စကော်ဇနီ၊ အော်တို

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
အော်တို စကော်ဇနီ

ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်စစ်ခေါင်းဆောင်များ၊ နိုင်ငံခေါင်းဆောင်များအကြားတွင် ရန်ဘက် နာဇီဂျာမနီတို့၏ခြိမ်းခြောက်မှုများအနက် ထင်ရှားဆုံးသောသူမှာ စစ်ဗိုလ်၊ ဗိုလ်မှုးတစ်ဦးဖြစ်သည့် အသေခံ(ကွန်မန်ဒို)တပ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ အော်တို စကော်ဇနီ (Otto Skorzeny)ပင်ဖြစ်သည်။ အီတလီအာဏာရှင်ဖြစ်သူ မူဆိုလီနီအား ကယ်တင်ခြင်း၊ ဟန်ဂေရီခေါင်းဆောင် နီကိုးလ်စ်ဟော်သီအား ဖမ်းဆီးခြင်း၊ ယူဂိုဆလဗ်ခေါင်းဆောင် မာရှယ်တီးတိုးအား ဖမ်းရန်အားထုတ်ခြင်းနှင့် မဟာမိတ်တပ်ပေါင်းစုအကြီးအကဲ ဗိုလ်ချုပ်ကြီး အိုက်ဆင်ဟောင်ဝါအား လုပ်ကြံရန်ကြံစည်အားထုတ်ခြင်းတို့ဖြင့်ထင်ရှားပါသည်။ (သို့သော် အိုက်ဆင်ဟောင်ဝါအား လုပ်ကြံခြင်းမှာ ကောလာဟလမျှသာဖြစ်သည်။)

ပုံပန်းသဏ္ဍန် နှင့် နောက်ခံမိသားစု[ပြင်​ဆင်​ရန်​]

စကော်ဇနီအား ဩစတြီးယားနိုင်ငံ၊ ဘောလ်တစ်ပင်လယ်ကမ်းခြေရှိ ပိုမားရေးနီးယားပြည်နယ် အရှေ့ပိုင်းမှ စကော်စင်ဇင်ရွာလေးတွင် ဖွားမြင်သည်။ မျိုးရိုးစဉ်ဆက် စစ်မှုထမ်းသော စစ်သားများဖြစ်ခဲ့သည့်အလျှောက် စကော်ဇနီသည်လည်း စစ်တပ်သို့ဝင်လေသည်။ ငယ်စဉ်က ဆင်းရဲလွန်းလှသဖြင့် အသက် ၁၅နှစ်မှသာ ထောပတ်ကိုပထမဆုံး မြင်ဖူး၊မြည်းဖူးသည်ဟု ဆိုသည်။ လူရွယ်ဘဝက ဓါးပွဲပေါင်း ၁၅ပွဲနွဲပြီး ၂ပွဲသာရှုံးသည်။ တစ်ပွဲမှာ အရှုံးသာမက သေရာပါမည့် ဘယ်ဘက်ပါးပြင်မှ ကန့်လန့်ဖြတ် အနာရွတ်ထင်ကျန်ပြီး၊ နောက်တစ်ပွဲမှာ နှလုံးသားရေးအရ ရှုံးလေသည်။ ကျောင်းသင်ခန်းစာများတွင်လည်း သင်္ချာဓာတုဗေဒရူပဗေဒ စသည်ဖြင့် သိပ္ပံပညာရပ်များတွင်သာ စိတ်ပါဝင်စားပြီး သမိုင်း၊ ဒဿနိကဗေဒ စသည့်စာပေပညာများတွင် စိတ်ပါဝင်စားလေ့မရှိပေ။

အတွေ့အကြုံများ[ပြင်​ဆင်​ရန်​]

အသက်နှစ်ဆယ်ကျော်တွင် အရှိန်အဝါတက်လာသည့် နာဇီပါတီတွင် လူငယ်ပါတီဝင်တစ်ဦးဖြစ်လာသည်။ ပထမဆုံးအနေဖြင့် ပါတီ၏တာဝန်ပေးချက်အရ ဩစတြီးယားသမ္မတအား ဖမ်းဆီးထိန်းသိမ်းရာတွင် ပါဝင်လှုပ်ရှားခဲ့သည်။

ထိုနောက် စစ်တပ်တွင်ဝင်ရောက်အမှုထမ်းသည်။ ရှေးဦးစွာ လေတပ်သို့ဝင်သော်လည်း လေယာဉ်မှုးဖြစ်ရန် အသက်ကြီးလွန်းသည်ဟု ဆိုကာပယ်ချခံရသဖြင့် လေယာဉ်မှုးမဖြစ်ခဲ့ဘဲ သယ်ယူပို့ဆောင်ရေးတပ်တွင် ငါးလမျှ အမှုထမ်းခဲ့သည်။ ထိုနောက် နာဇီပါတီမှ ဟင်းမလား အုပ်ချုပ်သည့် လုံခြုံရေးတပ်ဖွဲ့လက်အောက်ရှိ လေယာဉ်ပစ်အမြောက်တပ်သို့ ဗိုလ်လောင်းရာထူးဖြင့် ရောက်သည်။ ပြင်သစ်နိုင်ငံ ပဲရစ်မြို့အား နာဇီတို့သိမ်းပြီးနောက်တွင် စကော်ဇနီအား ဟော်လန်နိုင်ငံတွင် တာဝန်ပေးခဲ့သည်။ ထိုမှတဖန် ယိုဂိုစလားဗီးယားနိုင်ငံသို့ ဆက်လက်ရွေ့ပြောင်းခံခဲ့ရပြန်သည်။ ယူဂိုဆလားဗီးယားစစ်မြေပြင်တွင် ရန်သူ ၆၃ဦးအား မိမိ၏ တိုက်ကင်းအဖွဲ့ငယ်လေးဖြင့် လက်နက်ချစေခဲ့သည်မှာလည်း လူပြောများသည့် အောင်မြင်မှုများအနက်မှ တစ်ရပ်ဖြစ်ခဲ့သေးသည်။

ထိုနောက်တစ်ဆက်တည်းပင် ရုရှားစစ်မြေပြင်သို့ စေလွှတ်တာဝန်ထမ်းဆောင်စေခြင်းခံရပြီး အဆိုပါစစ်မြေပြင်မှ ဒဏ်ရာ၊ အဖျားရောဂါနှင့် သူရဲကောင်းဆုတံဆိပ်တစ်ခုတို့ကို ရရှိခဲ့သည်။ ဇာတိဖြစ်သည့် ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ ရက်ရှည်အနားယူရန် ခွင့်ပြုပေးခြင်းခံရသည်။

အသေခံတပ်ဖွဲ့ ဖွဲ့စည်းခြင်း[ပြင်​ဆင်​ရန်​]

ဒဏ်ရာမှ သက်သာလာပြီးနောက် ၁၉၄၃ခုနှစ်၊ ဧပြီလ၊ ၂၀ရက်နေ့တွင် ဗိုလ်ကြီးရာထူးသို့ တိုးမြှင့်ပေးခြင်းခံရပြီးနောက်တွင် တစ်ဆက်တည်း အသေခံတပ်ဖွဲ့ တစ်ဖွဲ့ကိုဖွဲ့စည်းရန် ညွှန်ုကြားချက်ကို ရရှိသည်။ အသေခံတပ်ဖွဲ့ဆိုသည့်အရာကို သိမြင်တို့ထိခြင်းမရှိသေးသည့် စကော်ဇနီအဖို့ အချက်အလက်၊ မှတ်တမ်းမှတ်ရာ၊ သင်ခန်းစာများအား ရှာဖွေစုဆောင်းခြင်းကို အပူတပင်း လုပ်ဆောင်ခဲ့ရသည်။ လက်ထောက်အဖြစ်လည်း သူငယ်ချင်းလည်းဖြစ်၊ ရဲဘော်ရဲဘက်လည်းဖြစ်သည့် အရာခံဗိုလ် ရယ်ဒယ်အား ခန့်အပ်ခဲ့သည်။ အထူးသဖြင့် မိမိတို့ထက်စောကာဖွဲ့စည်းနိုင်ခဲ့သည့် ဗြိတိန်တို့၏ အသေခံတပ်ဖွဲ့များလုပ်ဆောင်ချက်နှင့် စွမ်းရည်များကို အသေးစိတ်ရှာဖွေလေ့လာခဲ့သည်။

သို့ဖြင့်လပိုင်းအကြာတွင် ကျောင်းအုပ်ကြီး စကော်ဇနီဦးဆောင်သည့် ဂျာမန်အသေခံသင်တန်းကျောင်းသည် ဘာလင်မြို့တော်အနီး၊ လူကုံထံတို့ အမဲလိုက်သည့် "ဖရိုက်ဒင်သယ်" အရပ်တွင်ပေါ်ထွက်လာခဲ့သည်။ ကျောင်းတွင်းရှိ စစ်တန်းလျားများတွင်လည်း အရပ်ရပ်မှ ထူးချွန်သည့်တပ်သားများဖြင့် တစ်ဖွဲဖွဲရောက်ရှိနေထိုင်လာကြသည်။ မိမိလေ့လာထားသည့် သင်ခန်းစာများ၊ အချက်အလက်များအား စစ်မြေပြင်ထောက်လှမ်းရေးတပ်ဖွဲ့များ ပေးပို့သည့်အချက်အလက်များ၊ အစီရင်ခံစာများအား ပူးပေါင်းတည်းဖြတ်ပြီး အပြင်းထန်ဆုံးသောလေ့ကျင့်ခန်းများကို လေ့ကျင့်သင်ကြားပေးသည်။ ထောက်လှမ်းရေးပညာရပ်မှအစ၊ လူသတ်ခြင်းအလယ်နှင့် တန်ပြန်ထောက်လှမ်းရေးအဆုံး ပညာရပ်များအား သင်ကြားပေးသည်။

စကော်ဇနီ နှင့် လွတ်မြောက်လာသော မူဆိုလီနီ။စက်တင်ဘာ၊ ၁၂ ရက်၊ ၁၉၄၃

မူဆိုလီနီအား ကယ်တင်ခြင်း[ပြင်​ဆင်​ရန်​]

အီတလီနိုင်ငံတွင် အာဏာသိမ်းမှုတစ်ရပ်ဖြစ်ပွားကာ ဘုရင်နှင့်၄င်းအား သစ္စာခံသည့်တပ်များက မူဆိုလီနီအားဖမ်းချုပ်ပြီး မဟာမိတ်များနှင့် အပေးအယူလုပ်ကာငြိမ်းချမ်းရေးကမ်းလှမ်းခဲ့သည်။ ထိုသတင်းမှာ မူဆိုလီနီမဟာမိတ်ဖြစ်သည့် ဟစ်တလာကိုလည်း ထိခိုက်စေသဖြင့် မူဆိုလီနီအား ကယ်တင်ရန်အတွက် စကော်ဇနီနှင့်၄င်း၏ အသေခံတပ်ဖွဲ့အား တာဝန်ပေးလေသည်။ သို့ဖြင့် စကော်ဇနီနှင့် သူ၏တပ်သားများသည် အီတလီနိုင်ငံတွင်းသို့ ရွေ့ပြောင်းကာ တစ်နေရာမှ တစ်နေရာ ကူးသန်းထောက်လှမ်းပြီးနောက် နောက်ဆုံးတွင် အယ်ပိုင်းတောင်တန်းပေါ်ရှိ ဂရင်းဆက်ဆိုတောင်ပေါ်အပန်းဖြေစခန်းတွင် ချုပ်နှောင်ခံထားရသည့် မူဆိုလီနီအား ထောက်လှမ်းရရှိသည်။ အဆိုပါတောင်ပေါ်စခန်းသို့ ဂလိုက်ဒါ စက်မဲ့ယာဉ်များဖြင့် လျှပ်တပြတ်ဆင်းသက်ထိုးဖောက်ကာ မူဆိုလီနီအား ကယ်တင်နိုင်ခဲ့ပြီးနောက် ဗီယင်နာမြို့သို့ ခေါ်ဆောင်လာခဲ့သည်။ အကျိုးဆက်အားဖြင့် စကော်ဇနီလည်း ညတွင်းချင်းမှာပင် ဗိုလ်မှုးရာထူးသို့ တိုးမြှင့်ချီးမြှောက်ခြင်းခံရသည်။ ထိုအောင်မြင်မှုသည် ဝင်ရိုးတန်းနိုင်ငံများအတွက် ကြီးကျယ်သောအောင်မြင်မှုဖြစ်ကာ မဟာမိတ်တို့အဖို့လည် အကြီးအကျယ်အံ့အားသင့်ရသည်ဖြစ်သည်။ ဥရောပတိုက်တွင် စကော်ဇနီ၏ အမည်မှာ တမုဟုတ်ချင်း ပြန့်နှံ့သွားလေသည်။

မာရှယ်တီးတိုးအား ဖမ်းဆီးရန်အားထုတ်ခြင်း[ပြင်​ဆင်​ရန်​]

စကော်ဇနီ၏ မအောင်မြင်ခဲ့သော စစ်ဆင်ရေး၊အားထုတ်မှုများတွင် မာရှယ်တီးတိုးအား ဖမ်းဆီးရန်အားထုတ်ခြင်းမှာ အပါအဝင်ဖြစ်သည်။ ယူဂိုဆလဗ်ပြောက်ကျားများ ကျက်စားရာနယ်မြေများသို့ ကိုယ်တိုင်သွားရောက် ထောက်လှမ်းစုံစမ်းသည့်တိုင် မာရှယ်တီးတိုးအား ခြေရာခံနိုင်ခြင်းမရှိပေ။ နောက်ဆုံးတွင် သတင်းအတိအကျရသောကြောင့် ဒီဗားမြို့လေးအနီးရှိ တောတောင်ထူထပ်ရာတွင် ဌာနချုပ်ပြုလုပ်ထားသည်ဖြစ်ကြောင်းသိ သဖြင့် ဝင်ရောက်စီးနှင်းသော်လည်း သတင်းပေါက်ကြားသည့်အတွက် မာရှယ်တီးတိုးလွတ်မြောက်သွားခဲ့သည်။

ဥရောပ စစ်မြေပြင်မှ အမေရိကန် စစ်သားအတုများ[ပြင်​ဆင်​ရန်​]

၁၉၄၄ခုနှစ် ဆောင်းဦးရာသီ၊ ဒီဇင်ဘာလမှစကာ ဥရောပတိုက်ရှိ မဟာမိတ်တပ်များအကြားတွင် တပ်သားတုများကို မကြာမကြာဖမ်းဆီးရမိလေသည်။ အဆိုပါတပ်သားများမှာလည်း စကော်ဇနီ၏ အသေခံတပ်မှဖြစ်ကြောင်း ဝန်ခံကြပြီး တာဝန်မှာလည်း မဟာမိတ်တပ်ပေါင်းချုပ်၏ အကြီးအကဲဖြစ်သည့် ဗိုလ်ချုပ်ပြီး အိုက်ဆင်ဟောင်ဝါအား လုပ်ကြံရန် ဖြစ်ကြောင်း တစ်ညီတစ်ညွှတ်ထဲထွက်ဆိုသည်။ သို့ဖြင့် ဗိုလ်ချုပ်ကြီးအိုက်ဆင်ဟောင်ဝါကိုယ်တိုင် ပဲရစ်မြို့ရှိ စစ်ဌာနချုပ်တွင် ရက်ပေါင်းအတန်ကြာအောင် အကျယ်ချုပ်ခံနေကြပြီး လက်အောက်အရာရှိများ၏ အရိပ်တကြည့်ကြည့်စောင့်ရှောက်ခြင်းကို ခံခဲ့ရသည်။ အလားတူပင် ဗြိတိန်စစ်ဗိုလ်ချုပ်ကြီး မာရှယ်မောင်ဂိုမာရီသည်လည်း လွတ်လပ်စွာသွားလာနိုင်ခြင်းနှင့် ရက်အတန်ကြာကင်းကွာခဲ့ရလေသည်။

စကော်ဇနီအနေဖြင့် မူလရည်မှန်းချက်မှာ ဂျာမန်တို့၏တန်ပြန်ထိုးစစ်ကြောင့် နောက်လှန်သွားမည့် မဟာမိတ်တပ်များက လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့် လမ်းတံတားများအား ဖျက်ဆီးဆုတ်ခွာမည်ကို ကာကွယ်ရန်အတွက် ရန်သူမဟာမိတ်များ၏ ဝတ်စုံများဖြင့် ထိုးဖောက်ဝင်ရောက်ပြီး အဆိုပါ လမ်းတံတားများအား ထိန်းသိမ်းထားရန်သာဖြစ်သည်။ သို့သော် ရန်သူနယ်မြေအတွင်းဝင်ရောက်မိသည့်နောက်ပိုင်းတွင် ဂျာမန်တပ်များ၏ ထိုးစစ်မှာ အောင်မြင်မှုမရဘဲ အသေခံတပ်သားများသည်လည်း အစုစုကွဲကွာပြီးနောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ အဖမ်းခံရခြင်းဖြစ်သည်။ မူလကပင် တပ်အတွင်းတွင် မဟာမိတ်ဗိုလ်ချုပ်များအား လုပ်ကြံလိုသည့် ဆန္ဒဖြင့် ကောလာဟလများ၊ ဟာသစကားများ ပြန့်နှံ့ပြီးဖြစ်သဖြင့် အဆိုပါ ကောလာဟလများသည် မဟာမိတ်တပ်သားများထံသို့ ကူးဆက်ခြင်းခံရလေသည်။

စစ်အပြီး ခုံရုံးတင်ခံရခြင်[ပြင်​ဆင်​ရန်​]

စစ်အပြီးတွင် နာဇီဂျာမနီတို့ စစ်ရှုံးသည့်အတွက် စစ်အတွင်းက ကျုးလွန်ခဲ့သည့် ပြစ်ဒဏ်များအား စီရင်ရန် စစ်ခုံရုံးတစ်ရပ်ကို နျူရင်ဘတ်မြို့တွင် ဖွင့်လှစ်ခဲ့လေသည်။ စကော်ဇနီလည်း အဆိုပါ စစ်ခုံရုံးသို့ အတင်ခံရပြီး စစ်အတွင်းက ပြစ်ချက်များအား တရားစွဲဆိုခဲ့သော်လည်း မဟာမိတ်တပ်သား၊ စစ်ဗိုလ်များက စကော်ဇနီမှာ စစ်သားဖြစ်သည့်အတွက် စစ်မိန့်အရ ဆောင်ရွက်ခဲ့သည်များအား စီရင်ချက်ချမှတ်ပါက မိမိတို့ မဟာမိတ်တပ်သား၊စစ်ဗိုလ်များအနေဖြင့်လည်း အလားတူစီရင်ချက်မျိုးချမှတ်ခံရမည်ဖြစ်ကြောင်း ကာကွယ်ကာ ဝန်ခံထွက်ဆိုပေးကြသဖြင့် စကော်ဇနီတစ်ယောက် ကွင်းလုံးကျွတ်လွတ်သည်။ သို့သော်လည်း ဥရောပတိုက်အတွက် အန္တရာယ်အရှိဆုံးလူတစ်ဦးအနေဖြင့် သတ်မှတ်ထားကာ ဆက်လက်၍ အကြောင်းမည်မည်ရရမရှိဘဲ အကျဉ်းချထားခဲ့ကြသည်။ ထောင်အတွင်းမှလည်း ပြင်ပရှိ အသေခံတပ်သားဟောင်းများဖွဲ့ထားသည့် လျှို့ဝှက်အဖွဲ့နှင့် ဆက်သွယ်နိုင်ခဲ့ပြီး ၁၉၄၈ခုနှစ်၊ ဇူလိုင်လ၊ ၂၇ရက်နေ့တွင် ထိုအဖွဲ့၏အကူအညီဖြင့် စကော်ဇနီ လွတ်မြောက်ခဲ့သည်။

ဘဝနောက်ပိုင်း[ပြင်​ဆင်​ရန်​]

ထိုနောက်တွင် စကော်ဇနီ၏ လှုပ်ရှားမှုများအား ခြေရာခံနိုင်ခြင်းမရှိတော့ပေ။ အချို့ကနာဇီပါတီအား ပြန်လည်အသက်သွင်းရန်ကြိုးစားနေသည့် အဖွဲ့များတွင် ခေါင်းဆောင်ပိုင်းမှ တာဝန်ယူနေသည်ဟုလည်းကောင်း မရေမရာ ဆိုကြသည်။ အမှန်မှာ ဂျာမနီနိုင်ငံတွင်း လှည့်လည်ကာ အသိမိတ်ဆွေများထံသို့ ပြောင်ပြောင်တင်းတင်း အလည်အပတ်ထွက်နေခဲ့ခြင်းသာဖြစ်သည်။ ၁၉၄၉ခုနှစ်၊ အောက်တိုဘာလတွင် ပဲရစ်မြို့သို့ လည်ပတ်ခဲ့စဉ် ပဲရစ်မြို့ထုတ် ဟူးမင်းနိုက် သတင်းစာမှ စကော်ဇနီဓါတ်ပုံအား ဖော်ပြခဲ့ခြင်းကြောင့် မကျေနပ်သည့် ပြင်သစ်ပြည်သူများက ဆန္ဒပြခြင်းပင် ဖြစ်ပွားခဲ့သေးသည်။ နောက်ဆုံးတွင် စပိန်နိုင်ငံ စကော်ဇနီအား နိုင်ငံမဲ့သူတစ်ဦးအဖြစ်နှင့် လက်ခံနေထိုင်ခွင့်ပေးခဲ့သည်။ ၁၉၅၀မှစကာ စကော်ဇနီနှင့် ပတ်သက်သည့် သတင်းများ ထွက်ပေါ်လာခြင်းမရှိတော့ပေ။ အိုက်ခမန်း၏ မိသားစုအား အာဂျင်တီးနားသို့ ပို့ဆောင်ပေးရာတွင် ဦးဆောင်ပေးခဲ့သည်ဟု ဆိုသော်လည်း သက်သေမရှိခဲ့ပေ။ ဥရောပတိုက်မှ သတင်းစာအချို့တွင် ရံဖန်ရံခါ အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ဦး အဖြစ်ဖော်ပြခြင်းခံရသည်မှ အပ ထူးခြားသည့် သတင်းအဖြစ် ရောက်မလာခဲ့တော့ပေ။ အနှစ်၂၀နီးပါးအကြာတွင်မှ နယူးစ်ဝိခ် အပတ်စဉ်မဂ္ဂဇင်းတွင် စကော်ဇနီ၏ နိုင်ဂျီးရီးယားနိုင်ငံ အငတ်ဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ စေတနာ့ဝန်ထမ်းအဖြစ် ရိက္ခာနှင့်ဆေးဝါးများ တင်ပို့ဖြန့်ဝေသည့် လေယာဉ်မောင်းအဖြစ် လုပ်အားပေးနေသည်သတင်းဖော်ပြခံရသည်။ ၁၉၇၅ခုနှစ်၊ ဇူလိုင်လတွင် နယူစ်ဝိခ် မဂ္ဂဇင်းမှပင် စကော်ဇနီ၏ နောက်ဆုံးသတင်းအဖြစ် နာရေးသတင်းအား ဖော်ပြခဲ့သည်။ "၁၉၇၅ခုနှစ်၊ ဇူလိုင်လ၊ ဒုတိယအပတ်အတွင်းတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့နေ အော်တို စကော်ဇနီသည် လည်ချောင်းကင်ဆာရောဂါဖြင့် ကွယ်လွန်သွားသည်။" ဟူသော သတင်းဖြစ်သည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ကမ္ဘာကျော် ကွန်မန်ဒို အော့တိုစကော်ဇနီ- လင်းယုန်မောင်မောင်