်ငံအများစုသည် ယင်းတို့၏ သံတမန်ဆက်ဆံရေးကို ပီအာစီဘက်သို့ ပြောင်းလဲခဲ့ကြသည်။

အစိုးရ[ပြင်​ဆင်​ရန်​]

ရီပါပလေကန်ခေတ်ဦး[ပြင်​ဆင်​ရန်​]

အာအိုစီ၏ ပထမဦးဆုံးသော အစိုးရအဖွဲ့အစည်းအား ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် နန်ကျင်းမြို့၌ ထူထောင်ခဲ့သည်။ ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် တင်မြှောက်ခဲ့သည်။ အစိုးရ၏အာဏာ ခိုင်မြဲစေရေးအတွက် ပြည်နယ်ကိုယ်စားလှယ်များကို ရွေးချယ်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်းတို့မှ ပထမဦးဆုံးသော လွှတ်တော်ကို ဖွဲ့စည်းခဲ့သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသတွင် စစ်သူကြီးများ ကြီးစိုးနေသောကြောင့် ဤအစိုးရ၏ အခွင့်အာဏာ အကန့်အသတ်ရှိသည့်အပြင် သက်တမ်းမှာလည်း တိုတောင်းသည်။ ၎င်းအစိုးရ အတည်ပြုခဲ့သည့် လုပ်ဆောင်ချက်များတွင် ချင်းမင်းဆက် တရားဝင်နန်းစွန့်ခြင်းနှင့် စီးပွားရေးအစပျိုးရေး လုပ်ရပ်အချို့ ပါဝင်သည်။

ယွမ်ရှီခိုင် ဦးမော့လာပြီး မကြာမီတွင် လွှတ်တော်၏ လုပ်ပိုင်ခွင့်အာဏာမှာ အမည်ခံသာရှိတော့သည်။ ယွမ်ရှီခိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ၏ အခွင့်အာဏာများအား လျစ်လျူရှုကာ မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။ ယွမ်ရှီခိုင်သည် စစ်ဗိုလ်ချုပ်ကြီးများအား စေလွှတ်ကာ ပြည်နယ်အုပ်ချုပ်ရေးမှူးများအဖြစ် တာဝန်ပေးခဲ့သည်။ တဖက်မှာလည်း မူလကတည်းက နယ်တွင်ကြီးစိုးနေသည့် စစ်ဗိုလ်ကြီးများအား ဩဇာခံအဖြစ် သိမ်းသွင်းကာ မိမိ၏အာဏာတည်မြဲအောင် ကြိုးပန်းခဲ့သည်။ အခြားနိုင်ငံများကလည်း ယွမ်ရှီခိုင်အစိုးရအား အသိအမှတ်ပြုလာကြသည်။ ၁၉၁၅ ခုနှစ်တွင် ဂျပန်တို့၏ တောင်းဆိုချက်များကို ဖြည့်ဆည်းပေးခဲ့သူမှာ ယွမ်ရှီခိုင်ဖြစ်သည်။

ယွမ်ရှီခိုင်ကွယ်လွန်ပြီးနောက် ၁၉၁၃ ခုနှစ်တွင် အစိုးရသစ်အတွက် လွှတ်တော်အသစ်ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ သို့သော်လည်း လက်တွေ့တွင်မူ ဗိုလ်ချုပ်ကြီးများသာလျှင် ဩဇာအာဏာကြီးမားသူများ ဖြစ်သည်။ ၎င်းအမည်ခံအစိုးရသည် သူ့နေရာနှင့်သူ အသုံးဝင်ပါသေးသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားချိန်တွင် အနောက်နိုင်ငံများနှင့် ဂျပန်တို့က တရုတ်အား ဂျာမနီကို စစ်ကြေငြာရန် တောင်းဆိုရာတွင် ယင်းအစိုးရနှင့် ထိတွေ့ရသည်။

မျက်မှောက်ခေတ်[ပြင်​ဆင်​ရန်​]

၁၉၅၀ မှ စတင်အသုံးပြုသည့် ထိုင်ပေမြို့ရှိ သမ္မတအိမ်တော်

အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ထားသည့် ဗဟိုအစိုးရအဖွဲ့အစည်းသည် ဝန်ကြီးချုပ်နှင့် သမ္မတ အာဏာခွဲဝေ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးသည်။ ၁၉၈၀ ပြည့်နှစ်နှောင်းပိုင်း ထိုင်ဝမ်၏ ဒီမိုကရေစီ နိုင်ငံရေးစနစ် ပိုမိုပီပြင်လာပြီးနောက် ၁၉၉၀ ခုနှစ်မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေအား ၇ ကြိမ်တိုင်တိုင် ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ ပထမဦးဆုံး ပြင်ဆင်မှုတွင် ဥပဒေပြုလွှတ်တော် အမတ်များ၊ ဝန်ကြီးများရုံးအပိုင် မြို့တော်ဝန်များနှင့် ပြည်နယ်မှူးများအား တိုက်ရိုက်မဲပေးရွေးကောက်ရန် အတည်ပြုခဲ့သည်။ ၁၉၉၄ ခုနှစ် တတိယအကြိမ်တွင် သမ္မတအား အမျိုးသားညီလာခံမှ ရွေးကောက်သည့်အစား လူထုမှ တိုက်ရိုက်မဲပေးရွေးကောက်ရန်နှင့် သမ္မတသက်တမ်းအား ၆ နှစ်မှ ၄ နှစ်သို့ ပြင်ဆင်သတ်မှတ်ခဲ့သည်။ ၁၉၉၇ ခုနှစ် စတုတ္ထအကြိမ်တွင်မူ သမ္မတနှင့် ဒုတိယသမ္မတအား စွပ်စွဲပြစ်တင်ခွင့်ကို စိစစ်ရေးရုံးချုပ်ထံမှ ဥပဒေပြုလွှတ်တော်ထံ အပ်နှင်းခဲ့သည်။

နိုင်ငံတော်အကြီးအကဲ[ပြင်​ဆင်​ရန်​]

အာအိုစီသမ္မတ မာရင်းကျို

အာအိုစီ၏ နိုင်ငံတော်အကြီးအကဲသည် သမ္မတဖြစ်ပြီး ပြည်သူလူထုမှ ၄ နှစ်တကြိမ် မဲပေးရွေးကောက်တင်မြှောက်သည်။ သမ္မတသည် အစိုးရဝန်ထမ်းကြီးကြပ်ရေး၊ အစိုးရဝန်ထမ်းရွေးချယ်ရေး၊ အုပ်ချုပ်ရေး၊ တရားရေးနှင့် ဥပဒေပြုရေးစသည့် အုပ်ချုပ်ရေး မဏ္ဍိုင်ကြီး ၅ ရပ်ကို အာဏာရသူဖြစ်သည်။ သမ္မတသည် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးများကို ခန့်အပ်ခွင့်အာဏာရှိသည်။ ဝန်ကြီးအဖွဲ့မှာ နိုင်ငံတော် မူဝါဒ ရေးဆွဲချမှတ်ခြင်းနှင့် အုပ်ချုပ်ရေးအပိုင်းတွင် တာဝန်ရှိသည်။

ဥပဒေပြုရေး[ပြင်​ဆင်​ရန်​]

အဓိကကျသည့် ဥပဒေပြုဌာနသည် အမတ်နေရာ ၁၁၃ နေရာပါဝင်သည့် ဥပဒေပြုလွှတ်တော် ဖြစ်သည်။ အမတ် ၇၃ နေရာကို လူထုမှ တိုက်ရိုက် မဲပေးရွေးကောက်တင်မြှောက်ပြီး ၃၄ နေရာမှာ လွှတ်တော်ရွေးကောက်ပွဲအတွင်း နိုင်ငံရေးပါတီများ ရရှိသည့် မဲရာနှုန်းအလိုက် ခွဲဝေထားသည်။ ကျန် ၆ နေရာမှာ မူလဒေသခံ တိုင်းရင်းသားများမှ မဲပေးရွေးချယ်ထားသည့် တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သည်။ ၃ ဦးမှာ မြေပြန့်တိုင်းရင်းသား ဖြစ်၍ အခြား ၃ ဦးမှာ တောင်ပေါ်တိုင်းရင်းသားများ ဖြစ်ကြသည်။

မူလက သမ္မတရွေးကောက်တင်မြှောက်ခြင်းနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်းတို့မှာ အမျိုးသားညီလာခံ၏ လုပ်ငန်းတာဝန်များ ဖြစ်သည်။ သို့သော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ အကြိမ်ကြိမ် ပြင်ဆင်ရေးဆွဲပြီးနောက် ၁၉၉၆ ခုနှစ်မှစ၍ သမ္မတအား လူထုမှ တိုက်ရိုက်မဲပေး ရွေးချယ်လာသည်။ ၂၀၀၅ ခုနှစ်တွင် အမျိုးသား ညီလာခံအား ဖျက်သိမ်းခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း လုပ်ငန်းကို ဥပဒေပြုလွှတ်တော်ထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

တရားစီရင်ရေး[ပြင်​ဆင်​ရန်​]

အုပ်ချုပ်ရေး[ပြင်​ဆင်​ရန်​]

ဝန်ကြီးများရုံးသည် အဆင့်အမြင့်ဆုံး အုပ်ချုပ်ရေးရုံးဖြစ်သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးများရုံးလက်အောက်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာန၊ စီးပွားရေးဝန်ကြီးဌာန၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနများ၊ ယဉ်ကျေးမှုကောင်စီ၊ အလုပ်သမားရေးရာကောင်စီ၊ အားကစားရေးရာကောင်စီ၊ သတင်းနှင့် ပြန်ကြားရေးရုံး၊ ကျန်းမာရေးဦးစီးဌာန၊ သဘာဝဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန စသည့်ဌာနများ ထားရှိသည်။

၁၉၉၇ ခုနှစ် စတုတ္ထအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များအရ ဝန်ကြီးချုပ်အား သမ္မတမှ ရွေးချယ်ခန့်အပ်ပြီး ဥပဒေပြုလွှတ်တော်၏ အတည်ပြုချက်ကို ရယူရန်မလိုပေ။ သမ္မတ၏ သဘောတူညီချက်မပါပဲလည်း ဥပဒေပြုလွှတ်တော်မှ ဥပဒေမူကြမ်းများကို အတည်ပြုနိုင်သည်။ သမ္မတ သို့ ဝန်ကြီးချုပ်မှ ဗီတိုအာဏာဖြင့် ပယ်ဖျက်ခွင့်မရှိပါ။ ထို့ကြောင့် သမ္မတနှင့် ဥပဒေပြုလွှတ်တော် အများစုအကြား ပါတီချင်းမတူခဲ့သော် ညှိနှိုင်းဆွေးနွေးရန် မက်လုံး မရှိသလောက်ပင် ဖြစ်သည်။ ၂၀၀၀ ပြည့်နှစ်တွင် တပ်စိမ်းကို ကိုယ်စားပြုသည့် ချန်ဆွေပြန် သမ္မတဖြစ်လာပြီးနောက် တပ်ပြာဘက်က ထိန်းချုပ်ထားသည့် ဥပဒေပြုလွှတ်တော်အကြား မဆုတ်သာ မတိုးသာ အခြေအနေဖြစ်ခဲ့သောကြောင့် ဥပဒေပြုလုပ်ငန်းများ မဖြောင့်ဖြူးခဲ့ပါ။

ဝန်ကြီးချုပ်သည် ဥပဒေပြုလွှတ်တော်အား တာဝန်ခံရမည်။ ဥပဒေပြုလွှတ်တော်ထံ နိုင်ငံရေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက်များအား အစီရင်ခံတင်ပြရမည်။ ဥပဒေပြုလွှတ်တော်မှ ဝန်ကြီးချုပ်အား အယုံအကြည်မရှိကြောင်း တင်ပြလာလျှင် ဝန်ကြီးချုပ်သည် ရာထူးမှနုတ်ထွက်ရမည်ဖြစ်ပြီး ဥပဒေပြုလွှတ်တော်အား ဖျက်သိမ်းရန် သမ္မတ တဆက်တည်း အဆိုပြုတင်ပြနိုင်သည်။

အုပ်ချုပ်ရေးနယ်မြေ[ပြင်​ဆင်​ရန်​]

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

နိုင်ငံခြားဆက်ဆံရေး[ပြင်​ဆင်​ရန်​]

၁၉၁၁–၄၉[ပြင်​ဆင်​ရန်​]

ဒုတိယကမ္ဘာစစ်ကြီးအတွင်း ၁၉၄၃ ခုနှစ် ဗိုလ်ချုပ်ကြီး ချန်ကေရှိတ်၊ အမေရိကန်သမ္မတ Franklin D. Rooseveltနှင့် ဗြိတိသျှဝန်ကြီးချုပ် Winston Churchillတို့ ကိုင်ရိုဆွေးနွေးပွဲတွင် တွေ့ဆုံစဉ်။

အာအိုစီအစိုးရ၏ နိုင်ငံခြားရေးမူဝါဒသည် ကွန်မင်တန်ပါတီနှင့် တရုတ်ကွန်မြူနစ်အကြား မိမိသာလျှင် တရုတ်ပြည်ကို ကိုယ်စားပြုသည့် အစိုးရဟု အပြိုင်အဆိုင်ဖြစ်နေကြောင့် ရှုပ်ထွေးပွေလီလှသည်။ ခေတ်ဦးပိုင်းတွင် အင်အားကြီးနိုင်ငံများ အားလုံးနီးပါး ဘေဂျင်းရှိ ယွမ်ရှီခိုင်အစိုးရအား အသိအမှတ်ပြုကြသည်။ အပြန်အလှန်အနေဖြင့် မွန်ဂိုလီးယားနှင့် တိဗက်ကို ရုရှနှင့် ဗြိတိသျှတို့အား အသီးသီး ထိန်းချုပ်ခွင့်ပေးခဲ့သည်။ မေ ၄ လှုပ်ရှားမှု ပေါ်ပေါက်စေခဲ့သည့် ဗာဆဲလ်စာချုပ်ကို ယွမ်ရှီခိုင်အစိုးရမှ လက်မှတ်ရေးထိုးခဲ့သည်။

ပေရန်အစိုးရ ပျက်သုဉ်းပြီး ကွန်မြူနစ်များအား ရှင်းလင်းခဲ့ပြီးနောက် ၁၉၂၈ ခုနှစ် နန်ကျင်းတွင် ထူထောင်သည့် ကွန်မင်တန်အစိုးရအား ကမ္ဘာအဝှမ်းမှ အသိအမှတ်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကွန်မင်တန်အစိုးရက အင်အားကြီး မဟာမိတ်ဖက်မှ တိုက်ပွဲဝင်ခဲ့သောကြောင့် ကုလသမဂ္ဂဖွဲ့စည်းရာတွင် အာအိုစီသည် မူလအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး လုံခြုံရေးကောင်စီ အမြဲတန်းအဖွဲ့ဝင် ၅ နိုင်ငံတွင် နေရာတစ်နေရာရခဲ့သည်။

ချန်ကေရှိတ်သည် အုပ်ချုပ်ရေးနှင့် စစ်ရေးဗျူဟာတွင် အရေးမလှခဲ့သော်လည်း သံတမန် ဆက်ဆံရေးအပိုင်းက အောင်မြင်မှုများကို ယနေ့အထိ အများက အသိအမှတ်ပြုဆဲဖြစ်သည်။ ချန်ကေရှိတ်သည် ၁၉၃၀ ပြည့်နှစ်တွင် ဂျာမနီထံမှ အကူအညီဖြင့် ဂျပန်တို့၏ ကျူးကျော်တိုက်ခိုက်မှု ခြေလှမ်းများအား တုန့်ဆိုင်းသွားစေသည်။ ဒုတိယကမ္ဘာစစ်အတွင်းနှင့် စစ်ပြီးနောက် အမေရိကန်ထံမှ ထောက်ပံ့များကို ရရှိခဲ့သည်။ ၁၉၄၉ ခုနှစ် ထိုင်ဝမ်သို့ ပြောင်းရွှေ့ခဲ့သည့်တိုင် အမေရိကန်ထံမှ ငွေကြေးနှင့် စစ်ရေးအကူအညီ၊ ကရိယာပစ္စည်းများ၊ အကြံဉာဏ်များ လက်ခံရရှိခဲ့သည်။ [၁၃][၁၄]

၁၉၄၉ မှ မျက်မှောက်ခေတ်[ပြင်​ဆင်​ရန်​]

၁၉၄၅ ဩဂုတ် ၂၄ ရက်နေ့တွင် ချန်ကေရှိတ်မှ ကုလသမဂ္ဂ ပဋိညာဉ်စာချုပ်အား လက်မှတ်ရေးထိုးနေစဉ်။

ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် နိုင်ငံအများစု အထူးသဖြင့် အနောက်တိုင်း နိုင်ငံများက အာအိုစီနှင့် သံတမန်ဆက်ဆံရေးကို ဆက်လက်ထားရှိသည်။ သို့သော်လည်း နိုင်ငံရေး ဖိအားများကြောင့် ၁၉၇၀ ပြည့်လွန်နှစ်များမှစကာ အာအိုစီအစား ပီအာစီနှင့် သံတမန် ဆက်ဆံရေးများကို ဆောက်တည်ခဲ့ကြသည်။ လက်ရှိတွင် အာအိုစီနှင့် တရားဝင် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံ ၂၃ နိုင်ငံသာ ကျန်တော့သည်။

ပီအာစီသည် အာအိုစီအား အသိအမှတ်ပြုသည့် နိုင်ငံများနှင့် သံတမန် အဆက်အသွယ်ပြုရန် ငြင်းဆိုခဲ့သည်။ ၎င်းနှင့် သံတမန် အဆက်အသွယ်ရှိသည့် နိုင်ငံအားလုံးကိုလည်း ၎င်းသည် ထိုင်ဝမ်အား ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုရန် တောင်းဆိုထားသည်။ လက်တွေ့တွင် နိုင်ငံ အတော်များများသည် အာအိုစီနှင့် တရားဝင်မဟုတ်သည့် ဆက်ဆံရေးများ ဆက်လက်ထားရှိသည်။ နိုင်ငံ အတော်များများတွင်လည်း ထိုင်ပေစီးပွားရေးနှင့် ယဉ်ကျေးမှုရုံး သို့ ထိုင်ပေကိုယ်စားလှယ်ရုံးများ ထားရှိကာ သံရုံးများကဲ့သို့ ဗီဇာထုတ်ပေးသည့် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံအတော်များများကလည်း အလားတူ စီးပွားရေးနှင့် ကုန်သွယ်ရေး ရုံးများကို ထိုင်ဝမ်တွင် ဖွင့်လှစ်ထားသည်။ ဥပမာ ထိုင်ဝမ်ဆိုင်ရာ အမေရိကန်ဌာန (American Institute in Taiwan, AIT) သည် လက်တွေ့တွင် အာအိုစီအခြေစိုက် အမေရိကန်သံရုံးဖြစ်သည်။

အာအိုစီသည် ကုလသမဂ္ဂအားဖွဲ့စည်းထူထောင်သည့် မူလအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး ၁၉၇၁ ခုနှစ်အထိ လုံခြုံရေးကောင်စီ၏ အမြဲတန်းအဖွဲ့ဝင် နိုင်ငံဖြစ်ခဲ့သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံမှ ဆုံးဖြတ်ချက် ၂၇၅၈ ကို အတည်ပြုလိုက်ပြီးနောက် ၎င်းနေရာအား ပီအာစီထံ လွှဲပေးလိုက်ရသည်။ ယခုနောက်ပိုင်း အာအိုစီ၏ ကုလသမဂ္ဂအဖွဲ့ဝင်လျှောက်ထားချက်ကို ကော်မတီအဖွဲ့မှ အတည်ပြုခဲ့ခြင်း မရှိသေးပါ။

အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း အတော်များများက လိုက်နာသည့် ပီအာစီ၏ တရုတ်တပြည်ထောင်မူဝါဒကြောင့် အပြည်ပြည်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အိုလံပစ်ကဲ့သို့သော အပြည်ပြည်ဆိုင်ရာ အားကစားပွဲများ တက်ရောက်ရာတွင် အာအိုစီသည် Chinese Taipeiဟူသည့် အမည်ကို အသုံးပြုရသည်။

စီးပွားရေး[ပြင်​ဆင်​ရန်​]

ဒေါက်တာဆွန်ယက်ဆင်တော်လှန်ရေး အတွက် ရန်ပုံငွေရှာရန် ထုတ်ဝေသည့် ငွေကြေးလက်မှတ်

၂၀ ရာစုနှစ်စောစောပိုင်းကာလ အာအိုစီအစိုးရ တရုတ်ပြည်မတွင် ရှိစဉ်အခါက အရင်းရှင် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့သော်လည်း ဂျပန်တော်လှန်ရေးစစ်ပွဲနှင့် ပြည်တွင်းစစ်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အဟန့်အတားများ ဖြစ်ခဲ့သည်။

ပြည်တွင်းပြည်ပရန်များနှင့် ရင်ဆိုင်နေရသည့် အာအိုစီအစိုးရသည် စီးပွားရေးတိုးတက်စေရန် တရုတ်စက်မှုဘဏ် တည်ထောင်ခြင်းစသည့် နည်းလမ်းအချို့ကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။ စီးပွားရေး အကောင်းဆုံး ၁၀ နှစ်တာကာလ ၁၉၃၀ ပြည့်နှစ်များတွင် တရုတ်ပြည်၏ စက်မှုလုပ်ငန်း ၇.၇ % တိုးတက်ခဲ့သည်။ လူမှုရေး၊ စီးပွားရေး အခြေအနေသည်လည်း တရှိန်ထိုး တိုးတက်သည့် အလားအလာရှိခဲ့သည်။ အခြား ခေတ်မှီတိုးတက်သည့် နိုင်ငံများတွင် စီးပွားရေး ကျဆင်းမှုနှင့် နှိုင်းယှဉ်လျှင် တရုတ်ပြည်၏ စက်မှုလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများသည် ချင်းမင်းဆက် ပျက်သုဉ်းပြီးနောက် စံချိန်အမြင့်ဆုံး ဖြစ်ခဲ့သည်။ စက်မှုလုပ်ငန်းအပိုင်းတွင် အသိသာအထင်ရှားဆုံး တိုးတက်မှုမှာ လျှပ်စစ်ဓာတ်အား၊ ကျောက်မီးသွေးနှင့် သံမဏိ ထုတ်လုပ်ရေး လုပ်ငန်းများ ဖြစ်သည်။

ထိုစဉ်အခါက တရုတ်ပြည်တွင် စိုက်ပျိုးမြေ အမြောက်အများရှိသောကြောင့် စိုက်ပျိုးရေး လုပ်ငန်းမှာ အဓိကဖြစ်သည်။ လယ်မြေများကို မြေရှင်များက ပိုင်ဆိုင်ကြပြီး လယ်သမားများမှာ လခစားအလုပ်သမားများ ဖြစ်ကြသည်။ ″လယ်ယာမြေ ပြုပြင်ပြောင်းလဲရေး စီမံကိန်း″ စတင်ခဲ့ပြီးနောက် ဤကဲ့သို့သော အခြေအနေ ပြောင်းလဲ ကောင်းမွန်လာခဲ့သည်။ အာအိုစီအစိုးရသည် ကျေးလက်ဒေသ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ သမဝါယမ အသင်းအဖွဲ့များနှင့် အခြေခံပညာရေး စနစ်များကို ကျင့်သုံးကာ ခေတ်မှီစီးပွားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့သည်။

ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် အာအိုစီအစိုးရသည် အရင်းရှင်စီးပွားရေး စနစ်ကို ဆက်လက်ကျင့်သုံးခဲ့သည်။ စီးပွားရေး လုပ်ငန်းများတွင် အစိုးရ၏ကဏ္ဍ နည်းသထက် နည်းလာသည်။ အတိုင်းအတာကြီးမားသည့် နိုင်ငံပိုင် လုပ်ငန်းများအား ပုဂ္ဂလိကပိုင်အဖြစ် တဖြည်းဖြည်း ပြောင်းလဲခဲ့သည်။ ပြီးခဲ့သည့် နှစ် ၃၀ အတွင်း စီးပွားရေး တိုးတက်နှုန်း နှစ်စဉ်ပျမ်းမျှ ၈ % အထိ ရှိခဲ့သည်။ ၂၀၀၉ ခုနှစ် မတ်လအထိ ထိုင်ဝမ်၏ နိုင်ငံခြားစုငွေမှာ အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် တရုတ်၊ ဂျပန်နှင့် ရုရှပြီးနောက် စတုတ္ထ အများဆုံးဖြစ်သည်။

၁၉၅၂ ခုနှစ်တွင် စိုက်ပျိုးရေးလုပ်ငန်းသည် ပြည်တွင်းထုတ်ကုန်တန်ဖိုး (GDP) ၏ ၃၅ % ရှိခဲ့ရာမှ ယခုတွင် ၂ % အထိ ကျဆင်းခဲ့သည်။ လုပ်အားအများအပြား လိုအပ်သည့် သမားရိုးကျ စက်မှုလုပ်ငန်းမှသည် အဆင့်မြင့် နည်းပညာလုပ်ငန်းအသွင် ပြောင်းလဲတိုးတက်လာပြီ ဖြစ်သည်။ ထိုင်ဝမ်၏ အီလက်ထရွန်နစ်လုပ်ငန်းသည် ကမ္ဘာ့စီးပွားရေးအတွက် အခရာကျသည့် လုပ်ငန်း တရပ် ဖြစ်နေပါပြီ။ အပိုပစ္စည်းနှင့် အရံပစ္စည်း အများစုအား ထိုင်ဝမ်တွင် ထုတ်လုပ်သည်။

လက်ရှိတွင် နိုင်ငံခြားကုန်သွယ်ရေး လုပ်ငန်းသည် ထိုင်ဝမ်စီးပွားရေး၏ အသက်သွေးကြောဟု ဆိုနိုင်ပါသည်။ အမေရိကန်နှင့် ဂျပန်တို့သည် ထိုင်ဝမ်၏ အဓိက ကုန်သွယ်ဖက်များဖြစ်သည်။ သို့သော် ယခုနောက်ပိုင်းတွင် ဥရောပနှင့် အရှေ့တောင်အာရှ ဈေးကွက်များအထိ တိုးချဲ့လာပြီဖြစ်သည်။ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ် နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားလုပ်ငန်းရှင်များအနက် ထိုင်ဝမ်လုပ်ငန်းရှင်များမှာ အဓိကဖြစ်နေပါပြီ။ ထို့အပြင် ပြည်မတွင် ထိုင်ဝမ်မှ ရင်းနှီးမြှုပ်နှံသည့် စီးပွားရေး လုပ်ငန်းပေါင်း ၅ သောင်းကျော်ရှိပြီး ပြည်မတွင် ရေရှည်နေထိုင်ကြသည့် ထိုင်ဝမ်စီးပွားရေးသမား ၁ သန်းခန့် ရှိသည်။ သမားရိုးကျ လုပ်ငန်းများနေရာတွင် အစားထိုးနိုင်ရန် ၁၉၈၀ ခုနှစ်တွင် ရှင်းကျူစက်မှုလုပ်ငန်းဇုန်ကို တည်ထောင်ကာ အိုင်စီ၊ ကွန်ပြူတာ စသည့် စွမ်းအင်အသုံးနည်းသည့်အပြင် ညစ်ညမ်းမှုနည်းသည့် အဆင့်မြင့်နည်းပညာလုပ်ငန်းများ ထူထောင်ရန် အစိုးရမှ အားပေးလုပ်ဆောင်ခဲ့သည်။

ပညာရေး[ပြင်​ဆင်​ရန်​]

လူဦးရေ[ပြင်​ဆင်​ရန်​]

ပြည်သူ့ကျန်းမာရေး[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. Taiwan Journal Text of Lee's message to recall signing of UN Charter
  2. "Ma refers to China as ROC territory in magazine interview", Taipei Times, 2008-10-08. 
  3. China: The Fragile Superpower: Susan L. Shirk
  4. "Taiwan and China in 'special relations': Ma", China Post, 2008-09-04. 
  5. Roy, Denny (2003). Taiwan: A Political History. Ithaca, New York: Cornell University Press, 55, 56. ISBN 0-8014-8805-2. 
  6. Decisive election win puts KMT back in power, GlobalSecurity.org
  7. The One-China Principle and the Taiwan Issue. PRC Taiwan Affairs Office and the Information Office of the State Council (2005). Retrieved on 2006-03-06။ Section 1: "Since the KMT ruling clique retreated to Taiwan, although its regime has continued to use the designations "Republic of China" and "government of the Republic of China," it has long since completely forfeited its right to exercise state sovereignty on behalf of mainland China and, in reality, has always remained only a separate state on the island of Taiwan."
  8. Encyclopedia Britannica
  9. P. 235. Fairbank and Goldman. China.
  10. "This Is the Shame", Time Magazine, 1946-06-10.  (subscription required)
  11. "Snow Red & Moon Angel", Time Magazine, 1947-04-07.  (subscription required) Full version at [၁]
  12. Taiwan's Ethnic Composition. Private website. Retrieved on 2006-03-08
  13. ၁၃.၀ ၁၃.၁ U.S. Department of Defense (1950). Classified Teletype Conference, dated June 27, 1950, between the Pentagon and General Douglas MacArthur regarding authorization to use naval and air forces in support of South Korea. Papers of Harry S. Truman: Naval Aide Files. Truman Presidential Library and Museum. http://www.trumanlibrary.org/whistlestop/study_collections/korea/large/week1/kw_22_1.htm.  Page 1: "In addition 7th Fleet will take station so as to prevent invasion of Formosa and to insure that Formosa not be used as base of operations against Chinese mainland." Page 4: "Seventh Fleet is hereby assigned to operational control CINCFE for employment in following task hereby assigned CINCFE: By naval and air action prevent any attack on Formosa, or any air or sea offensive from Formosa against mainland of China."
  14. Fairbank and Goldman, 330–37.

ပြင်ပလင့်ခ်များ[ပြင်​ဆင်​ရန်​]