ထိုင်ပေမြို့

ဝီကီပီးဒီးယား မှ
ထိုင်ပေမြို့ (တိုင်ပေမြို့)
臺北市
ထိုင်ပေမြို့
ထိုင်ပေမြို့
ထိုင်ပေမြို့ (တိုင်ပေမြို့)၏ အလံတော်
အလံတော်
ထိုင်ပေမြို့ (တိုင်ပေမြို့)၏ တံဆိပ်တုံး
စည်းတံဆိပ်
ထိုင်ပေမြို့၏ ဂြိုဟ်တုဓာတ်ပုံ
ထိုင်ပေမြို့၏ ဂြိုဟ်တုဓာတ်ပုံ
ကိုဩဒိနိတ်: 25°2′N 121°38′E / 25.033°N 121.633°E / 25.033; 121.633
နိုင်ငံ ထိုင်ဝမ်
ဒေသထိုင်ဝမ်မြောက်ပိုင်း
City seatXinyi District
အစိုးရ
 • အမျိုးအစားထိုင်ပေမြို့တော်အစိုးရ
 • မြို့တော်ဝန်ဟောင်လုံပင်း (ကူမင်တန်ပါတီ)
ဧရိယာ
 • မြို့ပြ၂၇၁.၇၉၉၇ စတုရန်းကီလိုမီတာ (၁၀၄.၉ စတုရန်းမိုင်)
 • ရေထု၂.၇ စတုရန်းကီလိုမီတာ (၁.၀ စတုရန်းမိုင်)  1.0%
 • မြို့ပေါ်၂၄၅၇ စတုရန်းကီလိုမီတာ (၉၄၉ စတုရန်းမိုင်)
လူဦးရေ (၂၀၀၉)
 • မြို့၂,၆၂၂,၀၉၀
 • သိပ်သည်းမှု၉၆၄၇.၁၄/km (၂၅၀၃၁/sq mi)
 • မြို့ပေါ်၆,၇၅၂,၈၂၆
 • မြို့ပြကြီး၁၀,၀၇၂,၉၁၈
 မြို့နယ် ၂၅ ခုတွင် လူဦးရေအဆင့် ၂
အချိန်ဇုန်CST (UTC+8)
စာပို့သင်္ကေတ100 – 106
ဧရိယာကုဒ်(များ)(0)2
ISO 3166-2TW-TPE
ဝက်ဘ်ဆိုဒ်taipei.gov.tw (အင်္ဂလိပ်)
မြို့တော်ပန်း: en:Azalea (Rhododendron nudiflorum)
မြို့တော်အပင်: en:Banyan (India laurel fig, Ficus microcarpa)
မြို့တော်ငှက်: en:Formosan Blue Magpie (Urocissa caerulea)

ထိုင်ပေမြို့ (臺北市) သည် ထိုင်ဝမ်ဟု လူသိများသည့် တရုတ်သမ္မတနိုင်ငံ၏ မြို့တော်ဖြစ်သည်။ ၁၈၉၅ မှ ၁၉၄၅ ခုနှစ်အထိ ဂျပန်တို့ ထိုင်ဝမ်ကို ကိုလိုနီနယ်အဖြစ် အုပ်ချုပ်စဉ်တွင်လဲ ထိုင်ပေမြို့အား ရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၉ ခုနှစ် ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ထိုင်ပေမြို့အား မြို့တော်အဖြစ် သတ်မှတ်ခဲ့သည်မှာ ယနေ့အထိတိုင် ဖြစ်သည်။ [၁]

ထိုင်ပေမြို့သည် ထိုင်ဝမ်ကျွန်း၏ မြောက်ဘက်အစွန်း တတိယအကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်သည့် ကြီးလုံမှ အနောက်တောင်ဘက် ၂၅ ကီလိုမီတာအကွာ တန့်ဆွေမြစ် (淡水河)၊ ကြီးလုံမြစ် (基隆河) နှင့် ရှင်းတျန့်မြစ် (新店溪) မြစ်သုံးမြစ်ဆုံရာ ချိုင့်ဝှမ်းတွင် တည်ရှိသည်။ အနောက်ဘက်မှလွဲ၍ အခြားအရပ်မျက်နှာများတွင် တောင်တန်းများရှိကာ အထူးသဖြင့် မြောက်ဘက်တွင် ၁၁၂၀ မီတာမြင့်သည့် ခြည်းရှင်းစန်း (七星山) တည်ရှိသည်။ ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။

ထိုင်ပေမြို့သည် ထိုင်ဝမ်၏ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု အချက်အချာဖြစ်ပြီး ထိုင်ပေမြို့တော် မြူနီစပယ်အစိုးရအား လူထုမှ တိုက်ရိုက်မဲပေး ရွေးကောက် တင်မြှောက်ထားသည့် မြို့တော်ဝန်မှ ဦးစီးကြီးကြပ်သည်။ ထိုင်ပေမြို့၊ ကြီးလုံမြို့နှင့် ထိုင်ပေခရိုင်ပါဝင်သည့် ဒေသအား ထိုင်ပေမြို့ပြဒေသအဖြစ် ခေါ်ဝေါ်လေ့ရှိသည်။

ထိုင်ပေမြို့ပြဒေသသည် ထိုင်ဝမ်စက်မှုလုပ်ငန်း၏ အချက်အချာဖြစ်သည်။ အထည်အလိပ်စက်ရုံ အများစုသည်နှင့် လျှပ်စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်း၊ သင်္ဘောတည်ဆောက်ရေး လုပ်ငန်းများ တည်ရှိသည်။ ထိုင်ပေမြို့မှ ထိုင်ဝမ်၏ အခြားဒေသများသို့ ရထား၊ ကျည်ဆန်ရထား၊ အဝေးပြေးယာဉ်များ၊ လေယာဉ်များဖြင့် အလွယ်တကူ သွားလာနိုင်သည်။ ထိုင်ပေမြို့တွင်းရှိ စုန်းစန်းလေဆိပ်မှာ ပြည်တွင်းလေကြောင်းများနှင့် ထိုင်ဝမ်-ပြည်မ လေကြောင်းအချို့အား ဝန်ဆောင်ပေးလျက်ရှိပြီး ထောင်ယွမ် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ထိုင်ပေမြို့နှင့် အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာ ထောင်ယွမ်ခရိုင်တွင် တည်ရှိသည်။

ထိုင်ပေမြို့ကို ၁၈ ရာစု စောစောပိုင်းတွင် တည်ထောင်ခဲ့ပြီး ၁၉ ရာစုနှစ်တွင် အရေးပါသည့် ကုန်သွယ်ရေး အချက်အချာ ဖြစ်လာသည်။ ၁၈၉၅ ခုနှစ် ပထမတရုတ်ဂျပန်စစ်ပွဲအပြီးတွင် ဂျပန်တို့က ထိုင်ဝမ်အား ကိုလိုနီနယ်အဖြစ် အုပ်ချုပ်ခဲ့ပြီး ထိုင်ပေမြို့အား အစိုးရရုံးစိုက်ရာမြို့အဖြစ် သတ်မှတ်ခဲ့သည်မှာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီးအပြီး ဂျပန်တို့ စစ်ရှုံးပြီးနောက် ထိုင်ဝမ်အား ကွန်မင်တန်အစိုးရထံ ပြန်လည်အပ်နှင့်ခဲ့သည်အထိ ဖြစ်သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်တွင်းစစ်ကို ရှုံးနှိမ့်ကာ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ချန်ကေရှိတ်သည် ထိုင်ပေမြို့အား တရုတ်သမ္မတနိုင်ငံ၏ မြို့တော်အဖြစ် ကြေညာခဲ့သည်။

သမိုင်း[ပြင်ဆင်ရန်]

ထိုင်ပေမြို့ဟောင်း၏ မြေပုံ

ထိုင်ပေချိုင့်ဝှမ်းသည် ၁၈ ရာစု မတိုင်မှီကာလများတွင် ခဲတာဂလန်လူမျိုးများ နေထိုင်ကျက်စားရာ ဌာနေဖြစ်သည်။ တရုတ်ပြည် ဖူကျန့်ပြည်နယ်မှ ဟန့်တရုတ်လူမျိုးများသည် ၁၇၀၉ ခုနှစ်မှစ၍ ထိုင်ပေချိုင့်ဝှမ်းတွင် အခြေချနေထိုင်လာကြသည်။ ၁၉ ရာစု နှောင်းပိုင်းတွင် ထိုင်ပေနှင့် တန့်ဆွေဒေသသည် ကုန်သွယ်ရေးဆိပ်ကမ်းဖြစ်၍ နိုင်ငံခြား ကုန်သွယ်ရေး အထူးသဖြင့် လက်ဖက်ခြောက် တင်ပို့မှု ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် ထိုင်ဝမ်မြောက်ပိုင်းဒေသ၏ စီးပွားရေး အချက်အချာ ဖြစ်လာခဲ့သည်။ ချင်းမင်းဆက်သည် ၁၈၇၅ ခုနှစ်တွင် ထိုင်ဝမ်မြောက်ပိုင်းဒေသအား ထိုင်ဝမ်ပြည်နယ်မှ ခွဲထုတ်ကာ အုပ်ချုပ်ရေးနယ်မြေသစ် ထိုင်ပေနယ်အဖြစ် သတ်မှတ်ခဲ့သည်။ မြေဆီကြွယ်ဝသည့် ဗန်းကာ (ဝမ့်ဟွာ)နှင့် တွာတူရှာ (တာ့တောက်ချိန်) မြို့နယ်များကိုပါ ပေါင်းစည်းလိုက်ပြီး အစိုးရရုံးစိုက်ရာ မြို့သစ်ကို “ချိန်နေ့” (အတွင်းမြို့တော်) ဟု သတ်မှတ်ခဲ့သည်။ ၁၈၇၅ ခုနှစ်မှ ဂျပန်ကိုလိုနီအုပ်ချုပ်ရေး စတင်သည့် ၁၈၉၅ ခုနှစ်အထိ ထိုင်ပေမြို့သည် ထိုင်ပေနယ် တန့်ဆွေခရိုင်အပိုင်မြို့နှင့် ထိုင်ပေနယ် ရုံးစိုက်ရာမြို့ ဖြစ်သည်။

ချင်းမင်းဆက်၌ ဆောက်လုပ်ခဲ့သည့် မြို့ရိုးနှင့် မုခ်ဦးများအနက် ယနေ့ခေတ်အထိ မြောက်ဘက်မုခ်သာ မူလ လက်ရာအတိုင်း ကျန်ရစ်သည်။ အနောက်မုခ်နှင့် မြို့ရိုးမှာ ဂျပန်တို့ ထိုင်ဝမ်အား တိုက်ခိုက်စဉ်တွင် ပျက်စီးခဲ့ရသည်။ တောင်ဘက်မုခ်နှင့် အရှေ့မုခ်မှာမူ ကွန်မင်တန်အစိုးရ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာပြီးနောက် ပြင်ဆင်ဆောက်လုပ်ခဲ့သောကြောင့် မူလ လက်ရာနှင့် အတော်လေး ကွာခြားသွားပြီဖြစ်သည်။

ဂျပန်နှင့် တိုက်ခိုက်သည့် စစ်ပွဲတွင် တရုတ်တို့ ရှုံးနှိမ့်ခဲ့ပြီးနောက် မာကွမ်းစာချုပ် (Treaty of Shimonoseki) အရ ၁၉၈၅ ခုနှစ်တွင် ထိုင်ဝမ်အား ဂျပန်တို့ထံ စစ်လျော်ကြေးပေးခဲ့သည်။ ဂျပန်တို့ ထိုင်ဝမ်အား သိမ်းပိုက်ပြီးနောက် ထိုင်ပေမြို့အား ဂျပန်ဘာသာဖြင့် ထိုင်ဟိုခု ဟုခေါ်ဝေါ်သည်။ ဂျပန်တို့သည်လည်း ထိုင်ပေအား မြို့တော်အဖြစ် ဆက်လက်သတ်မှတ်ခဲ့ပြီး ဂျပန်ကိုလိုနီအစိုးရ၏ နိုင်ငံရေး အချက်အချာ ဖြစ်လာသည်။ ဂျပန်ကိုလိုခေတ်အတွင်း ရုံးသုံး အဆောက်အဦးများကို ဆောက်လုပ်ခဲ့သည်။ လက်ရှိသမ္မတအိမ်တော်သည် ဂျပန်ကိုလိုနီခေတ်၏ ဘုရင်ခံရုံးဖြစ်သည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

ခရီးသွားလာရေး[ပြင်ဆင်ရန်]

အထိန်းအမှတ်ခန်းမများနှင့် ပြတိုက်များ[ပြင်ဆင်ရန်]

ချန်ကေရှိတ်ရင်ပြင်

ချန်ကေရှိတ်ရင်ပြင်သည် တရုတ်သမ္မတနိုင်ငံ၏ ကွယ်လွန်သူ သမ္မတဟောင်း ချန်ကေရှိတ်အား အထိန်းအမှတ်ပြုသည့်အနေဖြင့် တည်ဆောက်ခဲ့သည့် အဆောက်အဦးဖြစ်သည်။ အလယ်ဗဟိုတွင် ချန်ကေရှိတ်ခန်းမ တည်ရှိပြီး ခန်းမရှေ့တွင် ကျယ်ဝန်းသည့် ရင်ပြင်ရှိကာ ဘေးတဖက်တချက်တွင် အမျိုးသား ပြဇာတ်ရုံနှင့် အမျိုးသား ဂီတခန်းမ တည်ရှိသည်။ လမ်းတပြအကွာတွင် သမ္မတအိမ်တော် တည်ရှိသည်။

ဆွန်ယက်ဆင်ခန်းမသည် တရုတ်သမ္မတနိုင်ငံ၏ နိုင်ငံတော်ဖခင် ဒေါက်တာဆွန်ယက်ဆင်၏ အထိန်းအမှတ်အဖြစ် ၁၉၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် အဆောက်အဦးဖြစ်သည်။ ခန်းမဖွင့်လှစ်ခဲ့ချိန်မှစ၍ ထိုခန်းမတွင် အဓိကအားဖြင့် ဒေါက်တာဆွန်ယက်ဆင်နှင့် စပ်လျဉ်းသည့် ချင်းမင်းဆက် တော်လှန်ရေး လှုပ်ရှားမှုများကို ပြသထားသည်။ လတ်တလောတွင်မူ ပြည်သူအများ အပန်းဖြေရာ လူမှုရေး၊ ပညာရေး၊ ယဉ်ကျေးမှုစင်တာအဖြစ် အသွင်ပြောင်းလာပြီ ဖြစ်သည်။ ဆွန်ယက်ဆင်ခန်းမသည် ထိုင်ဝမ်၏ အမြင့်ဆုံးမိုးမျှော်တိုက် ထိုင်ပေ ၁၀၁ နှင့် မနီးမဝေးတွင် တည်ရှိသည်။

အမျိုးသားကုကုန်းပြတိုက်တွင် အဓိကအားဖြင့် ရှေးဟောင်းတရုတ်ပြည် မင်းအဆက်ဆက်မှ သိမ်းဆည်းထားသည့် အနုပညာ လက်ရာပစ္စည်းများကို စုဆောင်းပြသထားသည်။ ထိုင်ပေကုကုန်းပြတိုက်သည် ကမ္ဘာပေါ်တွင် ရှေးဟောင်းတရုတ် လက်ရာပစ္စည်း အများဆုံး စုဆောင်းသိမ်းဆည်းထားသည့် ယဉ်ကျေးမှုပြတိုက် တခုအဖြစ် တည်ရှိသည်။

ထိုင်ပေ အနုပညာပြတိုက်အား ၁၉၇၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး ထိုင်ဝမ်၏ ပထမဦးဆုံးသော မော်ဒန်အနုပညာပြတိုက် ဖြစ်သည်။ ထိုင်ပေအနုပညာပြတိုက်တွင် အဓိကအားဖြင့် ထိုင်ဝမ်အနုပညာရှင်များ၏ လက်ရာပစ္စည်းများကို ပြသထားသည်။ လက်ရှိတွင် လက်ရာပစ္စည်းပေါင်း ၃၀၀၀ ကျော်ရှိသည်။ အများစုမှာ ၁၉၄၀ နောက်ပိုင်း လက်ရာများ ဖြစ်ကြပြီး အုပ်စု ၁၃ ခုအဖြစ် ခွဲခြားထားသည်။ ၂၀၀၀ ခုနှစ်တွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဖန်တီးထားသည့် အနုပညာလက်ရာများကို ပြသခဲ့ဖူးသည်။ ထိုင်ပေ ခေတ်ပြိုင် အနုပညာပြတိုက်ကို (台北當代藝術館;MOCA Taipei) ၂၀၀၁ ခုနှစ်တွင် ထိုင်ပေမြို့တော်ခန်းမဟောင်းတွင် ဖွင့်လှစ်တည်ထောင်ခဲ့သည်။ လက်ရှိ မြို့တော်ခန်းမမှာ ထိုင်ပေ ၁၀၁ အနီးတွင် တည်ရှိသည်။

အမျိုးသား ထိုင်ဝမ်ပြတိုက်သည် ထိုင်ဝမ်တွင် ခေတ်ကာလ အရှည်ကြာဆုံး ပြတိုက်တခုဖြစ်သည်။ ယင်းပြတိုက်အား ဂျပန်ကိုလိုနီအစိုးရက ၁၉၀၈ ခုနှစ် ထိုင်ဝမ်ရထားလမ်းနှင့် တချိန်တည်းတွင် ဖွင့်လှစ်ခဲ့သည်။ ဂျပန်ကိုလိုနီအစိုးရက ထိုင်ဝမ်ဘုရင်ခံပြတိုက်ကို တည်ထောင်ခဲ့ပြီး ကနဦးတွင် လက်ရာပစ္စည်းပေါင်း ၁ သောင်းကျော် စုဆောင်းခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် အဆောက်အဦးအသစ်ကို ဖွင့်လှစ်ခဲ့ပြီး ယင်းပြတိုက်သည် ဂျပန်ကိုလိုနီခေတ်တွင် အရေးပါသည့် ပြည်သူပိုင် အဆောက်အဦးဖြစ်လာသည်။

လည်ပတ်စရာနေရာများ[ပြင်ဆင်ရန်]

ခရီးသွားများ စိတ်ဝင်စားသည့် နေရာအများစုသည် မြို့ပတ်အမြန်ရထားဘူတာ အနီးတွင် တည်ရှိကြသည်။ ထိုင်ပေ မြို့ပတ် အမြန်ရထားဘူတာများတွင် တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် လမ်းညွှန်ထားသောကြောင့် အလွယ်တကူ သွားရောက်နိုင်သည်။ ခရီးသည်များ အဆင်ပြေစေရန် မြို့ပတ်ရထားပေါ်၌ ဘူတာဆိုက်ခါနီးတွင် ဘူတာအမည်ကို တရုတ်၊ မင်နန်၊ ဟတ်ကား၊ အင်္ဂလိပ် ၄ ဘာသာဖြင့် ကြေညာပေးသည်။ ထိုင်ပေမြို့သည်လည်း ကြိုးမဲ့အင်တာနက် ချိပ်ဆက်နိုင်သည့် နေရာပေါင်း ၂ သောင်းကျော် ရှိသောကြောင့် ကမ္ဘာပေါ်တွင် ကြိုးမဲ့အင်တာနက်ကွန်ယက် ချိပ်ဆက်မှု အကောင်းဆုံး မြို့တမြို့ဖြစ်သည်။[၂]

ထိုင်ပေမြို့တွင် လူသိများသည့် အပန်းဖြေရန် နေရာတခုမှာ အနီးဝန်းကျင်ရှိ ရန်မင်စန်း (陽明山) ဖြစ်သည်။ ရန်မင်စန်းနှင့် တောင်ခြေရှိ ပေထိုသည် ရေပူစမ်းနှင့် ချယ်ရီပန်းများကြောင့် နာမည်ကျော်ကြားသည်။ ထိုင်ပေမြို့အရှေ့ဘက်ရှိ မောင်းခုန်းသည် လက်ဖက်ရည်ကြမ်းဆိုင်များဖြင့် လူသွားများသည့် နေရာတခုဖြစ်သည်။ ၂၀၀၇ ခုနှစ်မှစ၍ မောင်းခုန်း ကွန်ဒိုလာကို ဖွင့်လှစ်ခဲ့သောကြောင့် သွားရောက်လည်ပတ်သူ ပို၍ များပြားလာသည်။ ထိုင်ပေခရိုင်ရှိ ပိထန် (碧潭) မှာ ရေပေါ်ကစားစရာများနှင့် လှေလှော်ရန် အကောင်းဆုံးနေရာအဖြစ် ကျော်ကြားသည်။

ထိုင်ပေမြို့တဝိုက်တွင် သွားရောက်လည်ပတ်စရာ ညဈေးများရှိပြီး လူသိအများဆုံးမှာ ရှိလင်ညဈေး (士林夜市) ဖြစ်သည်။ ရှိလင်ညဈေးတန်းတွင် ထိုင်ပေမြို့ခံများအပြင် အနယ်နယ်အရပ်ရပ်မှ ခရီးသည်များ၊ ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားလေ့ရှိသည်။ အထူးသဖြင့် ညနေ ၄ နာရီကျော်လျှင် အနီးတဝိုက်မှ ကျောင်းဆင်းလာသည့် ကျောင်းသား၊ ကျောင်းသူများဖြင့် ပြည့်နှက်နေတတ်သည်။ ညဈေးတန်းများသည် များသောအားဖြင့် ည ၁၁ နာရီ တချက်ထိုးအထိ ဖွင့်လှစ်ကြသည်။

ထိုင်ပေမြို့ အနောက်ခြမ်းရှိ ရှီးမင်တင်း (西門町) သည် ၁၉၃၀ ပြည့်နှစ်များမှစ၍ ခေတ်ပေါ်အဝတ်အထည်ဆိုင်များ၊ ရုပ်ရှင်ရုံများ၊ နိုင်ငံစုံအစားအစာများ ရရှိနိုင်သည့် စားသောက်ဆိုင်များ ပြည့်နှက်နေသည့် နေရာဖြစ်သည်။ လူငယ်များ အသွားများသည့် နေရာလည်းဖြစ်သည်။ စနေ၊ တနင်္ဂနွေနှင့် ရုံးပိတ်ရက်များတွင် လမ်းသွားလမ်းလာများ အဆင်ပြေစေရန် အချို့လမ်းများအား မော်တော်ကား၊ မော်တော်ဆိုင်ကယ်များ မဝင်ရန် တားမြစ်ထားသည်။

စီးပွားရေး တိုးတက်လာသည်နှင့်အမျှ ၁၉၉၀ ပြည့်နှစ်နောက်ပိုင်းတွင် ထိုင်ပေမြို့ အရှေ့ခြမ်း ရှင့်ယိမြို့နယ်သည်လည်း စည်ကားစပြုလာသည်။ ထိုင်ပေမြို့တော်ခန်းမ၊ ထိုင်ပေ ၁၀၁ စသည့် ထိုင်ပေမြို့၏ သင်္ကေတဖြစ်သည့် အဆောက်အဦးများသည် ဤနေရာတွင် တည်ရှိကြသည်။ ကုန်တိုက်ကြီးများ၊ ရုပ်ရှင်ရုံများ၊ ရှော့ပင်းမောများလည်း အရှိုရှိုဖွင့်လှစ်လာသောကြောင့် ကမ္ဘာလှည့်ခရီးသည်များ ထိုင်ပေရောက်လျှင် မသွားမဖြစ် သွားကြသည့် နေရာတခုဖြစ်လာသည်။

ထိုင်ပေ ၁၀၁[ပြင်ဆင်ရန်]

ထိုင်ပေ ၁၀၁ သည် အထပ်ပေါင်း ၁၀၁ ထပ်ရှိသည့် မိုးမျှော်တိုက်ကြီးဖြစ်ပြီး ၂၀၀၄ ခုနှစ် စတင်ဖွင့်လှစ် အသုံးပြုခဲ့ချိန်တွင် ကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးဖြစ်ခဲ့သည်။ ထိုင်ပေ ၁၀၁ သည် မြေပြင်မှ ၄၄၉ မီတာ (၁၄၇၄ ပေ) မြင့်သည်။ အမိုးရှိ အင်တာနာပါပေါင်းလျှင် ၅၀၉ မီတာမြင့်သည်။ (လက်ရှိကမ္ဘာပေါ်တွင် အမြင့်ဆုံး အဆောက်အဦးမှာ ဆောက်လုပ်ဆဲဖြစ်သည့် ဒူဘိုင်းတာဝါ ဖြစ်သည်။)

၈၉ ထပ်နှင့် ၉၁ ထပ်တွင် လူအများ ထိုင်ပေမြို့၏ ရှုခင်းကို ကြည့်ရှုနိုင်ရန် ဖွင့်လှစ်ပေးထားသည်။ ၈၉ ထပ်သည် အင်ဒိုးဖြစ်ပြီး ၉၁ ထပ်မှာ အောက်ဒိုးဖြစ်၍ အပြင်ထွက်ကြည့်နိုင်သည်။ ထိုင်ပေ ၁၀၁ ရှိ ဓာတ်လှေကားများသည် ကမ္ဘာပေါ်တွင် အမြန်ဆုံးအဖြစ် စံချိန်တင်ထားဆဲဖြစ်သည်။ နှစ်ကူးအကြိုညတွင် ထိုင်ပေ ၁၀၁ မှ မီးရှူးမီးပန်းလွှတ်ခြင်းကို နှစ်စဉ် အရေးပါသည့် ပွဲတရပ်အဖြစ် ရုပ်မြင်သံကြား ဌာနများမှ ထုတ်လွှင့်ပြသလေ့ရှိသည်။ ထိုင်ပေ ၁၀၁ ၏ အောက်ထပ်များတွင် ရှော့ပင်းမော တည်ရှိသည်။

တိုက်ဂါးတောင်ပေါ်မှ တွေ့မြင်ရသော ထိုင်ပေမြို့
တိုက်ဂါးတောင်ပေါ်မှ တွေ့မြင်ရသော ထိုင်ပေမြို့

ရာသီဥတု[ပြင်ဆင်ရန်]

ထိုင်ပေမြို့၏ ရာသီဥတုမှာ စွတ်စိုသည့် အပူလျော့ပိုင်း ရာသီဥတုဖြစ်သည်။ တနှစ်ပတ်လုံး၏ ပျမ်းမျှအပူချိန်မှာ 23.6 °C (74.5 °F) ဖြစ်ပြီး နွေရာသီတွင် ပျမ်းမျှ 29.4 °C (84.9 °F) နှင့် ဆောင်းရာသီတွင် ပျမ်းမျှ 11.0 °C (51.8 °F) ရှိသည်။ နွေရာသီတွင် စွတ်စိုပြီး ရံဖန်ရံခါ ထစ်ချုန်းမိုး ရွာသွန်းလေ့ရှိကာ ထိုင်ဖုန်းမုန်တိုင်း တိုက်ခတ်လေ့ရှိသည်။ ဆောင်းရာသီမှာ ကာလတိုတောင်းပြီး အအေးလွန်ခြင်း မရှိပေ။[၃]

ထိုင်ဝမ်သည် ပစိဖိတ် သမုဒ္ဒရာအတွင်း၌ တည်ရှိသောကြောင့် နှစ်စဉ် ဇွန်လမှ အောက်တိုဘာလ အကြားတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တတ်သည်။

ထိုင်ပေမြို့ (normals 1981–2010, extremes 1900–present) အတွက် ရာသီဥတု အချက်အလက်များ
ဇန်နဝါရီ ဖေဖော်ဝါရီ မတ် ဧပြီ မေ ဇွန် ဇူလိုင် ဩဂုတ် စက်တင်ဘာ အောက်တိုဘာ နိုဝင်ဘာ ဒီဇင်ဘာ နှစ်
စံချိန်တင် အမြင့်ဆုံး °C (°F) 31.9
(89.4)
31.4
(88.5)
35.0
(95)
36.2
(97.2)
37.7
(99.9)
37.8
(100)
38.6
(101.5)
39.3
(102.7)
37.1
(98.8)
36.1
(97)
34.3
(93.7)
31.5
(88.7)
39.3
(102.7)
ပျမ်းမျှ အမြင့်ဆုံး အပူချိန် °C (°F) 19.1
(66.4)
19.6
(67.3)
22.1
(71.8)
25.7
(78.3)
29.2
(84.6)
32
(90)
34.3
(93.7)
33.8
(92.8)
31.1
(88)
27.5
(81.5)
24.2
(75.6)
20.7
(69.3)
26.6
(79.9)
နေ့စဉ် ပျမ်းမျှ °C (°F) 16.1
(61)
16.5
(61.7)
18.5
(65.3)
21.9
(71.4)
25.2
(77.4)
27.7
(81.9)
29.6
(85.3)
29.2
(84.6)
27.4
(81.3)
24.5
(76.1)
21.5
(70.7)
17.9
(64.2)
23
(73.41)
ပျမ်းမျှ အနိမ့်ဆုံး အပူချိန် °C (°F) 13.9
(57)
14.2
(57.6)
15.8
(60.4)
19
(66)
22.3
(72.1)
24.6
(76.3)
26.3
(79.3)
26.1
(79)
24.8
(76.6)
22.3
(72.1)
19.3
(66.7)
15.6
(60.1)
20.4
(68.7)
စံချိန်တင် အနိမ့်ဆုံး °C (°F) −0.1
(31.8)
−0.2
(31.6)
1.4
(34.5)
4.7
(40.5)
10.0
(50)
15.6
(60.1)
19.5
(67.1)
18.9
(66)
13.5
(56.3)
10.2
(50.4)
1.1
(34)
1.8
(35.2)
−0.2
(31.6)
ပျှမ်းမျှ မိုးရေချိန် mm (inches) 83.2
(3.276)
170.3
(6.705)
180.4
(7.102)
177.8
(7)
234.5
(9.232)
325.9
(12.831)
245.1
(9.65)
322.1
(12.681)
360.5
(14.193)
148.9
(5.862)
83.1
(3.272)
73.3
(2.886)
၂၄၀၅.၁
(၉၄.၆၉)
ပျမ်းမျှ မိုးရွာသွန်းရက်များ (≥ 0.1 mm) 14.1 14.6 15.5 14.9 14.8 15.5 12.3 14 13.8 11.9 12.4 11.7 165.5
Average relative humidity (%) 78.5 80.6 79.5 77.8 76.6 77.3 73 74.1 75.8 75.3 75.4 75.4 76.6
Mean monthly sunshine hours 80.6 71.3 89.6 92.6 113.7 121.7 179 188.9 153.7 124 99.4 90.7 ၁၄၀၅.၂
Source: Central Weather Bureau[၄]


ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ထိုင်ပေမြို့သမိုင်း
  2. The 10 Most Connected Cities in the World။ 4 March 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2007-08-18 တွင် ပြန်စစ်ပြီး။
  3. Taipei City Today။ Taipei City Government (2004-08-17)။ 2009-08-11 တွင် ပြန်စစ်ပြီး။
  4. ClimateCentral Weather Bureau။ 12 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 31 March 2016 တွင် ပြန်စစ်ပြီး။