မူဆိုလီနီ ၊ ဗင်နီတို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

မူဆိုလီနီ (Benito Amilcare Andrea Mussolini ) သည် အီတလီနိုင်ငံ၏ (၄၀) ဦးမြောက် ဝန်ကြီးချုပ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက အီတလီနိုင်ငံ၏ အမျိုးသား ဖက်ဆစ်ပါတီကို ဦးဆောင်ခဲ့သူ ဖြစ်ပြီး အီတလီနိုင်ငံအတွင်း ဖက်ဆစ် မျိုးစေ့ ချပေးခဲ့သူလည်း ဖြစ်သည်။

မူဆိုလီနီ
Mussolini.jpg
အီတလီနိုင်ငံ၏ အကြိမ်(၄၀) မြောက် ဝန်ကြီးချုပ်
မွေးနေ့ ၁၈၈၃ ဇူလိုင် (၂၉)
သေဆုံးသည့်နေ့ ၁၉၄၅ ဧပြီ (၂၈)
နိုင်ငံသား အီတလီ

ဘဝဇာတ်ကြောင်း[ပြင်​ဆင်​ရန်​]

ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်အကြား ကမ္ဘာတလွှားတွင် အတော်ပင် တန်ခိုးထွားခဲ့သော အီတလီနိုင်ငံ အာဏာရှင်ဗင်နီတိုမူဆိုလီနီ၏ အတ္ထုပ္ပတ္တိမှာ ထူးဆန်းအံ့ဩဖွယ်ကောင်းလှသည်။ သူသည် အသက် ၄၀ မကျော်မီကပင် ကျောင်းဆရာ၊နွားသတ်သမား၏တပည့်၊ အုတ်စီသူ၏အကူ၊ သတင်းစာဆရာ၊ ပြင်သစ်ဘာသာပြဆရာ၊ စစ်သား၊ ပါလီမန်အမတ်၊ တော်လှန်ရေးခေါင်းဆောင်၊စသည်ဖြင့် သူ၏ဘဝတွင် အခြေတကျမဟုတ်ဘဲ အလုပ်အမျိုးမျိုး ဆောင်ရွက်ခဲ့ဘူးလေသည်။ နောက်ဆုံးတွင် အီတလီနိုင်ငံ၏ အာဏာရှင်အဖြစ်ဖြင့် ဇာတ်သိမ်းခဲ့ရလေသည်။ မူဆိုလီနီသည် ၁၈၈၃ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် လူ့လောကကြီးသို့ စတင်ရောက်ရှိလာသည်။ သူ၏မွေးရာဌာနမှာ အီတလီနိုင်ငံ ဒိုဗီးယားအရပ်ရှိ ဖော်လီမြို့ဖြစ်၏။ သူ၏ဖခင် အယ်လက်ဇန်းဒယား မူဆိုလီနီသည် ပန်းဘဲဆရာဖြစ်၍ မိခင်ဖြစ်သူ ရိုဆာမာတိုနီမှာ ကျောင်းဆရာမဖြစ်လေသည်။ မူဆိုလီနီကို မက္ကဆီကိုတော်လှန်ရေးခေါင်းဆောင် ဗင်နီတိုဟွားရေး၏အမည်မှ ဗင်နီတိုကို ယူ၍ မှည့်ခေါ်ထားခဲ့သည်။ မူဆိုလီနီသည် ကျောင်း၌နေစဉ်မှာပင် ဉာဏ်ကောင်းသူ ဖြစ်၏။ ထို့ပြင် သူ့တွင် အောက်ကြို့ခံလိုသော စိတ်မျိုးမရှိချေ။ သူသည် အသက် ၁၈ နှစ်ခန့်တွင် ကျောင်းဆရာအဖြစ် လက်မှတ်ရရှိခဲ့လေသည်။ ဆရာအတတ်သင်ခဲ့သော်လည်း မူဆိုလီနီသည် ပညာရေးတွင် စိတ်မဝင်စားဘဲ နိုင်ငံရေးလုပ်ရန်သာ စိတ်ထက်သန်နေခဲ့သည်။ ရှေးဦးစွာ သူသည် အယူသည်းသော ဆိုရှယ်လစ်တဦးဖြစ်ခဲ့၏။ ကျောင်းဆရာအဖြစ် တနှစ်ခန့် အလုပ်လုပ်ပြီးနောက် ထိုအလုပ်ထက်သာသော အလုပ်ကို ရှာရန် ဆွစ်ဇာလန်နိုင်ငံသို့ ထွက်သွားလေသည်။ ဆွစ်ဇာလန်တွင် ငတ်တလှည့်ပြတ်တလှည့်နှင့် အလုပ်အမျိုးမျိုးလုပ်ရင်း ပညာသင်ကြား၍ ဗဟုသုတအဖြာဖြာ ရှာမှီးခဲ့သည်။ သို့သော် တော်လှန်ရေးစိတ်၊ နိုင်ငံရေးစိတ် ပြင်းထန်သောကြောင့် ဆွစ်ဇာလန်အစိုးရက သူ့အား နယ်နှင်လိုက်သည်။ အီတလီနိုင်ငံသို့ ပြန်ရောက်သောအခါ သူသည် စစ်တပ်သို့ ဝင်ရောက်အမှုထမ်းသည်။ ဆိုရှယ်လစ်ပါတီတွင်လည်း အရေးပါသော ပါတီဝင် ဖြစ်လာလေသည်။ တခါက ထောင် ၁၀ ရက်မျှ အကျခံရ၍ ပုလိပ်များ မျက်ခြေမပြတ် လိုက်လံကြည့်ရှုခြင်းကိုပင် ခံခဲ့ရသေးသည်။ ၁၉၀၉ ခုနှစ်တွင်မူ မူဆိုလီနီသည် ထရင်တိုမြို့သို့ သွားပြန်သည်။ ထရင်တိုမြို့တွင် သတင်းစာဆရာလုပ်ရင်း စာအုပ်စာတမ်းများရေးသားထုတ်ဝေခဲ့သည်။ သို့ရာတွင် သူ၏သတင်းစာတွင် အီတာလျံလူမျိုးနှင့် အီတာလျံစကားပြောသူများနေထိုင်ရာ အရပ်များကို အီတလီနိုင်ငံတွင်း သွတ်သွင်းရန် ရေးသားသောကြောင့် နယ်နှင်ဒဏ်ခံရပြန်သည်။ ၁၉၁၀ ပြည့်နှစ်တွင် မူဆိုလီနီသည် ဖော်လီမြို့မှ အီတလီဆိုရှယ်လစ်ပါတီ၏ အတွင်းရေးမှူးဖြစ်လာခဲ့သည်။ ရက်သတ္တပတ်စဉ် သတင်းစာတစောင်၏ အယ်ဒီတာလည်း ဖြစ်ခဲ့၏။ ၁၉၁၁ ခုနှစ်တွင် အလုပ်သမားများအား တော်လှန်အောင်သွေးဆောင်မှုကြောင့် ထောင်ဒဏ် ၅ လ အပြစ်ပေးခြင်းခံရသည်။ ၁၉၁၂ ခုနှစ်တွင်ကား သူ့အား လက်ဝဲခေါင်းဆောင်တဦးဟု အသိအမှတ်ပြုကြလေပြီ။ ဆိုရှယ်လစ်ပါတီ၏ အာဘော်ဖြစ်သော 'အဗန်တီ' သတင်းစာတွင်လည်း အယ်ဒီတာအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။ ၁၉၁၃ ခုနှစ်တွင် 'ယူတိုးပီးယား' ခေါ် သတင်းစဉ်ကို တည်ထောင်သည်။ ထိုနှစ်မှာပင်အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့ရာ သားသမီး ၆ ယောက် ထွန်းကားလေသည်။ သူ၏ သမီးအကြီးဆုံးသည် ကောင့်ရှာနို၏ ဇနီးဖြစ်လေသည်။

နိုင်ငံရေး[ပြင်​ဆင်​ရန်​]

မူဆိုလီနီ

၁၉၁၄ ခုနှစ်တွင် ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားသောအခါ မူဆိုလီနီသည် သူ၏ ဘဝသစ်ကို ဖန်တီးမည့် ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။ သူသည် အစပထမ၌ ကြားနေရေးဝါဒကို ထောက်ခံသော်လည်း နောင်သောအခါ မဟာမိတ်တို့ဖက်မှ ဝင်တိုက်ရန် လှုံဆော်ပေးလေသည်။ မူဆိုလီနီ၏ စစ်ထဲပါဝင်ရေးဝါဒသည် ဆိုရှယ်လစ်တို့၏ စစ်မတိုက်ရေးဝါဒနှင့် ဆန့်ကျင်နေရာ မူဆိုလီနီသည် ဆိုရှယ်လစ်ပါတီနှင့် အိုးစားကွဲကာ ဆိုရှယ်လစ်ပါတီမှ၎င်း၊ ပါတီသတင်းစာ အယ်ဒီတာ အဖြစ်မှ၎င်း နုတ်ထွက်ရလေသည်။ ထိုနောက် သူသည် 'ပိုပိုလိုဒီတာလိယ' ခေါ် နေ့စဉ်သတင်းစာတစောင်ကို တည်ထောင်၍ မဟာမိတ်များဖက်မှ ပါဝင်တိုက်ရေးဝါဒကို ဖြန့်လေတော့၏။ သူကိုယ်တိုင်လည်း သာမန်စစ်သားအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ ဒဏ်ရာမှ ပျောက်ကင်းသောအခါ ဆေးရုံမှ ဆင်း၍ အယ်ဒီတာပြန်လုပ်ကာ စစ်အောင်မြင်ရေးကို ကြိုးပမ်းပြန်လေသည်။ ၁၉၁၉ ခုနှစ် စစ်ပြေငြိမ်းပြီးနောက် မူဆိုလီနီသည် ဖက်ဆစ်ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ထိုစဉ်က အီတလီနိုင်ငံ၏အခြေအနေမှာ အတော်ပင် စိတ်ပျက်ဖွယ်ရာ ကောင်းနေ၏။ အစိုးရမှာ အကြွေးပင်လယ်ဝေနေပြီးလျှင် နိုင်ငံတွင်း၌လည်း သပိတ်မှောက်မှုများ၊ အဓမ္မအကြမ်းဖက်မှုများ အတော်ထကြွနေသည်။ ၁၉၂၀ ပြည့်နှစ်တွင် မီလန်မြို့၌ ကွန်မြူနစ်တို့ ပုန်ကန်ထကြွကြ၏။ ထို့နောက် ဗလုံးညားမြို့တွင်လည်း ထကြွပြန်၏။ သို့ဖြစ်ရာတွင် ကွန်မြူနစ်တော်လှန်ရေးကို စိုးရိမ်သောအရင်းရှင်များနှင့် စစ်ပြေငြိမ်းရေးစည်းကမ်းချက်များကို မကျေနပ်သော စစ်သားဟောင်းများသည် မူဆိုလီနီအား ငွေအား လူအားဖြင့် ထောက်ခံကြလေသည်။ ဖက်ဆစ်ပါတီဝင်များသည် အမျိုးသားရေးဝါဒစိတ် လွန်ကဲသူများဖြစ်၍ အာဏာကြီးမားသော ဗဟိုအစိုးရနှင့် စည်းကမ်းသေဝပ်ရေးကို လိုလားသည်။ မူဆိုလီနီသည် ၁၉၂၀ ပြည့်နှစ်မှစ၍ ဖက်ဆစ်အဖွဲ့များကို နေရာအနှံ့အပြားတွင် ဖွဲ့စည်းလေသည်။ ရှပ်နက်တပ်ဖွဲ့များကို ဖွဲ့စည်းကာ အတိုက်အခံဂိုဏ်းများကို ဖြိုဖျက်သည်။ နယ်များရှိ ဖက်ဆစ်အဖွဲ့များသည် ကွန်မြူနစ်များနှင့် မင်းမဲ့ဝါဒီတို့၏အစည်းအဝေးများကို နှောင့်ယှက်ဖျက်ဆီးခြင်း၊ ထိုအဖွဲ့များ၏ ဌာနချုပ်များနှင့် အဖွဲ့များနှင့်ဆိုင်သော စာအုပ်စာတမ်းများရောင်းချရာဆိုင်များကို ဝင်ရောက်လုယူဖျက်ဆီးခြင်း စသည်တို့ကို ပြုလုပ်လေသည်။ နောက်တွင် တဆင့်တက်ကာ ခေါင်းမာသော ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ကြ၏။ ထိုအချိန်တွင် ဥပဒေပြုလွှတ်တော်တွင် ဖက်ဆစ်အမတ် ဦးရေ ၃၅ ယောက်ခန့် ရှိနေပြီဖြစ်သည်။ ၁၉၂၁ ခုနှစ်တွင် ဖက်ဆစ်အဖွဲ့ကို နိုင်ငံရေးပါတီအသွင်သို့ ပြောင်းလဲလိုက်သည်။ မူဆိုလီနီအားလည်း 'အီးဒူးချေး' (ခေါင်းဆောင်ကြီး)ဟု အသိအမှတ်ပြုကြသည်။ နိုင်ငံအခြေအနေမှာ တဖြည်းဖြည်းဆိုးရွားလာရာ ဆိုရှယ်လစ်တို့သည် ဖက်ဆစ်တို့ကို အစိုးရက နှိမ်စေရန် အထွေထွေသပိတ်မှောက်မှုကြီး ပေါ်ပေါက်လာအောင် ဖန်တီးလေတော့သည်။ လက်ရှိအစိုးရအဖွဲ့သည် မည်သို့မျှမတတ်နိုင်ရှာပေ။ ၁၉၂၂ ခုနှစ်အောက်တိုဘာလတွင် နေပယ်လ်မြို့၌ ဖက်ဆစ်အဖွဲ့ကြီးညီလာခံတရပ် ကျင်းပလေသည်။ ထိုလ ၂၀ ရက်နေ့တွင် မူဆိုလီနီနှင့်သူ၏ နောက်လိုက်များသည် ရောမမြို့သို့ ချီတက်ကြရာ မည်သူမျှ အတိုက်အခံမပြုလုပ်ကြပေ။ တတိယ အီမန်းနျူးအယ်ဘုရင်သည် လက်ရှိအစိုးရအဖွဲ့ကို ဖြုတ်ချကာ မူဆိုလီနီကို အစိုးရဖွဲ့ရန် ဖိတ်ခေါ်ရ၏။ သို့ဖြစ်၍ သွေးတစက်မျှ မကျသော တော်လှန်ရေးဖြင့် မူဆိုလီနီသည် အာဏာသိမ်းပွဲခံကာ အစိုးရအဖွဲ့ဖွဲ့စည်းလေသည်။ မူဆိုလီနီသည် အာဏာသိမ်းပိုက်ပြီးနောက် အစိုးရကို အကြီးအကျယ်ပြောင်းလဲလိုက်သည်။ နိုင်ငံ၏ အထွတ်အထိပ်အဖြစ် ရှင်ဘုရင်ကို ဆက်လက်ထားရှိသော်လည်း တကယ့်အာဏာကိုမူကား သူ၏ လက်ထဲတွင်ထားသည်။ အထက်လွှတ်တော်သည် လုံးဝအာဏာမရှိတော့ချေ။ အောက်လွှတ်တော်ကိုမူကား ‘ဖက်ဆစ်ကောင်စီအဖွဲ့ကြီး’က ချုပ်ကိုင်ထားသည်။ အစိုးရအဖွဲ့ဝင် ဝန်ကြီးများမှာလည်း ဝန်ကြီးချုပ်ဖြစ်သူ မူဆိုလီနီ၏ ကိုယ်စားလှယ်များ ဖြစ်ကြလေတော့သည်။ မူဆိုလီနီကိုယ်တိုင်လည်း ဝန်ကြီးဌာန ၈ ဌာနကို တယောက်တည်း ကိုင်ထားလေသည်။ ၁၉၃၄ ခုနှစ်တွင် တရားဥပဒေအရ အသင်းများကို အလုပ်အကိုင်အလိုက် ဖွဲ့စည်း၍ နိုင်ငံ၏စီးပွားရေးကို ခန့်ခွဲသည်။ ယင်းသို့အားဖြင့် မူဆိုလီနီသည် တရားဥပဒေအရ ဖွဲ့စည်းသောအသင်းများနိုင်ငံကို ထူထောင်လေသည်။ ၁၉၂၅-၂၆ ခုနှစ်များတွင် ဆိုရှယ်လစ်၊ ကွန်မြူနစ်စသော အတိုက်အခံအဖွဲ့များကို ဖြိုဖျက်ရန် ဥပဒေအမျိုးမျိုး ထုတ်လေသည်။ အကြမ်းဖက်၍လည်း နှိမ်နင်း၏။ ဆိုရှယ်လစ်၊ ကွန်မြူနစ်နှင့် ရီပတ်ဗလစ်ကင် ပါတီများကို ဖွဲ့စည်းခွင့်မပေးတော့ချေ။ အတိုက်အခံသတင်းစာများကိုလည်း ပိတ်ပစ်လေသည်။ ထိုသို့ ပိတ်ပင်ချုပ်ကိုင်မှုများ ရှိလင့်ကစား နိုင်ငံအတော်ပင် နိုးကြားတိုးတက် လာသည်မှာ မူဆိုလီနီ၏ ကျေးဇူးကြောင့်ပင် ဖြစ်သည်ဟု ဆိုရချေမည်။ သူသည် တနိုင်ငံလုံးတွင် ပျံ့နှံ့နေသော လာဘ်ပေးလာဘ်ယူခြင်းများ အလဟဿဖြုန်းတီးခြင်းများနှင့် ဝတ်တရားမကျေပြွန်မှုများကို ပပျောက်အောင် ဆောင်ရွက်သည်။ အလုပ်ရပ်စဲခြင်း၊ သပိတ်မှောက်ခြင်းများကို ပိတ်ပင်သည်။ စိုက်ပျိုးရေး ပါရဂူများကို လယ်သမားများထံ စေလွှတ်ညွှန်ကြား ပြသစေရာ ကောက်ပဲသီးနှံ ၂၅ ရာခိုင်နှုန်း ပိုမိုထွက်သည်။ နိုင်ငံတွင် သူ့ကို ကြည်ညိုသူများလာသည်။ သို့သော် သူ့အားသေကြောင်းကြံမှုများလည်း ရှိခဲ့လေသည်။ ကြံစည်မှုများ အထမမြောက်သည်နှင့်အမျှ နာမည်ကြီးကာ ကြည်ညိုသူများလာလေသည်။ တိုင်းပြည်တွင် အာဏာရှင် ဖြစ်နေပြီဖြစ်သော မူဆိုလီနီသည် ပြည်တွင်းရေး၌သာမက ပြည်ပရေးတွင်လည်း တွင်ကျယ်စပြုတော့သည်။ ၁၉၂၃ ခုနှစ်တွင် ဂရိလူမျိုးတို့ပိုင်သော ကောဖူးကျွန်းကို သိမ်းရန်ကြံစည်ရာ ဥရောပအနောက်နိုင်ငံများက ကန့်ကွက်သောကြောင့် နောက်ဆုတ်လိုက်ရသည်။ ၁၉၃၆ ခုနှစ်တွင်မူ အီသီယိုးပီးယားနိုင်ငံကို တိုက်ခိုက်သိမ်းယူသည်။ ၁၉၃၆-၃၉ ခုနှစ်များတွင် ဖြစ်ပွားသော စပိန်ပြည်တွင်းစစ်တွင်လည်း ဝင်ရောက်စွက်ဖက်လေသည်။ ဂျာမနီအာဏာရှင် ဟစ်တလာနှင့်လည်း ပူးပေါင်း၍ စာချုပ်များချုပ်ဆိုသည်။ ၁၉၃၉ ခုနှစ်တွင် အယ်ဘေးနီးယားနိုင်ငံကို သိမ်းယူသည်။ ၁၉၄၀ ပြည့်နှစ် ဇွန်လတွင် အီတလီနိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် ဟစ်တလာ၏ ဘက်တော်သားအဖြစ် ပါဝင်လေတော့သည်။ ဒုတိယကမ္ဘာစစ်ဖြစ်စ၌ မူဆိုလီနီသည် အောင်ပွဲများခံခဲ့ရသော်လည်း နောက်နောင်တွင်ကား တဖြည်းဖြည်း အရှုံးပေးရလေသည်။ မြောက်အာဖရိက တိုက်ပွဲများတွင် အီတာလျံတို့ ရှုံးနိမ့်ခြင်း၊ စစ္စလီကျွန်းကို မဟာမိတ်တို့ တက်ရောက်ခြင်း၊ ပြည်တွင်းအုံကြွမှုများ ပြင်းထန်လာခြင်းတို့ကြောင့် ၁၉၄၃ ခုနှစ် ဇူလိုင်လတွင် မူဆိုလီနီသည် ရာထူးမှ နုတ်ထွက်ရပြီးလျှင် အကျဉ်းချထားခြင်း ခံရလေသည်။ ထိုနှစ် စက်တင်ဘာလတွင် ​အော်တို စကော်ဇနီပါဝင်သည့် နာဇီလေထီးတပ်သားများက မူဆိုလီနီအား အချုပ်မှ ကယ်တင်ခဲ့ပြီးနောက် အီတလီနိုင်ငံမြောက်ပိုင်းတွင် ဖွဲ့စည်းသော ‘ဖက်ဆစ်သမ္မတ’အစိုးရ၏ခေါင်းဆောင်အဖြစ် တင်မြှောက်လေသည်။ သို့သော် ၁၉၄၅ ခုနှစ် ဧပြီလတွင် မူဆိုလီနီနှင့် သူ၏ဇနီးတို့သည် အရေးမလှသဖြင့် နိုင်ငံမှ ထွက်ပြေးရန်ကြိုးစားနေခိုက် နောက်ဖွဲ့သည့် အီတာလျံအစိုးရလူများက ကိုးမိုအိုင်အနီးရှိ ရွာတရွာတွင် မူဆိုလီနီတို့ကို ဖမ်းမိပြီးနောက် ၁၉၄၅ ခုနှစ် ဧပြီလ ၂၆ ရက်နေ့တွင် အဆုံးစီရင်လိုက်ကြလေသည်။ ။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၉) အပိုင်း (က)