ဘီသိုဗင်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ဂျိုးဆက်စတိုင်လာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား- ၁၈၂၀

လူးဝစ် ဗင် ဘီသိုဗင် (Ludwig van Beethoven; German: ˈluːtvɪç fan ˈbeːt.hoːfn̩; English: ˈlʊdvɪɡ væn ˈbeɪtoʊvən (US) or ˈbeɪt.hoʊvən (UK); ၁၇၇၀-၁၈၂၇)အား အကြီးမားဆုံး တေးပြုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြသည်။ တေးပြုရာတွင်သာ ထူးချွန်သည်။ တစ်သက်လုံး နားမကြားသူဖြစ်သည်။ ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုဇတ် ထံတွင်လည်းကောင်း၊ နောင်တွင် ဂျိုးဆက် ဟေဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတ များစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော NinthSymphony တေးဂီတသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သည်။ Nathan foster is not gay ဂျာမနီနိုင်ငံဗွန်မြို့တွင် ၁၇၇၀-ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၌ ဖွားမြင်သည်။ ငယ်စဉ်ဘဝကပင် တေးဂီတနှင့် ပက်သက်၍ အစွမ်းအစများ ဖော်ထုတ်ပြသနိုင်ခဲ့သည်။ ဂီတမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။ သူ၏အဖေ(Johamm)နှင့် အဘဖြစ်သူ (Leedwing)သည် ဂီတသမားများ ဖြစ်ကြသည်။ သူတို့သည် ဘီသိုဘင်ကို ကလေးဘဝကတည်းက ဂီတမှာ လေ့ကျင့်ပေးခဲ့သည်။

၁၇၈၃အရောက်တွင် သူ၏ပထမဆုံးသော တေးဂီတလက်ရာကို စတင်ထုတ်ပြနိုင်ပြီဖြစ်သည်။ လူငယ်ဘဝဖြင့် ဗီယင်နာသို့ အလည်အပတ်ရောက်ရှိလာပြီး ထိုစဉ်က ထင်ရှားသည့် တေးဂီတပညာရှင်တစ်ဦးဖြစ်သူ မိုးဇက်နှင့် ခဏတာတွေ့ဆုံခဲ့သေးသည်။ မိုးဇတ်ကွယ်လွန်ပြီး တစ်နှစ်အကြာ ၁၇၉၂တွင် ဗီယင်နာသို့ နောက်တစ်ကြိမ်ပြန်ရောက်လာကာ တေးဂီတပညာရှင် ဟေ့ထံတွင် ပညာသင်ယူခဲ့သည်။ ထိုမြို့တွင်ပင် အိမ်ထောင်မပြုဘဲ လူပျိုဘဝဖြင့် အသက်ထက်ဆုံးနေထိုင်သွားခဲ့သည်။

ဘီသိုဗင်သည် စန္ဒယားအတတ်တွင် ပါရမီထူးကာ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်သည်။ ကိုယ်တိုင်တီးခတ်ခြင်းနှင့် အခြားသူများအား သင်တန်းပေးခြင်းနှစ်မျိုးလုံးတွင် အောင်မြင်ကျော်ကြားလှပါသည်။ မကြာမီပင် ကျွမ်းကျင်သူအဆင့်ရှိသည့် ဂီတပညာရှင်တစ်ဦးဖြစ်လာပြီး သူ၏လက်ရာများမှာလည်း အများက အမွန်တမြတ် နားထောင်လာကြရသည်။ အသက် ၂၅နှစ်အရွယ်မှစကာ သူ၏ဂီတလက်ရာများကို တွင်တွင်ကျယ်ကျယ်ပင် ပုံနှိပ်ထုတ်ဝေရောင်းချလာကြသည်။

ဘီသိုဗင်သည် နားမကြားသူဖြစ်သည်။ အသက်၃ဝခန့်ရောက်သော် နားထိုင်းစပြုလာပြီး ထိုရောဂါလက္ခဏာအား ကြောက်လန့်လာသဖြင့် ကိုယ့်ကိုယ်ကို သတ်သေရန်ပင် ကြိုးပမ်းခဲ့ဖူးသည်ဟု ဆိုကြသည်။ ၁၈၀၂ မှ ၁၈၁၅ကာလများအတွင်းတွင် လူလတ်ပိုင်းအရွယ် ဘီသိုဗင်သည် နားမကြားသည့် ရောဂါအားပိုမိုဖိစီးခံစားလာရသဖြင့် လူတောမတိုးသည့် ဘဝဖြင့်နေထိုင်လာခဲ့ရရှာသည်။ အကြောင်းမသိသူတို့က သူ့အား လူအချင်းချင်း ရွံမုန်းတတ်သူအဖြစ် ထင်မှားခဲ့ကြသည်။ မိန်းမပျိုများနှင့် ချစ်ခင်ရင်းနှီးမှုများ ရှိခဲ့ဖူးသော်လည်း ရေရှည်မခံသကဲ့သို့ အိမ်ထောင်လည်း မပြုခဲ့ပေ။ ထိုအချိန်ထိ သူ၏လက်ရာကောင်း၊ လက်ရာမွန်များစွာ ဆက်တိုက်ပင် ပေါ်ထွက်လာခဲ့သည်။ လူတို့အကြိုက်ကိုလိုက်ကာ ရေးစပ်သီဖွဲ့သည်မဟုတ်၍ ထိုခေတ်အခြေအနေဖြင့် တွင်ကျယ်မည်ကို သေချာမပြောနိုင်သည့်တိုင် လူအများက လက်ခံနားဆင်ခဲ့ကြသည်။

အသက် ၅ဝအရွယ်တွင် နားအကြားအာရုံ လုံးဝပျက်စီးယိုယွင်းသွားပြီဖြစ်၍ လူထုပရိသာတ်ရှေ့သို့ ထွက်ပေါ်လာခြင်း မရှိတော့ချေ။ ပွဲလမ်းသဘင်များနှင့် ဝေးကွာရာတွင် တစ်ကိုယ်တည်း အထီးကျန်စွာ နေထိုင်သွားခဲ့ရရှာသည်။ ထိုအချိန်မှစကာ တေးသီချင်းကောင်းများကို ယခင်ကဲ့သို့ သွက်လက်စွာ ရေးစပ်နိုင်ခြင်းမရှိတော့ပေ။ မိမိစိတ်ကြိုက် ဂီတပုံစံများကိုသာ ရေးစပ်တော့သဖြင့် ထိုခေတ်လူတို့အဖို့ အဆန်းတကျယ်ဖြစ်ခဲ့ကြရသည်။ ထို့ကြောင့် အချို့ကပင် `ဒါမင်းတို့အတွင် မဟုတ်၊ နောက်တစ်ခေတ်အတွက် ဖြစ်သည်´ ဟုပင် ဝေဖန်ခဲ့ကြသည်။

ရေးစပ်ခဲ့လေသမျှသော ဂီသံစဉ်တို့မှာ အထူးကောင်းမွန်သည်။ အထူးသဖြင့် သောတရုံဆုံးရှုံးသည့်နောက် ရေးစပ်ခဲ့သည်များမှာ နားအကြားအာရုံကောင်းမွန်စဉ်က ရေးစပ်ခဲ့သည်များထက် သာလွန်သည်ဟု ဆိုကြသည်။ မကွယ်လွန်မီ နောက်ဆုံးအချိန်များက ရေးစပ်ခဲ့သည်များမှာ အကောင်းဆုံးဖြစ်သည်ဟုပင် ချီးမွမ်းကြသည်။ အသက် ၅၇နှစ်အရွယ် ၁၈၂၇တွင် ထင်ရှားကျော်ကြားသည့် တေးဂီတပညာရှင် ဘီသိုဗင်တစ်ယောက် ဗီယင်နာမြို့၌ပင် ကွယ်လွန်သည်။ သို့သော် သူကွယ်လွန်ပြီးနောက်တွင် ပေါ်ထွန်းလာကြသည့် တေးဂီတပညာရှင် အများအပြားကို ဩဇာလွှမ်းမိုးထားနိုင်ကြောင်းမှာ ထင်ရှားလှပေသည်။

လူးဝစ် ဗင် ဘီသိုဗင်(ခရစ် ၁၇၇ဝ-၁၈၂၇)[ပြင်​ဆင်​ရန်​]

ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ လူးဝစ် ဗင် ဘီသိုဗင်သည် အနောက်တိုင်းဂီတ တိုးတက်မှုအတွက် အများဆုံး အကျိုးပြုခဲ့သော ပုဂ္ဂိုလ်ကြီးဖြစ်သည်။ အထူးသဖြင့် ဘီသိုဗင်၏ ဆင်ဖနီဂီတများကား ဂီတလောကတွင် အမြုတေရတနာများသဖွယ် ထူးခြားကောင်းမွန်လှ၍ ယခုခေတ်အခါထိ မှေးမှိန်ခဲ့ခြင်း မရှိပေ။ အနောက်တိုင်း ဂီလောကတွင် ဘီသိုဗင်၏ လက်ရာသီချင်းကြီး သီချင်းခန့်များကို လေးလေးစားစား လေ့လာသင်ကြား ကြရသည်။

ဘီသိုဗင်သည် ထူးခြားသော အနုပညာပါရမီရှင် တစ်ဦးဖြစ်လင့်ကစား၊ သူ၏ ဘဝတစ်သက်တာ တစ်လျှောက်လုံးတွင် ပျော်ရွှင်ချမ်းမြေ့မှုကို ကောင်းစွာမခံစားရရှာသူ ဖြစ်သည်။ အခြားသူများ၏ သောတအာရုံကို သာယာကြည်နူးစေသည့် တေးဂီတများကို စပ်ဆိုစွမ်းဆောင်နိုင်ခဲ့သော်လည်း၊ သူကိုယ် တိုင်မှာမူ အရွယ် ကောင်းချိန်၊ အသက် ၃ဝ ကျော်ခန့်မှစ၍ နားမကြားသော ဝေဒနာ စွဲကပ်ခဲ့သည်မှာ ကွယ်လွန်သည့် တိုင်အောင် ဖြစ်သည်။ သို့သော် မိမိ၏ ဘဝအကျိုးပေး နုံချာမှု၊ အကုသိုလ် ဖိစီးမှုများကို အရှုံးမပေးဘဲ ကြိုးစား တွန်းလှန်ခဲ့သဖြင့် ဘဝ တိုက်ပွဲသူရဲကောင်း တစ်ဦးဟု ဆိုရပေမည်။

ငယ်ဘဝ[ပြင်​ဆင်​ရန်​]

ဘီသိုဗင်သည် ဂျာမနီနိုင်ငံ ဗွန်းမြို့၌ ၁၇၇ဝ ပြည့်နှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အသက် ၄ နှစ် အရွယ်မှစ၍ အဆိုတော် အမူးသမား ဘခင်၏ ရိုက်နှက်စေခိုင်းမှုကြောင့် စန္ဒရားတီး သင်ခဲ့ရသည်။ ကလေးဘဝ လွတ်လပ်ပျော်ရွှင်စွာ မနေရ၊ မကစားရဘဲ ခိုင်းသည့်အတိုင်း လုပ်နေရသည့် အချုပ်အချယ်ခံရမှုကြောင့် ဘီသိုဗင်၏ စိတ်ဓာတ်ကို ထိခိုက်သွားကာ နောင်အခါတွင် စိတ်ချောက်ချား တတ်ခြင်း၊ စိတ်တိုတောင်းခြင်း ဖြစ်လာတတ်လေသည်။

ဖခင်ဆိုးသည် အိမ်ထောင်၏ တာဝန်ကို ကြေပွန်စွာမထမ်းလိုသဖြင့် အိမ်ထောင်စရိတ် ရှာနိုင်စေရန် ဂီတနယ်ထဲ အတင်းဆွဲသွင်းခြင်းဖြစ်သည်။ စင်စစ် ဘီသိုဗင်၌လည်း ငယ်စဉ်ကပင် ဂီတဘက်၌ ထူးချွန်မည့် အရည်အသွေးများ ရှိခဲ့သည်။ ထိုကြောင့် ၁၁ နှစ်သား အရွယ်တွင် ကိုယ်တိုင် တေးဂီတများကို စပ်ဆိုနိုင်ခဲ့သည်။ ၁၄ နှစ်သားအရွယ်တွင် နန်းတွင်းလက်ထောက် အော်ဂန်ဆရာ ဖြစ်လာသည်။ နောင်အခါတွင် အော်ခက်စတြာ တီးဝိုင်းများကို ခေါင်းဆောင် နိုင်ခဲ့လေသည်။

ဘီသိုဗင်တို့မိသားစု၏ အခြေအနေမှာ စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ ဘခင်ကလည်း အိမ်ထောင်၏ တာဝန်ကို မယူလိုဘဲ ပေါ့ပေါ့နေသဖြင့် အိမ်သားများမှာ ဆင်းရဲကျပ်တည်းပြီးလျှင်၊ ကျန်းမာရေးလည်း ချို့တည့်ကြသည်။ ဘီသိုဗင်သည် မသာယာသော အိမ်ထောင်စုကို ကျောထောက် နောက်ခံပြုကာ၊ သူ၏ ဂီတပညာကို တိုးသည်ထက်တိုးအောင် ကြိုးစားခဲ့သည်။ ၁ရ နှစ်သားအရွယ် ၁၇၈၇ ခုနှစ်တွင် ထိုစဉ်က ဂီတမြို့တော်ဖြစ်သော သြစတြေးယားနိုင်ငံ ဗီယင်းနားမြို့သို့ သွားရောက်၍ ဂီတပညာရှင်ကြီး တစ်ဦးဖြစ်သော မိုးဇာတ်၏ရှေ့တွင် မိမိ၏စွမ်းရည်ကို ပြသခဲ့သည်။ ထိုအခါ မိုးဇတ်က ဘီသိုဗင်သည် ကမ္ဘာ၌ သူ့ဂီတသံ လွှမ်းအောင် ပြုနိုင်မည့် သူဟူ၍ နိမိတ်ဖတ်လိုက်လေသည်။

ဗီယင်းနားမှ ပြန်ရောက်ပြီးနောက် မိခင်ဖြစ်သူကွယ်လွန်ရာ၊ အမူးသမား ဘခင်နှင့် ညီအစ်ကို မောင်နှမ တို့၏ တာဝန်ကို ဘီသိုဗင်က လုံးဝတာဝန်ယူ ဆောင်ရသည်။ သို့ဖြင်လင့်ကစား အိမ်သားများသည် သူ့အား စိတ်ချမ်းသာမှု မပေးဘဲ နားပူနားဆာ ပြုတတ်ကြလေသည်။ ယင်းသို့သော အခြေအနေ ကြားထဲမှပင် ဘီသိုဗင်၏ ဂီတစွမ်းရည်သည် တိုးတက်လာခဲ့သည်။ ဗွန်းမြို့ရှိ သြဇာတိက္ကမရှိသော လူကြီးလူကောင်းများက သူ၏ ဂီတစွမ်းရည်ကို အကြောင်းပြုပြီးလျှင် ဘီသိုဗင်အား ခင်မင်စေတနာ ထားကြသဖြင့် ဗီယင်းနားမြို့တွင် ဂီတ ဝိဇ္ဇာကြီးတစ်ဦးဖြစ်သူ ဂျိုးဇက်ဟိုင်းဒင်ထံတွင် ဂီတပညာ ဆက် လက်ဆည်းပူးနိုင်အောင် စီစဉ်ပေးကြသည်။ ဗီယင်းနားတွင် ဂီတပညာ ဆည်းပူးခဲ့ပြီးနောက်တွင် ဘီသိုဗင်သည် ထိပ်တန်း ဂီတစာဆို တစ်ဦး အဖြစ်သို့ရောက်ရှိ ခဲ့လေသည်။

ယင်းသို့ထိပ်ထိပ်ကြဲ ဂီတပညာရှင် တစ်ဦးအဖြစ်သို့ ရောက်ခဲ့ပြန်သော်လည်း၊ စိတ်မချမ်းသာဖွယ်ရာ တစ်မျိုးသည် ဘီသိုဗင်၏အပေါ် လောင်းရိပ်ကဲ့သို့ မိုးလာပြန်လေသည်။ ယင်းသည်ကား တဖြည်းဖြည်း နားလေးလာရာက နောက်ဆုံးတွင် မကြားရသော ဘဝသို့ရောက်ခဲ့ခြင်းပင် ဖြစ်လေသည်။ သို့သော် စိတ်ဓာတ်ပြင်းပြ လှသော ဘီသိုဗင်သည် ယင်းသို့သော အကုသိုလ်ဖိစီးမှုကို လွယ်လွယ်နှင့် အရှုံးမပေးချေ။

အသံကို အကြောင်းပြုရသော မိမိ၏ ပညာလုပ်ငန်းကို မစွန့်လွှတ်ဘဲ၊ အသံမကြားရသည့် ဘဝ၌ပင် ဆက်လက်၍ တေးဂီတကြီးများကို စပ်ဆိုစီကုံးခဲ့သည်။ နားမကြားရသည့် နောက်ပိုင်းတွင် စပ်ဆိုသည့် တေးကြီးတေးခန့်များသည် ဘီသိုဗင်၏ အကောင်းဆုံး လက်ရာများဟု ဆိုကြလေသည်။

ဘီသိုဗင်သည် အရုပ်ဆိုးသော်လည်း ပင်ကိုသဘော တည်ကြည်မှု၊ သူ၏ထူးချွန်သော ဂီတပါရမီတို့ကြောင့် သူ့အား ကြည်ညိုလေးစားသူများပြားသည်။ သို့သော် ဘီသိုဗင် နားထိုင်းရောဂါ ဖြစ်ပြီးနောက်တွင် သူ၏ ညီအစ်ကို မောင်နှမများက သူ၏ ငွေကြေးကိစ္စကို ဆောင်ရွက်မှုကြောင့် ဘီသိုဗင်အား ခင်မင်ကြသူများနှင့် စိမ်းသွားခဲ့ရသည်။

မိဘဆွေမျိုးအတွက် တာဝန်ကြီး ထမ်းခဲ့ရသော်လည်း ဆွေမျိုးအကျိုးပေးလည်း မကောင်းခဲ့ပေ။ ချစ်ကိစ္စများ၌လည်း ကံခေခဲ့သဖြင့် အိမ်ထောင်မပြုခဲ့သော ဘီသိုဗင်သည် တူတစ်ယောက်အား သားရင်းတမျှ ချစ်ခင်မြတ်နိုးခဲ့ရာ၊ ထိုသူသည် သူ့အား စိတ်ဒုက္ခအပေးဆုံး ဖြစ်ခဲ့သည်။ ယင်းသို့သော စိတ်မချမ်းသာဖွယ် အမျိုးမျိုးကို ကြိုးစားတွန်းလှန်ခဲ့ရသော ဘီသိုဗင်မှာ တစ်ခါတစ်ရံ မျိုသိမ်မထားနိုင်ဘဲ ဒေါသအိုး ပေါက်ကွဲတတ်သည်။ ဘီသိုဗင် ရေးခဲ့သော သေတမ်းစာ တစ်စောင်ထဲတွင် မိမိသည် နားထိုင်းခြင်း စသည့်ဒုက္ခအမျိုးမျိုး စိတ်မချမ်းသာဖွယ် အဖုံဖုံတို့ကို ခံစားရလွန်း၍ မချိတင်ကဲဖြစ်ကာ၊ တစ်ခါတစ်ရံ စိတ်မထိန်းနိုင်ဖြစ်ပြီးလျှင် မိမိ ဒေါသတကြီး ဖြစ်မိသည်များကို ညီအစ်ကို မောင်နှမများကခွင့်လွှတ်ပါရန် ရေးသားထားလေသည်။

ဘီသိုဗင်အဖို့တစ်မျိုးပြီးတစ်မျိုး သူရင်ဆိုင်ရသော စိတ်မချမ်းသာမှုများသည် သူ့အား ဘဝကို အရှုံးမပေးလိုအောင် သွေးထိုးပေးသကဲ့သို့ရှိပြီးလျှင်၊ တေးဂီတ တစ်ပုဒ်ပြီးတစ်ပုဒ် သူ့ကလောင်များမှ ထွက်ခဲ့သည်။ သီချင်း ရိုးရိုးမှ ဂီတပြဇာတ်ကြီးများအထိ စပ်ဆိုရေးသားခဲ့ရာ၊ သူ၏ ဂီတစွမ်းရည် မည်မျှ ထက်မြက်ထူးချွန်ပုံကို အကဲခတ်နိုင်ပေသည်။

ဘဝနိဂုံး[ပြင်​ဆင်​ရန်​]

ဘီသိုဗင်သည် ကောင်းစွာ မကျန်းမမာ ဖြစ်နေရာမှ ၁၈၂၇ ခုနှစ်တွင် ညီဖြစ်သူထံ အလည်သွားယင်း ဗီယင်းနားမြို့၌ ကွယ်လွန်သည်။ ဘီသိုဗင် ကွယ်လွန်ပြီးသည့် နောက်တွင် ထူးခြားသော ဂီတပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် သူ၏ ဇာတိဖြစ်သော ဗွန်းမြို့တွင်၄င်း၊ သူ၏ သင်္ချိုင်းရှိရာ ဗီယင်းနားမြို့၌၄င်း သူ၏ ရုပ်တုများကို ထားရှိပြီးလျှင် ဘီသိုဗင်မွေးဖွားခဲ့ရာ နေအိမ်ကို ပြတိုက်အဖြစ် ပြုလုပ်ထားရှိလေသည်။[၁]

ဘီသိုဗင်၏ ထင်ရှားသောလက်ရာများ[ပြင်​ဆင်​ရန်​]

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

ကျော်စွာ(၁၀၀)- ဒေါက်တာသန်းထွန်း

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )