ဗိသုကာပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

လူတို့၏ ခိုလှုံမှုအတွက် အဆောက်အအုံများ ဆောက်လုပ်ရေး ၌ အဆောက်အအုံပစ္စည်းများနှင့် ရာသီဥတု ကာကွယ်မှုများ၊ နေရေး၊ စားရေး၊ အိပ်ရေး စသည်များကို မိမိတို့၏ ဘာသာအယူဝါဒနှင့် လူမျိုးရိုးရာ ထုံးတမ်းစဉ်လာအရ ဦးစီး၍ တည်ဆောက်သူကို ဗိသုကာ ဟု ခေါ်ကြ၍ ယင်းသို့ တည်ဆောက်မှုပညာကို ဗိသုကာပညာ ဟုခေါ်သည်။

လူတို့ခိုလှုံမှုများတွင် အရေးအကြီးဆုံး အဆောက်အအုံ မှာ နေအိမ်များဖြစ်ကြ၏ ။ လူတို့သည် အရိုင်းဘဝ၌ သဘာဝအလျောက် ဖြစ်ပေါ်နေသော ကျောက်ဂူကြီးများကို ရှာ ဖွေ နေထိုင်ခဲ့ကြသည် ။ အသိဉာဏ် တစတစ တိုးပွားလာသောအခါ၊ သားရဲတိရစ္ဆာန်တို့၏ ဘေးအန္တရာယ်မှ လုံခြုံရန်၎င်း ၊ နေ၏ အပူရှိန်၊ မိုးပေါက်နှင်းခဲတို့၏ အအေးဒဏ်တို့ ညှဉ်းပန်းနှိပ်စက်ခြင်းမှ ကာကွယ်ရန်၎င်း သူတို့၏ ဉာဏ်စွမ်းဖြင့် နေအိမ်များကို ကြံစည်ဆောက်လုပ်ခဲ့ရာမှ အစပြု၍ ဗိသုကာပညာပေါ်ထွန်းလာခဲ့သည် ။ လူတို့သည် ဂူများတွင် ခိုအောင်းနေထိုင်စဉ် အခါမှစ၍ မိမိတို့၏ ဂူများတွင် အနုပညာရပ်များကို ဖော်ပြခဲ့ကြလေရာ ယခုတိုင် ကျောက်ဂူနံရံများတွင် တွေ့ရှိနိုင်သည် ။ ဤကား ဗိသုကာပညာဖြင့် စတင် အမွှမ်းတင်ခြင်းဖြစ်သည် ။

နိုင်ငံတနိုင်ငံ၏ ဗိသုကာ အနုပညာ လက်ရာများသည် ထိုနိုင်ငံ၏အယူဝါဒ၊ ရာသီဥတု နှင့် ထိုဒေသ၌ ရရှိနိုင်သော အဆောက်အအုံပစ္စည်းများပေါ်တွင် အမှီပြုကြ၏ ။ ပုံစံဆိုသော် ကျောက်ပေါများသော နိုင်ငံတွင် ကျောက်များ ဆစ်၍ တည်ဆောက်သော ဗိသုကာလက်ရာများကို တွေ့ရ၏ ။ ဂရိနိုင်ငံ၌ ကျောက်များဖြင့်တည်ဆောက်ထားသော ပါသီနွန် စသည့် ဂရိ ဗိသုကာ လက်ရာများကို ယခုတိုင် တွေ့မြင် နိုင်သေးသည် ။ သစ်ဝါးပေါများသော မြန်မာနိုင်ငံ၊ ဂျပန်နိုင်ငံ စသည့် နိုင်ငံများတွင် သစ်ဝါးနှင့် အများဆုံး တည်ဆောက်ခဲ့ကြသည် ။

အဆောက်အအုံ၏ စနစ်ပုံစံများမှာလည်း ရာသီဥတုအလိုက် တည်ဆောက်ကြ၏ ။ နေအလွန် ပူပြင်းသော နိုင်ငံများတွင် နေရောင်ကာ တန်စက်မြိတ်များထုတ်၍ ဆောက်ခြင်းဖြင့် နေပူရှိန်ကို အကွယ်အကာ ပြုကြ၏ ။ မိုးအလွန်အားကြီးသော ဒေသများတွင် ရေဆင်းလွယ်ကူသော ခေါင်ဆင်းများကို စောက်စောက် ဆောက်လုပ်ကြ၏ ။ ရာသီဥတု အေးသော တိုင်းပြည်များတွင် ခေါင်ပြန့်များ နှင့်သာ တည်ဆောက်ကြလေသည် ။

ဗိသုကာပညာကို လေ့လာရာ၌ ကမ္ဘာ့သမိုင်းကိုပါ ယှဉ်တွဲလေ့လာသင့်သည် ။ သမိုင်း ကို လေ့လာခြင်းဖြင့် ဗိသုကာများ အဆောက်အအုံ ပုံစံထုတ်လုပ်ရာ၌ များစွာ အထောက်အကူပြုသည် ။ လွန်ခဲ့သော အနှစ် ၁၀ဝ ကျော်ခန့်အထိ ဖြစ်သော ဗိသုကာ လက်ရာများသည် ရှေးဟောင်းပုံစံများကို အခြေခံထား၍ ဆောက်လုပ်ထားကြသည် ။ ရှေးဗိသုကာပညာကို ထိန်းသိမ်းသည့် သဘောပင်ဖြစ်သည် ။ အနောက်နိုင်ငံ ဗိသုကာ ပညာ ၏ အရင်းအမြစ်ကို လိုက်မူ မြေထဲပင်လယ်ဒေသ ၊ တိုင်းဂရစ်နှင့် ယူဖရေးတီးမြစ် ၂ မြွှာဒေသ ၊ အီဂျစ်နိုင်ငံ နိုင်းမြစ်ဝှမ်းဒေသတို့တွင် တွေ့ရ ပေမည် ။ ဘီစီ ၄ ဝ၀ဝ ခန့်ကပင် စတင်၍ မြေထဲပင်လယ်ဒေသ၌ ကျောက်တုံးများဖြင့် နေအိမ် ၊ ဘုရားကျောင်း ၊ ဂူသင်္ချိုင်း စသည်တို့ကို ဆောက်လုပ်၍ ရုပ်လုံးများ ခပ်ကြမ်းကြမ်း ထွင်းထု ခြယ်သထားသည်ကို တွေ ့ရသည် ။ [၁]


မြန်မာဗိသုကာပညာ[ပြင်​ဆင်​ရန်​]

မြန်မာနိုင်ငံ ဗိသုကာပညာသည် အိန္ဒိယနိုင်ငံ မဇ္ဈိမဒေသမှ ဗုဒ္ဓအယူဝါဒနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ဟု ယူဆကြသည် ။ ဗိသုကာပညာသည် ရှေးဦးစွာ ပျူလူမျိုးတို့၏ ဒေသဖြစ်သော သရေခေတ္တရာ၌ ၎င်း ၊ ရှေးမွန်လူမျိုးတို့၏ ဒေသဖြစ်သော သုဝဏ္ဏဘုမ္မိ သထုံ၌၎င်း ထွန်းကားခဲ့သည် ။ သရေခေတ္တရာခေတ် တွင် ထင်ရှားသည့် လက်ရာမှာ ပေါပေါကြီး ( ဘောဘောကြီး ) ၊ ဘုရားကြီး ၊ ဘုရားမာတို့ ဖြစ်သည် ။ ပေါပေါကြီး ဘုရားသည် အထက်အောက် တပြေးတည်း ကဲ့သို့ လုံးပတ် ညီညာသော စေတီ ဖြစ်၍ ဘုရားကြီးနှင့် ဘုရားမာတို့သည် အထက်ပိုင်းချွန်သော စေတီလုံးများ ဖြစ်သည် ။ ခေါင်းလောင်းပုံ ၊ သပိတ်မှောက်၊ ဖောင်းရစ် ၊ ကြာမှောက်ကြာလှန်များ မပါဝင်ချေ ။ ပုဂံခေတ် ကျန်စစ်သားမင်းလက်ထက်တွင် မြန်မာတို့၏ ဗိသုကာပညာသည် အထွတ်အထိပ်သို့ရောက်နေပြီဟု ဆိုနိုင်သည် ။ ပုဂံခေတ်ဂူဘုရားများတွင် အပြင်နံရံမှ အတွင်းမဏ္ဍိုင်သို့ မိုးလျှောပေါင်းကူးပြုလုပ်ခြင်း ၊ သစ်သားထုတ်လျောက်မပါဘဲ ခိုင်ခံ့စွာစီမံထားနိုင်ခြင်းသည် ချီးကျူးလောက်သော မြန်မာ့ဗိသုကာပညာရပ်ပင်ဖြစ်သည် ။ [၁] ပုဂံခေတ်နောက်ပိုင်းတွင် ဗိသုကာလက်ရာ သိသိသာသာ ထွန်းကားခြင်းမရှိဘဲ ၁၈၅၇ ရောက်မှ အနုပညာများ အားသစ်တက်လာသည် ။ မန္တလေး ဗိသုကာ အဆောက်အအုံများသည် ပုဂံခေတ်၏ အစဉ်အလာများကို လိုက်နာကျင့်သုံးထားသော်လည်း အနောက်နိုင်ငံ ဗိသုကာ အငွေ့အသက်များ သိသိသာသာ သက်ရောက်ထင်ဟပ်လျက်ရှိသည် ။

ရည်ညွှန်းစာအုပ်[ပြင်​ဆင်​ရန်​]

၁။ မြန်မာ့စွယ်စုံကျမ်း ( အတွဲ ? အမှတ် ? )

ပြင်ပလခ့်များ[ပြင်​ဆင်​ရန်​]