ဝေသာလီမြို့
ဝေသာလီမြို့ | |
---|---|
တည်နေရာ | |
ကိုဩဒိနိတ်: 20°39′46.03″N 93°9′0.82″E / 20.6627861°N 93.1502278°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင် |
အချိန်ဇုန် | MST (UTC6:30) |
ဝေသာလီမြို့သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၏ အနောက်ပိုင်းတွင် တည်ရှိခဲ့သော မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ ဒုတိယ ရခိုင်တိုင်းပြည်၏မြို့တော်လည်းဖြစ်သည်။ ဝေသာလီမြို့ဟောင်းသည် ရခိုင်သမိုင်း၏ခေတ်လေးခေတ်မှ ဝေသာလီခေတ် ရခိုင်နိုင်ငံ၏ မြို့တော်ဖြစ်သည်။ အေဒီ ၄ ရာစုမှ ၈ ရာစု အထိ ထွန်းကားခဲ့သည်။
တည်ထောင်သူ
[ပြင်ဆင်ရန်]ဝေသာလီမြို့ကို တည်ထောင်သူမှာ ဒွင်စန္ဒြ ဖြစ်သည်။ ဝေသာလီမြို့အား နတ်ပြည်၏လှပတင့်တယ်ခြင်းကို ပျယ်ရယ်ပြုနိုင်လောက်အောင်လှပသည်ဟု ရေးထိုးခဲ့သည်။ ဝေသာလီမြို့အား စန္ဒြားမင်းဆက်က အုပ်စိုးခဲ့သည်။ စန္ဒြားမင်းများသည် သီဝ (ရှီဝ) နတ်မင်း၏ အနွယ်တော်များဟု ရေးထိုးဖော်ပြထားကြသောကြောင့် ၎င်းတို့သည် သီဝဂိုဏ်း (Shaivism) ဝင်များဖြစ်နိုင်သည်။[၁]
တည်နေရာ
[ပြင်ဆင်ရန်]ဝေသာလီ မြို့ဟောင်းသည် ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထဲတွင် တည်ရှိသည်။ မြောက်ဦးမြို့ အနောက်မြောက်ဘက် ၅ မိုင်ခန့်တွင် တည်ရှိသည်။ ရန်ကုန် စစ်တွေကားလမ်းသည် ဝေသာလီမြို့ဟောင်းအား အလယ်တည့်တည့်မှ ဖြတ်သန်းသွားသည်။
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]ဝေသာလီမြို့ဟောင်း၏ ပုံသဏ္ဌာန်သည် ဘဲဥပုံ နီးပါးဝိုင်းဝန်းသော သဏ္ဌာန်ရှိသည်။ မြို့ရိုးနှစ်ထပ်ရှိသည်။ အပြင်မြို့ရိုး တစ်ထပ်၊နန်းမြို့ရိုးတစ်ထပ်ဖြစ်သည်။ နန်းမြို့ရိုးသည် ထောင့်မှန်စတုဂံပုံရှိသည်။ ယခု နန်းတော်နေရာတွင် ဝေသာလီရွာတည်ထားကြသည်။ မြို့ရိုးများ တည်ဆောက်ရာတွင် ဘေးနှစ်ဘက်ကို အုတ်စီကာ အလယ်တွင် အုတ်ကျိုးအုတ်ပဲ့များ ထည့်ကာတည်ဆောက်ကြသည်။ အပြင်မြို့ရိုးပတ်လည်တွင် ကျုံးများပတ်ရံထားသည်။တောင်ဘက်ကျုံးနေရာတွင် ရေများရှိနေသေးသည်။ဝေသာလီ နန်းတော်ကိုလည်း ကျုံးဖြင့်ပတ်ရံထားသည်။ အပြင်မြို့ရိုး၏ အနောက်ဘက်တွင် ရန်းချောင်း စီးဆင်းနေပြီး အရှေ့ဘက်တွင် တောင်တန်းများကာရံထားသည်။
ထင်ရှားသော နေရာများ
[ပြင်ဆင်ရန်]ဝေသာလီ နန်းတော်၏ မြောက်ဘက်တွင် ဝေသာလီဘုရားကြီး ရှိသည်။ ကြီးမားသော ကျောက်တုံးကြီးအား ထုဆစ်ထားကာ ဉာဏ်တော် ၁၇ ပေခန့်ရှိသည်။ ဝေသာလီဘုရားကြီးကုန်းတော်တွင် စတူပါများ၊ နတ်ရုပ်များ ကို မြင်နိုင်သည်။ ဝေသာလီဘုရားကြီး မှ မြောက်ဘက်သို့သွားသော် သီရိစန္ဒြား မင်းကြီး သင်္ဂါယနာတင်ခဲ့သော သရက်ချိုတောင်ကို မြင်နိုင်သည်။ ထိုတောင်ထက်တွင် ကျောင်းဆောင်၅ခုဆောက်ကာ သီဟိုဠ်သံဃာ ၁၀၀၀၊ ရခိုင်သံဃာ ၁၀၀၀ ဖြင့် တစ်နှစ်ကြာအောင် သင်္ဂါယနာတင်ခဲ့သည်။ ဝေသာလီမြို့၏ အနောက်ဘက်အပြင်မြို့ရိုးတွင် မြို့တန်းခါး ဘုရားရှိသည်။ ဝေသာလီမြို့ တောင်ဘက်တွင် သင်းကျစ်တော်ဓာတ်ဘုရား ရှိသည်။ ဓညဝတီခေတ် သူရိယစက္ကဘုရင်ကစတင် တည်ထားခဲ့ပြီးနောက်ပိုင်းကာလများတွင် အဆင့်ဆင့် ပြုပြင်တည်ထားခဲ့ကြသည်။
ဝေသာလီခေတ်တွင် ရေကြောင်းခရီးဖြင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြရာ ထိုခေတ်ကအသုံးပြုသော ဆိပ်ကမ်း တစ်ခုကို မြို့ အနောက်မြောက်ဘက် ရန်းချောင်းကမ်းပါးတွင် တွေ့မြင်နိုင်သည်။
ဝေသာလီခေတ်ကတည်ဆောက် ခဲ့သောဆည်တစ်ခုကို ရန်းချောင်းဖျားတွင် တွေ့နိုင်သည်။ ကျောက်တုံးများဖြင့်တည်ဆောက်ထားသည်။ စတင်တည်ဆောက်ခဲ့ခြင်းမှာ ဓညဝတီခေတ်ကပင် ဖြစ်သော်လည်း ကျိုးပေါက်ခြင်း ရင်ဆိုင်ခဲ့ရပြီး ဝေသာလီခေတ်တွင်မှ အောင် မြင်စွာတည်ဆောက်နိုင်ခဲ့သည်။
ဝေသာလီခေတ်စာပေ
[ပြင်ဆင်ရန်]ဝေသာလီခေတ် ရုံးသုံးဘာသာမှာ သင်္သကရိုက် ဘာသာဖြစ်သည်။ ဝေသာလီခေတ်တွင်ရေးထိုးခဲ့သော အာနန္ဒစန္ဒြား ကျောက်စာတိုင်သည် မြောက်ဦးမြို့ သျှစ်သောင်းပုထိုးတော်ကြီးတွင် ရှိသည်။ မျက်နှာလေးဘက်ရှိပြီး ၃ ဘက်တွင် စာရေးထိုးထားသည်။ တစ်မျက်နှာနှင့် တစ်မျက်နှာသည် ရာစုနှစ်၂ စီခြားလျက်ရေးထိုးခဲ့ကြသည်။ အနောက်ဘက်မျက်နှာကိုသာ ဖတ်ရှု၍ရသည်။ အာနန္ဒစန္ဒြားမင်းက မိမိမတိုင်မီ မင်းဆက်များ၊မိမိ၏အလှူဒါန တို့ကို ရေးထိုးထားသည်။ ဝေသာလီခေတ်ကျောက်စာအများစုတွင် "ယေဓမ္မာ ဟေတုပ္ပဘဝ" ဂါထာ ရေးထိုးပါရှိကြသည်။
ဝေသာလီကြေးနီပြား အမိန့်မှတ်တမ်းစာကို ဝေသာလီမြို့ အုတ်ကုန်းငယ်တစ်ခုကို ဖျက်ရာမှရရှိခဲ့သည်။ ဝေသာလီမင်းတစ်ပါး၏ မြေလှူမှတ်တမ်းဖြစ်သည်။ဤကဲ့သို့အမိန့်မှတ်တမ်းမှာ မြန်မာနိုင်ငံတွင်သာမက အိန္ဒိယတွင် အစောဆုံးတွေ့ရှိရခြင်းဖြစ်သည်။ စာလုံးများ လှပသေသပ်စွာရေးသားထားပြီးမဟာဘာရတ ဇာတ်တော်မှ စာသားအချို့ကို ထည့်သွင်းရေးသားထားသည်။
စတူပါများ
[ပြင်ဆင်ရန်]စတူပါဟူသည် ဝေသာလီခေတ်တွင် ထုဆစ်ကိုးကွယ်ခဲ့သော ကျောက်စေတီငယ်တစ်မျိုး ဖြစ်ပြီး ဒီဇိုင်းအမျိုးမျိုးဖြင့် ထုလုပ်ခဲ့ကြသည်။
ဘာသာတရား
[ပြင်ဆင်ရန်]ဝေသာလီခေတ်တွင် အများစု ကိုးကွယ်ကြသောဘာသာမှာ မဟာယာန ဗုဒ္ဓဘာသာ ဖြစ်၍ ပါဠိဘာသာဖြင့်ရေးထိုးသည့်ကျောက်စာတစ်ခုကိုတွေ့ရှိသဖြင့် ထေရဝါဒကို ကိုးကွယ်သူရှိနိုင်သည်။ ဗြဟ္မဏဘာသာ ကိုးကွယ်မှုလည်းရှိသည်။ ဘုရင်သည် ဗုဒ္ဓဘာသာကို ကိုးကွယ်ပြီး အခြားဘာသာများကိုလည်း အားပေးချီးမြှောက်ခဲ့သည်။[၁]