မိမိကိုယ်ကို သတ်သေခြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Suicide
Classification and external resources
Edouard Manet (၁၈၇၇-၁၈၈၁) ၏ မိမိကိုယ်ကို သတ်သေခြင်း အမည်ရ ပန်းချီကား
ICD-10 X60.X84.
ICD-9 E950
MedlinePlus 001554
eMedicine article/288598
MeSH F01.145.126.980.875

မိမိကိုယ်ကို သတ်သေခြင်းမှာ လူတစ်ဦးတစ်ယောက် အနေနှင့် ရည်ရွယ်ချက် ရှိရှိဖြင့် မိမိဘာသာ သေဆုံးစေရန် ကြိုးစားအားထုတ်မှုပင် ဖြစ်သည်။ မိမိကိုယ်ကို သတ်သေရခြင်းမှာ စိတ်ဓာတ်ကျ၍ လုပ်မိလုပ်ရာ လုပ်ခြင်း ဖြစ်နိုင်သကဲ့သို့ နောက်ကွယ်ရှိ စိတ်ကျရောဂါဘိုင်ပိုလာ ဒစ်စ်အော်ဒါစိတ်ကစဉ့်ကလျားရောဂါ၊ အရက်စွဲခြင်း သို့ မူးယစ်ဆေးစွဲခြင်း အစရှိသော စိတ်မမှန်ခြင်း တစ်မျိုးမျိုးကြောင့်လည်း ဖြစ်နိုင်သည်။ ငွေရေးကြေးရေး အခက်အခဲနှင့် ပေါင်းသင်းဆက်ဆံရေး အဆင်မပြေမှု များကြောင့်ဖြစ်သည့် စိတ်ဖိအား သို့မဟုတ် ကံမကောင်းမှုများကလည်း မိမိကိုယ်ကို သတ်သေခြင်းတွင် အရေးပါသော နေရာမှ ပါဝင်သည်။

တကမ္ဘာလုံးတွင် တစ်နှစ်လျှင် လူပေါင်း ၁ သန်းခန့် မိမိကိုယ်ကို သတ်သေကြသည်။ တကမ္ဘာလုံးရှိ လူသားတို့ သေဆုံးရခြင်း အကြောင်းတွင် မိမိကိုယ်ကို သတ်သေရခြင်းကို ၁၃ ခုမြောက် အများဆုံးသော အကြောင်းတရား အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ က ခန့်မှန်းထားသည်။ အမေရိကန်ပြည်ထောင်စု အမျိုးသား လုံခြုံစိတ်ချရေး ကောင်စီ (National Safety Council) မှ အမေရိကန် ပြည်ထောင်စုတွင် ဆဌမမြောက် သေဆုံးမှုအများဆုံး အကြောင်း အဖြစ် သတ်မှတ်ထားသည်။ ပုံမှန်အားဖြင့် မိမိကိုယ်ကို သတ်သေခြင်းသည် ဆယ်ကျော်သက်များနှင့် အသက် ၃၅ နှစ်အောက် လူကြီးများတွင် အဓိက သေဆုံးရသော အကြောင်းရင်း ဖြစ်သည်။ ယောက်ျားများသည် မိန်းမများထက်ပို၍ မိမိကိုယ်ကို သတ်သေနှုန်း ပိုများပြီး တကမ္ဘာလုံး အတိုင်းအတာဖြင့် ကြည့်ပါက ယောက်ျားများက မိန်းမများထက် ၃ ဆ မှ ၄ ဆ အထိ မိမိကိုယ်ကို သတ်သေနှုန်း ပိုများသည်။ တကမ္ဘာလုံးတွင် သေလောက်အောင်ထိ မဖြစ်သော မိမိကိုယ်ကို သတ်သေရန် ကြိုးစားမှုပေါင်း တစ်နှစ်လျှင် ၁၀ သန်းမှ သန်း ၂၀ အထိ ရှိသည်ဟု ခန့်မှန်းရသည်။

မိမိကိုယ်ကို သတ်သေခြင်း အပေါ်တွင် ရှုမြင်ကြသော အမြင်များတွင် ဘာသာရေး၊ ဂုဏ်သိက္ခာ နှင့် ဘဝ၏ အဓိပ္ပာယ် အစရှိသော အရာများမှ လွှမ်းမိုးမှု ရှိသည်။ ဘုရားသခင် ရှိသည်ဟု ယုံကြည်ကြသော ဘာသာတရားများတွင် မိမိကိုယ်ကို သတ်သေခြင်းသည် ဘုရားသခင်ကို စော်ကားခြင်းဟု ယူဆလေ့ရှိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အတွက် ဘဝသည် မွန်မြတ်ပြီး ထိန်းသိမ်းရန် အတွက် ဝတ္တရားရှိသည်ဟု ယူဆသောကြောင့်ပင် ဖြစ်သည်။ အများအားဖြင့် မိမိကိုယ်ကို သတ်သေခြင်းသည် အလွန် ကြီးလေးသော ရာဇဝတ်မှု အဖြစ် ယူဆလေ့ရှိကြပြီး ယနေ့ခေတ် အနောက်တိုင်း အတွေးအခေါ်တွင် အများစုက ထိုသို့ ယူဆဆဲပင် ဖြစ်သည်။ သို့သော်လည်း ခရစ်ယာန်ဘာသာ မထွန်းကားမီ အချိန်က ဂရိယဉ်ကျေးမှု နှင့် ရောမယဉ်ကျေးမှုတို့တွင် မိမိကိုယ်ကို သတ်သေခြင်းအား ကိုယ်ကျင့်တရား ဖောက်ဖျက်ခြင်း အဖြစ် မယူဆခဲ့ကြပေ။ ထို့အတူပင် ဂျပန်နိုင်ငံ ဆာမူရိုင်းခေတ်တွင် ဆဲပုကု ခေါ် မိမိကိုယ်ကို သတ်သေခြင်းသည် ကျရှုံးမှု အတွက် ပေးဆပ်ခြင်း သို့မဟုတ် မကျေနပ်မှုကို ကန့်ကွက်သည့် ပုံသဏ္ဍာန် တစ်မျိုးအဖြစ် ယူဆကြသည်။ ဟိန္ဒူတို့တွင် ယခင်က ဆာတိ ခေါ် အသုဘ ထုံးစံ တစ်ခု ရှိပြီး ထိုထုံးစံတွင် ကျန်ရစ်သူ မုဆိုးမသည် သူမ၏ ခင်ပွန်းသည်၏ ဈာပနတွင် မီးပုံထဲသို့ ခုန်ဆင်း၍ မိမိဘာသာ သတ်သေရလေ့ ရှိသည်။ ထိုသို့ ပြုလုပ်ခြင်းမှာ မိမိဆန္ဒအလျောက် ဖြစ်စေ မိသားစု သို့မဟုတ် ပတ်ဝန်းကျင်၏ ဖိအားကြောင့် ဖြစ်စေ ပြုလုပ်ကြခြင်း ဖြစ်ပြီး ယခုအခါတွင်မူ ဥပဒေနှင့် မညီဟု သတ်မှတ်ထားသည်။ ၂၀ ရာစုနှင့် ၂၁ ရာစုနှစ်များတွင် မိမိကိုယ်ကို မီးရှို့ ခြင်းသည် ကန့်ကွက်ဆန္ဒပြမှု တစ်မျိုး အနေနှင့် ပြုလုပ်ကြလေ့ ရှိပြီး ဂျပန်တို့၏ ကာမိကာဇေး တိုက်ခိုက်ခြင်းနှင့် အကြမ်းဖက် သမားတို့၏ အသေခံ ဗုံးခွဲတိုက်ခိုက်ခြင်း တို့သည် စစ်ရေးဆိုင်ရာနှင့် အကြမ်းဖက်မှု ဆိုင်ရာ နည်းလမ်းတစ်ခု ဖြစ်သည်။

ယူသန်နေးရှား သို့မဟုတ် ဆေးဖြင့် လူတစ်ဦး၏ ဘဝအား အဆုံးသတ်ရန် အကူအညီ ပေးခြင်းသည် ယနေ့ခေတ် ကိုယ်ကျင့်တရား ဆိုင်ရာ ဆွေးနွေးမှုများတွင် အရေးပါပြီး အမြင်အမျိုးမျိုး ရှိကြသော ကိစ္စရပ်တစ်ခုပင် ဖြစ်သည်။ ထိုသို့ သေဆုံးရန် အကူအညီ ပေးခံရသူသည် အသည်းအသန် နာမကျန်း ဖြစ်ပြီး ပြင်းပျသော ဝေဒနာကို ခံစားနေရသူ သို့မဟုတ် ဒဏ်ရာရရှိမှု ကြောင့်ဖြစ်စေ ဖျားနာမှုကြောင့် ဖြစ်စေ ဘဝ၏ အရည်အသွေးကို အနည်းငယ်မျှသာ ခံစားနေရသူ စသည်တို့ ဖြစ်သည်။

အခြားသူတစ်ယောက် အသက်ရှင်ရန် မိမိကိုယ်ကို စတေးခြင်းကို မိမိကိုယ်ကို သတ်သေခြင်း အဖြစ် မယူဆပေ။ အဘယ်ကြောင့်ဆိုသော် ထိုသို့ပြုလုပ်ခြင်း၏ အဓိက ရည်ရွယ်ချက်မှာ မိမိကိုယ်ကို သေဆုံးရန် မဟုတ်ဘဲ တခြားသူ၏ အသက်ကို ကယ်ဆယ်ရန် ဖြစ်သောကြောင့်ပင် ဖြစ်သည်။ သို့သော်လည်း အယ်မလီ ဒါ့ခ်ဟိမ်း (Émile Durkheim) ၏ သီအိုရီတွင်မူ ထိုသို့သော အပြုအမူကို ကိုယ်ကျိုးစွန့် သတ်သေခြင်းဟု ဖွင့်ဆိုထားသည်။