အနုပညာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

အနုပညာ[ပြင်​ဆင်​ရန်​]

လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြနိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။ အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့ဩခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလင်္ကာကျမ်းများအလာ စိတ်အရသာ ကိုးပါးအနက် တစ်ပါးပါးကို ခံစားရမှု ဖြစ်ပေသည်။ မျက်မှောက်ခေတ် စိတ္တဗေဒေ ပညာရှင်တို့၏ အလိုအရမူ စိတ်အရသာ၊ (သို့) လှုပ်ရှားမှု (၁၄) မျိုးရှိသည်ဟု သိရပေသည်။ အနုပညာကို တစ်နည်းအားဖြင့် ဆိုရသော ခံစားမှုကို တင်ပြသော ပညာရပ်မျိုးဟူ၍ ဖြစ်သည်။ သိ်ပ္ပံပညာသည် အကြောင်းတရားကို သရုပ်ခွဲပြသည်။ အနုပညာကမူ အကျိုးတရား၊ (သို့) စိတ်လှုပ်ရှားမှုအတွက် ခံစားမှုုကို ဖွဲ့ပြသည်။ စေတနာကို လှုံ့ဆော်သော စိတ်ဘဝင်၌ ခံစားမှုကို ဖွဲ့ပြသော အနုပညာရပ်တွင် ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ သဘင်ပညာနှင့် အနုစာပေတို့သည် အဓိက အားဖြင့် ပါဝင်ကြသည်။

ပန်းချီ၊ ပန်းပု၊ ဗိသုကာ စသည်တို့ကဲ့သို့ လူတို့၏ စိတ်စေတနာကို လုံ့ဆော်ပေးနိုင်စွမ်းသော အနုပညာကို လူတို့သည် မည်ကဲ့သို့ တွေ့ရှိဖန်တီးခဲ့ကြသနည်း။ ရှေးလူတို့သည် ပန်းကန် ခွက်ယောက်များ၊ စူးဆောက် တန်ဆာ ပလာများ၊ လက်နက် ပစ္စည်းများ စသည်တို့ကို လိုအပ်သဖြင့် တီထွင်လုပ်ကိုင် အသုံးပြုခဲ့ကြသည်။ ပထမတွင် ကျောက်ပြားများကို စားစရာထည့်စားရန် အသုံးပြုခဲ့ကြသည်။ နောင်အခါ ကောက်ပြားကို ပန်းကန်ပြားသဏ္ဍာန် ထွင်း၍ အသုံးပြုကြသည်။ သတ္တုများကို တွေ့ရှိ၍ မီးအားဖြင့် သတ္တုကို လိုရာပုံသွင်းနိုင်ကြောင်း သိလာ ကြသောအခါ မိမိတို့၏ အသုံးအဆောင်ပစ္စည်း ကိရိယာများကိုအဆင့်ဆင့် တိုးတက်ကောင်း မွန်အောင် ပြုပြင် လုပ်ကိုင်ကြသည်။ ယင်းသို့အားဖြင့် မိမိတို့၏ အသုံး အဆောင်များကို အသုံးလည်းကျ၊ လှလည်း လှပအောင် ပြုလုပ်နိုင်စွမ်းကိုလည်း တွေ့မြင်လာကြသည်။ ထိုအခါ အလှ အပရှိမှု၊ တင့်တယ်မှု တို့ကို နှစ်သက်သော သဘောလည်း ဖြစ်လာကြ၍ ပစ္စည်း အသုံးအဆောင်တစ်ခုကို နေမှုထိုင်မှု အရေးအတွက် အသုံးချမှု အပြင် စေတနာကို နှိုးဆော်၍ စိတ်၌ နှစ်သက်ခြင်းဖြစ်အောင် စိတ်ဖြင့် အရသာခံစားနိုင်အောင် ဖန်တီးပြုလုပ်နိုင်ကြောင်း ကိုလည်း သိလာကြသည်။ လူတို့၏ နေမှုထိုင်ရေးအတွက် ပစ္စည်းအသုံးအဆောင်များကို အသုံး လည်းကျ၊ လှလည်း လှပအောင် တီထွင်လုပ်ခဲ့ကြ၍ လူနေမှု အဆင့်အတန်း မြင့် လာသောအခါ အသုံးမှုအတွက် တီထွင် ဖန်တီးမှုများအပြင် စိတ်အရသာ ခံစားနိုင်ရေးအတွက်လည်း တီထွင်ကြံဆ လာခြဲ့ကလေသည်။

အနုပညာသည် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆ ဖန်တီးရသော ပညာမျိုးဖြစ်သည်။ သဘာဝ အလှအပ အတင့်အတယ်တို့ကို အနုပညာဟု မဆိုနိုင်ပေ။ ကြည်နူးဖွယ်ရာအရုဏ်ဦး၊ သာယာညွတ်နူးဖွယ် ်ကျေးငှက်တွန်သံ ကျူးသံတို့သည် ပင်ကိုယ်အလှအပ၊ ကြည်နူးဖွယ်ရာများ ဖြစ်လင့်ကစား အနုပညာသဘော မပါခြေ။ အနုပညာကို ဖန်တီးသော အနုပညာရှင်က သက်ရှိ သက်မဲ့ ပတ်ဝန်းကျင်၌ မြင်တွေ့ကြားသိရသော ဘဝအာရုံတို့အပေါ်သို့ ယင်းစေတနာ သက်ရောက်၍ ထိုစေတနာ အလျောက် သူ့အမြင်၊ သူ့အကြား၊ သူ့အတွေ့အကြုံ တို့ကို သရုပ်ဖော် ဖွဲ့နွဲ့ထားခြင်းမျိုးသည်သာလှျင် အနုပညာ သဘောပါလေသည်။ အနုပညာရှင်၏ အမြင်၊ အကြား၊ အတွေ့အကြုံတို့ကို စေတနာအလျောက် သရုပ်ဖော်ဖွဲ့ပြသော အနုပညာတစ်ရပ်ဖြစ်သည်။ ပန်းချီအတတ်သည် စာရေးခြင်းအတတ် မပေါ်မီကပင် ပေါ်ပေါက်ခဲ့သည်။ ဂူနေရှေး လူတို့သည် မိမိတို့ဘဝ ပတ်ဝန်းကျင်၌ မြင်တွေ့သမှျ မိမိတို့စိတ်၌ ခံစားရသမှျကို မြေနီ၊ မြေဝါ၊ မြေဖြူ၊ မီးသွေးစသည်တို့ဖြင့် ဂူနံရံများပေါ်၌ ပုံပန်းသဏ္ဍာန် ဌာနများ ရေးချယ်၍ ဖွဲ့ပြကြသည်။ ရှေးလူဟောင်းတိုသည် စကားလုံး မကြွယ်ဝကြသေးသဖြင့် မိမိတို့ ဆိုလိုချက်ကို အရုပ်ရေးချယ်ပြခြင်း ဖြစ်သည်။

ထိုကြောင့် တရုတ်စကားပုံတစ်ခုကရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့် တာသွားသည်ဟု ဆိုခြင်း ဖြစ်သည်။ ဂူနေရှေးလူတို့၏ ပန်းချီစံနစ်သည် မျဉ်းရေးဆေးခြယ်နည်း၊ သို့မဟုတ် ကောက်ကြောင်းပန်းချီစံနစ် ဖြစ်သည်။ ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ပန်းချီအဆင့်အတန်းသည်လည်း တိုးတက်လာရာ၊ ပန်းချီအတတ်သည် လူတို့၏ စိတ်နှလုံးကို ယူကျုံးလှုပ်ရှားစေနိုင်စွမ်းသော အနုပညာတစ်ရပ် ဖြစ်လာခဲ့လေသည်။ ပန်းချီပညာနည်းတူ ရှေးကျသော အနုပညာတစ်ရပ်မှာ ပန်းပုပညာ ဖြစ်သည်။ ပန်းပုဟူသော မြန်မာ ဝေါဟာရ၏အဓိပ္ပါယ်ကို တိကျစွာ ဖော်ပြရလျှင် သစ်သား၊ ဆင်စွယ်၊အရိုး၊ အုတ်၊ အင်္ဂတေ၊ သတ္တု စသည်တို့ဖြင့် ထုလုပ်ခြင်းနှင့် စပ်လျဉ်းသော အနုပညာရပ်ကို ဆိုလိုပေသည်။ စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ် ပန်းတက်ပန်းထပ်စသည်တို့ကိုထုလုပ်ခြင်းနှင့် စပ်လျဉ်းသော အနုပညာကို ဆိုလိုပေသည်။ စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ်တို့ကဲ့သို့ နှစ်သက် ဖွယ်ရာ အလှအပ တန်ဆာဆင် ပန်းပုပညာအပြင် ပုံတူရုပ်လုံး ရုပ်တုပညာသည်လည်း ပန်းပုပညာ၌ သက်ဝင်သည်။ ပန်းချီ ပညာရှင်သည် မိမိဖွဲ့ပြလိုသော အကြောင်းရပ်ကို အနံအလျား အားဖြင့် ပုံပန်းဖော်၍ ဆေးခြယ်ပြသည်။ ပန်းပုပညာရှင်ကမူ ထုထည်ဖြင့် ပုံသဏ္ဌာန် ဖော်ပြသည်။ ကလေးသုူငယ်တို့သည် ရွှံ့စေး၊ မြေစေးတို့ဖြင့် မိမိတို့စေတနာရောက်ရာ သက်ရှိသက်မဲ့ တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြကြသကဲ့သို့ ရှေးလူတို့သည်လည်း မြေစေး၊ ရွှံစေး၊ ကျောက်တုံး ကျောက်ခဲတို့ဖြင့် မိမိတို့၏ စေတနာရောက်ရာ သက်ရှိသက်မဲ့တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြ ကြရာမှ မျက်စိပသာဒအားဖြင့် နှစ်သက်ဖွယ်ရာ ကြွရွလှပသော အဆင်တန်ဆာ ပန်းပုလက်ရာများ၊ အသက်ဝင် လှုပ်ရှား နေ သယောင် ထင်မှတ်ဖွယ်ရာ ရုပ်လုံးရုပ်တုကို ထုလုပ်ပုံဖော်နိုင် လာကြ၍ ရှုမြင်ရသူတို့၏ စိတ်ဘဝင်၌ ထိခိုက်လှုပ်ရှားစေ ပြီးလျှင် နှစ်ခြိုက်ခြင်းဖြစ်အောင် ဖန်တီးနိုင်သော ပန်းပု အနု ပညာတစ်ရပ် ဖြစ်လာလေသည်။

လူတို့သည် အပူအအေး စသော ရာသီဥတု၏ ဒဏ်မှ အကာအကွယ် ရစေရန် အမိုးနှင့် လေးဘက် လေးတန် ထရံ ကာ အဆောက်အအုံငယ်ကို ဆောက်လုပ်သည်။ ထိုအခြေအနေ အထိ လူ၏ အားထုတ်မှုသည် အသုံးချရေးသာ ဖြစ်သည်။ အကယ်၍ အဆောက်အအုံ၏ အမိုးစွန်ကို ပို၍ ချွန်းထွက် ကော့ပျံစေကာ တစ်မျိုး တစ်မည်လှပစေခြင်း၊ အဝင်အထွက် တံခါးပေါက် တစ်ဘက်တစ်ချက်စီ၌ တိုင်လုံးများ စိုက်ထူ၍ ရှုမြင်ရသူတို့၏ မျက်စိပသာဒဖြစ်အောင် နှစ်ချိုက်စေခြင်း ဖြစ်အောင် အားထုတ်သောအခါ အနုပညာ သဘောပါသော ပိသုကာပညာ သက်ဝင်လာလေသည်။

လူတို့သည် စိတ်၌ ထိခိုက်လှုပ်ရှားသည့်အခါ အသံထွက်၍ မိမိတို့၏ ခံစားမှုကို ပြကြသည်။ ငိုခြင်း၊ ရယ်ခြင်းတို့ကား ဤသဘောတည်ုး။ ယင်းသို့ စိတ်လှုပ်ရှားမှုကို အသံဖြင့် ပြုကြ ပုံကို အနုပညာသဘောဖြင့် ဖွဲ့နွဲ့ပြသောအခါ၊ တိုက်ပွဲ၌အောင်ပွဲ ရ၍ အောင်သံဟစ်ကြွေးရာမှ အစပြုသော စိတ်တက်ကြွဖွယ်ရာ စစ်ချီ သီချင်းများ၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ကို ဖွဲ့နွဲ့ပြသော အလွမ်းအဆွေး သီချင်းများ စသည့် ဂီတသီချင်း များ ပေါ်ပေါက်လာသည်။ ခြေလက်လှုပ်ရှားမှု၊ ဟန်အမူအရာ တို့ဖြင့် ခံစားမှုကို သရုပ်ဖော်ပြသော အကအခုန်နှင့် ပြဇာတ် စသော သဘင်ပညာ ပေါ်ပေါက်ခဲ့သည်။

ယဉ်ကျေးမှု အဆင့်အတန်းမြင့်လာ၍ စာရေးခြင်းအတတ် ပေါ်ပေါက်လာသောအခါ လူတို့သည် မိမိတို့၏ အမြင်အသိ အတွေ့အကြုံခံစားချက်တို့ကို စာပေဖြင့်လည်း ဖွဲ့ပြကြသည်။ လောကနှင့် လူ့သဘောသဘာဝကို ဖွဲ့နွဲ့တင်ပြရာ၌ အနုစာပေ သည်လည်း အစွမ်းထက်သော အနုပညာတစ်ရပ် ဖြစ်သည်။ စာပေအရာ၌ အသိကို ပေးသော အသိပေးစာပေ၊ စေတနာကို နှိုးဆွပေးသော စေတနာနှိုးစာပေဟူ၍ရှိရာ ဒုတိယအမျိုးအစား သည် အနုစာပေ၊ သို့မဟုတ် ရသစာပေကို ခေါ်ဆိုသည်။ အနု စာပေသည် ပန်းချီ၊ ပန်းပု၊ ဗိသုကာတို့ကဲ့သို့ အလှအပ၊ အယဉ်အနွဲ့၊ အခန့်အသန့်တို့ဖြင့် စေတနာကို နှိုးဆော်သည် မဟုတ်ပေ။ အရေးအသား၊ အဖွဲ့အနွဲ့၊ ဇာတ် အိမ်၊ ဇာတ်ကွက် ကို လိုက်၍ ဖတ်ရှုရသူ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကြွေကွဲ ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စိတ်အရသာတစ် မျိုးမျိုး ဖြစ်ပေါ်လာလေသည်။

အနုပညာတစ်ရပ်၏ ရသကို ခံစားရသူ၌ ဝမ်းသာခြင်း၊ ကြေကွဲခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စိတ် အရသာ တစ်ပါးကို နှစ်သက်ခြင်းနှင့် ယှဉ်တွဲခံစားရသည်။ ဒိဋ္ဌဓမ္မလောက၌ ထိတ်လန့်စရာကို တွေ့၍ ထိတ်လန့်နေကြ ရလျှင် မည်သူမျှ နှစ်သက်ခြင်း၊ မဖြစ်နိုင်ကြပေ။ ဝမ်းနည်း ခြင်း၊ သနားခြင်းဖြစ်နေရလျှင်လည်း မည်သူမျှ နှစ်သက်ခြင်း မဖြစ်နိုင်ကြပေ။ တစ်နည်းအားဖြင့် သနားခြင်း ဖြစ်နေလျှင် လည်း မည်သူမျှ နှစ်သက်ခြင်းလည်း ဖြစ်နေကြမည် မဟုတ် ပေ။ သို့သေ် ကြောက်လန့်ဖွယ်ရာ ပုံဝတ္ထု တစ်ခုကို ဖတ်၍ ကြောက်ရွံ့ထိတ်လန့်စိတ် ဖြစ်ပေါ်လျက်ကပင် နှစ်သက်ခြင်း လည်း ဖြစ်နေသည်။ ဇာတ်မင်းသား၊ မင်းသမီး တစ်ဦးဦးက လွမ်းခန်းဖော်၍ လွမ်းပြလျှင် ပရိသတ်သည် မင်းသား၊ သို့မဟုတ် မင်းသမီးကို သနားလျက်ကပင် နှစ်သက်ခြင်းလည်း ဖြစ်နေသည်။ ဤကား အနုပညာတစ်ရပ်ရပ်မှ ရသကို ခံစားရ ၍ ဖြစ်ပေါ်သော သဘောတည်း။ တစ်နည်းအားဖြင့်ဆိုရလျှင် အနုပညာ၏ ရသကို ခံစားရသူ၌ ဖြစ်ပေါ်တတ်သည့် တုံ့ပြန်မှု့ သဘောတည်း။

အနုပညာရှင်သည် မိမိလက်ရာ၌ ရသပေါ်အောင် မည်သို့ ဖန်တီးသနည်း။ အနုပညာရှင်သည် စေတနာ၏ လှုံ့ဆော်ချက် အရ စိတ်ကူးဉာဏ်ကို အရင်းတည်၍ ဖန်တီးရ၏။ အနုပညာ ဆိုင်ရာ စိတ်ကူးဉာဏ်ဆိုသည်မှာ ဤသို့ ဖြစ်သည်။ (၁) စိတ်အာရုံတစ်ခုခုကို မြင်ရကြားရ သိရသည့်အခါဖြစ်စေ၊ ဖြစ်ပေါ် ခံစားရသော စိတ်အတွေ့အကြုံ၊ (၂)ခံစားမှုကြောင့် ဖြစ်ပေါ် သော ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း စသည့် စိတ်လှုပ်ရှားမှု အတွေ့အကြုံ၊ (ဘာဝစိတ်ဟုလည်း ခေါ်သည်)၊ (၃) စိတ် လှုပ်ရှားမှုကြောင့် ဘဝအသိ၊ အမြင်အသိ ရသလိုလို ဖြစ်သော စိတ်အတွေ့အကြုံ၊ (၄) မှတ်ဉာဏ်တစ်နေရာရာ၌ ခိုအောင်း ငုပ်လျှိုးနေတတ်သော ရုပ်ဆင်းသဏ္ဌာန် အသံစသည်တို့သည် လည်းကောင်း၊ ကံသုံးပါးအမူအရာစသည်တို့သည်လည်းကောင်း၊ အဖြစ်အပျက်တို့သည် လည်းကောင်း ပြန်၍ ဝိုးတဝါးပေါ်တတ် သော မှတ်မိသတိရသော စိတ်အတွေ့အကြုံ၊ (၅) ထိုမှတ်မိ သတိရသမျှတို့ကို စိတ်လှုပ်ရှားမှု အင်အားကောင်းသလောက် သတိတရားပွားများသော စိတ်အတွေ့အကြုံဟူသည့် စိတ် အတွေ့အကြုံ ငါးမျိုးတို့ကို ဖြတ်သန်းလာခဲ့ရသော ဉာဏ်မျိုး သည် အနုပညာ စိတ်ကူးဉာဏ်ပေတည်း။

အနုပညာရှင်၌ စိတ်ကူးဉာဏ် ဝင်လာပြီးနောက်တွင် ထို စိတ်ကူးဉာဏ်သည် အလုပ်အမျိုးမျိုး လုပ်ရတော့သည်။ အနု ပညာရှင်၏ ပုဂ္ဂလဓိဋ္ဌာန်ကို ဓမ္မဓိဋ္ဌာန်ဖြစ်အောင် အားထုတ်ရ သည်။ စိတ်လှုပ်ရှားမှု အတွေ့အကြုံ၊ သို့မဟုတ် ဘာဝစိတ်ကို ပုံဖော်ရန်အလို့ငှာ သတိတရားများအနက် ပယ်တန်သည် ပယ်၍ ယူတန်သည်ကို ယူရသည်။ ယူသော သတိတရားတို့ကို အဆင် ပြေပြေဖြစ်အောင် အမြီးအမောက်တည့်အောင် ပြုပြင်တန်သည် ကို ပြုပြင်ရသည်။ အံဝင်ခွင်ကျဖြစ်အောင် နေရာချခြင်း၊ စည်းရုံးခြင်းတို့ကို ပြုပေးရသည်။ ထိုပြင် မိမိ၏ စိတ်ကူးဉာဏ် တဖက်သတ် မဖြစ်အောင် ထိန်းပေးခြင်း၊ ပဲ့ကိုင်ပေးခြင်း၊ မဲတင်းပေးခြင်းတို့ကိုလည်း ပြုရသည်။

ထိုကြောင့် အနုပညာရှင်သည် အနုပညာသရုပဖော်ရာ၌ အထိန်းအမ မရှိဘဲ တောရောက်တောင်ရောက် လွင့်ပါးတတ် သောဉာဏ်မျိုးကို အရင်းတည်သည် မဟုတ်ချေ။ ဘဝ အတွေ့ အကြုံ၊ ဘဝခံစားမှု၊ ဘဝ အမြင်အသိ၊ ဘဝအသိတရားတည်း ဟူသော အထိန်းအမဖြင့် လှုပ်ရှားတတ်သော ဉာဏ်မျိုးကို အရင်းတည်ပြီးလျှင် အနုပညာ အင်္ဂါများနှင့် ဖွဲ့နွဲ့ပြလေသည်။ အထိန်းအမဖြင့် လှုပ်ရှားတတ်သော အနုပညာစိတ်ကူးဉာဏ် ကို အရင်းတည်၍ သရုပ်ဖော်သဖြင့် အနုပညာပါသော အဖွဲ့ အနွဲ့တို့၌

  1. အနေအထား မှန်ကန်မှုသဘော၊
  2. စည်းလုံး ညီညွတ်မှုသဘော၊
  3. ပြေပြစ်မှု သဘော၊
  4. အချီအချ သဘော၊
  5. ဟန်ချက်သဘောတို့ ပါဝင်ရာ ယင်းတို့ကို အနု ပညာအင်္ဂါ၊ သို့မဟုတ် အနုပညာ စည်းမျဉ်းများဟု ခေါ်ဆို ကြသည်။
  • (၁) အနေအထား မှန်ကန်မှုသဘောဟူသည်မှာ အနုပညာ

သည်၏ တင်ပြချက်၊ သရုပ်ဖော်မှုတွင် ပါဝင်သော သက်ရှိ သက်မဲ့များ၊ အချက်အလက်မျာကို ဒူးနေရာဒူး၊ တော်နေရာ တော်ဖြစ်အောင် အထားအသို မှန်ကန်၍ အံဝင်ခွင်ကျမှုကို ဆို သည်။ အနုပညာရှင်သည် မိမိ၏ ဘဝအသိ၊ ဘဝအတွေ့အကြုံ တို့ကို မိမိ စေတနာအလျောက် တင်ပြရာ၌ မိမိ၏ ဆိုလိုရင်း ကို ထင်ရှားစေရန် ဒိဋ္ဌလောကမှ မိမိ၏ ဒိဋ္ဌအတွေ့အကြုံ အတိုင်း အတိအကျမဟုတ်ဘဲ အဓိက ထားသင့်သည့်အရာကို ထင်ရှားပေါ်လွင်စေ၍ အခြံအရံ အသိုင်းအဝန်းတို့ကို မြုပ်တန် သည်မြုပ်၊ မှိန်တန်သည်မှိန်ပေးရသည်။ အဓိကနှင့် အခြံအရံကို တန်းတူထား၍ ဖော်ပါက အခြေအနေ ရှုပ်ထွေးသွားတတ်လေ သည်။ ထိုအခါ ထိုအနုပညာလက်ရာကို မြင်ရသူ၊ ဖတ်ရသူ၊ နာရသူ၌ အာရုံပြါးသွား၍ ပရိသတ်၏ စိတ်နှလုံးကို ထိခိုက် လှုပ်ရှားစေရန် မစွမ်းဆောင်နိုင်တော့ပေ။

  • (၂) စည်းလုံးညီညွတ်မှုသဘောဆိုသည်ကား အဓိကနှင့်

အခြံအရံ သက်ရှိသက်မဲ့တို့သည်လည်းကောင်း၊ အချက်အလက် တို့သည်လည်းကောင်း၊ တစ်ခုချင်း အနေဖြင့်ဖြစ်စေ၊ တပေါင်း တစည်းတည်း အနေဖြင့်ဖြစ်စေ အနုပညာရှင်၏ သရုပ်ဖော် လိုရင်းအချက်ကို ရှေးရှုသောသဘော ရှိရသည်။ အထောက် အကူပြုသောသဘော ရှိရသည်။ တစ်ခုနှင့်တစ်ခုလည်း အထောက်အကူပြုသောသဘော၊ ကျေးဇူးပြုသောသဘောလည်း ရှိရသည်။

  • (၃) ပြေပြစ်မှုသဘောဟူသည်မှာ အနုပညာရှင် တင်ပြသော

အဖွဲ့အနွဲ့ကို သက်ရှိသက်မဲ့တို့သည် လည်းကောင်း၊ အချက် အလက်တို့သည်လည်းကောင်း တစ်ခုနှင့်တစ်ခု အတွဲအဘက် မှန်ကန်ခြင်း၊ အမြီး အမောက် တည့်ခြင်း၊ တစ်ခုနှင့်တစ်ခု အဆင်ပြေပြေ လိုက်ဖက်မှုရှိခြင်း စသည့်သဘောတို့ ပါဝင် သည်။ ပုံစံအားဖြင့် တေးဂီတစ်ပုဒ်၌ အသံနိမ့်၊ အသံမြင့် ဘယ်သံ၊ ညာသံ၊ အသံဩ၊ အသံကြောင်တို့ကို အဆင်ပြေပြေ ဖက်တွဲ အသုံးပြုထားပါက နားဝင် ငြိမ့်ညောင်း၍ သောတရှင် ၏ စိတ်နှလုံးကို ယူကြုံးသော ဂီတတစ်ပုဒ် ဖြစ်လာသည်။ ဝတ္ထုတပုဒ်၌လည်း အကြောင်းအရာ အချက်အလက်တို့ အဆက်အစပ် မှန်ခြင်း၊ ရှေ့နောက်ညီညွတ်ခြင်းရှိမှသာလျှင် ဝတ္ထုဂုဏ်မြောက်သော ဝတ္ထုတစ်ပုဒ် ဖြစ်လာနိုင်လေသည်။

  • (၄) အချီအချသဘောဟူသည်မှာ အမြင့်ရှိလျှင် အနိမ့်ရှိသော

သဘော အတက်ရှိလျှင် အကျရှိသောသဘော၊ အလေးရှိလျှင် အပေါ့ရှိသောသဘော စသည်တို့ကို ဆိုလိုသည်။ အနုပညာရှင် သည် မိမိ၏ အဖွဲ့အနွဲ့ သရုပ်ဖော်မှုကို တစ်သမတ်တည်း စင်းစင်းကြီးမရှိစေဘဲ အချီအချ သဘောပါစေရသည်။ ပန်းချီ ကားတစ်ချပ်၌ အမို့အမောက်ကိုပြလျှင် အနက်အရှိုင်းကိုလည်း ပြရသည်။ တေးဂီတတစ်ပုဒ်၌ တက်သံချည်းသုံးထားလျှင် နားဝင်ပီယံ မဖြစ်ပေ။ တက်သံ၊ ချသံ အချီအချ သဘောပါမှ နားဝင်ငြိမ့်ညောင်းသည်။

  • (၅) ဟန်ချက်သဘောဟူသည်မှာ ထိန်းမပဲ့ကိုင်ပေးခြင်းကို

ဆိုလိုသည်။ အနုပညာရှင်သည် မိမိ၏ဘဝ စိတ်အလိုကို အလိုက်လွန်သွားခြင်း မဖြစ်ရလေအောင် ထိန်းမ ချုပ်ကိုင်ပေး ရသည်။ မိမိ၏ ဆိုလိုရင်းအချက်ကို အလွန်အမင်း ဖြစ်မသွား အောင် ဟန်ထားရခြင်းကို ဆိုလိုသည်။ ပန်းချီကားတစ်ချပ်၌ ထင်းလွန်းသော အရောင်အသွေးကို ဖျော့သော အရောင်အသွေး ဖြင့် ပြန်၍ ဖြေသကဲ့သို့ ဇာတ်သဘင်လောကတွင် အလွမ်းများ သော ဇာတ်လမ်းကို အသောကွက်များ ဖောက်ဝင်ပေးသော သဘောပေတည်း။

အနုပညာရှင်များ၏ အနုပညာ လက်ရာများသည် အနုပညာ အင်္ဂါများနှင့် မည်သို့ ပြည့်စုံညီညွတ်ကြ၍ မည်သို့ရသဖော်သည် ကို လေ့လာကြည့်ပါဦးစို့။ ရှေးဦးစွာ ဂျပန်ပန်းချီကျော် ဟိုကူ ဆိုင်း၏ လက်ရာ “ လှိုင်းထန်သည့် အဏ္ဏဝါကြောဝယ် ” အမည်ရှိ ပန်ချီကားကို ပုံစံတင်ပြလိုသည်။ ထိုပန်းချီကားတွင် လှိုင်းခေါင်းဖြူကြီး၏ အရှိန်အဟုန် ပြင်းထန်ပုံကို သရုပ်ဖော်ရာ၌ တဘက်တွင် အရှိန်ပြင်းစွာ ကြွ တက်နေသော လှိုင်းခေါင်းဖြူကြီးနှင့် တစ်ဖက်မှ အရှိန်ကျပြီး လှိုင်းလုံးကြီးတို့အလယ်တွင် အနက်အရှိုင်းကိုပြ၍ အချီအချ အနိမ့်အမြင့်သဘောကို ပေါ်စေသည်။ အလွန်အရှိန် ပြင်းလှ၍ ရေပေါက် ရေစက်များ လွင့်စဉ် ဖြာထွက်လျက် ရှိသော လှိုင်း ခေါင်းဖြူကြီး မြင့်မောက်ကြွတက်နေပုံနှင့် အရှိန်လျော့၍ လျှောကျသွားသော လှိုင်းလုံးများအကြား၌ လှိုင်းဒဏ်ကို အလျားစင်း၍ ခံနေရသော လှေကြီးများနှင့် လှေသားများကို အနေအထား မှန်ကန်စွာဖြင့် ပြထားသည်။ အဓိက လှိုင်း ခေါင်းဖြူကြီးနှင့် အခြံအရံ သက်ရှိ သက်မဲ့တို့သည် ရေပြင် ကျယ်ကြီး၌ လှိုင်းထန်နေသည့် သဘောကို အညီအညွတ် ပြကြ သည်။ သက်ရှိသက်မဲ့တို့၏ အနေအထား ပုံပန်းသဏ္ဌာန်တို့ သည် အကြောင်းရပ်နှင့် အဆင်ပြေ၍ ဆီလျော်သည်။ လှိုင်း လုံးကြီးများ၏ အနိမ့်အမြင့် သဘောကို နောက်ခံခပ်ဝေးဝေး၌ မြင်ရသော တောင်ပူစာငယ်က ထိန်းထားလေသည်။ စိတ်လှုပ်ရှားမှု အင်အားကောင်းကောင်းဖြင့် ဖွဲ့ပြထား၍ မြင်ရသူ၌ ဘဝခိုက်အောင် စေတနာကို လှုံ့ဆော်နိုင်သော အခြါးပန်းချီကားတစ်ချပ်ကို ပုံစံတင်ပြရလျှင် အင်္ဂလိပ် ပန်းချီ ကျော် ဝီလျံတန်းနား၏ “ အောင်ပွဲရ တေးမေးရား ” ကို တင်ပြ လိုပေသည်။ တေးမေးရားသည် ဗြိတိသျှတို့က နိုင်းမြစ် တိုက်ပွဲတွင် ပြင်သစ်တို့လက်မှ လက်ရ သိမ်းပိုက်ခဲ့သော ပြင်သစ် တိုက်သင်္ဘောဖြစ်သည်။ ထရာဖဲလဂါ တိုက်ပွဲတွင် ဗြိတိသျှတို့က အရေးနိမ့်၍ ပြင်သစ်တို့က အရေး သာနေစဉ် တေးမေးရားသည် လော့နယ်လဆန် ကိုယ်တိုင် ကွပ်ကဲသော အလံတင်သင်္ဘောနှင့်ယှဉ်၍ ပြင်သစ်တို့အား ချေမှုန်းနိုင်ခဲ့သဖြင့် ဗြိတိသျှတို့ အောင်ပွဲခံနိုင်ခဲ့သည်။ ထိုစဉ်က တေးမေးရား၏ ဂုဏ်သတင်း ထင်လင်းကျော်ကြားခဲ့၍ မျက်နှာ ပန်းလှစွာဖြင့် ပြည်တော်ပြန်လာခဲ့ပြီးလျှင် တင်း မြစ်ထဲတွင် ဝင့်ကြွားစွာ အနားယူနိုင်ခဲ့သည်။

သို့သော် နှစ်ကြာမြင့်လာသော် တေးမေးရား၌ တိုက်ပွဲများ ၏ ဒဏ်ရာဒဏ်ချက်များကလည်း ပြည့်နှက်နေ၍ တဖြည်း ဖြည်း ယိုယွင်းလာကာ ဇရာကလည်း ထောင်းလာလေပြီ။ နောင်အခါ တီထွင်မှုအသစ်အသစ်တို့ဖြင့် ဗြိတိသျှ ရေ တပ်မတော်က မွေးထုတ်သော တိုက်သင်္ဘော အသစ်အသစ်တို့ အရေအတွက် တိုးပွားလာခဲ့သည်။ ထိုအချိန်တွင် တေးမေးရား သည် အမှုတော်လည်း မထမ်းနိုင်သောအခြေအနေ၌ ရှိနေသည့် ပြင် တင်းမြစ်ထဲတွင် သင်္ဘောနေရာ အကျပ်အတည်း ပြဿနာ တစ်ခု ဖြစ်နေတော့သည်။ ထိုကြောင့် ယခင်က အောင်ပွဲရ တိုက်ပွဲပြန်ကြီးအား ဖျက်ဆီးပစ်ရန် အထက်အမိန့်အရ မီးခိုး တလူလူထွက်၍ စက်သံ တဖုတ် ချက်ချက်မြည်သော တွဲ သင်္ဘောငယ်ကလေးတစ်စင်းက တေးမေးရာအား လာ၍ တွဲကာ ဖျက်ဆီးရမည့်နေရာသို့ ခေါ်သွားပုံကို တန်းနားက သရုပ်ဖော် ထားသည်။ အကြောင်းရပ်၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းမှု ကို ဖွဲ့ပြရာ၌ ဘဝ၏ကျချိန်ကို သရုပ်ဖော်သောအားဖြင့် နေဝင် ချိန်ကို နောက်ခံပြုထားသည်။ သင်္ဘော၏ လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်သော လှိုင်းဂယက်ကလေးများမှအပ ရေပြင်သည် လည်း ဝမ်းနည်းကြေကွဲသည့်နှယ် ငြိမ်သက်နေသည်။ ဆွဲ သင်္ဘောကလေး၏ အရောင်အသွေးသည်လည်း ခပ်မှိုင်းမှိုင်း ဖြစ်သည်။ အုံ့မှိုင်းနေသော ကောင်းကင်ပြင်၏ အောက်ဝယ် တစ်ဖက်သောကမ်းခြေမှ အဆောက်အအုံများကို မှုန်မှုန်ဝါးဝါး သာ မြင်ရသည်။ အခြေအနေအရပ်ရပ်သည် ကြည်လင် သာယာမှုကင်း၍ ဝမ်းနည်းကြေကွဲသော အသွင်သဏ္ဌာန်ဆောင် နေခြင်းကို မဲတင်းထားသည့် သဘောဖြင့် ဆွဲသင်္ဘောမှ မီး အရောင်နှင့် နေလုံး၏ အထက်မှ တေးမေးရား၏ တစ်ခါက စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုသဘောကိုပြသော အနီရောင်တိမ် အစုအဝေးတို့က ထိန်းပေးထားလေသည်။

အနေအထား မှန်ကန်မှုသဘော၊ ညီညွတ်မှုသဘော ပြေပြစ် မှုသဘောတို့ ထင်ရှားသော ရှေးရိုးမြန်မာ ပန်းချီကားတစ်ကား ကို ပုံစံ တင်ပြလိုပါသေးသည်။ ထိုပန်းချီကားသည် “ အာဠ ဝက ချွတ်ခန်း ” အမည်ရှိ၍ ဘုရားဂုဏ်တော်ကို ဖွဲ့ပြခြင်း ဖြစ်သည်။ ပန်းချီဆရာသည် ပကတိ တည်ငြိမ်သော ဘုရားသခင်ကို ကြည်ညိုဟန်တူ၍ မာန်လျော့ ကန်တော့သော အာဠဝကကို ချီးကျူးလိုဟန် တူသည်။ ထို ပန်းချီကားတွင် အာဠဝကက ဦးညွတ်ကန်တော့သော သဘော သည် လိုရင်းဖြစ်သည်။ ထိုသဘောသို့ မျက်စိ ရောက်စေရန် တစ်ဖန်ရောက်သော မျက်စိဖြင့် ပျံ့လွင့်ခြင်း မဖြစ်အောင်လည်း ဖွဲ့ပြနိုင်မှုကို သရုပ် အနေအထား အသို၌ ထင်ရှားစွာ တွေ့မြင် နိုင်သည်။ ကန်တော့ ဦးညွတ်နေသော ဘီလူးရုပ်ကို ပန်းချီကား ၏ အလယ်မကျ တကျနေရာ၌ ထားသဖြင့် ကြည့်သူ၏ မျက်စိသည် ဘီလူးရုပ်ဆီသို့ လွယ်လင့်တကူ ရောက်သွားသည်။ ထိုသို့ ရောက်သွားသော မျက်စိကို ပန်းချီကား၏ ပြင်ဘက်သို့ ပျံ့လွင့်ခြင်း မရှိလေအောင် ဘေးနှစ်ဘက်တွင် သစ်ပင်နှစ်ပင်ကို ပိတ်၍ ခြယ်ထားသည်။ အထက်တွင် ပန်းနွယ်တို့ကို မိုးကာ၍ ခြယ်ထားသည်။ တစ်ဖန် ဘီလူးသို့ရောက်၍ မပျံ့မလွင့်နေသော မျက်စိကို ဘီလူး၌ အကြာအရှည် တန့်မနေစေဘဲ ဘုရားရှင် ထံသို့ သက်သက်သာသာ ကူးပြေါင်းသွားလေအာင် ဘီလူး၏ လက်နှင့် လေးမြားတို့ကို ဘုရားရှင်၏ မျက်နှာတော်ဆီသို့ ဦးတိုက်ထားသည်။ ယင်းသို့ဖြင့် ဘီလူးသို့ရောက်သော မျက်စိ သည် ဘီလူး၏ လက်သို့ ရောက်သည်။ ထိုမှ လေးမြားသို့ ရောက်သည်။ လေးမြားမှ ဘုရားရှင်၏ လက်မောင်း အကျသို့ ကူးဖြတ်ကာ၊ ထိုမှတစ်ဆင့် ဘုရားရှင်၏ မျက်နှာတော်သို့ ရောက်အောင် လမ်းဖွင့်ပေးထား လေသည်။ မျက်စိသည် ဘီလူးမှသည် ဘုရားသို့၊ ဘုရားမှသည် ဘီလူးသို့ ထက်အောက် စုန်ဆန် လူးလာ တုံ့ပြန်နေအောင် ဖန်တီးထားသည်။ ယင်းသို့ ဖြင့် ဘုရားကို ကြည်ညိုသောစိတ်၊ ဘီလူးအား ချီးကျူးသော စိတ်တို့သည် မျက်စိရှင်၌ တစလှည့်စီ တက်တုံသက်တုံ ဖြစ် ပေါ်စေနိုင်လေသည်။

မြတ်စွာဘုရားသည် ခက်ထန်လှသော အာဠဝကအား သည်းခံတော်မူခြင်း၊ ကောင်းစွာ ယဉ်ကျေးစေခြင်း တို့ဖြင့် အောင်တော်မူကြောင်းကို ပြနိုင်ရန် အာဠဝကအပေါ်သို့ ကဲမိုး နေသော ဘုရားသခင်၏ ကိုယ်ဟန်၌ လည်းကောင်း၊ အေးချမ်း တည်ငြိမ်သော မျက်နှာတော်အမူအရာ၌လည်းကောင်း ထင်ရှား စေသည်။ အာဠဝကကို သရုပ်ဖော်ရာတွင် အာဠဝက၏ ခက်ထန်သောသဘောကို တောင့်တင်းခိုင်မာသော ကိုယ်ဟန်ဖြင့် ပြသည်၊ ဘုရားရှင်အား မာန်လျော့ချ၍ ကိုင်းညွတ်နေပုံပင် ဒေါသမာန်ပါနေသေးသည်။ သို့သော် ဘုရားရှင်အား ရွံ့ကြောက် ခြင်း၊ ကြည်ညိုခြင်းတို့ကို လက်ချောင်းများ အမူအရာ၌ ပေါ် စေသည်။ အာဠဝက၏ မာန်လျော့ ကိုင်းညွတ်ခြင်းကို ပန်းနွယ် တို့၏ ယိမ်းညွတ်နေခြင်းဖြင့်လည်း ဖွဲ့ပြသည်။ အာဠဝက၏ ကျောဘက်ရှိ သစ်ပင်မှနေ၍ ဥဒေါင်းငှက်၏ ဘုရားရှင်အား ဦးညွတ်နေဟန်ဖြင့်လည်း ပြသည်။ ယင်းတို့ကား ပန်းချီကားပါ အကြောင်းအရာ အချက်အလက်တို့၏ ညီညွတ်မှုသဘော၊ ပြေပြစ်မှုသဘောကို ပြသည်။ ပန်းချီဆရာ၏ အနုစိတ်လက်စွမ်း သည် စေတနာပါမှ အချက်ကျကျ ရေးနိုင်သည်။ စေတနာ အင်အား ကောင်းသဖြင့် ထိုပန်းချီကားတွင် အနုစိတ်လက်စွမ်း ကို အံ့ဩချီးကျူးဖွယ်ရာ တွေ့ရသည်။ ဘုရားရှင်၏ နဖူးသင်း ကျစ်တော်၌ ဗိုပေါက်ထားခြင်း၊ ဝတ်ရုံထားသော သင်္ကန်း တော်၏ အတွန့်အလိပ်၊ အမြိတ်အနားတို့ကို အဆန်းတကြယ် ရေးထားခြင်းတို့သည် ပန်းချီဆရာသည် ကြည်ညိုမှု ထက်သန် သော စေတနာကို ပြသည်။ အာဠဝက၏ မကိုဋ်တန်ဆာ၌ လည်းကောင်း၊ ချပ်ဝတ်တန်ဆာ၌လည်းကောင်း၊ နံဘေးရှိ ဘွဲ့ဖြူ လက်နက်၌လည်းကောင်း၊ ကြာလိပ်ကြာတွန့် ကြာ ကတော့ကြာကွေးသဘောဖြစ်သော ကနုတ်တန်ဆာ ထည့်ထား ခြင်းသည် အာဠဝကအား ပန်းချီဆရာက ချီးကျူးစိတ်ကို ဖော် ပြသည်။ ဘီလူး၏ လည်ဆွဲပုတီးသည် ရင်ဆီ၌ တန်းကျနေ၍ ပေါင်ပေါ် ယိမ်းနွဲ့နေဟန် ဖွဲ့ပြခြင်းသည် ပန်းချီဆရာ၏ နှစ်သက်စိတ်ကို ဖော်ပြသည်။ ပန်းချီဆရာသည် ထိုပန်းချီကို ရေးဆွဲစဉ်က နှစ်သိမ့်ကြည်နူး ပျော်ရွှင်နေဟန် တူသည်။ ထိုကြောင့် အာဠဝက၏ ကျောဘက်၌ ဓားကိုင်၍ ထိုင်နေသော တောဘီလူး၏ အိုးတိုးအတ အမူအရာကို ပြက်လုံးတစ်ခုအဖြစ် ပန်းချီဆရာက ထည့်သွင်းထားလေသည်။

ရုပ်လုံးရုပ်တုဆရာတို့သည်လည်း မိမိတို့ ပတ်ဝန်းကျင်မှ လူနှင့် တိရစ္ဆာန်စသော သက်ရှိသက်မဲ့တို့အနက် အာရုံ စူးစိုက်မိရာ အကြောင်းရပ်တစ်ခုကို စေတနာအလျောက် ပုံပန်းဖော်ပြရာ၌ ထိုလူတိရစ္ဆာန်တို့၏ ရုပ်လုံး ရုပ်တု ကိုယ်ဟန် အနေအထား မျက်နှာမူရာတို့၌ အသက်ဝင်အောင် နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ပြကြသည်။ အမေရိကန် ရုပ်တုဆရာ ပေါမင်းရှစ်၏ “ မုဆိုးနှင့် တောဆိတ် ” ရုပ်လုံးအတွဲကို ပုံစံ တင်ပြရသော် ထိုရုပ်လုံးတို့၏ ဟန်အမူအရာမှာ အသက်ဝင် လှသဖြင့် ကြည့်နေစဉ်တွင်ပင် မုဆိုးလက်ထဲရှိ တအားဆွဲ၍ မောင်းတင်ထားသော လေးညှို့မှ မြားသည် “ တိန် ”ကနဲ မြည်ကာ လွတ်ထွက်ပြီးလျှင် သမင်း၏နံပါး၌ သွား၍ စိုက် လိုက်ရာ ချက်ကောင်းထိလှသဖြင့် သေစေလောက်သော မြား ချက်ကြောင့် အသက်ထွက်လုဆဲဆဲ မချိမဆန့် ဝေဒနာခံစား ရပုံကို ဒိဋ္ဌကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ရှိကာ တစ်ဖက်မှ မုဆိုး၏ စွမ်းပကားကို ချီးကျူးမိသည့်နည်းတူ တောဆိတ် အပေါ်၌လည်း ကရုဏာစိတ်တဖွားဖွား ဖြစ်ပေါ်ရသညင်။ အကြောင်းရပ်၏ ဆိုလိုရင်းကို ရုပ်ထုဆရာတို့က ပီပီပြင်ပြင် သရုပ်ဖော်နိုင်၍ ညီညွတ်မှုသဘော၊ အနေအထား မှန်ကန်မှု သဘော၊ ပြေပြစ်မှုသဘော၊ ဟန်ချက်စသည်တို့ဖြင့်လည်း ပြည့်စုံကြောင်းကို တွေ့ကြရပေလိမ့်မည်။

အဆိုပါ အနေအထား မှန်ကုန်မှုသဘော၊ ညီညွတ်မှုသသော၊ ပြေပြစ်မှုသဘော စသည်တို့ဖြင့် ပြည့်စုံသော အခြါးပုံစံတစ်ခု မှာ တရုတ်လူမျိုးတို့၏ ကရုဏာရှင် နတ်သမီး ကွမ်းယင်၏ ရုပ်တုဖြစ်ပေသည်။ ရုပ်ထုဆရာသည် နတ်သမီးအား ကြည်ညို သောစိတ်စေတနာဖြင့် နတ်သမီး၏ခေါင်းဆောင်း ဘယက် တန်ဆာတို့ကို အနုစိတ် ထုလုပ်ထားသည့်အပြင် နတ်သမီး၏ ကိုယ်ရုံအောက်ပိုင်း အနားမြိတ် အတွန့်အလိပ်တို့ကို ပီပြင် လှပစွာ ပုံပန်း ဖော်ပြထားလေသည်။ ထိုရုပ်တုကို ဆွန်မင်း ဆက် “ ခရစ် ၉၆၀-၁၁၂၇၉ ” အတွင်းက သစ်သားဖြင့် ထုလုပ်၍ ဆေးရောင်ခြယ်ထားလေသည်။

ဗိသုကာပညာရပ်တွင် သိပ္ပံပညာနှင့် အနုပညာ စုပေါင်းစပ် ထားသည်။ အဆောက်အအုံတစ်ခု ထုထည် ပမာဏ၊ အကျယ် အဝန်း၊ အမြင့် အစောက် ပန္နက် စသည်တို့သည် အတိုင်း အထွာ အတိအကျဖြင့် ဆောင်ရွက်ရသည်။ အဆောက်အအုံ၏ အတင့်အထယ် အဖွယ်အရာရှိမှု၊ အခန့်အသန့်ရှိမှု၊ ကြည်ညို ညွတ်ကျိုးဖွယ် ရာရှိမှုတို့သည် သရုပ်ဖော်သူ အနုပညာရှင်၏ စေတနာအလိုက် အနုပညာအင်္ဂါရပ်တို့ဖြင့် ညီညွတ်စွာ ပုံပန်း ပေါ်လာကြလေသည်။

မြန်မာဗိသုကာပညာရပ်၏ အထွတ်အထိပ် အခြေအနေကို ပြသော ပုဂံမြို့ဟောင်း စေတီပုထိုးများအနက် မှန်ကန်မှု သဘော၊ အချီအချသဘော၊ ညီညွတ်မှုသဘော၊ ပြေပြစ်မှု သဘော၊ ဟန်ချက်သဘောတို့၏ သာဓကကို ထင်ရှားစွာ တွေ့မြင်နိုင်ပေသည်။ အာနန္ဒာဘုရားအား တန်တိုင်းရံထား၍ တန်တိုင်းလေးမျက်နှာတွင် မုခ်ပြသာဒ် တစ်ဆောင်စီ အကွာ အဝေးညီညီဖြင့် ဆောက်ထားသည်။ တန်တိုင်အတွင်း၌ ကူ ဘုရား၊ သို့မဟုတ် တန်ဆောင်းမဟူ၍ ရှိသည်။ တန်ဆောင်းမ ၏ လေးမျက်နှာ၌ တစ်ဖက်စီတစ်ဖက်စီတွင် အရုဏ်ခံမုခ်ထွတ် (မဏ္ဍပ်) တစ်ခုစီ အသီးသီး ရှိသည်။ တန်ဆောင်းမ အထက် တွင် ပစ္စယာအဆင့်ဆင့် တင်၍ စေတီပေါက် ထားလေသည်။ တန်တိုင်းမုခ်ပြါသာဒ်၏ မျက်နှာတူရူ၌ ကွက်လပ်ထားရာ ထိုသဘောမှာ ဘုရားဖူးအား မုခ်ပြါသာဒ် တစ်ခု၌ နားနေယင်း တန်ဆောင်းမှ အထက်တွင် ပေါက်ထားသော စေတီတော်ကို အာရုံပြုစေသည်။ တန်ဆောင်းမ အတွင်း၌ အရှေ့ အနောက် တောင်မြောက် လေးမျက်နှာတွင် မတ်ရပ်ဆင်းတုတော် တစ်ဆူ စီ ရှိသည်။ ဘုရားဖူးသည် တန်ဆောင်းမအတွင်းသို့ ဝင်လာ သောအခါ ဆင်းတုသော်ဆီသို့ အာရုံရောက်၍ သဒ္ဓါတရားပွား များမှု၊ တည်ငြိမ်မှုရှိစေရန် အရုဏ်ခံမုခ်ထွတ်၏ မျက်နှာကြက် ကို အပြည့်မပြပဲ ဥကင်သဖွယ် ဝဲဘက်ယာဘက်တို့သို့ နိမ့် လျော့ချထားသည်။ ထိုအခါ မျက်နှာကြက်ခေါင်ကြောင်းသည် ဆင်းတုတော်၏ မျက်နှာတော်တူရူသို့ ညွှန်ပြသကဲ့သို့ ရှိသည်။ ထိုကြောင့် ဘုရားဖူး၏ မျက်စိသည် ဆင်းတုတော်၏ မျက်နှာ တော်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားစေသည်။ ဆင်းတုတော်၏ မျက်နှာတော် အဝင်း အလဲ့ကို ဘုရားဖူးက ဖူးမြင်နိုင်ရန် မျက်နှာတော်တူရူတွင် အလင်းပေါက် ဖောက် ထားသည်။ မတ်တပ်ရပ် ဆင်းတုတော်သည် ၁၈ တောင်အမြင့် ရှိရာ ဘုရားဖူးသည် ခြေတော်ရင်းတွင် ကိုယ်တော်၏ အကဲ အမိုးကို မြင်ရ၍ ဘုရားဖူး၏ မာန်လျော့ခြင်း၊ ကြည်ညိုသဒ္ဓါ ပွားခြင်းကို ဖြစ်စေသည်။ ယင်းသို့ဖြင့် အာနန္ဒာဘုရား၏ ဗိသုကာတွင် ဘုရားဖူးအား ကြည်ညိုသဒ္ဓါပွားများစေသော စေတနာကို လှုံ့ဆော်နိုင်စွမ်းသည့် အနုပညာ၏ ဂုဏ်အင်္ဂါဖြင့် ပြည့်စုံကြောင်း တွေ့ရပေသည်။

အခြေခံသဘောအရ အဆို၊ အက၊ အတီး၊ အမှုတ် တို့သည် သီးခြါးပညာရပ်များဖြစ်ကြသော်လည်း အနုပညာ သဘောအရ တစ်ခုနှင့်တစ်ခု ဆက်တွဲလျက်ရှိခြင်း၊ တစ်ခုနှင့်တစ်ခု ကျေးဇူး ပြုလျက်ရှိခြင်း၊ နီးစပ်ခြင်း၊ တုံ့ ပြန်ခြင်း သဘောတို့ ရှိကြ သည်။ ထိုပညာသုံးရပ်လုံး တွဲဘက်ပါဝင်သော အဖွဲ့အစည်း တစ်ခုကို သဘင်ဟု ခေါ်သည်။ သဘင်ပညာဖြင့် လူ့သဘာဝ၊ လောကသဘာဝတို့ကို အနုပညာရှင်သည် ထိရောက်စွာ သရုပ် ဖော်နိုင်သည်။ အလွမ်းအဆွေး အသောတည်းဟူသော စိတ် အရသာကိုးပါးကို ထိထိမိမိ လှုပ်ရှားစေနိုင်စွမ်းသည်။ ဇာတ် ကွက်ဇာတ်သိမ်း အမြီးအမောက်တည့်ရန် ပြေပြစ်မှုသဘော၊ ဇာတ်ဆောင် ဇာတ်ရံ အသိုင်းအဝန်းတို့၏ အပေးအယူ ညီညွတ်၍ စည်းလုံးမှုရှိသောသဘော၊ အဆိုအတီးတို့၏ အပေး အယူ ညီညွတ်မှုသဘော၊ ဇာတ်ဆောင်ဇာတ်ရံတို့၏ အံဝင် ခွင်ကျမှုသဘော၊ အဆိုနှင့်အတီး၊ အလွမ်းနှင့်အသော အချီ အချရှိမှုသဘော၊ တဖက်သတ်ဇာတ်မျောကြီး ဖြစ်မသွားအောင် ထိန်းပေးသော ဟန်ချက်တို့ကို ပွဲကြည့် ပရိသတ်တို့ ဆင်ခြင် ရှုစားက သဘောပေါက်နိုင်ကြပေသည်။

မြန်မာပွဲကြည့် ပရိသတ်များ ကြည့်ဖူးမြင်ဖူးကြားဖူးကြသော မပဋာနှင့် ကိုဒါသတို့၏ ဇာတ်လမ်းကို ခြင်ဆင်ပါလေ။ ထိုဇာတ်လမ်း၌ အခန်းကြီးလေးခန်း ပါသည်။ ပထမအခန်းတွင် မပဋာ ကိုဒါသကို လူပျိုလှည့်သော သစ္စာထားနှစ်ပါးသွားခန်း ဖြစ်သည်။ ထိုအခန်းသည် ပွဲကြည့် ပရိသတ်အား ကြည်နူး နှစ်သိမ့်မှုကို ပေးသည်။ မင်းသား၊ မင်းသမီးတို့၏ အဆိုအက အပြင် လူရွှင်တော်တို့၏ ပြက်လုံးများကြောင့် ရွှေပွဲလာတို့မှာ တသောသော ရယ်မောကာ ကြည်နူးရွှင်မြူးကြရသည်။ ဒုတိယ အခန်းမှာ ကိုဒါသကို မြွေခဲခန်းဖြစ်၍ တတိယအခန်းမှာ သား ကြီးရေမျော သားငယ်စွန်ချီသောအခန်း ဖြစ်သည်။ ထိုအခန်း များတွင် ပရိသတ်တို့မှာ ထိတ်လန့်ခြင်း၊ သည်းထိတ်ရင်ဖို ဖြစ်ရခြင်း၊ ကရုဏာဖြစ်ခြင်းစသော အရသာများကို ခံစားရ သည်။ စတုတ္ထ အခန်းသည် မပဋာ ရူးခန်းဖြစ်၍ ဇာတ်ဆောင် မင်းသမီး၏ ပညာပြကွက်တွင် ရွှေပွဲလာတို့မှာ ဝမ်းနည်းကြေကွဲ စွာဖြင့် နစ်မျောပါသွားကြရသည်။ ထိုဇာတ်တွင် မပဋာ အဖြစ် အသုံးတော်ခံသူ အနုပညာရှင်သည် အဓိကဖြစ်၍ အဓိကဖြစ်သူ ကလည်း မိမိ၏ပညာစွမ်းကို အစွမ်းကုန်ပြနိုင်သော ဇာတ်လမ်း ဖြစ်သည်။ အခြံအရံများသည်လည်းကောင်း၊ ဇာတ်လမ်းဇာတ် ကွက်များသည်လည်းကောင်း အဓိကဇာတ်ကောင်အား များစွာ အထောက်အကူ ပြုသည်။ ဇာတ်ရံတို့၏ နေရာသည်လည်း အကွက်ဝင်၍ အံဝင်ခွင်ကျဖြစ်သည်။ ဇာတ်လမ်းဇာတ်အိမ် တည်ပုံသည်လည်း အမြီးအမောက် တည့်သည်။ အလွမ်းများ သောဇာတ်လမ်းတွင် သောခန်းများ ဖောက်ထား၍ နောက်ဆုံး မပဋာ ကျောင်းတော်ဝင်ခန်းသည် အလွမ်းများ၍ ဇာတ်နာနေ သည်ကို ပြန်၍ ထိန်းလိုက်သော ဟန်ချက် ဖြစ်လေရာ ထို ကြည်နူးနှစ်သိမ့်ဘွယ်ရာ အခန်းဖြင့် စခန်းသိမ်းလိုက်လေသည်။ ရသစာပေတို့သည် ရေးပုံရေးဟန်တို့ဖြင့် လူ့သဘာဝ၊ လောကသဘာဝကို သရုပ်ဖော်ကြသည်။ စာရေးဆရာနှင့် စာဆို ပညာရှင်တို့သည် လူ့လောက ပတ်ဝန်းကျင်၌ ယင်းတို့ မြင်သိ တွေ့ကြုံရပုံတို့ကို ယင်းတို့၏ စေတနာအလျောက် ပျို့ကဗျာ လင်္ကာ ဝတ္ထု ပြဇာတ်စသည်တို့အားဖြင့် လွမ်းစရာဖြစ်အောင်၊ ဆွေးစရာ ဖြစ်အောင်၊ သောစရာဖြစ်အောင် ချီးကျူးစရာ ဖြစ် အောင် ရေးဖွဲ့ကြသည်။ အနုပညာရှင်တို့သည် အကြောင်းအရာ တစ်ခုခုကို ရေးဖွဲ့ရာ၌ ရှေးဦးစွာ ရေးဖွဲ့မည်အကြောင်းအရာတွင် စေတနာရောက်မှုရှိရသည်။ စေတနာ ရောက်မှု ရှိမှသာ အာရုံ စူးစိုက်မှုရှိ၍၊ အာရုံစူးစိုက်မှုရှိလျှင် အကြောင်းအရာ၏ အမူ အရာကို သိမြင်မှု ရှိမြဲဖြစ်သည်။ အကြောင်းအရာ၏ အမူ အရာကို သိမြင်မှု ရှိပြီးနောက် ဖန်တီးဖွဲ့ဆိုမှုရှိသည်။ မြန်မာနိုင်ငံတွင် အင်းဝခေတ်မှစ၍ ကဗျာလင်္ကာ၊ ပျို့၊ ဧချင်း၊ ရတု စသည့် အနုပညာစာပေ အဖွဲ့အနွဲ့တို့ အမျိုးမျိုး ပေါ်ထွက်ခဲ့သည်။ ထိုခေတ်စာဆိုတို့၏ အဓိက အာရုံစိုက်သော အကြောင်းအရာသည် ဗုဒ္ဓစာပေနှင့် မင်းမှူးမတ်တို့ဖြစ်သည်။ ဗုဒ္ဓသာသနာကို တစ်နိုင်ငံလုံးက အထွက်အမြတ်ထားရာ၊ ဘုရားအလောင်းတော်တို့၏ အမူအရာကို စာဆိုတို့က စေတနာ ရောက်၍ ချီးကျူးဖွဲ့ဆိုကြသည်မှာ အဆန်းမဟုတ်ချေ။ ထိုနည်းတူစွာပင် ကိုးကွယ်မှုဆိုင်ရာ ကဗျာလင်္ကာအဖွဲ့အနွဲ့ တို့သည် အာရှတိုက်၌လည်း ပေါ်ထွက်ခဲ့သည်။ ထိုခေတ် ထိုအခါက နိုင်ငံအုပ်ချုပ်သူသည် သက်ဦးဆံပိုင်မင်းဖြစ်သည်။ ထိုမင်းကို လောကသမုတိနတ်အဖြစ်ထား၍၊ မင်း၊ မင်းညီ မင်းသား အမှူးအမတ်များကို ပြါးပြါးဝပ်ကြောက်ရသည်။ ထိုခေတ်ထိုအခါက ဥရောပ၌လည်း ထိုအတိုင်း ဖြစ်သည်။ အာရှ၌လည်း ထိုအတိုင်းဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစား စာဆိုတို့က စေတနာ ရောက်၍ ချီးကျူးဖွဲ့ဆိုကြခြင်းသည် ထူးဆန်းအံ့ဖွယ်ရာဟု မဆိုသာချေ။

ထိုခေတ်အခါတွင် မြန်မာနိုင်ငံ၌ ထူးထူးခြားခြား ပေါ်ပေါက်ခဲ့သော အဖွဲ့အနွဲ့တို့ကား ဝန်ကြီးပဒေသရာဇာတျာချင်းများ ဖြစ်သည်။

ဝန်ကြီး၏ လယ်သမား၊ ထန်းတက်သမားစသော တျာချင်းတို့၌ လက် လုပ်လက်စား၊ အာဏာမဲ့၊ ဓနမဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး တို့ မိမိတို့ တဝမ်းတခါး အတွက် ရာသီအလိုက် ကြိုးပမ်း လုပ်ကိုင်ကြပုံကို ဝန်ကြီး ဆင်ခြင်မိသည်။ ထိုလူတန်းစားတို့ ကား တိုင်းပြည် ရိက္ခာဖူလုံရေး၏ အရင်းအမြစ်ဖြစ်သည်ကို လည်း ဆင်ခြင်မိသည်။ ထိုလူတန်းစားသည် စင်စစ် နိုင်ငံ၏ အရေးပါအရာရောက်သော ပြည့်အင်္ဂါတစ်ရပ်ဖြစ်သော်လည်း စားဝတ်နေရေး၌ လူတန်းမစေ့ကြသည့် အဖြစ်ကိုလည်း တွေးဆ မိသည်။ ထိုကြောင့် ထိုလူတန်းစားအပေါ် သနားချစ်ခင်ခြင်း၊ ချီးကျူးခြင်း စေတနာတို့ သက်ရောက်၍ ထိုလူတန်းစား၏ အမူအရာကို လေ့လာပြီးလျှင် ဖွဲ့နွဲ့ဖန်တီးသော တျာချင်းများ အနက် ပုံစံတစ်ခုကို လေ့လာရလျှင် “ ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊ စင်အောင် ခုတ်ထစ်၊ နုပျစ်ထန်းဦးရေ၊ မယားငယ်ဆွေ၊ ထန်းရေသိမ်း ဆည်း၊ သားမြေးဟစ်ကြော်၊ ခွေးဝက်ခေါ်၊ ထန်းလျှော် ယုန်ပိုက်စည်းငယ်နှင့်လေး ” ထန်းတက်သမားက ထန်းပင်ထက်တက်၍ ထန်းရည် ရ အောင် ဆောင်ရွက်နေစဉ်၊ မယားသည် ထန်းပင် ခြေရင်း၌ ချထားသော ထန်းရည်အိုးတို့ကို သိမ်းဆည်းရသည်။ ထိုစဉ်တွင် သားမြေးငယ်တို့က ဖွတ်၊ ပုတတ်၊ ယုန်၊ ခါ၊ ငုံး၊ ကြွက်၊ မြွေပါမကျန် စားကောင်းသောသတ္တဝါတို့ကို ချောက်လှန့် ဖမ်းဆီးရသည်။ ယင်းသို့ဖြင့် အမိအဘ၊ သားငယ်မြေးငယ် မကျန် အလုပ်လုပ်၍၊ အလုပ်ပြီးလျှင် အိမ်သို့ပြန်ကာ အမဲ လိုက်၍ ရခဲ့သော တောသတ္တဝါတို့ကို ဖုတ်ကင်ချက်ပြုတ်၍ တပျော်တပါး စားကြပုံ ထိထိမိမိ သရုပ်ဖော်ထားလေရာ၊ စာဖတ်ပရိတ်သတ်တို့အဖို့ ထိုအိမ်သားစု၏အမူအရာကို ကရုဏာသက်ရသည့်နည်းတူ ဖြစ်လေရာဘဝတွင် ဖြစ်သလိုနေ၊ ဖြစ်သလို စားတတ်ကြသည်ကိုလည်း ချီးကျူးမိကြရလေသည်။ ရွှေပြည်စိုးဝတ္ထု၌ ဦးလတ်သည် ဗိလတ်ပြန်ဝတ်လုံ မောင် သောင်းဘေ၏အဖွဲ့တွင် သူ့ခေတ်က ရန်ကုန် ပတ်ဝန်းကျင်၌ သူတွေ့ခဲ့ဖူးသော ဖောက်ပြန်လွယ်သည့် လူ့သဘာဝ (ဝါ)သွေး ကြီးမွေးကြီး ဖြစ်တတ်သော သဘာဝကို ဟာသဉာဏ်ရှိသူ၏ ဘဝအသိအမြင်ဖြင့် ဖွဲ့ပြထားရာ၊ စာဖတ်ပရိသတ်မှာ ဖတ်ရင်း ပြုံးမိကြရသည်။ သွေးကြီးမွေးကြီးဖြစ်တတ်သော သဘာဝသည် လောက၌ ဒေါမနဿ ဖြစ်တတ်သော သဘာဝ ဖြစ်သည်။ စာရှုသူတို့ကမူ မောင်သောင်းဘေ၏ အမူအရာကို ဒေမနဿ မဖြစ်ပဲ သင့်တင့်စွာ နှလုံးသွင်း၍သား ပြုံးမိခြင်းသည် အနု ပညာ သဘောပေတည်း။ ရွှေပြည်စိုးဝတ္ထုတွင် မောင်မောင်စိုး နှင့်ခင်ခင်ထားတို့ အကြောင်းသည် ပင်မဇာတ်လမ်းဖြစ်၍ မောင်သောင်းဘေ၏အဖွဲ့သည် ဇာတ်လမ်းလက်တက်ဖြစ်သည်။ စိုးနှင့်ထားတို့၏ ဇာတ်လမ်းသည် သနားစရာ၊ လွမ်းစရာ သက်သက်မျှလောက် ဖြစ်သည်။ မောင်သောင်းဘေနှင့် ဦးရာ ကျော်တို့ အကြောင်း၌မူ ဦးလတ်သည် လောကသဘာဝ၊ လူ့ သဘာဝတို့ကို ပုံဖော်သွားလေသည်။

နယ်ချဲ့လက်အောက်၌ နှစ်ပေါင်း ၂ဝ ကျော်ခန့်ကြာခဲ့ပြီး နောက်တွင် မြန်မာတို့သည် မိမိတို့၏အတိတ်ရာဇဝင်သမိုင်း နှင့် ယဉ်ကျေးမှုတို့ကို အမေ့မေ့အလျောလျော့ဖြစ်လာကာ ဇာတိမန်ဇာတိသွေး ကွယ်ပျောက်လု မတတ် ဖြစ်လာသည်ကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာလူထုတို့ နိုးကြား တက်ကြွ၍ ဇာတိသွေး ဇာတိမာန် ပြန်လည်ပေါ်ပေါက်ရန် မြန်မာလူထုတို့ နားလည်နိုင်သော နည်းပရိယာယ်တို့ဖြင့် ကြံ ဆောင် နှိုးဆော်ခဲ့သည်။ ဆရာကြီး၏ နည်းပရိယာယ်များမှာ မှာတော်ပုံကျမ်းများ၌ မြန်မာရာဇဝင်အကြောင်းကို လေးချိုးရှည် ကြီးများဖြင့် ဖွဲ့ပြသည်။ ဋီကာများ၌ မြန်မာစာပေ မြန်မာ ရာဇဝင်များကို မေးဖြေပြေါကြားဟန် ဖွဲ့ပြသည်။ အကြောင်း သင့်တိုင်း မြန်မာပျို့၊ လင်္ကာ၊ ရတု၊ မော်ကွန်း၊ ဧချင်း အစ ရှိသည်တို့မှာလည်း စာများကို ကောက်နုတ်ဖော်ပြသည်။ ဤသို့ဖြင့် မြန်မာစာပေယဉ်ကျေးမှုတို့ကို မြန်မာတို့ လွမ်းဆွတ် ဖွယ် ဖြစ်အောင်၊ အားတက်ဖွယ်ဖြစ်အောင်၊ ကြည်ညိုဖွယ် ဖြစ်အောင် ဖွဲ့နွဲ့၍ မြန်မာတို့၏ စိတ်နှလုံးကို ယူကျုံးခဲ့ရာ ပုံစံပြရသော် “ ဇာတိပင်အခြေပျောက်ပြန်တဲ့ ဘဝပေမို့၊ သာကီဝင်တွေ မောက်ဟန်လဲ မပြချင်ဘု၊ နောက်ယမန် သမဆီက၊ အထောက်မတန် လှခဲ့တဲ့၊ မြန်မာ့ပလ္လင်ပျံ ကျွန်းပေမို့၊ ပေါက်ကန်ကျကာမှ၊ ဆရာ့မှာ အင်မတန်လွမ်း ” ပုဂံမြို့ဟောင်းရောက်ခဲ့စဉ် အနော်ရထာ ကျန်စစ်သားတို့၏ ခေတ်ကို မြင်ယောင်မိလျှင် နယ်ချဲ့လက်အောက် ကျွန်အဖြစ် ရောက်နေရသော မြန်မာ့ဘဝနှင့် နိုင်းစာမိယင်း ရှေးမင်းများကို ရှက်မိကြောင်းကို ဇာတိမာန်တက် ကြွသံ၊ ဝမ်းနည်းပူဆွေးသံ၊ ရှက်သံနှောကာ ဖွဲ့နွဲ့ပြလေသည်။ အနုပညာ အဖွဲ့အနွဲ့၊ အနုပညာ လက်ရာတို့သည် တခေတ် နှင့်တခေတ် မတူ ပြေါင်းခဲ့ကြသည်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ စသော အနုပညာရပ်များ၌ စနစ်နှင့်ဟန်တို့သည် ခေတ်အလိုက် ပြေါင်း၍ပြေါင်း၍ လာခဲ့ကြသည်။ တခေတ်တွင် ကောက် ကြောင်းပန်းချီစနစ် ခေတ်စားခဲ့သော်လည်း တခေတ်တွင်မူ ဆေးအရောင်အသွေးဖြင့် အလင်းအမှောင် ကစားသည့် စနစ် ထွန်းကားခဲ့သည်။ ပန်းပု၊ ဗိသုကာ၊ စာပေ၊ သဘင် စသည် တို့၌လည်း ထိုနည်းတူ တခေတ်နှင့်တခေတ် မတူ ပြေါင်းလဲမှု များ ရှိခဲ့လေသည်။

အနုပညာ လက်ရာတို့သည် ခေတ်၏ အခြေအနေကိုလည်း ထင်ဟပ်ပြကြသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာကျော် ရွှေတိဂုံ စေတီတော်ကြီး၏ပုံတော်သည်နွဲ့နှောင်း သည်။ ပြေပြစ်သည်။ စိတ်အေးချမ်းဘွယ်ရာဖြစ်သည်။ စေတီ တော်ကို မွမ်းမံတည်ဆောက်သည့်ခေတ်သည် အောက် မြန်မာ နိုင်ငံ၌ စစ်မက်အေးချမ်းသာစွာ နေလိုကြသော ဟံသာဝတီ ဘုရင် ဗညားကျန်းနှင့်ဘုရင်မ ရှင်စောပုတို့ဖြစ်သည်။ ထိုခေတ် တွင် တိုင်းသူပြည်သားတို့သည်လည်း စိတ်အေး ချမ်းသာစွာ နေထိုင်ခဲ့ကြရသည်။ ထိုကြောင့် ငြိမ်းချမ်းသော ခေတ်၏ သဘော၊ မွမ်းမံသူ မင်းနှစ်ပါး၏သဘော၊ တိုင်းသူ ပြည်သား တို့၏သဘောသည် စေတီတော်ကို ပြုပြင်ပေးရသူ ပန်းရံပျံ တို့အား ထင်ဟပ်လေသဖြင့် စေတီတော်၏ ဗိသုကာတွင် ပြေပြစ်နွဲ့နှောင်းမှု သဘော၊ ငြိမ်းချမ်းမှုသဘောတို့ ပေါ်လွင်လျက် တင့်တယ်သပ္ပါယ်လှပေသည်။ ညောင်ဦး ရွှေစည်းခုံစေတီတော်၏ ဒါယကာများကား ဘုန်းလက်ရုံး ကြီးမားကြသော အနော်ရထာမင်းကြီးနှင့် ကျန်စစ်သားမင်းတို့ ဖြစ်ကြသည်။ ထိုမင်းများလက်ထက်တွင် နိုင်ငံတော်၏ နယ်နမိတ်သည် ယခုခေတ် ပြည်ထောင်စုမြန်မာ နိုင်ငံ၏ နယ်နမိတ် နီးပါး ကျယ်ဝန်းသည်။ ဗုဒ္ဓသာသနာကို ပထမဆုံး တစ်နိုင်ငံလုံး ကြည်ညိုမြတ်နိုးကြသောခေတ် ဖြစ် သည်။ တိုင်းသူပြည်သားတို့သည် နိုင်ငံရေး၊ သာသနာရေး စိတ်ဓာတ်များ တက်ကြွနေကြသည်။ စေတီတော်၏ ဒါယကာ မင်းနှစ်ပါးသဘော၊ ခေတ်၏သဘော၊ တိုင်းသူပြည်သားတို့၏ သဘောသည် စေတီတော်တည်ထားပုံ ဗိသုကာ၌ ပေါ်လွင်လျက် ရှိရာ ထိုသဘောတို့သည် စေတီတော်၏ ပုံတော် ကြံ့ခိုင်ခြင်း၊ ထက်မြက်ခြင်း၊ တက်ကြွအားရဘွယ် ရှိခြင်း တို့၌သာမက မုခ်ဦးခြင်္သေ့ရုပ် များ၏ ပြည့်ဖြိုးခြင်း၊ ခွန်အား ကြီးခြင်းတို့၌လည်း ထင်ရှားတွေ့မြင်ရလေသည်။

လူတစ်မျိုးနှင့်တစ်မျိုး အနုပညာချင်း မတူချေ။ အနုပညာ သည် ကာလ၊ ဒေသ၊ အခြေအနေနှင့် လူမျိုး၏ ဓလေ့တို့ကို မှီး၍ ဖန်တီးရသော ပညာဖြစ်သဖြင့် ရောမအနုပညာနှင့်ဂရိ အနုပညာချင်းမတူ၊ ဂရိအနုပညာနှင့် အီဂျစ် အနုပညာချင်းမတူ၊ အိန္ဒိယနှင့်တရုတ် အနုပညာချင်းမတူ၊ မြန်မာနှင့်အင်္ဂလိပ်တို့၏ အနုပညာချင်းလည်း ခြါးနားကြသည်။ ကာလ၊ ဒေသနှင့် လူမျိုးဓလေ့စရိုက်ကို မှီးရသဖြင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု သည် ယင်း၏ အနုပညာတွင် ပေါ်လွင်နေသဖြင့် အနုပညာ သည် ယဉ်ကျေးမှု၏ ကြေးမုံဟုဆိုကြခြင်း ဖြစ်လေသည်။ နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အနုပညာသည် ပညာတစ်ရပ် ဖြစ်သော်လည်း ပညာရပ်တိုင်းသည် အနုပညာ မမည်ပေ။ အလွန်မွှေးသော ရေမွှေးကို ပြုလုပ်နိုင်ခြင်း၊ အလွန်အရသာ ရှိသော ခဲဘွယ်ဘောဇဉ်တို့ကို စီရင် ချက်ပြုတ်နိုင်ခြင်း စသည် တို့သည် အနုပညာဟု မခေါ်။ အတတ်ပညာသာလျှင် ဖြစ် သည်။ အနုပညာသည် စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသော ပညာဖြစ်ပြီးလျှင် စိတ်ဖြင့်သာ အရသာ ခံစားနိုင်၍ စေတနာကို လှုံ့ဆော်နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ ရေမွှေးနှင့် ခဲဘွယ်ဘောဇဉ်တို့၏ အဆိုးအကောင်းကို ကိုယ်တွေ့လက်တွေ့ ခံစားသိရှိကြရသည်။ ဓာတ်ပုံရိုက်ကူးထားသကဲ့သို့ ပကတိ လူနှင့်တူအောင် ရေးဆွဲထားသော ပုံတူပန်းချီကားတစ်ချပ် သည်ပင်လျှင် စေတနာနှိုးဆွမှု သဘောမပါက အနုပညာ လက်ရာမြောက်သည်ဟု မဆိုကြပဲ ကျွမ်းကျင်မှုကိုပြသော အတတ်ပညာတစ်ရပ်အဖြစ် ယူဆကြသည်။ သို့သော် ကမ္ဘာ ကျော် ဣတာလျံ ပန်းချီဆရာကြီး လီယိုနာဒိုဒါဗင်ချီ၏ “ မိုနာလီဆာ ” အမည်ရှိ အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကား ကြီးသည်မူ အကောင်းဆုံးသော အနုပညာလက်ရာတစ်ခု အဖြစ် အသိအမှတ်ပြုကြရလေသည်။


လူမျိုး၏ ယဉ်ကျေးမှုကြေးမုံ[ပြင်​ဆင်​ရန်​]

သုခုမပညာဟူ၍၎င်း၊ ရသပညာဟူ၍၎င်း ခေါ်ဆိုသော အနုပညာသည် လူ၏စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး၊ လူ၏ စေတနာကို လှုံ့ဆော်နိုးဆွပေးနိုင်သော ပညာမျိုး၊ လူ၏စေတနာ အလျောက် လူ၏ စိတ်ကူး ဉာဏ်စွမ်း ဖြင့် ဖန်တီးရသော ပညာမျိုးး ဖြစ်သည်။ လူမျိုးတစ်မျိုး၏ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ လူနေမှုအဆင့်အတန်းတို့ကို ထိုလူမျိုး၏ အနုပညာက ပို၍ ထင်ဟပ်ပြနိုင်သည်ဟုဆိုပေသည်။

ပါဠိဘာသာအားဖြင့် သုခုမပညာဟုခေါ်သော အနုပညာသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကြေးမုံ ဖြစ်သည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ထောက်ရှုု၍ ထိုလူမျိုး၏ စိတ်နေသဘောထား၊ ကြံရည် ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှု အဆင့်အတန်းတို့ကို အကဲခတ်ရသည်။ လူမျိုးတစ်မျိုး၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများထက် ထိုလူမျိုး၏ အနုပညာက ထိုလူမျိုး၏ ဓလေ့စရိုက်၊ လူနေမှု အဆင့်အတန်းတို့ကို ပို၍ ထင်ဟပ် ပြနိုင်သည်ဟု အချို့ပညာရှင်ကြီးများက ယူဆကြသည်။[၁]


အနုပညာ ဆိုသည်မှာ လွန်စွာနုနယ်သော စိတ်ကို မြင်မှုအာရုံ၊ ကြားမှုအာရုံ ပေး၍ဖြစ်စေ၊ စိတ်၏ အခြေတစ်မျိုး ပြောင်းသွားအောင်ဖြစ်စေ ဖန်တီးပေးနိုင်သည့်ပညာကို ခေါ်သည်။

အနုပညာပေးသူနှင့် ယူသူ နှစ်ဦးနှစ်ဖက် စလုံး တူညီသော အာရုံခံစားမှု ရရှိမှသာ ဖန်တီးသူ၏ လက်ရာကို ရသမြောက်သည်ဟု ကင်ပွန်းတပ်ခြင်း ခံရသည်။

အနုပညာသမားတို့၏ အယူအဆ[ပြင်​ဆင်​ရန်​]

အနုပညာဆိုသောအရာ M3 နဲ့ ဖန်တီးထားသည်။)
M1 = Mind (စိတ်)
M2 = Method (နည်းပညာ)
M3 = Machine (အထောက်အကူပြု ပစ္စည်းကိရိယာ)
သုံးခုလုံး Balance ဖြစ်မှ ကောင်းတဲ့ Creation တစ်ခုဖြစ်မယ်။
Inspiration ဆိုတာရှေ့ဆုံးက M မှာပါတဲ့ အရာတစ်ခု ဖြစ်တယ်။
Create လုပ်နေတဲ့ Art မှာ Fine Art နှင့် Commercial Art နှစ်မျိုးရှိသည်။
Fine Art ကတော့ သူကြိုက်တဲ့ အချိန်မှာ ဖန်တီးယူတယ်။
Commercial Art ကတော့ အဲ့ဒီလို မဟုတ်ဖူး။ ( ဒါရိုက်တာ ရဲမြင့်သူ )

ကျမ်းကိုး[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)