စန္ဒရား

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စန္ဒ​ရား(Piano)[ပြင်​ဆင်​ရန်​]

စန္ဒ​ရား​တစ်​ခု

ယခု​ခေတ် ကမ္ဘာ့​နိုင်ငံ​အသီး​သီး​ရှိ ဂီ​တ တူရိယာ​များ​တွင် စန္ဒ​ရား​သည် လူ​ကြိုက်​အများ​ဆုံး​နှင့် အရေး​အပါ​ဆုံး​သော ကြိုးတပ်​တူရိယာ​တစ်​ခု​ဖြစ်​ပေ​သည်။ ကြိုး​တပ်​တူရိယာ​ဟု​ပင် ဆို သော်​လည်း၊ စန္ဒ​ရား​မှာ အခြား​သော​ကြိုး​တပ်​တူရိယာ​များ​ကဲ့သို့ မဟုတ်​ဘဲ၊ ခလုတ်​နှိပ်​ယန္တရား​တပ်​ဆင်​၍ တီး​ရ​သော​ကြောင့် လက်ချောင်း တစ်​ချောင်း​လျှင် အသံ​တစ်​သံ နှိပ်​လေ​ရာ၊ လက် ဆယ်​ချောင်း​ဖြင့် ဆယ်​သံပြိုင်​အထိ တစ်​ကြိမ်​တည်း တီး​နိုင် သော တူရိယာ​ဖြစ်​သည်။ ပတ္တလားစောင်းဒုံမင်း စ​သည့် အသံ​စဉ် တူရိယာ​များ​မှာ စန္ဒ​ရား အသံ​စဉ်​နှင့်​တူ​ကြသော်​လည်း၊ လက်​တစ်ဖက်​မှ တစ်​ကြိမ်​လျှင် တစ်​သံ​သာ တီး​ခတ်​နိုင်​သော ကြောင့် စန္ဒ​ရား​ကဲ့သို့ သံပြိုင်​တွဲ​များပြား​ကျယ်ဝန်း​စွာ မ​ရ​ချေ။

ဘော့​ဝု လေးထောင့် စန္ဒ​ရား​၏ လှုပ်ရှား​မှု​သဏ္ဍာန်

စန္ဒ​ရား​မှာ အသံ​ပြိုင်​အသံ​တွဲ​များပြား​ကျယ်ဝန်း​ရုံ​မက အသံပြောင်း အသံ​လွှဲ​များ​တွင် အကူး​အပြောင်း လွယ်ကူ​လျင်မြန်လှ​၍၊ အခြား​သော ကြိုး​တူရိယာ​နှင့် တီး​ခတ် တူရိယာ​များ စုပေါင်း​တီး​ခတ်​သော အသံ​စုံ​ကို တီး​နိုင်​သော တူရိယာ​ဖြစ်​ပေသည်။

အနောက်​တိုင်း ဂီ​တသ​မိုင်း​ကို လိုက်စား​သူ​တို့​၏ အဆိုအား​ဖြင့် စန္ဒ​ရား​သည် ရှေး​ခေတ် ပါး​ရှင်း​လူ​မျိုး​တို့​၏ မူရင်းဖြစ်​သော 'ဒါး​လ​ဆီ​မာ'ခေါ် ကြိုး​တပ်​တူရိယာ​တစ်​မျိုး​မှ တစ်ဖြည်း⁠ဖြည်း​ တိုးတက်​ကောင်းမွန် လာ​သော တူရိယာ​ဖြစ်​သည်။ ဒါး​လ​ဆီ​မာ တူရိယာ​သည် ရှေး​နှစ်​ပေါင်း​များ​စွာ​အခါ​က​ပင် အရှေ့​တိုင်း ပါး​ရှား ပြည်​၌​ရှိ​ခဲ့​သော တူရိယာ​တစ်​ခု​ဖြစ်​၍၊ ၁​၁ ရာ​စု​နှစ်​နှင့် ၁​၃ ရာ​စု​နှစ်​အတွင်း က​ရူး​ဆိတ်​စစ်​သည်တော်​များနှင့်​အတူ ဥရောပတိုက်​သို့​ရောက်​ရှိ​လာ​ဟန်​တူ​၏။ ရှေး​အကျ​ဆုံး ဒါး​လ​ဆီ​မာ​မှာ ကြိုး​ဆယ်​ချောင်း​တပ် လက်ခတ်​နှစ်​ခု​နှင့် တီး​ရသော တူရိယာ​ဖြစ်​၏။ ဥရောပတိုက်​တွင် အလယ်​ခေတ်​ဆီ​က အသုံး​အများ​ဆုံး​ဖြစ်​ခဲ့​၍၊ တိုးတက်​ကောင်းမွန်​အောင်​လည်း ပြုပြင်​တီထွင်​လာ​ကြ​သည်။ ထို​ခေတ်​က​ပင် ဒါး​လ​ဆီ​မာ​ကို လက်ခတ်​နှင့် မ​တီး​ဘဲ၊ လက်​နှိပ်​ခလုတ်​များ​ဖြင့် တီး​သော​စနစ် ကို တီထွင်​ခဲ့​ကြ​ပြီး​နောက် ခလုတ်​တစ်​ခု​အတွက် ကြိုး ၂ ပင်​မှ ၅ ပင်​အထိ တပ်​ဆင်​ခဲ့​ကြ​လေ​သည်။

ဤသို့ တစ်ဖြည်းဖြည်း တိုးတက်​ကောင်းမွန်​အောင်​ပြုပြင်လာ​ခဲ့​ကြ​ရာ၊ ၁​၅ ရာ​စု​နှစ်​ဆီ​တွင် ယခု​ခေတ် စန္ဒ​ရား​များ​၏​အစဖြစ်​သော'က​လာ​ဗီ​ခေါ့'ခေါ် လေးထောင့်​ရှည်​သေတ္တာ​ပုံ လက်​နှိပ် ခလုတ်​ဖြင့်​တီး​ရ​သော ကြိုး တူရိယာ​မျိုးပေါ်​ပေါက်​လာ​ခဲ့​သည်။ က​လာ​ဗီ​ခေါ့​မှာ လေးထောင့်​ရှည် သေတ္တာ​ပုံ​တွင် အလျားလိုက်ကြိုး​များ ပြိုင်​တန်း​လျက်​ညှိကာ ထို​ကြိုး​များ​ကို လက်​နှိပ်​ခလုတ် နှင့် ဆက်​လျက်​ရှိ​သော မောင်း​တံ​ဖြင့် ရိုက်​ခတ် အသံ​ထွက်​စေသော တူရိယာ​ဖြစ်​၏။ အသံ​မြည်​အောင် တီး​ခတ်​ရန်​အတွက် လက်​နှိပ်​ခလုတ်​များ​သာ​မက လို​သော​အသံ​အနိမ့်​အမြင့်​ကို ဖိ​ပေး သော​မောင်း​တံ​များ​လည်း စန္ဒ​ရား​၌ တပ်​ဆင်​ထား​သည်။ ခလုတ်တန်း​မှာ ယခု​ခေတ် စန္ဒ​ရား​များ​တွင် တွေ့​မြင်​ရ​သော ခလုတ်တန်း​ကဲ့သို့​ပင် အဖြူ​နှင့် အနက် ခလုတ်​များ​ထား​ပုံ အစီ​အစဉ် တူသော်​လည်း၊ အသံ​စဉ်​ထား​ပုံ​မှာ ခြား​နားသည်။

က​လာ​ဗီ​ခေါ့​မှာ သေတ္တာ​ရှည်​ခပ်​ပြား⁠ပြား​ကဲ့သို့​ဖြစ်​၍ ကြမ်းပေါ်​တွင်​ချ​၍​ဖြစ်​စေ၊ စား​ပွဲပေါ်​တွင်​တင်​၍​ဖြစ်​စေ၊ တီး​နိုင်​သည်။ ၁​၆ ရာ​စု​နှစ်​ဖက်​သို့ ရောက်​သော​အခါ၊ က​လာ​ဗီ​ခေါ့​တူရိယာ များ​ကို အများ အပြား​သုံး​လျက်​ပင် ရှိသော်​လည်း၊ အလားတူ အခြား​တူရိယာ​တစ်​မျိုးပေါ်​ပေါက်​လာ​ပြန်​သည်။ ထို​တူရိယာ​မှာ က​လာ​ဗီ​ခေါ့ ကဲ့သို့​ပင်​ဖြစ်​၍၊ အောက်​မှ ခြေထောက်​များ​တပ် ဆင်​ထား​သည်။ ခလုတ်​တန်း​မှာ​လည်း က​လာ​ဗီ​ခေါ့​အတိုင်း​ပင်ဖြစ်​၏။ သို့ရာတွင် ခလုတ်​နှင့် မောင်း​တံ​အစီ​အရင်​တွင် မ​တူသော​ကြောင့် အသံ​တွင်​လည်း မ​သိ​မသာ​ကွဲပြား​မှု​ရှိ​သည်။ မောင်း​တံ​တွင် ငှက်တောင်​ကလေး​များ တပ်​ဆင်​၍ ခလုတ်​မှ နှိပ်​လိုက်​သော​အခါ ထို​ငှက်တောင်​က ကြိုး​ကို​ခတ်​မိ​ပြီး အသံမြည်​စေ​ရန် စီမံ​ထား​သည်။ ဤ​တူရိယာ​များ​ကို အင်္ဂလန်​ပြည် တွင် မိန်​မ​ပျို​ကလေး​များ အသုံး​များ​သ​ဖြင့် 'ဗါ​ဂျင်​နယ်'ဟူ​သော အမည်​ဖြင့် ခေါ်တွင်​လေ​သည်။

ဤ​ဗါ​ဂျင်​နယ် စန္ဒ​ရား​များ​မှ​တစ်​ဆင့် ပုံစံ​အမျိုး​မျိုး၊ ခလုတ်​မောင်း​စနစ်​အမျိုး​မျိုး​ကြံဆ​ပြုပြင်​၍ တီး​ခဲ့​ကြ​ရာ၊ ၁​၇ ရာ​စု​နှစ် အစ​ဆီ​တွင် အင်္ဂလန်​ပြည်​၌ ပေါ်ပေါက်​ခဲ့​သော 'စ​ပင်း နက်' စန္ဒ​ရား​မျိုး​မှာ အသုံး​များ​သော တူရိယာ​ဖြစ်လာ​သည်။ ဗာ​ဂျင်​နယ်​နှင့် စ​ပင်း​နက်​တို့​မှာ က​လာ​ဗီ​ခေါ့​၏ စနစ်​ကို​အခြေ​ခံ ၍ တပ်​ဆင်​ရသော်​လည်း၊ ကြိုး​နှင့်​မောင်း​တံ​ချန်​ပုံ၊ အသံ​ကို ထိန်း​၍ ထား​ပုံ​တို့​မှာ က​လာ​ဗီ​ခေါ့​ထက် ကောင်းမွန်​သည်။ ကြိုး​များ​ကို လို​ရာ​အသံ​ညှိ​ရာ​တွင်​လည်း က​လာ​ဗီ​ခေါ့​ကဲ့သို့ ခလုတ်​နှင့်​ဖိ​၍ ပေး​ရန်​မ​လို​ဘဲ၊ အသံ​စဉ်​အလိုက် ည|ိ​အပ်​သော ကြိုး​ကို အတို​အရှည် အစဉ်​လိုက်​ထား​၍ တပ်​ဆင်​သည်။ စ​ပင်း​နက်​မှာ စောင်း​ကဲ့သို့ သုံး​ထောင့်​သဏ္ဌာန်​စားပွဲ​ပုံ​ဖြစ်​၍၊ ယခု​ခေတ်​တွင် တွေ့​မြင်​ရ​သော 'ဂ​ရင်း'ခေါ် စားပွဲ​စန္ဒ​ရား​ကြီး များ​ကဲ့သို့​ပင် ဖြစ်​၏။

ဗာ​ဂျင်​နယ်၊ စ​ပင်း​နက်​တို့​နှင့် တစ်​ခေတ်​တည်းပေါ်​ပေါက် ခဲ့​သော စန္ဒ​ရား​တစ်​မျိုး​မှာ 'ဟာ့​ပ​ဆီ​ခေါ့'ခေါ် စားပွဲ​စန္ဒ​ရား​ကြီး တစ်​မျိုး​ပင်​ဖြစ်​သည်။ ဟာ့​ပ​ဆီ​ခေါ့​တွင် ခလုတ်​မောင်း​တံ​နှင့် အသံ​မြည်​စေသော စနစ်​မှာ ငှက်တောင်​များ​ဖြင့် ကြိုး​ကို​ပွတ် ခတ်​သော စနစ်​ပင်​ဖြစ်သော်​လည်း၊ ပမာဏ​ကြီး​ခြင်း၊ ခလုတ် တန်း ၂ တန်း အထိ ထား​ရှိ​ခြင်း​တို့​ကြောင့် အသံ​မြိုင်​သည်။ က​လာ​ဗီ​ခေါ့၊ ဗာ​ဂျင်​နယ်၊ စ​ပင်း​နက်​နှင့် ဟော့​ပ​ဆီ​ခေါ့ တူရိယာ​များ​ကို ၁​၇ ရာ​စု​နှစ် အကုန်​အထိ ဥရောပတိုက်​နိုင်ငံ အနှံ့အပြား​တွင် နှစ်သက်​စွာ​သုံးစွဲ​ခဲ့​ကြ​ရာ၊ အဆို​ပါ တူရိယာ​များ ဖြင့် ဥရောပတိုက် ဂီ​တသ​မိုင်း​တွင် ထင်ရှား​သော ဂီ​တ​ပညာ ရှင်​ကြီး​များ​ဖြစ်​သည့် ဗါခ်၊ ဟန်း​ဒယ်၊ မိုး​ဇတ်၊ ဟိုင်း​ဒင် အစ​ရှိ သူ​များ ထွန်းကား​ခဲ့​ကြ​သည်။ ဤသို့ ဂီ​တ​ပညာ​ရှင်​များ ထွန်း ကား​လျက်​ရှိ​သည်​နှင့်​အမျှ ဂီ​တ​တူရိယာ​လုပ်​သူ များ​က​လည်း မ​နေ​မ​နား အားထုတ်​လုပ်ကိုင်​တီထွင်​ကြ​ရာ၊ ၁​၇​ဝ​၉ ခု​နှစ်​ခန့် တွင် အီ​တာ​လျံ​လူ​မျိုး ဟာ့​ပ ဆီ​ခေါ့ ပြင်​သူ​ခ​ရီ​စ​တော့​ဖို​ရီ​သည် တိုးတက်​ကောင်းမွန်​သော စနစ်​သစ်​ဖြင့် အသံကျယ်​၍​ညက်ညော သော 'ပီ​ယာ​နို​ဖို​တီ'ခေါ် စန္ဒ​ရား​တစ်​မျိုး​ကို ပြုလုပ်​ခဲ့​လေ​သည်။ အီ​တာ​လျံ​ဘာသာ 'ပီ​ယာ​နို​ဖို​တီ'မှ 'ပီ​ယာ​နို'ဟူ​သော အခေါ် ဖြစ်ပေါ်​လာ​သည်။

ပီ​ယာ​နို​ဖို​တီ သို့မဟုတ် ပီ​ယာ​နို​များ​မှာ ကြိုး​တပ်​ဆင်​ပုံ ခလုတ်​တန်း​ထား​ပုံ​တို့​၌ ရှေး​စန္ဒ​ရား​များ​နှင့် တူသော်​လည်း မောင်း​တံ​ဖြုတ်​ကြိုး​ကို ရိုက်​ခတ်​ပုံ​မှာ မ​တူ​ချေ။ ခ​ရီ​စ​တော့​ဖို​ရီ​၏ စနစ်​မှာ ခလုတ်​နှင့်​မောင်း တစ်​ဆက်​တည်း​မဟုတ်​ဘဲ၊ နှိပ်​လိုက် သော​အခါ​မှ ထိ​စေ​ရန်​ချိန်​၍၊ အလွတ်​ထား​ကာ မောင်း​တံ​ထိပ် တွင် သက္ကလတ်​စ တူ​ကလေး​များ​ဖြင့် ကြိုး​ကို​တီး​ခေါက် အသံ ထွက်​စေ​ရန် စီမံ​သည်။ ခလုတ်​ကို နှိပ်​လိုက်​သော​အခါ၊ မောင်း တံကို ပင့်​တင်​ပေး​ပြီး​လျှင် မြောက်​တက်​သွား​သော မောင်း​တံ​၏ အဖျား​ရှိ သက္ကလတ်​စ​တူ​ကလေး​က ကြိုး​ကို​ခေါက်​သည်။ ထိုသို့ စီမံ​ထား​ရုံ​မက ကြိုး​ကို တီး​ခေါက်​ရာ​တွင် ကောင်းမွန်​မှန်ကန် သော အသံ​ကို​ရ​ရှိ​စေ​ရန် မောင်း​တံကို ထိန်း​သည့်​အစီ​အမံ​များ လည်း တပ်​ဆင်​ထား​သည်။

ခ​ရီ​စ​တော့​ဖို​ရီ​တွင် တပည့်​များ​ရှိသော်​လည်း၊ သူ​၏​လုပ် ငန်း​ကို အဖွဲ့​နှင့် မ​လုပ်ကိုင်​ခဲ့​သော​ကြောင့် ၁​၇​၃​၁ ခု​နှစ်​တွင် သူ​ကွယ်​လွန်​သော​အခါ သူ​၏ တပည့်​များ​သည် ဤ​လုပ်​ငန်း​ကို ဆက်လက်​၍ မ​လုပ်ကိုင်​နိုင်​ကြ​တော့​ချေ။ မည်သို့​ပင်​ဖြစ်​စေ၊ ဂျာမနီ​ပြည်​မှ ဩ​ဂင်​နှင့် စန္ဒ​ရား(က​လာ​ဗီ​ခေါ့၊ ဟာ့​ပ​ဆီ​ခေါ့)များ လုပ်​သူ ဂေါ့​ဖ​ရိုက် ဆီး​လ​ဗား​မန်း ဆို​သူ​သည် ခ​ရီ​စ​တော့​ဖို​ရီ​၏ ပီ​ယာ​နို​ဖို​တီ​မျိုး​ကို ဆက်လက်​လုပ်ကိုင်​နိုင်​ခဲ့​လေ​သည်။ ခ​ရီ စ​တော့​ဖို​ရီ မ​ကွယ်​လွန်​မီ​က စန္ဒ​ရား​များ​ကို အထူး​ကောင်းမွန် အောင်​ပြုပြင်​လုပ်ကိုင်​ခဲ့​ကြ​သူ​များ​တွင် ရှ​ရိုး​တား​အမည်​ရှိ ဂျာမနီ ပြည်​သား တစ်​ဦး​သည်​လည်း ထင်ရှား​ခဲ့​သည်။ ဆီး​လ​ဗား​မန်း သည် ရှ​ရိုး​တား​၏ ပုံစံ​ကို အခြေ​ပြု​သည်​ဟု​လည်း အချို့​က ယူဆ​ကြ​သည်။ မည်သို့​ပင်​ဖြစ်​စေ၊ ဆီး​လ​ဗား​မန်း​၏ စန္ဒ​ရား​များ သည် ခ​ရီ​စ​တော့​ဖို​ရီ​၏ စန္ဒ​ရား​များ​နှင့် တစ်​စနစ်​တည်း​ဖြစ်လာ သည်။ ထို့နောက်​တွင် ဂျာမနီ​ပြည်​သား ဖ​ရက် ဒ​ရီ​ဆီ​သည် လေးထောင့်​စားပွဲ​ပုံ စန္ဒ​ရား​ကြီး​များ​ကို ထွင်​၍​လုပ်ကိုင်​ခဲ့​ပြန် သည်။ ထို​လေးထောင့်​စားပွဲ စန္ဒ​ရား ကြီး​များ​သည် နောက်ထပ် ဆက်လက်​၍ မပေါ်​ပေါက်​ခဲ့သော်​လည်း ထို​စနစ်​ကို​ယူ​၍ ဗ​ရပ် ဆဲ​မြို့​မှ ဗစ်​တာ​မာ​အီ​ယွန်း​သည် ၁​၇​၄​၅ ခု​နှစ်​တွင် ထောင်​လိုက် စန္ဒ​ရား​များ​ကို လုပ်ကိုင်​ခဲ့​ရာ၊ ထို​စန္ဒ​ရား​သည်၊ 'ဖ​ရက် ဒ​ရီ​ဆီ​၏ ထောင်​လိုက်​စန္ဒ​ရား' ဟု​တွင်​သည်။

ထို​အခါ​မှ​စ​၍ ပြားလိုက်​ဖြစ်​သော ခ​ရီ​စ​တော့​ဖို​ရီ​၏ စန္ဒ​ရား​မျိုး၊ ဖ​ရက်​ဒ​ရီ​ဆီ​၏ လေးထောင့်​စားပွဲ စန္ဒ​ရား​မျိုး​နှင့် မတ်တတ်(ထောင်​လိုက်) စန္ဒ​ရား​မျိုး​ဟူ၍ သုံး​မျိုး​သုံး​စား​ရှိ​ခဲ့ သည်။ ပထမ​အမျိုး​ဖြစ်​သော ပြားလိုက် စန္ဒ​ရား​မျိုး​ကို ဂ​ရင်း​ဟု ခေါ်​တွင်​သည်။ လေးထောင့်​စားပွဲ စန္ဒ​ရား​မျိုး​ကား ယခု​အခါ မ​သုံးစွဲ​ကြ​တော့​သ​လောက်​ပင် တိမ်မြုပ်​သွား​ပြီ​ဖြစ်​၍၊ မတ်တတ် စန္ဒ​ရား​များ​ကို​ကား အများ​အပြား​ပင် သုံးစွဲ​လျက်​ရှိ​ပေ​သည်။ ဤသို့​လျှင် အပြည်​ပြည်​မှ ဂီ​တ​ပညာ​ရှင်​များ​နှင့် ဂီ​တ​တူ​ရိ ယာ​ပါ​ရ​ဂူ​များ​သည် တစ်​စ​ထက်​တစ်​စ​တိုးတက်​ကောင်းမွန်​အောင် ပြုပြင် လုပ်ကိုင်​၍​လာ​ခဲ့​ကြ​ရာ၊ ယခု​အခါ အလွန်​ကောင်းမွန် သော ဂ​ရင်း သို့မဟုတ် မတ်တတ်​စန္ဒ​ရား​ကြီး​များ​သည် ကမ္ဘာ တစ်​ဝှန်း​လုံး​ရှိ ဂီ​တ​လောက​တွင် ခေတ်​စား​တွင်ကျယ်​လျက် ရှိ​လေ​သည်။

အထက်​၌ ဖော်​ပြ​ခဲ့​သည့်​အတိုင်း ဥရောပတိုက်​မှ ပီ​ယာ​နို​ဖို တီ​များ​ဖြစ်လာ​ပုံ အဆင့်ဆင့်​သမိုင်း​စဉ်​ကို အမြွက်​မျှ​သိ​ခဲ့​ကြ​ပြီ ဖြစ်သော်​လည်း၊ ထို​ပီ​ယာ​နို​ဖို​တီ​သည် မည်​သည့်​အခါ​က မြန်မာ ပြည်​သို့ ရောက်​ရှိ​လာ​၍၊ မည်သည်​ကို​အစွဲပြု​ကာ စန္ဒ​ရား​ဟူ သော မြန်မာ ဝေါဟာရ​ဖြင့် ခေါ်တွင်​ခဲ့​သည်​ကို လေ့​လာ​ရန် လို အပ်​ပေ​သေး​သည်။

မြန်မာ​နိုင်ငံ​၌ စန္ဒ​ရား​ဟူ​သော ဝေါဟာရ​ကို သုံး​ခဲ့​သော အစော​ဆုံး​ကာလ​ကို ရှာသည်​ရှိသော်၊ ပုဂံ​ဝန်ထောက် ဦးတင် ရေး​သော ကဗျာ​ဗန္ဓ​သာ​ရ​ကျမ်း​၌ 'သဘင်သည် ၃​၇ ရပ်' ကျောက်စာ​များ​တွင်​ပါ​ပုံ​ကို ဖော်​ပြ​ရာ​တွင် '၅​၉​၇ ခု​နေ့စွဲ​ပါသော မင်း​ဆရာ​ပိ​တ​ရစ်​ကျောက်စာ​တွင် စန္ဒ​ရား​သည်​ဟူ၍​၎င်း၊ သိ​ခြင်းသည် (သီချင်း​သည်) ဟူ၍​၎င်း၊ စည်​သည်​ဟူ၍​၎င်း၊ ရေးသား ပါရှိ​သည်'ဟူ၍ ဖော်​ပြ​ထား​သည်​ကို တွေ့​ရ​၏။ ထို့​ကြောင့် စန္ဒ​ရား​မှာ ပုဂံ​ခေတ်​လောက်​က​ပင် ရှိ​နေ​သည်​ဟု​ဆို​ရ​ပေ​မည်။ သို့သော် ထို​အချက်​ကို ခိုင်လုံ​စေ​မည့် အခြား​အထောက်​အထားများ​ကို​မူ မ​တွေ့​ရ​ချေ။ ထို့​ပြင် ထို​ကဗျာ​ဗန္ဓ​သာ​ရ​ကျမ်း​အရ

  • (၁) စည်​မျိုး ၁​၃ ပါး၊
  • (၂) ကြေး​မျိုး ၁​ဝ ပါး၊
  • (၃) တံပိုး​မျိုး ၈ ပါး၊
  • (၄) အငြိမ့်​မျိုး ၆ ပါး​ဟူ၍ ရ​ကင် ၃​၇ ချင်း (ဝါ) တူ​ရိယာ ၃​၇ ချင်း​ရှိ​ရာ​တွင် မြန်မာ​သက္ကရာဇ် ၁​ဝ​၇​၆-၁​ဝ​၉​၅ ခု​နှစ်အတွင်း အင်း​ဝ​ဘုရင် တနင်္ဂနွေ​မင်း တရား​ကြီး​လက်ထက်

စီရင်​ရေးသား​သော ဦး​ကုလား​၏ မဟာ​ရာဇဝင်​ကြီး​တွင် 'အငြိမ့် မျိုး ၆ ပါး​ဟူ​သည် ကား၊ စောင်​လည်း​တစ်ပါး၊ ငြင်း​လည်း တစ်ပါး၊ မိကျောင်း​လည်း ​တစ်ပါး၊ အောင်း​ကလေး​လည်း တစ်ပါး၊ စန္ဒ​ရား​လည်း တစ်ပါး၊ တ​ရော​လည်း​တစ်ပါး၊ ဤ ခြောက်​ပါး​တည်း'ဟူ၍ ဖော်​ပြ​ထား​၏။ စန္ဒ​ရား​ကို အစော​ဆုံး ဖော်​ပြ​ထား​သည့် အထောက်​အထား​ဖြစ်​ပေ​သည်။ သို့သော် ဦး​ကုလား​ရာဇဝင်​ကို အခြေ​ခံ​ပြု​၍ ချဲ့ထွင်​ရေးသား အပ်​သော မှန်​နန်း​ရာဇ​ဝင်တော်​ကြီး​၌​မူ၊ စန္ဒ​ရား​၏​နေရာ​တွင် ပတ္တ​လား​ကို ထည့်​သွင်းဖော်​ပြ​ထား​သည်​ကို တွေ့​ရ​လေ​သည်။ ထို့​ပြင် မ​ဃဒေ​ဝ​လင်္ကာ​သစ်​၌​လည်း 'စောင်း​ငြင်း၊ မိကျောင်း၊ အောင်း​ပတ္တလား၊ တ​ရော​အား​ဖြင့် ခြောက်​ပါး​ငြိမ့်​မျိုး'ဟူ၍ အငြိမ့်​မျိုး ခြောက်​ပါး​တွင် စန္ဒ​ရား​နေရာ​၌ ပတ္တ​လား​ကို ထည့်​သွင်း​စပ်ဆို ထား​သည်​ကို​တွေ့​ရ​၏။ သို့ရာတွင် မြန်မာ​သက္ကရာဇ် ၁⁠၁​၆​ဝ ပြည့်​နှစ်​တွင် စပ်ဆို​သော တွင်း​သင်း​မင်းကြီး​၏ ဝေ​ဿန္တ​ရာ​ပျို့​၌ သားတော် ဝေ​ဿန္တ​ရာ​မင်းသား​ကို ပြန်​လည်ခေါ်​ဆောင်​ရန် အတွက် စေ​တုတ္ထ​ရာ​ပြည်​မှ ဝင်္ကပါ တောင်​သို့ ဆိုက်​အောင် ပွဲလမ်း​သဘင်​များ​စီရင်​စေ​ခန်း​တွင် 'စောင်း​ငြင်း​မိကျောင်း၊ အောင်​က​လေးကျော်၊ သံငေါ်​လက်​ခုပ်၊ စည်း​ဆုပ်​ပတ္တ​လား၊ စန္ဒ​ရား​တို့၊ ထွေပြား​ရေးရာ၊ တေး​တျာ​အေး​မြတ်၊ ငြိမ်​သက် သီး​သီး၊ နား​မ​ငြီး​အောင်၊ မှုတ်​တီး​လိုက်​လား၊ အငြိမ့်​သား​သည်၊ သံ​ထား​ညင်း​ညင်း ပွန်​စေ​တုံ'ဟူ၍ အငြိမ့်​သား​တို့ တီးမှုတ်​ရ​မည့် တူရိယာ​တွင် ပတ္တ​လား​နှင့် စန္ဒ​ရား​နှစ်​မျိုး​လုံး​ကို ထည့်​သွင်း ရေး​စပ်ဖော်​ပြ​ထား​သည်​ကို တွေ့​ရ ပြန်​သည်။ ယင်းသို့​သော တွေ့​ရှိ​ရ​ချက်​တို့​ကြောင့် မြန်မာ​နိုင်ငံ​တွင် ရှေး​အခါ​က​ပင် စန္ဒ​ရား​ဟုခေါ်​သော တူရိယာ​တစ်​မျိုးရှိ​ခဲ့​ပေ​မည်​ဟု ယူဆ​ရ​၏။

သို့သော် ထို​ခေတ်​က စန္ဒ​ရားခေါ်​သော တူရိယာ​၏ ပုံ​သဏ္ဌာန်ကို အတိ​အကျ​မ​သိ​ရ​ပေ။ ထို​စန္ဒ​ရားခေါ်​သော တူရိယာ​သည် ယခု​ခေတ်​တွင် စန္ဒ​ရား​ဟူ၍ ခေါ်​နေ​ကြ​သည့် ပီ​ယာ​နို​များ​မှာ သိုး​ဆောင်​သံ​စဉ်​ဖြင့် ပြုလုပ်​ထား​သော တူရိယာ​များ​ဖြစ်​သည်။ ပီ​ယာ​နို​ဖို​တီ​တူရိယာ​သည် မြန်မာ​ပြည်​သို့ ခရစ် ၁​၈​၇​၂ ခု​နှစ်၊ မင်း​တုန်း​မင်းတရား​လက်ထက်​က အီ​တာ​လျံ​သံ​များ လက် ဆောင်​ပဏ္ဏာ​အဖြစ် ယူဆောင်​လာ​၍ ရှေးဦးစွာ​ရောက်​ရှိ​လာ​သည်ဟု​ဆို​သည်။ (ကုန်းဘောင်ခေတ်နှောင်း ၁၈၇၂ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၁၂၃၃ ခုနှစ်မှာ အီတလီ သံတမန်တို့က (Piano) ပီယာ နိုတူရိယာကို မင်းတုန်းမင်းကို ဆက်သပါတယ်။ နန်းတွင်း တူရိယာ ဂီတ ပညာကျော်များက စမ်းတဝါးဝါး တီးရတာကို စန္ဒဝါး ခေါ်ရာက စန္ဒရားလို့ ရွေ့လျား လာပါတယ်။ [၁])

ထို​အခါ​က နန်း​တွင်း​ဂီ​တ​ပညာ​သည်​များ​မှ ပတ္တ​လား​ဆရာ ဆရာ​ညွှန့်​သည် ပီ​ယာ​နို​ဖို​တီ​၏ သံ​စဉ်​သဘော ကို စမ်းသပ်​လေ့​လာ​ပြီး​လျှင် ပတ္တ​လား​လက်​ကွက်​အတိုင်း​ညှိ​ကာ မြန်မာ​သီချင်း​တီး​၍ ရွှေနားတော်​သွင်းခဲ့​သည်​ဟု သိ​ရ​ပေ​သည်။ မည်သို့​ပင်​ဖြစ်​စေ၊ မြန်မာ​ပြည်​နှင့် ဥရောပတိုက် အဆက် အသွယ်​များ​လာ​သော အနောက်​ခေတ်​တွင် စန္ဒ​ရား​များ​ကို ငွေ ကြေး​တတ်နိုင်​သူ မြန်မာ​ဂီ​တ​ပညာ​ရှင်​တို့​လည်း ဝယ်​ယူ​သုံးစွဲ လာ​ခဲ့​ကြ​ရာ၊ ထို​တူရိယာ​၏ သဘော​အမှန်​ကို တွေ့​ရှိ​လာ​ကြ သ​ဖြင့် စန္ဒ​ရား​တီး​၍ ကျော်​ကြား​သူ​များ​ပင် ပေါ်ပေါက်​လာ​ခဲ့​ပေ သည်။ မြန်မာ​လူ​မျိုး​ထဲ​မှ ရှေးဦးစွာ စန္ဒ​ရား​ဝယ်​၍ တီး​ခဲ့​သူ​မှာ ဦး​ဧ​မောင်​ဆို​သူ​ဖြစ်​၍၊ ထို့နောက်​တွင် စန္ဒ​ရား​ဆရာ​မောင်၊ စန္ဒ​ရား​ဘ​အုံး၊ စန္ဒ​ရား​မမ​ကြီး၊ စန္ဒ​ရား​ချံ​ပီ​ယန် မောင်ကျော် စ​သည်​ဖြင့် ထင်ရှား​သူ​များ​သည် တစ်​ခေတ်​ပြီး တစ်​ခေတ် ပေါ်​ထွက်​လာ​ခဲ့​ကြ​သည်။[၂]

ကိုး​ကား[ပြင်​ဆင်​ရန်​]

  1. (သစ္စာ+မေတ္တာ)ကိုကိုအောင် ရေး ဂရိတ်ဖိုးစိန်နှင့် စန္ဒရား (ရွှေအမြုတေ)
  2. မြန်​မာ့​စွယ်စုံ​ကျမ်း၊ အတွဲ(၄)