မိုက်ကယ် ဖာရာဒေး
| မိုက်ကယ် ဖာရာဒေး Michael Faraday |
|
Engraving by John Cochran after a portrait by Henry William Pickersgill, ca. 1820
|
|
| မွေးဖွား | 22 September 1791 Newington Butts, Surrey, England |
|---|---|
| ကွယ်လွန် | 25 August 1867 (aged 75) Hampton Court, Surrey, England |
| ဌာနေ | England |
| နိုင်ငံ | British |
| Fields | Physics and Chemistry |
| Institutions | Royal Institution |
| ကျော်ကျားမှု | Faraday's law of induction Electrochemistry Faraday effect Faraday cage Faraday constant Faraday cup Faraday's laws of electrolysis Faraday paradox Faraday rotator Faraday-efficiency effect Faraday wave Faraday wheel Lines of force |
| လွှမ်းမိုးမှု | Humphry Davy William Thomas Brande |
| ဆုများ | Royal Medal (1835 & 1846) Copley Medal (1832 & 1838) Rumford Medal (1846) |
| လက်မှတ် |
|
လျှပ်စစ်သိပ္ပံတီထွင်သူ မိုက်ကယ် ဖာရာဒေး (Michael Faraday) သည် ဗြိတိသျှလူမျိုး ဓာတုဗေဒနှင့် ရူပဗေဒပညာရှင် ဖြစ်သည်။ ဖာရာဒေးကို ၁၇၉၁ ခုနှစ်တွင် ဆာရေးနယ် နယူအင်တန်ဗတ်မြို့တွင် ဖွားမြင်သည်။ ဖခင်ဖြစ်သူ ဂျိမ်း ဖာရာဒေးသည် ပန်းပဲဆရာ ဖြစ်သည်။ သို့ရာတွင် အလုပ်အကိုင် မကောင်းသဖြင့် မိုက်ကယ်တို့ မိသားစုသည် ဆင်းရဲနွမ်းပါးစွာ နေထိုင်ကြရသည်။ အသက် ၅ နှစ်သားတွင် မိုက်ကယ်အား ကျောင်းထားသော်လည်း ကျောင်းမကောင်းသဖြင့် ၁၃ နှစ်သား အရွယ်တွင် ကျောင်းထွက်လိုက်သည်။
ကျောင်းမှ ထွက်ပြီးနောက် မိုက်ကယ် ဖာရာဒေးသည် ရီဗောဆိုသူ စာအုပ်ရောင်းသမားထံ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်သည်။ အလုပ်သင်ဘဝတွင် သိပ္ပံစာပေများကို ဖတ်ရှုယင်း သူသည် လျှပ်စစ်အကြောင်းကို မှတ်သားထားသည်။ တဖြည်းဖြည်း စာပေအခြေခံ ရင့်သန်လာသောအခါ လက်ရှအလုပ်သည် တစ်ကိုယ်ကောင်း အလုပ်သာဖြစ်သည်။ အများကောင်းဖို့နှင့် လွတ်လွတ်လပ်လပ် လုပ်ကိုင်ရသော အလုပ်ကို လိုက်စား လုပ်ကိုင်တော့မည်ဟု စိတ်ပြဋ္ဌာန်းကာ ၁၈၁၂ ခုနှစ်တွင် လက်ရှိ အလုပ်ကိုစွန့်၍ ဓာတုဗေဒပညာရှင် ဆာဟန်နရီ ဒေဗီထံ၌ အလုပ်လျှောက်သည်။ ဆာဒေဗီ၏ ဟောပြောပွဲများ တက်ရောက်နားထောင်နေစဉ်က ရေးယူထားသော မှတ်စုများနှင့်အတူ အလုပ်လျှောက်လွှာ ပို့လိုက်သောအခါ ဆာဒေဗီက ၁၈၁၃ ခုနှစ်တွင် သူ့လက်အောက်၌ ရက်သတ္တတစ်ပတ်လျှင် ၂၅ သျှီလင်ပေး၍ လက်တွေ့စမ်းသပ်ခန်းတွင် လက်ထောက်အဖြစ် ခန့်ထားသည်။
ဒေဗီနှင့် ဖာရာဒေးတို့သည် လူကို ဥပဒ်ဖြစ်စေသော ကလိုရင်း ဓာတ်ငွေ့ကို ဖော်ယူစမ်းသပ် ကြည့်ကြသည်။ ၁၈၁၃ - ၁၅ ခုနှစ်အတွင်း ဖာရာဒေးသည် ဒေဗီဇနီးမောင်နှံနှင့်အတူ ဥရောပတိုက်သို့ သွားရောက် လည်ပတ်လေ့လာသည်။ ပြန်လာသောအခါ တော်ဝင်အသင်း၌ အလုပ်ရသဖြင့် သိပ္ပံနည်းသစ်များကို ရှာဖွေစမ်းသပ်ယင်း အတွေ့သစ် အမြင်သစ်များကို တစတစ တွေ့မြင်လာသည်။ ကလိုရင်း စသော ဓာတ်ငွေ့များကို ဓာတ်ရည်ပြုလုပ် အောင်မြင်ခဲ့သည်။ ကာဗွန်နှင့် ကလိုရင်းဓာတ် ပေါင်းစပ်သော ပစ္စည်း ၂ မျိုးကိုလည်း တွေ့သေးသည်။ သံမဏိလောဟာများကို စမ်းသပ်ကြည့်သည့်အပြင် မျက်မှန်သုံးမှန် အသစ်အဆန်းများကိုလည်း တီထွင်ခဲ့သည်။
၁၈၂၃ ခုနှစ်တွင် ဖာရာဒေးသည် တော်ဝင်အသင်းဝင် ဖြစ်လာသည်။ ၁၈၂၅ ခုနှစ်၌ ယင်းအသင်းတွင် လက်တွေ့စမ်းသပ်ခန်း ညွှန်ကြားရေးမှူး ဖြစ်လာ၍ ၁၈၃၃ ခုနှစ်တွင် ဓာတုဗေဒ ပါမောက္ခဖြစ်လာသည်။
ဖာရာဒေး၏ ဓာတုဗေဒ တွေ့ရှိမှုကြီးမျာကို မကြာမီ လျှပ်စစ်နှင့် စပ်လျဉ်းသော တွေ့ရှိမှုကြီးများက ဆောင်းလာလေသည်။ လျှပ်စစ်ဓာတ်နှင့် စပ်လျဉ်းသော စမ်းသပ်မှုများကို စတငတ်လုပ်ကိုင်ပြီးနောက် ၁၀ နှစ်အကြာ ၁၈၃၁ ခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် သူ၏ အထင်ရှားဆုံး တွေ့ရှိချက်ဖြစ်သည့် လျှပ်စစ်စီးကြောင်း ညှို့ခြင်းကို အောင်မြင်စွာ တွေ့ရှိသည်။ လျှပ်စစ်စီးကြောင်း ညှို့ခြင်းကို အခြေခံ၍ တယ်လီဖုန်း၊ ဓာတ်မီးနှင့် သံကြိုးရိုက်ခြင်းများ ပေါ်လာသည်။
သံလိုက်၏ ဝင်ရိုးနှစ်ခုကားတွင် ချပ်ဝိုင်းကို လှည့်ပေးခြင်းဖြင့် လျှပ်စစ်ဓာတ် ဖြစ်ပေါ်နည်းကိုမှီး၍ ဒိုင်နမိုကို တီထွင်ခဲ့သည်။ ၁၈၃၃ ခုနှစ်တွင် ဖာရာဒေးသည် သိပ္ပံဆရာကြီးများ တွေ့ရှိခဲ့သော လျှပ်စစ်ဓာတ် အမျိုးမျိုးသည် တစ်မျိုးနှင့် တစ်မျိုး အတူတူပင်ဖြစ်ကြောင်း အထောက်အထားများပြနိုင်ခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် ဓာတုလျှပ်စစ်ပြိုကွဲခြင်း အချိုးတူညီပုံကို စမ်းသပ်တွေ့ရှိသည်။ ၁၈၃၈ ခုနှစ်တွင် လျှပ်စစ်ငြိမ်ညှို့ခြင်းကို တွေ့ရှိ၍ လျှပ်စစ်နှင့် သံလိုက်ဓာတ်အားတို့ ဆက်သွယ်ပုံကို ထုတ်ဖော်နိုင်ခဲ့သည်။
ဖာရာဒေးသည် အလုပ်လုပ်ရာတွင် စိတ်ထက်သန်စွာ ဇွဲကောင်းကောင်းနှင့် လုပ်တတ်သည်။ နှစ်အနည်းငယ် အတွင်း၌ပင် သိပ္ပံနည်းပညာနှင့် သက်ဆိုင်သော စာတမ်းပေါင်း ၁၅၇ စောင် ရေးသားခဲ့၍ စမ်းသပ်မှုပေါင်း ၁၆၀၄၁ မျိုး ပြုလုပ်နိုင်ခဲ့သည်။ သို့ရာတွင် ဖာရာဒေးသည် စီးပွားဖြစ် အလုပ်လုပ်သူမျိုး မဟုတ်သဖြင့် ငွေကြေးကြပ်တည်း ချို့တဲ့စွာ နေထိုင်ရသည်။
၁၈၃၅ ခုနှစ်တွင် ဗြိတိသျှအစိုးရက ဖာရာဒေးအား တစ်နှစ်လျှင် ပေါင် ၃၀၀ ကျ ဆုအဖြစ် အသက်ထက်ဆုံး ချီးမြှင့်သည်။ ၁၈၅၈ ခုနှစ်တွင် ဝိတိုရိယ ဘုရင်မကြီးက ဟမ်ပက်တန်ကုတ်ရပ်ကွက်တွင် အိမ်တစ်လုံးပေးရာ ၁၈၆၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ယင်းအိမ်၌ပင် ကွယ်လွန်သည်အထိ နေထိုင်ခဲ့လေသည်။