ဆာမူရိုင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
၁၈၆၀ခုနှစ်များအတွင်း ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ဆာမူရိုင်း၊ ဖဲလိုက်စ်ဘီတိုရိုက်ကူးထားသော ဓာတ်ပုံ

ဆာမူရိုင်း (Japanese:侍 English: Samurai) ဆိုသည်မှာ ဂျပန်နိုင်ငံ တွင် စက်မှုထွန်းကားသောခေတ်မတိုင်မီက စစ်တပ်အတွင်း မြင့်မားသောဂုဏ်ရည်ရှိသည့် ရာထူးအဆင့်အတန်းတစ်ခုဖြစ်သည်။ ဘာသာပြန်ဆရာ ဝီလီယမ် စကော့ ဝီလ်ဆင်၏ အဆိုအရ "တရုတ်ဘာသာတွင် 侍 စာလုံးသည် မူလအဓိပ္ပာယ်အားဖြင့် လူ့အဖွဲ့အစည်းအတွင်း အထက်တန်းစားပုဂ္ဂိုလ်တစ်ယောက်ကို စောင့်ကြပ်ကြည့်ရှုသည် ဟူသည့် ကြိယာဖြစ်သည်။ ဂျပန်ဘာသာ၏ မူလစကားလုံး ဆာဘူရော(saburau) အတွက်လည်း ထိုအဓိပ္ပာယ်ပင်ဖြစ်သည်။ နိုင်ငံ ၂နိုင်ငံလုံးတွင် ထိုအသုံးအနှုန်းမှာ အထက်တန်းစား ပုဂ္ဂိုလ်တစ်ယောက်ကို အနီးကပ်စောင့်ကြပ် ကြည့်ရှုသူ"ဟူ၍ အဓိပ္ပာယ်ရပြီး ဂျပန်ဘာသာ အသံထွက်မှာ ဆာဘူရိုင်း ဟူ၍ ပြောင်းလဲလာသည် ဟူ၍ဖြစ်သည်။ ဝီလ်ဆင်က ဆာမူရိုင်းဟူသော အသုံးအနှုန်းကို ပထမဆုံးသုံးနှုန်းခြင်းကို ၁၀ ရာစု၏ ပထမပိုင်းတွင် ရေးသားပြီးစီးခဲ့သော ပထမဆုံး နန်းသုံးကဗျာစာတွဲ ကိုကင်ရှူး (Kokinshu) တွင် တွေ့ရသည် ဟုဆိုသည်။ ၁၂ရာစုအကုန်ပိုင်းတွင် ဆာဘူရိုင်းဟူသော အသုံးအနှုန်းသည် ဘူရှိ(Japanese:武士 English: bushi )ဆိုသော စကားလုံးနှင့် အဓိပ္ပာယ်တူသုံးစွဲကြပြီး ထိုစကားလုံးသည် အလယ်တန်းစားနှင့် အထက်တန်းစား စစ်သူရဲတို့၏ ရာထူးအဆင့်အတန်းများနှင့် ဆက်စပ်သုံးစွဲလေ့ရှိကြသည်။

သမိုင်းကြောင်း[ပြင်​ဆင်​ရန်​]

ရွှေရောင်တောက်နေသော ကြေးတို့ဖြင့် တန်ဆာဆင်ထားသည့်သံခမောက် နှင့် သံချပ်ဝတ်စုံ၊ ကိုဖန်ခေတ်၊ ၅ရာစု၊ တိုကျိုအမျိုးသားပြတိုက်

၆ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင်စစ်သည်တော်များသည် ပထမဆုံး ဆာမူရိုင်း အဆင့်ခွဲခြားသတ်မှတ်မှု ကို စတင်ခဲ့သည်ဟု ယုံကြည်ရသည်။[၁]တန်တရုတ်(Tang China) နှင့် ဆေးလာ(Silla) တို့ဖြင့်တိုက်ခိုက်ခဲ့သောစစ်ပွဲများတွင် အပြင်းအထန် ဆုံးရှုံးခဲ့ပြီးနောက် ဂျပန်တို့သည် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြသည်။ ထိုအထဲမှ အရေးကြီးဆုံးတစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိဘုရင်(Emperor Tenji) မှ အေဒီ ၆၄၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တိုင်းကာပြုပြင်ရေး ပင်ဖြစ်သည်။ ဤအမိန့်တော်သည် တရုတ်တို့၏ ယဉ်ကျေးမှုထုံးစံများနှင့် အုပ်ချုပ်ရေးနည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားများတွင် အစပျိုးပေးခဲ့သည်။[၁] အေဒီ၇၀၂ တွင် ထုတ်ပြန်ခဲ့သော တိုင်းဟိုဥပဒေ၏ တစ်စိတ်တစ်ပိုင်း နှင့် နောက်ပိုင်းထုတ်ပြန်ခဲ့သော ယိုးရိုးဥပဒေ တို့ကြောင့် [၂]လူထုသည် လူဦးရေစာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန်စာရင်း အဖြစ်အသုံးပြုသည်။ ဘုရင် မိုမု (Emperor Mommu)သည် လူဦးရေပျံနှံ့မှုကို သဘောပေါက်နားလည်လာသောအခါတွင် အရွယ်ရောက်ပြီး ယောက်ျားလေး ၃-၄ ယောက်တွင် တစ်ယောက်မျှ နိုင်ငံ့တပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေကို စတင်ထုတ်ပြန်သည်။ စစ်သားများသည် မိမိကိုင်ဆောင်မည့်လက်နက်ကို မိမိဘာသာ ရယူရန်လိုအပ်ပြီး ထိုအတွက် အခွန်အတုတ်များမှ ကင်းလွတ်ခွင့်ရသည်။[၁] ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားသော စစ်တပ်ပုံစံကို ဖွဲ့စည်းရန် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ ထိုကြိုးပမ်းမှု ကို ဂန်ဒန်-ဆေး (English: gundan-sei Japanese: 軍団制) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ပြီး ခေတ္တခဏမျှသာ ကြာမြင့်သည်ဟု ယုံကြည်ယူဆကြသည်။

တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်၏ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။

ဟဲအိအန်ခေတ် ဟုခေါ်သော ၈ရာစုနှောင်းပိုင်းနှင့် ၉ရာစုအစောပိုင်းတွင် ကမ်မူးဘုရင် (Emperor Kammu)သည် သူ၏အာဏာစက်ကို ဟွန်ရှူးမြောက်ပိုင်းသို့ ဖြန့်ကျက်စည်းရုံးရန်ကြိုးစားခဲ့သည်။ သို့သော် ပုန်ကန်သော အဲမိရှိပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ်ခဲ့သော စစ်တပ်မှာ စည်းကမ်း နှင့်စိတ်ဓာတ်ကင်းမဲ့သဖြင့် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။ ကမ်မူးဘုရင် က ဆဲအိတိုင်းရှိုးဂန်း (Seiitaishogun) သို့မဟုတ် ရှိုးဂန်းဟူသော ဘွဲ့ကို စတင်ထုတ်ဖော်ခဲ့ပြီး အဲမိရှိတို့ကို အောင်နိုင်ရန်အတွက် အလွန်တိုက်ခိုက်အားကောင်းသော ဒေသခံဂိုဏ်းတို့အပေါ်တွင် စတင်မှီခိုအားထားလာခဲ့သည်။ မြင်းစီးတိုက်ခိုက်ခြင်းနှင့် လေးမြားအတတ်တွင် ကျွမ်းကျင်သော ဤလူမျိုးစုစစ်သည်တော်တို့သည် သူပုန်တို့ကို နှိမ်နှင်းရန်အတွက် ဘုရင်၏ စိတ်ကြိုက်လက်နက်ဖြစ်လာခဲ့သည်။ ဤစစ်သူရဲတို့သည် ထိုအချိန်က (၇ရာစုမှ ၉ရာစုအထိ) ပညာတတ်မြောက်ကောင်းတတ်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံးအရာရှိတို့က သူတို့အား အရိုင်းအစိုင်းများထက် အနည်းငယ်သာသာသည် ဟု မှတ်ယူခဲ့ကြသည်။

နောက်ဆုံးတွင် ကမ်မူးဘုရင်သည် သူ၏စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှစ၍ ဘုရင်၏အာဏာစက်သည် တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ဘုရင်သည် အုပ်ချုပ်သူဖြစ်နေသေးသော်လည်း ကျိုတိုပတ်ဝန်းကျင်ရှိ အာဏာပြင်းသောဂိုဏ်းတို့က ဝန်ကြီးအဆင့်ကို မိမိဘာသာရယူကြသည်။ သူတို့၏ဆွေမျိုးများကို နယ်ဝန်များအဖြစ်ခန့်အပ်ကြသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှု တိုးပွားလာစေရန်နှင့် သူတို့၏အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် နယ်ဝန်တို့သည် အခွန်အတုတ်တို့ကို မတန်တဆကောက်ခံကြပြီး ထို့အတွက် လယ်သမားအများစု လယ်ယာမဲ့ဖြစ်ခဲ့ရသည်။

ဓားပြမှုများထူပြောလာသည့်အခါ ထိုဂိုဏ်းများ ကန်တိုလွင်ပြင်များရှိ နှယ်နှင်ဒဏ်ခံထားရသူများကို စတင်၍ အလုပ်ခန့်အပ်လာသည်။ ပြင်းထန်ကြမ်းတမ်းသော ကိုယ်ခံပညာသင်ကြားခဲ့မှုများကြောင့် ထိုသူတို့သည် အသုံးဝင်သော အစောင့်အရှောက်များဖြစ်လာသည်။ အခွန်ကောက်ခံသူတို့ကို အချို့က စောင့်ကြပ်လိုက်ပါပြီး သူတို့ပါရှိရုံမျှနှင့်ပင် သူခိုးများနှင့် ရာဇဝတ်သားများ၏ တိုက်ခိုက်မှုမှ ဟန့်တားပြီးဖြစ်သည်။ သူတို့မှာ ကြေးစားလက်နက်ကိုင် ဆာဘူရိုင်းတို့ဖြစ်ပြီး သူတို့၏ သီးခြားလက်နက်ကိုင်တပ်ဖွဲ့မှာ အလျှင်အမြန်ပင် ထင်ပေါ်လာခဲ့သည်။

ကာကွယ်ရေး သဘောတူညီချက်များနှင့် နိုင်ငံရေးအရပေါင်းစည်းမှုများကြောင့် သူတို့၏ နိုင်ငံရေးအာဏာသည် တစ်စထက်တစ်စတိုးပွားလာခဲ့ပြီး နောက်ဆုံးတွင် ပုံမှန်အုပ်ချုပ်ရေးထက်ပင် သာလွန်လာခဲ့သည်။

အချို့သော ဂိုဏ်းများသည် နန်းတော်မှခန့်အပ်ထားသော အရာရှိများကို သူတို့၏ မြေများကိုအုပ်ချုပ်ရန်နှင့် အခွန်အတုတ်ကောက်ယူရန်စေလွှတ်သောအခါတွင် ကာကွယ်ရန် မိမိဘာသာ လက်နက်ကိုင်ထားသော အဖွဲ့အစည်းများဖြစ်သည်။ ထိုဂိုဏ်းများသည် ပို၍ အင်အားကြီးမားသောဂိုဏ်းများ၏ရန်မှ ကာကွယ်ရန်အတွက် သူတို့အချင်းချင်း မဟာမိတ်ဖွဲ့ထားကြသည်။ ဟဲအိအန်(Heian) ခေတ်၏ အလယ်ပိုင်းသို့ရောက်သောအခါတွင် သူတို့သည် ဂျပန်သံချပ်ဝတ်စုံနှင့် လက်နက်များကို စတင်အသုံးပြုလာခဲ့ကြပြီး ဘူရှီဒို ခေါ် သူတို့၏ကျင့်ဝတ်များကို အစပြိုး အုတ်မြစ်ချလာခဲ့ကြလေသည်။

ဆာမူရိုင်းစစ်သူရဲတို့သည် မိမိတို့ဘာသာ "စစ်သူရဲလမ်းစဉ်" သို့မဟုတ် ဘူရှီဒိုကို လိုက်နာကျင့်သုံးသူများအဖြစ် ခံယူလေ့ရှိသည်။ ဂျပန်အဘိဓာန်တွင် ဘူရှီဒိုဟူသော စကားလုံးကို ရှိုဂတ်ကုကန် ကိုကုဂို ဒိုင်းဂျိတန် (Shogakukan Kokugo Daijiten) ဟု အဓိပ္ပါယ်ဖွင့်ဆိုထားပြီး "မူရိုမာချီ(Muromachi) သို့ ချူဆေးခေတ်(chusei) တွင် စစ်သူရဲများအကြား ပျံ့နှံ့နေသော သီးသန့် ယုံကြည်ယူဆချက်(ronri)" ဟု အဓိပ္ပာယ်ရသည်။ အစကနဦးထဲကပင် ဆာမူရိုင်းတို့သည် သခင်တစ်ယောက်ကို အသက်ပေး၍ သစ္စာရှိခြင်း၊ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းသည် စစ်သူရဲတစ်ယောက်၏ ဂုဏ်သိက္ခာရှိသော အပြုအမူနှင့် လမ်းစဉ်ဟု ယုံကြည်ကြသည်။

ဥပမာအားဖြင့် ကာတို ကိယိုမာဆာ(၁၅၆၂-၁၆၁၁) သည် ဆန်ဂေါ့ကုခေတ်မှ အာဏာအရှိဆုံး နှင့် အထင်ရှားဆုံး ပဒေသရာဇ်တစ်ယောက်ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဂိုဏ်းများကို ကိုရီးယားကို ကျူးကျော်စဉ် (၁၅၉၂-၁၅၉၈) အတွင် အမိန့်ပေးစေခိုင်းခဲ့သည်။ လက်စွဲစာအုပ်ထဲတွင် သူက မည်သည့်အဆင့် ရှိသည့် ဆာမူရိုင်းမဆို စစ်သူရဲတို့၏ဘဝတွင် တစ်ခုတည်းသော တာဝန်မှာ ဓားတိုဓားရှည်များကို ဆွဲ၍ သေဆုံးရန်ဟု သူ၏နောက်လိုက်များကို ပြောခဲ့သည်။ သူက နောက်လိုက်များကို ဂန္တဝင်စစ်ပညာများ အထူးသဖြင့် သစ္စာစောင့်သိမှုနှင့် သားကောင်းပီသမှုနှင့် ပတ်သက်သော အရာများကို အစွမ်းကုန်ကြိုးစားအားထုတ်၍ သင်ကြားရန် အမိန့်ပေးခဲ့သည်။ သူသည်

"အကယ်၍ လူတစ်ယောက်သည် ဘူရှီဒိုလမ်းစဉ်ကို နေ့စဉ်စူးစမ်းမှုမရှိပါက သူအနေနှင့် ရဲဝံ့၍ ယောကျ်ားပီသသော သေဆုံးခြင်းမျိုးဖြင့် သေဆုံးရန် ခဲယဉ်းသည်။ ထိုအတွက်ကြောင့် စစ်သူရဲတစ်ယောက်၏ အလုပ်ကို စိတ်အတွင်း၌ စွဲစွဲမြဲမြဲနှလုံးသွင်းထားရန် မရှိမဖြစ်လိုအပ်သည်။"

ဆိုသောဆိုရိုးစကားနှင့် ပတ်သက်၍ လူသိများသည်။

နာဘဲရှိမ နာအိုရှီဂဲ (၁၅၃၈ -၁၆၁၈ အေဒီ) သည် အခြား ဆန်ဂေါ့ကု ပဒေသရာဇ်တစ်ယောက်ဖြစ်ြပီး ကာတို ကိယိုမာဆာ နှင့်တွဲဖက်၍ ကိုရီးယားတွင် တိုက်ခိုက်ခဲ့သူလည်းဖြစ်သည်။ သူက မည်သည့်ယောကျ်ားမဆို မည်သည့်ရာထူးအဆင့်၌ ရှိသည်ဖြစ်စေ တာဝန်ထမ်းဆောင်စဉ်အတွင် တစ်ချိန်တစ်ခါမှ သက်စွန့်ဆံဖျားပြုမူဆောင်ရွက်ခြင်းမရှိခဲ့ဖူးလျှင် ရှက်စရာကောင်းသည်ဟု ရိုးရှင်းစွာဆိုသည်။ နာဘဲရှိမ၏စကားကို သူ၏သားနှင့် မြေးတို့သို့ လက်ဆင့်ကမ်းပေးခဲ့ပြီး နောက်ပိုင်းတွင် ဆုနဲတိုမို ယာမာမိုတို၏ ဟာဂါကူရဲ ဖြစ်လာခဲ့သည်။ သူသည်

"ဘူရှီဒိုဆိုသည်မှာ အသက်အသေခံရန် ရူးသွပ်စွာ ယုံကြည်ခြင်းပင်ဖြစ်သည်။ ထိုသို့သော လူတစ်ယောက်ကို လူငါးဆယ်နှင့် အထက်ကပင် မသတ်နိုင်"

ဟူသော စကားအတွက် ထင်ရှားသည်။

တိုရီ မိုတိုတာဒါ (၁၅၃၉-၁၆၀၀) သည် မြေရှင်ပဒေသရာဇ်တစ်ယောက်ဖြစ်ပြီးတိုကုဂါဝါ လီယစု ၏ အမှုထမ်းတစ်ယောက်ြဖစ်သည်။ ဆဲကိဂါဟာရာ တိုက်ပွဲမတိုင်မီနေ့တွင် သူ၏ အရှင်သခင်ကမူ အရှေ့ဖက်သို့ထွက်ခွာသွားချိန်တွင် သေချာပေါက် ကျရှုံးမည်ြဖစ်သည့် ဖူရှိမိရဲတိုက်တွင် နေခဲ့ရန် မိမိသဘောဆန္ဒဖြင့် တောင်းဆိုသည်။ တိုရီ နှင့် တိုဂုဂါဝါတို့ နှစ်ဦးစလုံးကပင် ရဲတိုက်ကို ကာကွယ်ရန် မဖြစ်နိုင်ဆိုသည့် အချက်ကို သဘောတူကြသည်။ သူ၏အရှင်သခင်ပေါ်တွင် သစ္စာစောင့်သိမှု ကို ပြသည့်အနေဖြင့် တိုရီသည် နောက်တွင် ချန်နေခဲ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး သူနှင့် သူ၏ခံစစ်တပ်များက အဆုံးသတ်ထိတိုက်ခိုက်မည်ဟု ကြွေးကြော်ခဲ့သည်။ ထုံးတမ်းစဉ်လာအနေဖြင့် တိုရီသည် အရှင်အဖမ်းမခံဟုလည်း ကြုံးဝါးသည်။ ထိုသို့ကြေကွဲစရာကောင်းသော နောက်ဆုံးခံစစ်တွင် ရဲတိုက်စောင့်တပ်သည် အလွန်တရာများပြားလှသော အီရှီဒါ မိဆုနာရီ၏ စစ်တပ်ကြီးကို ၁၀ ရက်ကြာသည့်တိုင် တောင့်ခံခဲ့သည်။ သူ၏သား တာဒါမာဆာ သို့ရေးခဲ့သော ထိခိုက်ကြေကွဲဖွယ်ကောင်းသောစာတွင် တိုရီက

မည်သည့်အခြေအနေတွင်မဆို နောက်ဆုံး သေရမည်ကို မုချသိသည့် အခြေအနေ၌ပင် သေခြင်းတရားကိုရှောင်လွဲခြင်းသည် စစ်သူရဲ၏ ကျင့်ထုံးမဟုတ်ပဲ ရှက်စရာကောင်းသော အပြုအမူဖြစ်သည်။ မိမိ၏ အရှင်သခင် အတွက် အသက်ကိုစွန့်လွှန်ခြင်းသည် ဘယ်တော့မှ မပြောင်းလဲမည့် သဘောတရားပင်ဖြစ်သည်။ ငါသည် ဤနိုင်ငံရှိ အခြား စစ်သူရဲများ၏ ရှေ့မှချီ၍ အရှင်သခင်၏ အကျိုးအတွက် နှင့် ငါ့မိသားစု၏ ဂုဏ်သိက္ခာအတွက် ငါ၏ အသက်ကို စွန့်လွှတ်ခြင်းသည် နှစ်ပေါင်းများစွာကတည်းကပင်ရှိခဲ့သော ငါ၏ ပြင်းထန်သော ဆန္ဒပင်ဖြစ်သည်။

ဟုရေးခဲ့သည်။ သူတို့ နှစ်ဦးခွဲခွာသည့်အချိန်တွင် ဘယ်တော့မှ ပြန်မတွေ့ရတော့မည်ကို သိသည့်အတွက် သူတို့ နှစ်ဦးစလုံး ငိုကြသည်ဟု ဆိုသည်။ တိုရီမတိုင်မီက သူ၏အဖေနှင့် အဖိုးတို့သည် တိုကုဂါဝါအတွက် အမှုထမ်းခဲ့ကြပြီး သူ၏ အကိုအရင်းမှာလည်း စစ်ပွဲတွင် ကျဆုံးခဲ့သည်။ တိုရီ၏ အပြုအမူသည် ဂျပန်နိုင်ငံသမိုင်း၏ အလှည့်အပြောင်းပင်ဖြစ်သည်။ တိုကုဂါဝါသည် စစ်တပ်ကို အောင်မြင်စွာထူထောင်နိုင်ခဲ့ပြီး ဆဲကိဂါဟာရတွင် အောင်နိုင်ခဲ့သည်။

ဟာဂါကူရဲကို ဘာသာပြန်သည့် ဝီလီယမ်စကော့ ဝီလ်ဆင်သည် ဂိုဏ်းများအတွင်းမှ စစ်သူရဲတို့၏ သေဆုံးခြင်းကို အလေးအနက်ထားပုံနှင့် ပတ်သက်၍ ယာမာမိုတို၏ ဥပမာအပြင် အခြားဥပမာများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိခဲ့သည်။ "သူ (တာကဲဒ ရှင်းဂန်း) သည် စည်းကမ်းတင်းကျပ်သူတစ်ယောက်ဖြစ်ပြီး ဟာဂါကူရဲတွင် ရန်ဖြစ်သူ ၂ယောက် ကို ကွပ်မျက်ခြင်း နှင့် ပတ်သတ်၍ စံပြပုံပြင်တစ်ပုဒ်ရှိခဲ့သည်။ သူတို့နှစ်ယောက်ကို ရန်ြဖစ်သဖြင့် ကွက်မျက်ခြင်းမဟုတ်ပဲ သေသည်အထိ မတိုက်ခိုက်သောကြောင့် ကွပ်မျက်ခဲ့ခြင်းဖြစ်သည်။"

ကျမ်းကိုးစာရင်း[ပြင်​ဆင်​ရန်​]

  1. ၁.၀ ၁.၁ ၁.၂ William Wayne Farris, Heavenly Warriors — The Evolution of Japan's Military, 500–1300, Harvard University Press, 1995.
  2. A History of Japan, Vol. 3 and 4, George Samson, Tuttle Publishing, 2000.