အီသီယိုးပီးယားနိုင်ငံ

ဝီကီပီးဒီးယား မှ
ဖက်ဒရယ် အီသီယိုးပီးယား
ဒီမိုကရက်တစ် သမ္မတနိုင်ငံ

Federal Democratic Republic of Ethiopia
የኢትዮጵያ ፌዴራላዊ
ዲሞክራሲያዊ ሪፐብሊክ
ye-Ītyōṗṗyā Fēdēralāwī Dīmōkrāsīyāwī Rīpeblīk
အီသီယိုးပီးယားနိုင်ငံ၏ အလံတော်
အလံတော်
အီသီယိုးပီးယားနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
အမှတ်တံဆိပ်
နိုင်ငံတော် သီချင်း: "March Forward, Dear Mother Ethiopia"
အီသီယိုးပီးယားနိုင်ငံ ၏ တည်နေရာ
မြို့တော်
နှင့် အကြီးဆုံးမြို့
အဒစ်စ် အဘာဘာမြို့
ရုံးသုံး ဘာသာစကားများအမ်ဟာရာ
အမျိုးအစားဖက်ဒရယ် ပါလီမန် သမ္မတအစိုးရ
အစိုးရ
• သမ္မတ
မော်လတူး တက်ရှုံး
• ဝန်ကြီးချုပ်
အာဘေးအာမက်
တည်ထောင်
• တည်ထောင်ခြင်း
ဘီစီ ၉၈၀
• အက်ဆမ် နိုင်ငံတော်
အေဒီ ၁၀၀
• အီသီယိုးပီးယန်း အင်ပိုင်ယာ
၁၁၃၇
• အီသီယိုးပီးယား ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံတော်
၁၉၈၇
• လက်ရှိဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ဩဂုတ် ၁၉၉၅
ဧရိယာ
• စုစုပေါင်း
၄၂၆,၃၇၁ စတုရန်းမိုင် (၁,၁၀၄,၃၀၀km²) (အဆင့်: ၂၇)
• ရေထု (%)
၀.၇
လူဦးရေ
• ခန့်မှန်း
၈၂,၁၀၁,၉၉၈(၂၀၁၁)[၁] (အဆင့် - ၁၄)
• သိပ်သည်းမှု
၇၄/km² (၁၉၄/sq mi) (အဆင့် - ၁၂၃)
GDP (PPP)ခန့်မှန်း
• စုစုပေါင်း
၁၉၅.၇၇၉ ဘီလီယံ[၂]
• Per capita
US$ ၂,၁၁၂.၉၈[၂]
HDIIncrease ၀.၄၄၈
နိမ့် · ၁၇၄
ငွေကြေးBirr
အချိန်ဇုန်+၃
တယ်လီဖုန်းကုဒ်+၂၅၁
Internet TLD.et


အီသီယိုးပီးယားနိုင်ငံသည် အာဖရိက ဦးချိုဒေသတွင် တည်ရှိသော ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။ တရားဝင်အခေါ်မှာ အီသီယိုးပီးယား ဖက်ဒရယ် ဒီမိုကရက်တစ် သမ္မတနိုင်ငံ ဖြစ်သည်။ အာဖရိကတွင် ဒုတိယမြောက် လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပြီး လူဦးရေ ၈၅.၂ သန်းမျှ ရှိသည်။ အကျယ်အဝန်းအားဖြင့် ဒသမြောက် အကြီးဆုံးဖြစ်ကာ ၁,၁၀၀,၀၀၀ စတုရန်း ကီလိုမီတာမျှ ကျယ်ဝန်းသည်။ မြို့တော်မှာ အက်ဒစ်စ် အဘာဘာဖြစ်သည်။ မြောက်ဘက်တွင် အီရီထရီးယားနိုင်ငံ၊ အနောက်ဘက်တွင် ဆူဒန်နိုင်ငံ၊ အရှေ့ဘက်တွင် ဂျီဘူတီနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံ၊ တောင်ဘက်တွင် ကင်ညာနိုင်ငံ တို့ဖြင့် ဝန်းရံထားသည်။ ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံး ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်သည်။

အမည်နာမ[ပြင်ဆင်ရန်]

အီသီအိုးပီးယားဟူသော အမည်သည် ဂရိဘာသာဖြင့် နေလောင်ထားသကဲ့သို့ မျက်နှာရှိသော (ဝါ) အသားမည်းသူ များကို ခေါ်ဝေါ်သော ဝေါဟာရမှဆင်းသက်လာခြင်းဖြစ်သည်။ ရှေးဒဏ္ဍာရီပုံပြင်များ၏ အလိုမှာ သမ္မာကျမ်းပါ ကုရှဆိုသူ၏ သား အီသီအော့၏ အမည်ကို အစွဲပြုခေါ်ဝေါ်ခြင်းဟု ဆိုသည်။ အီသီအော့သည် အက္ကဆွမ်းနိုင်ငံကို တည်ထောင်သူများ၏ ဖခင်ဟု ဆိုသည်။ အက်ဗီဆီးနီးယားဟူသော အမည်မှာမူ အက္က ဆွမ်းနိုင်ငံ၌ နေထိုင်ခဲ့သော အာရပ်အဆက်အနွယ် လူမျိုးစုနှစ်ခု အနက်မှ ဟာဗက်စတက် လူမျိုးတို့၏ အခေါ်အဝေါ် ဖြစ်လေသည်။ ယင်းတို့၏ အခေါ်အားဖြင့် အယ်ဟက်ဗက်ရှဟူ၍ ဖြစ်သည်။ ထိုဒေသသို့ နောင်ရောက်ရှိလာကြသည့် ပေါ်တူဂီတို့၏ အသံထွက်ဖြင့် အမည်သည် အက်ဗီဆီးနီးယားဟု တွင်ခဲ့သည်။ အီသီအိုးပီးယားနိုင်ငံ ဖြစ်လာမည့် ဒေသ၌ လာရောက် အခြေစိုက်ကာ ရွာတည်ရာမှ မြို့ပြပြည်ထောင် ထူထောင်ကြသူများသည် ပင်လယ်နီကို ဖြတ်ကျော်လာကြသော အာရေဗျကျွန်းဆွယ် တောင်ပိုင်းသား များတည်း။ ယင်းတို့ တည်ထောင်သောတိုင်းပြည်ကို အက္ကဆွမ်းဟုခေါ်သည်။ ရှေးအီသီအိုးပီးယား နိုင်ငံသည် ယင်း၏ တစ်စိတ်တစ်ဒေသလည်း ပါဝင်၍ သမ္မာ ကျမ်းစာ၌မူ ကုရှပြည်ဟု ဖော်ပြသည်။

အာဖရိကတိုက် အရှေ့မြောက်ပိုင်းရှိ သီးခြားလွတ်လပ်သော အချုပ်အခြာအာဏာ ပိုင်နိုင်ငံတစ်နိုင်ငံဖြစ်သည့် အီသီအိုးပီးယားအား ပေါ်တူဂီတို့၏ အခေါ်အဝေါ်ကိုလိုက်၍ အက်ဗီဆီးနီးယားဟု လည်း ခေါ်သည်။ သို့သော် အီသီအိုးပီးယား ဟူသော အမည်ကိုသာလျှင် အသိအမှတ် အပြုများသည်။ ထိုအမည်ဖြင့်လည်း ထိုနိုင်ငံသည် ရှေးရှေးအခါကပင် ထင်ရှားခဲ့သည်။ အီသီအိုးပီးယားသည် ခေတ်ပေါ် တိုင်းပြည်တစ်ပြည် မဟုတ်ချေ။ အာဖရိကတိုက် နိုင်ငံများအနက် အရေအတွက်အားဖြင့် နည်းပါးလှသော ရှေးသမိုင်းဝင်နိုင်ငံများတွင် အပါအဝင် ဖြစ်သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်းရာနှင့်ချီသည့် ခေတ်အခါ ကပင် အီသီအိုးပီးယားသည် ထီးနှင့်နန်းနှင့် ကြငှန်းဖြင့် တင့်တောင့်တင့်တယ် ရပ်တည်နိုင်ခဲ့သည်။ ဆော်လမွန်ဘုရင်နှင့် ရှီဗာဘုရင်မတို့မှ ဆင်းသက်ဆက်နွယ်သည့် တိုင်းရင်းသား ဘုရင်စိုးမင်းတို့ အုပ်ချုပ်မင်းလုပ်ခဲ့ကြသော နိုင်ငံဟုလည်း ဆိုကြသည်။ ဂရိစာဆိုကြီး ဟိုးမားနှင့်ဟီရော့ဒိုးတပ်တို့သည် ယင်းတို့၏ စာပေ၌ ရှေးခေတ် အီသီအိုးပီးယား နိုင်ငံအကြောင်းကို ဖော်ပြကြသည်။ သမ္မာကျမ်းစာ၌ပါသော ကုရှနိုင်ငံသည် အီသီ အိုးပီးယားနိုင်ငံဖြစ်သည်ဟု ဆိုကြလေသည်။

သမိုင်း[ပြင်ဆင်ရန်]

ရှေးအီသီအိုးပီးယားနိုင်ငံနှင့် အီဂျစ်နိုင်ငံတို့သည် ပထဝီ အနေအထားအရလည်းကောင်း၊ စီးပွား ကုန်သွယ်ရေးအရ လည်းကောင်း ဆက်စပ်နေခဲ့၍ အီသီအိုးပီးယားနိုင်ငံအား အီဂျစ်မင်းများက လွှမ်းမိုးကြီးစိုး ခဲ့ရာ မင်းဆက် ၁၁ ဆက် ခေတ်မှ ၂၃ ဆက်ခေတ် (ဘီစီ ၁၆ ရာစုမှ ၈ ရာစုခန့်) တိုင်အောင် ဖြစ်သည်။ ထိုနောက်တွင်မူ အီသီအိုးပီးယား မင်းများက အီဂျစ်ကို လွှမ်းမိုးကြပြန်သည်။ ထိုစဉ်က မြို့တော်သည် နက်ပတဖြစ်သည်။ ဘီစီ ၅၂၄ ခုနှစ် တွင် ပါးရှင်းဘုရင် ဒုတိယကမ်ဗိုင်ဆီးသည် အီသီအိုးပီးယားအား လာရောက် တိုက်ခိုက်သဖြင့် မြို့တော်ကို မာရိုအီသို့ ပြောင်းရွှေ့ရလေသည်။ အီသီအိုးပီးယားနိုင်ငံအား ဆော်လမွန်ဘုရင်နှင့် ရှီဗာဘုရင်မ တို့၏ သားတော်ဖြစ်သူ မင်းနလစ်နှင့် အဆက်အနွယ်များက မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ ယဟူဒီတို့ လွှမ်းမိုးခဲ့ရာမှ ခရစ် လေးရာစုနှစ်တွင် ဂိုဏ်းအုပ် ဖရူမင်းရှီယပ်၏ ကြိုးပမ်းသာသနာပြုမှုကြောင့် အီသီအိုးပီးယားသည် ခရစ်ယာန်နိုင်ငံ ဖြစ်လာခဲ့ လေသည်။

ခြောက်ရာစုနှစ်တွင် အီသီအိုးပီးယားသည် ကြွယ်ဝသော ယေမင်ပြည်အား တိုက်ခိုက်သိမ်းပိုက်ပြီးနောက်တွင် နှစ်ပေါင်း ၅ဝ ခန့် နိုင်ငံရပ်ခြားများနှင့် အဆက်အသွယ် ရှိခဲ့လေသည်။ ခုနစ်ရာစုနှစ်တွင် မွတ်စလင် တို့သည် အီဂျစ်ကို အောင်နိုင်၍ အနီးအနားဝန်းကျင်တစ်ဝိုက်ကိုလည်း တိုက်ခိုက်သိမ်းသွင်းခဲ့ရာ အီသီအိုး ပီးယားနိုင်ငံသည်မူ မွတ်စလင်တို့အား ကြံ့ကြံ့ခံနိုင် ခဲ့သည်။ ထိုကြောင့် အာဖရိကတိုက် အရှေ့မြောက်ပိုင်းတွင် မွတ်စလင်တိုင်းပြည်များအလယ်မှ တစ်ခုတည်းသော ခရစ်ယာန်တိုင်းပြည်အဖြစ် ထီးထီးကြီး ကျန်နေခဲ့သည်။ ဘေး ဝန်းကျင်မှ မွတ်စလင်တိုင်းပြည်များ ဝန်းရံနေသဖြင့် အီသီအိုး ပီးယားသည် ပြင်ပနှင့် နှစ်ပေါင်း ရာနှင့် ချီ၍ အဆက်အသွယ် ပြတ်နေခဲ့ပြန်သည်။

ထိုအတောအတွင်း နိုင်ငံတွင်း၌ ဆူပူလှုပ်ရှားမှုများလည်း ဖြစ်ပေါ်၍ ပြည်ပမှ မွတ်စလင်နှင့် ဂါလတို့က လည်း မကြာခဏ တိုက်ခိုက်လာကြသည်။ ထိုကြောင့် ၁၆ ရာစုနှစ် ကုန်ဆုံးလု အချိန်ကာလတွင် ထိုစဉ်က အီသီအိုးပီးယား ဧကရာဇ်သည် ထိုစဉ်က ပေါ်တူဂီပြည့်ရှင်အား မွတ်စလင်တို့၏ရန်မှ ကာကွယ်ပေးရန် စစ်ကူ တောင်းခဲ့ရသည်။ ပေါ်တူဂီဘုရင်က စစ်ကူပို့၍ ရန်သူတို့အား တွန်းလှန်ဖယ်ရှားနိုင်ခဲ့သော်လည်း ပေါ်တူဂီ တို့က နိုင်ငံတွင်း၌ ရောမကက်သလစ်ဂိုဏ်း ထွန်းကားရန် ကြိုးပမ်းခဲ့ကြသည်။ ထိုကြောင့် ပြည်တွင်း၌ မငြိမ်မသက် ရှိနေ ခဲ့ရာ ၁၈ ရာစုနှစ် အလယ်ခန့်တွင် အီသီအိုးပီးယားနိုင်ငံတွင်း၌ မင်းမဲ့တိုင်းပြည်ပမာ ဖြစ် နေခဲ့လေသည်။ နိုင်ငံအတွင်း ပြည် ထောင်အများ ကွဲပြားနေလျက် သူတစ်လူ ငါတစ်မင်း မင်းမူ နေကြပြီးလျှင် ပြင်ပနိုင်ငံများနှင့်လည်း အဆက်ပြတ်နေခဲ့ လေသည်။

၁၉ ရာနှစ် အလယ်ခန့်တွင် အကွဲကွဲအပြားပြား ဖြစ်နေသော ပြည်ထောင်အများကို ပြန်လည် စုစည်း၍ ရှေး အီသီအိုးပီးယားနိုင်ငံတော်ကို ပြန်လည်ထူထောင်ကာ ဧကရာဇ် ဘွဲ့ခံယူနိုင်ရန် ကြိုးပမ်းခဲ့သူမှာ သီအိုဒိုဘုရင် ဖြစ်သည်။ ထိုမင်းသည် အနောက်နိုင်ငံများနှင့်လည်း အဆက်အသွယ်ပြု၍ နိုင်ငံတော် တိုးတက်ပြုပြင်ရေးများကို ဆောင်ရွက်ခဲ့သည်။ သို့သော် ဂရိတ်ဗြိတိန်နှင့် မသင့်မတင့်ဖြစ်၍ ဗြိတိသျှတပ်များနှင့် အခင်းဖြစ်ပွားရာ သီအိုဒိုဘုရင်၏ မြို့တော် မဂ္ဂဒါလာ အဖျက်အဆီးခံရပြီးလျှင် ထိုမင်းလည်း ထိုအရေးအခင်းတွင် ကျဆုံးလေသည်။ ဗြိတိသျှတပ်များသည် ဆုတ်ခွာသွားကြလေရာ နိုင်ငံတွင်း၌ ပဒေသရာဇ် မင်းငယ်များသည် တန်ခိုးအာဏာ လုကြကာ အချင်းချင်းတိုက်ခိုက်ကြသဖြင့် နိုင်ငံသည်လည်း အကွဲကွဲ အပြားပြား ဖြစ်ပြန်လေသည်။

ထိုအခါ အီဂျစ်သည်လည်းကောင်း၊ အီတလီသည် လည်းကောင်း အီသီအိုးပီးယားနိုင်ငံ၏ ယိုယွင်းပျက်ပြား နေသော အခြေအနေကို အခွင့်ကောင်းယူလျက် ပင်လယ်နီ ကမ်းခြေဒေသများကို တိုက်ခိုက်လာသည်။ ယင်းသို့ အကွဲကွဲ အပြားပြားဖြစ်၍ ဆိုးရွားနေသော အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်သူကား ဒုတိယ မင်းနလစ်ဘုရင် ဖြစ်ပေသည်။ ထိုမင်းသည် အီတာလျံတို့နှင့် ခေတ္တစစ်ပြေငြိမ်းကာ အီတာလျံ တို့၏ ကြီးစိုးမှု ကို တစ်ဖက်တွင်ခံယူ၍ တစ်ဖက်တွင်မူ နိုင်ငံအင်အားကို ပြန်လည်စုစည်းသည်။ အင်အားတောင့်တင်း လာသောအခါ အီတာလျံတို့အား တွန်းလှန်တိုက်ခိုက်ရာ အီတာလျံတို့သည် အီသီအိုးပီးယားအား လက်လွှတ် ခဲ့ရသည်။ ဒုတိယ မင်းနလစ်သည် ဂရိတ်ဗြိတိန်နှင့် ချစ်ကြည်စွာ ဆက်ဆံ၍ ဗြိတိသျှဆိုမာလီလန်၊ ဆူဒန်နှင့် အီသီအိုးပီးယားတို့၏နယ်နိမိတ်တို့ကို သတ်မှတ်ပိုင်းခြားစေခဲ့သည်။ ထိုမင်းလွန်သည့်နောက် မြေးတော် လက်ဂျယာစုသည် ၁၉၁၃ခုနှစ်တွင် ထီးနန်းဆက်ခံသည်။ ထိုမင်းသည် အစ္စလာမ်အယူဝါဒသို့ ကူးပြောင်း၍ အစ္စလာမ်သာသနာကို ချီးမြှင့်ခဲ့သည်ကတကြောင်း၊ တူရကီနှင့် ဂျာမနီဩဇာကို ခံယူကာ မိမိနိုင်ငံအား ပထမကမ္ဘာစစ်အတွင်း ဝင်ရောက်ရန် အားထုတ်ခဲ့သည်က တစ်ကြောင်း တို့ကြောင့် ၁၉၁၆ ခုနှစ်တွင် နန်းချခံရပြီးလျှင် မင်းနလစ်၏ သမီးတော် ဇောဒိတူအား ၁၉၁၇ ခုနှစ်တွင် နန်းတင်ကြသည်။ မင်းနလစ်၏ မြေးတော် ဝမ်းကွဲ ရတ်စတဖာရီ မကုန်နင်သည် နန်းစောင့်မင်းသားကြီး ဖြစ်လေသည်။

ရတ်စတဖာရီသည် အနောက်တိုင်းစနစ်များဖြင့် နိုင်ငံကို ပြုပြင်လို၍ ဧကရီဘုရင်မနှင့် မသင့်လှချေ။ ရတ်စ တဖာရီ၏ ကြိုးပမ်းမှုကြောင့် အီသီအိုးပီးယားနိုင်ငံသည် နိုင်ငံပေါင်းချုပ် အသင်းကြီးသို့ ၁၉၂၃ ခုနှစ် တွင် ဝင်ခွင့်ရခဲ့သည်။ ၁၉၂၈ ခုနှစ်တွင် ရတ်စတဖာရီသည် နန်းစောင့်ဘုရင်အဖြစ် ဘိသိက်ခံပြီးနောက်တွင် ဧကရီဘုရင်မသည် အမည်ခံမျှသာ တိုင်းပြည်၏ အထွတ်အထိပ် ဖြစ်ခဲ့ပေသည်။ ၁၉၃ဝ ပြည့်နှစ်၌ ဧကရီ ဘုရင်မ လွန်သောအခါ ရတ်စတဖာရီသည် ဟိုင်လေဆီလာဆီး ဘွဲ့ဖြင့် ဧကရာဇ်အဖြစ် ခံယူလေသည်။

အီတလီနိုင်ငံသည် အီသီအိုးပီးယားနိုင်ငံအား လက်လွှတ်ခဲ့ရသည်ကို မကျေနပ်နိုင်ခဲ့ပေ။ ထိုကြောင့် အီသီအိုးပီးယားအား ရန်စတိုက်ခိုက်မှုကို ပြုလာသည်။ ဟိုင်လေဆီလာဆီးသည် နိုင်ငံပေါင်းချုပ် အသင်းကြီး အား တိုင်တမ်းသော်လည်း ထိုအသင်းကြီးက ထိထိရောက်ရောက် ဆောင်ရွက်မပေးနိုင်ချေ။ ၁၉၃၅ ခုနှစ် အီတလီ အာဏာရှင် မူဆိုလီနီ၏ လက်ထက်တွင် အီသီအိုးပီးယားနိုင်ငံအား အီတာလျံတပ်များက ခေတ်မီ စစ်လက်နက်များဖြင့် တိုက်ခိုက်လာရာ ဟိုင်လေဆီလာဆီးသည် မိမိနိုင်ငံမှ ထွက်ခွာရှောင်တိမ်း၍ အင်္ဂလန်ပြည်၌ သွားရောက် ခိုလှုံနေခဲ့ရသည်။ ဒုတိယကမ္ဘာစစ်အတွင်း အီတလီနှင့် စစ်ပြိုင်ဘက်ဖြစ်နေသော ဗြိတိသျှတပ်များက အီသီအိုးပီးယားမြေပေါ်ရှိ အီတာလျံတပ်များကို တိုက်ခိုက်နှင်ထုတ်ပေးသဖြင့် ဟိုင်လေဆီလာဆီးသည် မိမိနိုင်ငံရင်းသို့ ပြန်၍ အုပ်စိုးခဲ့သည်။ ဗြိတိသျှအစိုးရက ဟိုင်လေဆီလာဆီးအစိုးရကို ၁၉၄၁ ခုနှစ် ဖေဖော်ဝါရီလတွင် အသိအမှတ်ပြုခဲ့သည်။ အီသီအိုးပီးယားနိုင်ငံသည် ၁၉၄၂ ခုနှစ် ကုန်ခါနီးတွင် ဒုတိယကမ္ဘာစစ် အတွင်းသို့ ပါဝင် ၍ ဂျာမနီ၊ အီတလီနှင့် ဂျပန်နိုင်ငံတို့အား စစ်ကြေညာခဲ့လေသည်။

ဒုတိယကမ္ဘာစစ် ပြီးဆုံးပြီးနောက်တွင် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ငွေကြေးအကူအညီ၊ စက်မှုလက်မှု အကူအညီ၊ အတတ်ပညာရှင် အကူအညီ၊ အုပ်ချုပ်ရေး အကူအညီတို့ဖြင့် ဟိုင်လေဆီ လာဆီးသည် မိမိ၏ နိုင်ငံတွင်း ပြုပြင်ရေးများကို ဆောင်ရွက်ခဲ့သည်။ အီတလီသည် ၁၉၃၅ ခုနှစ်က အီသီအိုးပီးယားနိုင်ငံအား စစ်ဆင်ရာ၌ အခြေခံပြု ခဲ့သော ဒေသများတွင် ပြန်လည်လွှမ်မိုးရန် အစီအစဉ်များ ပြုလုပ်လာသဖြင့် ဟိုင်လေဆီလာဆီးက ကုလသမဂ္ဂသို့ ၁၉၄၆ ခုနှစ်တွင် တိုင်တမ်းရပြန်သည်။ ထိုကြောင့် နိုင်ငံကြီးလေး နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်သော ကော်မီရှင်အဖွဲ့သည် အီရစ်ထရီးယားနှင့် ဆိုမာလီလန် ပြည်နယ်တို့သို့ သွားရောက်၍ ပြည်သူလူထု၏ဆန္ဒကို လေ့လာသုံးသပ်စေပြီးနောက် အီတလီ ကို ဆိုမာလီလန် ပြည်နယ်အား ထိန်းသိမ်းစောင့်ရှောက်ခွင့်ပြု၍ အီရစ်ထရီးယားပြည်နယ်ကိုမူ အီသီအိုးပီးယားနိုင်ငံတွင်းသို့ ပူးပေါင်းထည့်သွင်းရန် ဆုံးဖြတ်ပေးခဲ့သည်။

အီသီအိုးပီးယားနိုင်ငံ အထွတ်အထိပ်သည် ဧကရာဇ်မင်းမြတ် ဖြစ်ခဲ့၍ ဘုရင်မင်းမြတ်အား တာဝန်ခံရသော ဝန်ကြီးများ ကောင်စီက နိုင်ငံကို အုပ်ချုပ်ခဲ့သည်။ အထက်နှင့်အောက် လွှတ်တော်နှစ်ရပ်ပါဝင်သော ပါလီမန်ရှိခဲ့သည်။ ဟိုင်လေဆီလာ ဆီးသည် ၁၉၅၅ ခုနှစ်တွင် ပြည်သူလူထုအား အခွင့်အရေးပို ပေးသော အုပ်ချုပ်ရေးစနစ်ကို ပြဋ္ဌာန်းခဲ့သဖြင့် အီသီအိုးပီးယန်း တို့သည် အောက်လွှတ်တော်သို့ မိမိတို၏မဲဆန္ဒဖြင့် ကိုယ်စား လှယ်စေလွှတ်နိုင်ခွင့် ရရှိခဲ့သည်။ ထို့ပြင် ပို၍ ခေတ်မှီသော တရားမနှင့် ရာဇဝတ်ဥပဒေကျင့်ထုံး တစ်ရပ်ကိုလည်း ပြဋ္ဌာန်း ပေးခဲ့သည်။

ထိုနောက်တွင် ဟိုလေဆီလာဆီးသည် ဝန်ကြီးအဖွဲ့ကို အသစ်ခန့်ထား၍ ပြုပြင်မှုများကို ဆောင်ရွက်ပေးခဲ့၏။ သို့သော် ထိုပြုပြင်မှုများကား အဆံမပါ ဟန်သက်သက်မျှသာ ဖြစ်ခဲ့၏။ စင်စစ်သော်ကား သူသည် အီသီအိုးပီးယားနိုင်ငံအား အာဖရိကတိုက်တွင် အဆင်းရဲဆုံး၊ စာတတ်သူအနည်းဆုံးနှင့် ဖောက်လွဲ ဖောက်ပြန်မှု အများဆုံးနိုင်ငံအဖြစ်မှ တိုးတက်လာစေမည့် ပြုပြင်ပြောင်းလဲမှုများကိုကား ဆောင်ရွက်ပေးနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ထိုသို့ စီးပွားရေးလူမှုရေးပြဿနာများနှင့်စပ်လျဉ်း၍ ဆောင်ရွက်ပေးရန် ပျက်ကွက်မှုကြောင့် ၁၉၇၄ ခုနှစ် ဖေဖော် ဝါရီလ ၁၂ ရက်နေ့တွင် ဟိုင်လေဆီလာဆီးသည် နန်းချခံရသည်။ ထိုနောက်တွင် တပ်မတော် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အာမန်မိုက်ခယ်အန်ဒွမ်သည် ယာယီအားဖြင့် အစိုးရအဖွဲ့ကို ဦးဆောင်ကာ အီသီအိုး ပီးယားနိုင်ငံကို အုပ်ချုပ်ခဲ့ရာ ထိုနှစ်နိုဝင်ဘာ ၂၃ ရက်နေ့တွင် အသတ်ခံရ၍ ဗိုလ်မှူးချုပ် တဖာရီ ဗင်တီက ဆက်ခံအုပ်ချုပ်လေသည်။

မြေမျက်နှာသွင်ပြင် နှင့် တည်နေရာ[ပြင်ဆင်ရန်]

အီသီအိုးပီးယားနိုင်ငံသည် မြောက်ဘက်၌ ပင်လယ်နီ၊ အရှေ့ဘက်၌ ဆိုမာလီယာနိုင်ငံနှင့် အဖားနှင့် အိုက်ဆားနယ် (ပြင်သစ်ပိုင် ဆိုမာလီလန်နယ်)၊ တောင်ဘက်၌ ကင်ညာနိုင်ငံနှင့် ဆိုမာလီယာနိုင်ငံ၊ အနောက်ဘက်၌ ဆူဒန်နိုင်ငံတို့ဖြင့် ဝန်းရံလျက်ရှိသည်။ နိုင်ငံ၏ တည်နေရာသည် မြောက်လတ္တီတွဒ် ၄ ဒီဂရီနှင့် ၁၈ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၃၃ ဒီဂရီနှင့် ၄၉ ဒီဂရီတို့အကြား၌ တည်ရှိသည်။ ရှေးယခင်က သီးခြားပြည်ထောင်များ ဖြစ်ခဲ့ကြသော တီဂရေ၊ ဂိုဂျမ်၊ အမ်ဟားရ၊ ဂွန်ဒါ၊ ရှိုအ တို့သည် အီသီအိုးပီးယားနိုင်ငံ၏ နယ်ကြီးများဖြစ်ကြ၍ ၁၉၅၂ ခုနှစ်တွင် ပေါင်းထည့်ခဲ့သော အီရစ်ထရီးယား ပြည်သည်လည်း အီသီအိုးပီးယား၏ ပြည်နယ်တစ်ခု ဖြစ်သည်။

နိုင်ငံတစ်ခုလုံး၏ အကျယ်အဝန်းသည် စတုရန်းကီလိုမီတာ ၁၁ သန်းဖြစ်သည်။ လူဦးရေ ၁၁၅ သန်းကျော်(၂၀၂၀ ခုနှစ် စာရင်းများအရ)ရှိသည်ဟုခန့်မှန်းသည်။ အီသီအိုးပီးယားနိုင်ငံသည်လူမျိုးအတော်အတန်စုံသောနိုင်ငံ ဖြစ်သည်။ မူလတိုင်းရင်းသားတို့သည် ဟမ်းမိုက်လူမျိုး အဆက်အနွယ်များ ဖြစ်ကြသော်လည်း အာရှမိုင်းနား ဘက်မှ ဆီးမိုက် အဆက်အနွယ် လူမျိုးများသည် အီသီအိုးပီးယားနိုင်ငံတွင်းသို့ ဝင်ရောက်လာခဲ့ကြလေသည်။ ယခုအခါအရေးအပါဆုံးသော လူမျိုးသည် အမ်ဟာရလူမျိုးများ ဖြစ်ကြသည်။ သို့သော် ယင်းတို့၏ စုစုပေါင်း အရေအတွက်သည် နှစ်သန်းကျော်ခန့်သာရှိ၍ အလယ်ကုန်းမြင့်ဒေသများ၌ နေထိုင်ကြသည်။ ယင်းတို့ထက် မြောက်ဘက်ကျသော ဒေသများ၌ နေထိုင်ကြသော တီဂရေလူမျိုးတို့သည်လည်း အမ်ဟာရတို့နှင့် အမျိုးချင်း နီးစပ်၍ အမ်ဟာရတို့ကဲ့ပင် အီဂျစ်ကော့ပတစ် ခရစ်ယာန်များ ဖြစ်ကြသည်။ ပြောဆိုသော ဘာသာ စကားချင်း မတူကြသော်လည်း နှစ်မျိုးလုံးပင် ဟမ်းမိုက်နှင့် ဆီးမိုက်ကပြား များမှ ဆင်းသက် ဆက်နွှယ်လာကြသည်။ ယင်းတို့နှစ်မျိုးလုံးသည်ပင် ဂါလလူမျိုးများနှင့် အမျိုးချင်း ရောနှောကြပြန်သည်။ ဂါလတို့သည် ဟမ်းမိုက် အဆက်အနွယ်များ ဖြစ်ကြ၍ အီသီယိုးပီးယားတနိုင်ငံလုံး၏ လူဦးရေ ထက်ဝက်ခန့်ရှိသည်။ မွတ်စလင်များလည်း ရှိသည်။ ခရစ်ယန်များလည်းရှိသည်။ ရုပ်တုကိုးကွယ်သူများလည်း ရှိသည်။ အိုဂါးဒန်၊ အိုက်ဆားနှင့် အခြားသော ဆိုမာလီများသည် ဟာရာနယ်၊ ဆိုမာလီလန် ကုန်းပြင်မြင့်နှင့် အရှေ့တောင်ဘက် ဒေသများတွင် နေထိုင်ကြ သည်။ ဆိုခဲ့သော လူမျိုးများသည်လည်းကောင်း၊ ဒန်းအကီး လူမျိုး အများစုသည် လည်းကောင်း မွတ်စလင်များ ဖြစ်ကြသည်။ အခြား တိုင်းရင်းသားလူမျိုးစုများအပြင် နှစ်ပေါင်းရာနှင့် ချီသော ခေတ်အခါကပင် အီသီအိုးပီးယားနိုင်ငံ အတွင်းသို့ တဖြည်းဖြည်း ဝင်ရောက်နေထိုင်ခဲ့ကြသော ဂရိလူမျိုး၊ ယဟူဒီ၊ အာရပ်နှင့် အိန္ဒိယလူမျိုးများလည်း ရှိကြပြီးလျှင် လူမျိုးတစ်မျိုး နှင့်တစ်မျိုး ရောရှက်နေကြရာ နိုင်ငံတွင်း ပြောဆိုလျက်ရှိကြသော ဘာသာစကား ပေါင်း ၇ဝ ကျော် ရှိသည်။ သို့သော် လည်း ရုံးသုံး အဓိက ဘာသာစကားမှာ အမ်ဟာရစ် ဘာသာစကား ဖြစ်လေသည်။

အီသီအိုးပီးယားနိုင်ငံ၏ မြေမျက်နှာသွင်ပြင်သည် ကုန်းပြင်မြင့် ပေါများသည်။ အချို့ကုန်းပြင်မြင့်များသည် အတော်ပင်မြင့်မားသည်။ တောင်ရိုးတောင်တန်းများသည်လည်း ကန့်လန့်တစ်မျိုး၊ ထောင်လိုက်တစ်သွယ် ရှိနေကြသည်။ အဓိကအားဖြင့် သုံးပိုင်းခွဲခြားနိုင်ရာ မြေနိမ်ဒေသ၊ အလယ်ပိုင်းကုန်းပြင်မြင့်နှင့် (တစ်နိုင်ငံလုံး၏ သေးငယ်သော အစိတ်အပိုင်းဖြစ်သည့်) ကုန်းမြင့်ဒေသဟူ၍ ဖြစ်သည်။ အီသီအိုးပီးယား၏ အမြင့်ဆုံးအပိုင်း သည် ဆီတက်(တာကာဇေ)မြစ်၏ အနောက်ဘက်ရှိ ဆီမြန်တောင်တန်းဖြစ်ရာ ရတ်ဒါရှန်း တောင်ထွတ်သည် ပေ ၁၄ ၉၆ဝ ကျော်မြင့်၍ ဆီးနှင်းများဖြင့် အမြဲတစေ ဖုံးလွှမ်းလျက်ရှိသည်။ နိုင်ငံ၏ အရှေ့ပိုင်းတွင် ပေ ၇ဝဝဝ မှ ၈ဝဝဝ အထိ မြင့်သော စောက်နက်လျှောကြီး ရှိသည်။

မြေနိမ့်ပိုင်းသည် များသောအားဖြင့် ခြောက်သွေ့ပူပြင်းရာ အရှေ့တောင်ပိုင်း ဒေသတစ်ခုလုံးလိုလို ပါဝင်သော အိုဂါးဒန် ဒေသသည် သဲကန္တာရဆံသော အပိုင်းဖြစ်သည်။ မြောက်ပိုင်း တွင် ဒန်းအကီး သဲကန္တာရသည် ပင်လယ်နီနှင့်အီရစ်ထရီးယား ကမ်းရိုးတန်း တောင်ခြေရင်းတိုင်အောင် ကျယ်ပြန့်သွားသည်။ အီသီအိုးပီးယားနိုင်ငံ၏ အဓိကမြစ်သည် ဆီတက်ဖြစ်၍ လက်စတာတောင်တန်းတွင် မြစ်ဖျားခံသည်။ ယင်းသည် မြောက်ဘက်နှင့် အနောက်ဘက်သို့ စီးသွားရာ အီသီအိုးပီး ယားနိုင်ငံနယ်နမိတ်မှ ကျော်လွန်သည့်အခါ အတ္တဗားရားမြစ်ဟု ခေါ်တွင်၍ နောက်ဆုံးတွင် နိုင်းမြစ်အတွင်းသို့ စီးဝင်သည်။ အခြားမြစ်များအနက် နိုင်ငံ၏ အလယ်ပိုင်းတွင် စီးဆင်းသော အဗ္ဗဗိုင်းမြစ်သည် နိုင်ငံ၏အကြီးဆုံးအိုင် ဖြစ်သော တားနား ရေအိုင် ကို ဖြတ်သန်း၍ တောင်ဘက်သို့စီးရာမှ အနောက် မြောက်သို့ မြစ်ကြောင်းပြောင်းပြီးနောက်တွင် ဗလူးနိုင်းမြစ် ဖြစ်လာသည် အရှေ့ဘက်သို့ စီးဆင်းသောမြစ်များအနက် အားဝပ်ရှ၊ သို့မဟုတ် ဟားဝပ်ရှမြစ်သည် အကြီးဆုံး ဖြစ်လေသည်။

တောင်ရိုးတောင်တန်းတို့မှ မြစ်ချောင်းကြီးငယ်များစွာတို့ စီးဆင်းကြပေရာ ရေလုံး အလွန်ကောင်းကြပေသည်။ ထိုမြစ်ချောင်းတို့မှ ရေအယဉ်တို့သည် မြစ်ဝှမ်းဒေသနှင့် မြေနိမ့်ဒေသများကို မြေဩဇာထက်သန် ကောင်းမွန်စေသည်။ ဗလူး နိုင်းမြစ်မှ ရေတို့ကို ထိန်းသိမ်း၍ နွေရာသီအခါတွင် နိုင်း မြစ်ဝှမ်းဒေသရှိ လယ်ယာများအား ရေပေးသွင်းရလေသည်။ မြေမျက်နှာသွင်ပြင် အထူးထူးအထွေထွေ ဖြစ်သည့် အလျောက် နေရာဒေသလိုက်၍ ခြားနားသော ရာသီဥတုရှိသည်။ နိုင်ငံကို ဝန်းရံလျက်ရှိသော မြေနိမ့်ဒေသသည် ပူပြင်းသည်။ အလယ်ပိုင်းကုန်းပြင်မြင့်သည် အီကွေတာနှင့် နီးစပ်သော်လည်း ပင်လယ်ရေပြင်ထက် ပေ ၁ဝဝဝဝ ကျော် မြင့်သဖြင့် တစ်နှစ်ပတ်လုံး သင့်တင့်မျှတသော ရာသီဥတုရှိသည်။ ကုန်းမြင့်ဒေသတွင်မူ ရာသီဥတု ချမ်းအေးသည်။ ဇွန်လမှ စက်တင် ဘာလအတွင်း မိုးသည်းထန်သည်။ ထိုကာလအတွင်း ပင်လယ်ဘက်မှ မုတ်သုန်လေသည် ကုန်း ပြင်ဘက်သို့ တိုက်ခတ်ခြင်းကြောင့် မိုးအများအပြား ရွာသွန်း ခြင်း ဖြစ်လေသည်။

ခရစ် ၁၈၉၂ ခုနှစ်မှစ၍ မြို့တော်ဖြစ်လာသော အဒစ်အဗားဗားမြို့တွင် လူဦးရေ ၆၈၃ ၅၃ဝ(၁၉၇၂ခုနှစ် စာရင်းအရ) ရှိသည်။ နိုင်ငံရေးအရလည်းကောင်း၊ ကုန်သွယ်စီးပွားရေးအရလည်းကောင်း အရေးပါသော အခြားမြို့များမှာ ဒီရေဒဝါး(လူဦးရေ၅ဝ ဝဝဝ)နှင့် လူဦးရေ ၂၅ဝဝဝ မှ ၃၅ဝဝဝ ရှိကြသော ဂျင်မာ၊ ဒေစီယေ၊ ဂွန်ဒါနှင့် ဟာရာတို့ ဖြစ်ကြလေသည်။ အီသီအိုးပီးယားနိုင်ငံသည် မြေတွင်းသယံဇာတပစ္စည်း များဖြင့် ကြွယ်ဝလှသည်။ တောင်ပိုင်းရှိ အဒိုလာမြို့ အနီးမှ ရွှေထွက်သည်။ သံ၊ ကျောက်မီးသွေး၊ ပလက်တီနမ်တို့လည်း ထွက်သော်လည်း လမ်းပန်းဆက်သွယ် ရေး အခက်အခဲများကြောင့် ထိထိရောက်ရောက် တူးဖော်လုပ်ကိုင်ခြင်း မရှိသေးချေ။ နိုင်ငံအတွင်း ရေနံ ရှာဖွေခွင့်ကို အမေရိကန်နှင့် ဂျာမန် ကုမ္ပဏီများအား ပေးအပ်ထားသည်။ ဆိုခဲ့သော သတ္တုများ အပြင် ဗောက်ဆိုက်၊ ငွေ၊ ကန့်၊ ကြေးနီ၊ ဆုန်း (ဟင်္သာ ပြဒါးရိုင်း)၊ ခနောက်စိမ်းတို့လည်း ထွက်သည်။ ဆားကိုလည်း နေရာဒေသများစွာမှ အတော်အသင့်ရရှိ၍ ပိုတက်ဆားကိုမူ အက္ခအဗ္ဗလွင်ပြင်များမှ ရရှိသည်။ တောင်ရိုးတောင်တန်းများမှ စီးဆင်းသော မြစ်ချောင်းကြီးငယ်တို့မှ ရေအားလျှပ်စစ်ကိုလည်း ပေါပေါများများ ရရှိလေသည်။

စီးပွားရေး[ပြင်ဆင်ရန်]

စိုက်ပျိုးရေးသည် အီသီအိုးပီးယားနိုင်ငံ၏ အဓိကလုပ်ငန်း ဖြစ်သည်။ တက်ခေါ် ကောက်နှံတစ်မျိုးသည် တိုင်းရင်းသား တို့၏ ပဓာန အစာဖြစ်၍ မုယောစပါး၊ ဂျုံ၊ ပြောင်းနှင့်ဒါရာ တို့အပြင် ဝါဂွမ်း၊ ကြံ၊ စွံပလွန်၊ ငှက်ပျော၊ ပဲအမျိုးမျိုးနှင့် ဆီထွက်စေ့များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြရာ များသော အားဖြင့် ပြည်တွင်းသုံး အတွက်မျှသာ ဖြစ်သည်။ ကော်ဖီ အကောင်းစာ အညံ့စား အမျိုးမျိုး စိုက်ပျိုးဖြစ်ထွန်း၍ နွား၊ သိုး၊ ဆိတ် စသည်တို့ မွေးမြူရေးကိုလည်း လုပ်ကိုင်ကြသည်။ နိုင်ငံခြားသို့ တင်ပို့နိုင်သော ထွက်ကုန်များမှာ ကော်ဖီ၊ သားရေ၊ ဖယောင်း၊ ပဲအမျိုးမျိုးနှင့် ဆီထွက်စေ့များအပြင် ထောပတ်တို့ဖြစ်သည်။ နိုင်ငံခြားမှ ကုန်ချောများ အထူးသဖြင့် အထည်အလိပ်များကို ပြည်တွင်း သုံးအတွက် တင်သွင်းရသည်။ အီသီအိုးပီးယားနိုင်ငံသည် တွင်းထွက်ပစ္စည်းများဖြင့် ကြွယ်ဝသော်လည်း အကျိုးဖြစ်အောင် တူးဖော်လုပ်ကိုင်ခြင်း မရှိသဖြင့် နိုင်ငံခြားသို့ ပြောပလောက်အောင် မတင်ပို့နိုင်ချေ။

ကုန်သွယ်စီးပွားရေးသည် လမ်းပန်းအဆက်အသွယ် ကောင်းပါမှ ဖွံ့ဖြိုးတိုးတက်နိုင်ပေရာ အီသီအိုးပီးယားနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေးသည် ချို့ယွင်းချက်တစ်ရပ်ဖြစ်သည်။ အီတာလျံတို့ အီသီအိုးပီးယားနိုင်ငံ အား သိမ်းပိုက်ထားစဉ်က လမ်းပန်းအဆက်အသွယ်များကို တိုးတက်ပြုပြင်ခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် နန်းကျသွားခဲ့သော ဘုရင်ကြီး ဟိုင်လေဆီလာဆီး သည်လည်း နိုင်ငံခြားငွေများဖြင့် လမ်းပန်းအဆက်အသွယ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ခဲ့သည်။ သို့သော်လည်း နိုင်ငံ၏ မြေမျက်နှာသွင်ပြင်အနေအထားကြောင့် လမ်းပန်းဆက်သွယ်ဖောက်လုပ်ရေး မလွယ်ကူခဲ့ချေ။

လမ်းပန်းဆက်သွယ်ရေး[ပြင်ဆင်ရန်]

အီသီအိုးပီးယားနိုင်ငံ၏ တစ်ခုတည်းသော မီးရထားလမ်းကို ၁၈၉၆ ခုနှစ်က ဖရန်ကို-အီသီအိုးပီးယား ကုမ္ပဏီက ဆောက်လုပ်ခဲ့သည်။ ယင်းသည် ပြင်သစ်ဆိုမာလီလန်ရှိ ဂျဗူတီမြို့နှင့် အဒစ်အဗားဗားမြို့ကို ဆက်သွယ်ထား၍ ၄၈၆ ၁/၂ မိုင် ရှည်လျားသည်။ တစ်ပတ်လျှင် သုံးကြိမ် အစုန်အဆန်ထွက်၍ တစ်ဖက်မှ တစ်ဖက်သို့အရောက် တစ်နေ့နှင့်တစ်ညဉ့် မီးရထားစီးရသည်။

မော်တော်ကားလမ်းများမှာ စုစုပေါင်း ကီလိုမီတာ ၆ဝဝဝ ကျော်ရှိသည်။ ယင်းတို့အနက် အရေးပါသော လမ်းများမှာ မဆားဝ-အက္ခမားရာ-ဆူဒန် တစ်လမ်း၊ အက္ခမားရာ- ဒေစီ ယေ-အဒစ်အဗားဗား တစ်လမ်း၊ အက္ခမားရာ-ဂွန်ဒါ-ဂေါ်ဂိုရာ တစ်လမ်း၊ အဒစ်အဗားဗား-ဂျင်မာတစ်လမ်း၊ အဒစ်အဗား ဗား-လီကင်မတီ တစ်လမ်း၊ အဒစ်အဗားဗား-နက်ဇရက် တစ်လမ်း၊ ဒီရေဒဝါး-ဟားဂေဆ တစ်လမ်း၊ ဒေစယေ- အက္ခအဗ္ဗ တစ်လမ်း၊ အဒစ်အဗားဗား-အဒိုလာ တစ်လမ်းတို့ ဖြစ်ကြလေသည်။

ပြည်တွင်းလေကြောင်း ဆက်သွယ်ရေးများကို တိုးချဲ့ ဆောင်ရွက်လျက်ရှိသည့်ပြင် ကမ္ဘာပတ်လေကြောင်း ကုမ္ပဏီကြီး များနှင့်လည်း ဆက်သွယ်ထားသဖြင့် ကမ္ဘာ့နိုင်ငံကြီးများ၏ မြို့ ကြီးများနှင့်လည်း လေကြောင်း အဆက်အသွယ် ရှိလေသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Central Statistical Agency of Ethiopia. Central Statistical Agency of Ethiopia Archived 15 February 2012 at the Wayback Machine.
  2. ၂.၀ ၂.၁ Report for Selected Countries and Subjects: EthiopiaWorld Economic Outlook Database။ International Monetary Fund (October 2017)။ 2017-10-26 တွင် ပြန်စစ်ပြီး။