ကာလဝမ်းရောဂါ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
Cholera
Classification and external resources
Scanning electron microscope image of Vibrio cholerae
ICD-10 A00.
ICD-9 001
DiseasesDB 29089
MedlinePlus 000303
eMedicine med/351
MeSH D002771

ကာလဝမ်းရောဂါသည် ဗိုက်ဘရီယို ကော်လရေး ဘက်တီးရီးယားပိုးကြောင့် အူသိမ်ထဲတွင် ရောဂါကူးစက်မှုဖြစ်ပွားခြင်း ဖြစ်ပါသည်။ အဓိကရောဂါလက္ခဏာများမှာ အရည်များအလွန်အမင်းပါသော ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ဖြစ်ပါသည်။ ကူးစက်ခြင်းမှာ အရင်းခံအားဖြင့် မသန့်ရှင်းသောရေ သို့မဟုတ် အစာကို စားမိခြင်းကြောင့် ဖြစ်ပါသည်။ ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ ပြင်းထန်ပါက အလျင်အမြန် ရေဓာတ်ကုန်ခန်းခြင်းနှင့် ခန္ဓာကိုယ်တွင်းရှိ အီလက်ထရိုလိုက်များ မညီမမျှ ဖြစ်စေနိုင်ပါသည်။ အခြေခံကုသမှုမှာ ခံတွင်းမှ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးသည့် ဖျော်ရည် ဖြင့် ဖြစ်ပြီး၊ အကယ်၍ ဤသို့ကုသရုံဖြင့် မရပါက အကြောထဲသို့ဆေးသွင်းကာ ကုသရသည်။ ပဋိဇီဝဆေးများမှာ ထိုသို့သော ပြင်းထန်သည့်ရောဂါများအတွက် ကောင်းကျိုးရှိပေသည်။ ၂ဝ၁ဝ ခုနှစ်တွင် ကာလဝမ်းရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် လူသန်းပေါင်း ၃-၅ သန်းအပေါ်တွင် ထိခိုက်ကူးစက်ခဲ့ပြီး လူပေါင်း ၁၀၀,၀၀၀ - ၁၃၀,၀၀၀ ဦး သေဆုံးခဲ့ရပါသည်။ ကာလဝမ်းရောဂါသည် ရောဂါကူးစက်ပျံ့နှံ့ခြင်းနှင့်သက်ဆိုင်သော နည်းလမ်းများဖြင့် လေ့လာခဲ့သည့် အစောဆုံးသော ရောဂါများထဲမှ တစ်ခုဖြစ်ပါသည်။

ရောဂါလက္ခဏာများ[ပြင်​ဆင်​ရန်​]

ကာလဝမ်းရောဂါ၏ အဓိကရောဂါ လက္ခဏာများမှာ နာကျင်ခြင်းမရှိသော အလွန်အမင်း ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အရည်ကြည်များ အန်ခြင်းတို့ဖြစ်ပါသည်။ဤရောဂါလက္ခဏာများမှာ ဘက်တီးရီးယားပိုးကို မျိုချမိပြီး တစ်ရက်မှ ငါးရက်အကြာတွင် ရုတ်ချည်းဆိုသလို စတတ်ပါသည်။ဝမ်းလျှောခြင်းကို “ထမင်းရေ” ကဲ့သို့ သဘာဝရှိသည်ဟု ဖော်ပြလေ့ရှိပြီး၊ ငါးညှီနံ့ကဲ့သို့ ရှိနိုင်ပါသည်။ဆေးကုသခြင်း မရှိသော ကာလဝမ်းရောဂါ ဖြစ်ပွားနေသူတစ်ယောက်သည် တစ်နေ့လျှင် ၁၀-၂၀ လီတာပမာဏအထိ ဝမ်းသွားနိုင်ပြီးအသက်ဆုံးရှုံးသည်အထိ ဖြစ်တတ်ပါသည်။ ရောဂါလက္ခဏာပြသော လူအယောက် ၁၀၀ တွင် ၃ ယောက်မှာ ရောဂါပိုး ကူးစက်ခံရ နိုင်သော်လည်း လက္ခဏာမပြဘဲ ရှိတတ်ပါသည်။

အကယ်၍ ပြင်းထန်သော ဝမ်းလျှောခြင်းနှင့် အန်ခြင်းတို့ကို တင်းကြပ်စွာ ကုသခြင်းမပြုပါက နာရီအနည်းငယ် အတွင်းမှာပင် အသက်အန္တရာယ်ကို ခြိမ်းခြောက်သော ရေဓာတ်ခန်းခြောက်ခြင်းနှင့် အီလက်ထရိုလိုက် မညီမျှခြင်းတို့ ဖြစ်လာနိုင်ပါသည်။ရေဓာတ်ခန်းခြောက်ခြင်း၏ ထူးခြားသောရောဂါလက္ခဏာများတွင် သွေးဖိအား ကျဆင်းခြင်း၊ အရေပြား ပြည့်တင်းမှုညံ့ဖျင်းခြင်း (လက်များ တွန့်ရှုံ့ခြင်း)၊ မျက်တွင်းဟောက်ပက်ဖြစ်ခြင်းနှင့် သွေးခုန်နှုန်းမြန်ခြင်းတို့ ပါဝင်ပါသည်။

အကြောင်းရင်း[ပြင်​ဆင်​ရန်​]

ကာလဝမ်းရောဂါသည် မသန့်ရှင်းသော အစာကို စားသောက်မိခြင်းကြောင့် ဖြစ်ပွားပါသည်။ ကူးစက်ခြင်းမှာ အဓိကအားဖြင့် သန့်ရှင်းစင်ကြယ်မှုတွင် ညံ့ဖျင်းသောကြောင့် မစင်ပေ၍ မသန့်မပြန့်ဖြစ်နေသော အစားအစာနှင့် ရေတို့ကြောင့် ဖြစ်ပါသည်။သို့သော်လည်း ဤဘက်တီးရီးယားပိုးမှာ သဘာဝအတိုင်း မည်သည့် ပတ်ဝန်းကျင်တွင်မဆို အသက်ရှင်နေနိုင်ပါသည်

ထိခိုက်လွယ်ခြင်း[ပြင်​ဆင်​ရန်​]

ထုံးစံအားဖြင့်ဆိုလျှင် သာမန်ကျန်းမာသော လူကြီးတစ်ယောက်အား ကာလဝမ်းရောဂါဖြစ်ပွားစေဖို့ ဘက်တီးရီးယားပိုး သန်းပေါင်းတစ်ရာခန့်ကို မျိုချရပေမည်။သို့ရာတွင် အစာချေသော အက်ဆစ်ရည်နည်းသည့် သူများအတွက်မူ ဤပမာဏထက်နည်းပေသည် (ဥပမာအားဖြင့် ပရိုတွန်ပန့် အင်ဟစ်ဘစ်တာများကို အသုံးပြုနေသူများ)။ကလေးသူငယ်များမှာ ထိခိုက်အလွယ်ဆုံးဖြစ်ပြီး အသက်နှစ်နှစ်မှ လေးနှစ်အရွယ်ကလေးများတွင် ရောဂါကူးစက်မှု အများဆုံးဖြစ်သည်။သွေးအုပ်စု အို အမျိုးအစား ရှိသူများမှာ အထိခိုက်လွယ်ဆုံးအဖြစ်နှင့် သွေးအုပ်စု အမျိုးအစားသည် တစ်ဦးချင်းစီ၏ ကာလဝမ်းရောဂါကို ထိခိုက်လွယ်မှုအပေါ် အကျိုးသက်ရောက်မှု ရှိနေပါသည် လူသားတို့၌ရှိသော ဆစ်စ်တစ် ဖိုင်ဘရိုးစစ်စ် မျိုးရိုးဗီဇဆိုင်ရာ ပြောင်းလဲခြင်းသည် လက်ရွေးစင် အကျိုးကျေးဇူးကို ထိန်းသိမ်းပေးထားသည်ဟု ဆိုပါသည်။ ပြောင်းလဲခြင်းကို သယ်ဆောင်သော ဟက်ထရိုဇိုင်းဂတ်စ်သည် (ဆစ်စ်တစ် ဖိုင်ဘရိုးစစ်စ်၏ အကျိုးသက်ရောက်မှု မရှိသောကြောင့်) ဗီကော်လရေး ကူးစက်ခြင်းများကို ပိုမိုခုခံတွန်းလှန်သည်။ဤပုံစံဖွဲ့စည်းပုံတွင် ဆစ်စ်တစ် ဖိုင်ဘရိုးစစ်စ် ထရန်စ်မဲမ်ဘရန်း သွယ်ပို့သော ထိန်းညှိကိရိယာ လမ်း ကြောင်းများတွင်းရှိ ပရိုတင်းများ၏ မျိုးရိုးဗီဇဆိုင်ရာ ချို့တဲ့ခြင်းသည် ဘက်တီးရီးယားနှင့် အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ အပေါ်ယံအလွှာ (အက်ပီသယ်လီယမ်)တို့ ပေါင်းစပ်ခြင်းကို တားဆီးနှောင့်ယှက်သည်။ ထို့ကြောင့် ရောဂါပိုးကူးစက်ခြင်း၏ အာနိသင်ကို လျော့နည်းစေသည်။

ကူးစက်ခြင်း[ပြင်​ဆင်​ရန်​]

ထုံးစံအားဖြင့် ကာလဝမ်းရောဂါသည် မသန့်ရှင်းသောအစားအစာ သို့မဟုတ် ရေတို့ကြောင့် ကူးစက်ပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ပင်လယ်စာမှာ ဖြစ်နေကျအကြောင်းရင်းဖြစ်ပြီး၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မကြာခဏဆိုသလို ရေကြောင့်ဖြစ်ပွားရပါသည်။ကာလဝမ်းရောဂါကို အခြားသော မှီတင်းနေထိုင်ကြသည့် သတ္တဝါနှစ်မျိုးဖြစ်သော ယောက်သွားနှင့် ပလဲန့်တန်ခေါ် ရေပေါ်တွင်အသက်ရှင်နေထိုင်သော သတ္တဝါ အပင် ဘက်တီးရီးယားများ တို့တွင်သာ တွေ့ရပါသည်။

ကာလဝမ်းရောဂါ ကူးစက်ဖြစ်ပွားသောသူများတွင် မကြာခဏဆိုသလို ဝမ်းပျက်ဝမ်းလျှောဖြစ်တတ်ပြီး၊ အရည်များစွာပါသော မစင်ဖြစ်ပါက အရပ်သုံးစကားဖြင့် “ထမင်းရည်”အဖြစ် ရည်ညွှန်းပြောဆိုပါသည်။ ယင်းမစင်သည် အခြားသူများအသုံးပြုသော ရေကိုမသန့်မရှင်းဖြစ်စေပြီး ရောဂါပိုးကူးစက်ခြင်း ဖြစ်ပွားနိုင်ပါသည်။ညစ်ညမ်းစေသော အကြောင်းရင်းမှာ ထုံးစံအားဖြင့် ကာလဝမ်းရောဂါ ခံစားနေရသော အခြားသူများဖြစ်ပြီး ယင်းတို့၏ ဆေးကုသမှုမပြုဘဲထားသော မစင်များကို ရေလမ်းကြောင်းများ၊ သို့မဟုတ် မြေအောက်ရေ သို့မဟုတ် သောက်သုံးရေပေးဝေပေးသောနေရာများသို့ ဝင်ရောက်စေသောအခါများတွင် ဖြစ်ပါသည်။ ရောဂါပိုးကူးစက်နေသော မည်သည့်ရေကိုမဆို သောက်သုံးခြင်းနှင့် ယင်းရေနှင့်ဆေးကြောထားသော မည်သည့် အစားအစာကိုမဆို စားသုံးခြင်း၊ ထို့နည်းတူ အကျိုးသက်ရောက်မှုရှိနေသော ရေလမ်းကြောင်းများထဲတွင် နေထိုင်သော ယောက်သွား များတို့သည် လူတစ်ယောက်အား ရောဂါပိုးကူးစက်မှု ဖြစ်ပွားစေနိုင်ပါသည်။ ကာလဝမ်းရောဂါသည် လူပုဂ္ဂိုလ်တစ်ဦးမှ အခြားတစ်ဦးထံသို့ တိုက်ရိုက်ကူးစက်ခဲပါသည်။ အဆိပ်အတောက် ဖြစ်စေသော အမျိုးအစားနှင့် အဆိပ်အတောက်မဖြစ်သော အမျိုးအစားများ နှစ်ခုလုံး ရှိပါသည်။ အဆိပ်အတောက် မဖြစ်သော အမျိုးအစားများမှာ လိုင်ဆိုဂျင်းနစ်ဗက်တီးရီးယိုဖေ့ဂျ် တစ်ခုမှတဆင့် အဆိပ်အတောက် ရယူနိုင်ပါသည်။ကမ်းရိုးတမ်းဒေသများတွင် ကာလဝမ်းရောဂါ ရုတ်တရက် ဖြစ်ပွားခြင်းများနောက်တွင် ထုံးစံအားဖြင့် ရေညှိများရုတ်ချည်း ပေါက်ပွားလာခြင်း ဖြစ်တတ်ပါသည်။ ထို့ကြောင့် ကာလဝမ်းရောဂါကို ဇိုဝါနောတစ်ခေါ် လူနှင့် တိရစ္ဆာန်အကြား သဘာဝအခြေနေတွင် အပြန်အလှန်ကူးစက်တတ်သော ရောဂါတစ်ခု ဖြစ်စေပါသည်။

တားဆီးကာကွယ်ခြင်း[ပြင်​ဆင်​ရန်​]

ကာလဝမ်းရောဂါသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း၊ နည်းလမ်းကျသော သန့်ရှင်းစင်ကြယ်မှု အလေ့အထများကို လိုက်နာလုပ်ဆောင်ပါက ရောဂါကာကွယ်တားဆီးခြင်းမှာ ပုံမှန်အားဖြင့် ရှင်းလင်းလှပါသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လုံဝနီးပါး တိုးတက်သော ရေသန့်စင်ထုတ်လုပ်မှုနှင့် ကျန်းမာသန့်ရှင်းရေး အလေ့အကျင့် များကြောင့် ကာလဝမ်းရောဂါမှာ အဓိက ကျန်းမာရေးခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပါချေ။ အမေရိကန်ပြည်ထောင်စုတွင်နောက်ဆုံး ပျံ့နှံ့ဖြစ်ပွားခဲ့မှုမှာ ၁၉၁၀-၁၉၁၁ တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ထိရောက်သော စင်ကြယ်သန့်ရှင်းရေး အလေ့အကျင့်များကို အချိန်မီ အစပြုပြီး စွဲမြဲစွာလုပ်ဆောင်ခဲ့ပါလျှင် ကပ်ရောဂါအဖြစ် ပြန့်ပွားမှုကို တားဆီးရန်အတွက် ပုံမှန်အားဖြင့် လုံလောက်ပါသည်။ ပြန့်ပွားသွားသည့် ကာလဝမ်းရောဂါ ကူးစက်ခြင်း လမ်းကြောင်းနှင့်အတူ ရပ်တန့်အောင်ပြုလုပ်နိုင်မည့် အချက်များအများအပြားရှိပါသည်။

  • ပိုးသတ်ခြင်း - ကာလဝမ်းရောဂါဖြစ်ပွားသူများက စွန့်ထုတ်လိုက်သည့် ရောဂါပိုးရှိသည့် မစင်ပါဝင်နေသော ရေဆိုးနှင့် မသန့်ရှင်းသည့် ပစ္စည်းများအားလုံး(ဥပမာ အဝတ်အစား၊ အိပ်ရာ၊ စသည်)ကို နည်းလမ်းကျစွာ စွန့်ပစ်ခြင်းနှင့် စီမံလုပ်ဆောင်ခြင်းမှာ မရှိမဖြစ်လိုအပ်သည်။ ကာလဝမ်းရောဂါ ဖြစ်ပွားသူလူနာများနှင့် ထိတွေ့ထားသော ပစ္စည်းများအားလုံးကို ဖြစ်နိုင်ပါက ကလိုရင်းချွတ်ဆေးကို အသုံးပြုပြီး ရေနွေးဖြင့်ဆေးကြော လျှော်ဖွတ်ခြင်းဖြင့် ပိုးသတ်သင့်ပါသည်။ ကာလဝမ်းရောဂါဖြစ်ပွားသူ လူနာများ သို့မဟုတ် ၎င်းတို့၏အဝတ်အစား၊ အိပ်ရာ၊ အစရှိသည်တို့အား ကိုင်တွယ်ထားသော လက်များကို နှံ့စပ်သေချာစွာ ဆေးကြော၍ ကလိုရင်းခပ်ထားသောရေ သို့မဟုတ် သေးငယ်သော ဘက်တီးရီးယားပိုးများကို သတ်နိုင်သည့် အခြား ထိရောက်သော ဓာတုပစ္စည်းများဖြင့် ရောဂါကူးစက် ပျံ့နှံ့မှုမရှိအောင် လုပ်ရပါမည်။
  • ရေဆိုး - ရေလမ်းကြောင်း သို့မဟုတ် မြေအောက်ရေ ထဲသို့ ဝင်ရောက်မသွားမီ ကလိုရင်း၊ အိုဇုန်း၊ ခရမ်းလွန်ရောင်ချည် သို့မဟုတ် အခြား ထိရောက်မှုရှိသော သန့်စင်ခြင်းစနစ်မှုဖြင့် သာမန်ရေဆိုးများထဲရှိ ဘက်တီးရီးယားပိုးများကိုသတ်သည့် စီမံလုပ်ဆောင်မှု ပြုလုပ်ခြင်းသည် ရောဂါရှာဖွေဖော်ထုတ်ခြင်း မပြုရသေးသော လူနာများအား မတော်တဆ ရောဂါကူးစက်ခြင်းမှ ကာကွယ်ရာတွင် ကူညီပါသည်။
  • အရင်းအမြစ်များ - ဖြစ်နိုင်ချေရှိသော ကာလဝမ်းရောဂါဆိုင်ရာ ရေညစ်ညမ်းမှုများနှင့်ပတ်သက်၍ သတိပေးချက်များကို ရေကိုမည်သို့သန့်ရှင်းအောင် လုပ်ရမည်ဆိုသည့် (ကြိုချက်ခြင်း၊ ကလိုရင်းခပ်ခြင်း၊ စသည်ဖြင့်) ညွှန်ကြားချက်များနှင့်အတူ ညစ်ညမ်းနေသော ရေအရင်းအမြစ်များ အနီးအနားတွင် ကပ်ထားသင့်ပါသည်။
  • ရေကိုသန့်စင်အောင်ပြုလုပ်ခြင်း - ကာလဝမ်းရောဂါ ဖြစ်ပွားဖွယ်ရာရှိသော မည်သည့်နေရာများ၌မဆို သောက်သုံးခြင်း၊ ဆေးကြောခြင်း သို့မဟုတ် ချက်ပြုတ်ခြင်းတို့အတွက် အသုံးပြုသော ရေများအားလုံးကို ကြိုချက်ခြင်းအားဖြင့် လည်းကောင်း၊ ကလိုရင်းခပ်ခြင်းဖြင့် လည်းကောင်း၊ အိုဇုန်းရေစီမံခန့်ခွဲခြင်း ဖြင့်လည်းကောင်း၊ ခရမ်းလွန်ရောင်ချည်ဖြင့် ပိုးသတ်ခြင်းဖြင့်လည်းကောင်း (ဥပမာ နေရောင်ခြည်သုံး စနစ်ဖြင့် ရေကိုရောဂါကူးစက် ပျံ့နှံ့မှုမရှိအောင်လုပ်ခြင်း ဖြင့်)၊ သို့မဟုတ် သေးငယ်သော ဘက်တီးရီးယားပိုးများကို စစ်ချခြင်းဖြင့်လည်းကောင်း ပိုးသတ်သင့်ပါသည်။ ကူးစက်ခြင်းကို တားဆီးရာတွင် ရေကို ကလိုရင်းခပ်ခြင်းနှင့် ကြိုချက်ခြင်းတို့သည် ကုန်ကျစရိတ်အနည်းဆုံးနှင့် အထိရောက်ဆုံးဖြစ်ပါသည်။ အဝတ်ဖြင့်ရေစစ်ခြင်းသည် အလွန်အခြေခံကျသော အဆင့်မျှသာဖြစ်သော်လည်း သန့်စင်ပြုပြင် ထားခြင်းမရှိသော မြစ်ကန်ချောင်းရေများအပေါ် မှီခိုနေရသော ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဆင်းရဲသော ကျေးရွာများတွင် အသုံးပြုသောအခါ ကာလဝမ်းရောဂါဖြစ်ပွားမှုကို သိသာစွာ လျှော့ချနိုင်ခဲ့ပါသည်။

ခေတ်မီသော တောင်တက်ရာတွင်သုံးသည့် ရေသန့်စင်မှုပါသော တစ်ဦးချင်းသုံး ပစ္စည်းအစုံကဲ့သို့ ပိုမိုကောင်းမွန်သော သေးငယ်သည့် ဘက်တီးရီးယားပိုးများ စစ်ချသောအစစ်များမှာ အထိရောက်ဆုံးဖြစ်ပါသည်။ လူထုကျန်းမာရေး ပညာပေးခြင်းနှင့် သင့်လျော်သော သန့်ရှင်းရေး အလေ့အကျင့်များကို စွဲမြဲစွာ ထိန်းသိမ်းလိုက်နာခြင်း တို့သည် ကာလဝမ်းရောဂါနှင့် အခြားရောဂါများ ကူးစက်ခြင်းကို တားဆီးကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်းတို့အတွက် အဓိက အရေးကြီးပါသည်။

စောင့်ကြည့်စစ်ဆေးခြင်း[ပြင်​ဆင်​ရန်​]

ကာလဝမ်းရောဂါကို ကပ်ရောဂါအဖြစ် လျင်မြန်စွာ ကူးစက်ပျံ့ပွားမှုကို စောင့်ကြပ်စစ်ဆေးခြင်းနှင့် ချက်ချင်းသတင်းပို့ခြင်းတို့ပြုလုပ်ရန် ခွင့်ပြုပါသည်။ ကာလဝမ်းရောဂါ ဖြစ်တတ်သော တိုင်းပြည်အများအပြားတွင် အများအားဖြင့် မိုးရာသီတွင် နှစ်စဉ်နှစ်တိုင်း ဖြစ်ပွားတတ်ပြီး ရာသီနှင့် သက်ဆိုင်သော ရောဂါအဖြစ် တည်ရှိနေပါသည်။ စောင့်ကြည့်စစ်ဆေးခြင်း စနစ်များသည် ရောဂါဖြစ်ပွားပျံ့နှံ့မှုများကို စောစီးစွာ တပ်လှန့်နိုင်သောကြောင့် အသင့်ပြင်ထားသော အစီအစဉ်များကို ပြင်ဆင်ရာ၌ ညီညွတ်စွာ တုံ့ပြန်ခြင်းနှင့် ကူညီခြင်းတို့ကို လမ်းညွှန်ခေါ်ဆောင်နိုင်ပါသည်။ ထိရောက်သော စောင့်ကြည့်စစ်ဆေးခြင်း စနစ်များသည် ဖြစ်နိုင်ချေရှိသော ကာလဝမ်းရောဂါ ဖြစ်ပွားပျံ့နှံ့မှုများအပေါ် အန္တရာယ်ရှိမှု အကဲဖြတ်ခြင်းကိုလည်း တိုးတက်စေပါသည်။ ရာသီအလိုက် ဖြစ်ပေါ်တတ်မှုနှင့် ဖြစ်ပွားသော နေရာဒေသတို့ကို သဘောပေါက်နားလည်ခြင်းသည်ထိခိုက်မှုအရှိနိုင်ဆုံးနေရာများအတွက် ကာလဝမ်းရောဂါထိန်းချုပ်ရေးလှုပ်ရှားမှုများကိုတိုးတက်ကောင်းမွန်ရေး အတွက် လမ်းညွှန်မှုကို ပေးပါသည်။ တားဆီးကာကွယ်မှု ထိရောက်မှုရှိရန်အတွက် နိုင်ငံတော်ကျန်းမာရေးဆိုင်ရာ အာဏာပိုင်များထံသို့ ဖြစ်ပွားမှုများကို သတင်းပို့ရန်မှာ အရေးကြီးပါသည်။

ကုသမှု[ပြင်​ဆင်​ရန်​]

အရည်များ ဖြစ်ပွားမှုအများစုတွင် ကာလဝမ်းရောဂါကို ခံတွင်းမှရေဓာတ်ပြန်လည် ဖြည့်တင်းပေးသည့် ကုထုံး (ORT) ဖြင့် အောင်မြင်စွာ ကုသနိုင်ပါသည်။ ယင်းမှာ ထိရောက်မှုအမြင့်မားဆုံး၊ အန္တရာယ်အကင်းဆုံးနှင့် လုပ်ကိုင်ရလွယ်ကူပါသည်။ဆန်ကိုအခြေခံသော ဖျော်ရည်များသည် ပိုမိုထိရောက်မှုရှိသောကြောင့် ဂလူးကို့စ်အခြေခံသော ဖျော်ရည်များထက် ပိုမိုဦးစားပေးပါသည်။သိသာစွာ ရေဓာတ်ခန်းခြောက်ခြင်းရှိသော ပြင်းထန်သည့် ဖြစ်ပွားမှုများတွင် ရေဓာတ်ပြန်လည် ဖြည့်တင်းသည့် အကြောဆေးသွင်းခြင်း လိုအပ်ကောင်း လိုအပ်နိုင်ပါသည်။ ရင်းဂျားစ်လက်တိတ်မှာ ဦးစားပေးသော အရည်ဖြစ်ပါသည်။ပမာဏအများအပြားနှင့် ဆက်တိုက်အစားထိုးမှုကို ဝမ်းသွားခြင်း လျော့နည်းကျဆင်း သွားသည်အထိပေးရန် လိုကောင်းလိုအပ်ပါမည်။ပထမ နှစ်နာရီမှ လေးနာရီအတွင်း ခန္ဓာကိုယ်အလေးချိန်၏ ဆယ်ရာခိုင်နှုန်းပမာဏ အရည်များကိုဖြည့်တင်းပေးဖို့ လိုအပ်ပါမည်။

အကယ်၍ စီးပွားရေးအရထုတ်လုပ်ထားသော ခံတွင်းမှသောက်သည့် ရေဓာတ်ပြန်လည်ဖြည့်တင်းသည့် ဖျော်ရည်များမှာ ဈေးကြီးပါက သို့မဟုတ် ရရန်ခက်ခဲပါက ဖျော်ရည်ကို ပြုလုပ်နိုင်ပါသည်။ ယင်းသို့လုပ်နည်းတစ်မျိုးမှာ ကြိုချက်ပြီးသော ရေ ၁ လီတာ၊ ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်ရည်ဇွန်း ၈ ဇွန်းတို့တွင်၊ ပိုတက်စီယမ်နှင့် အရသာကောင်းမွန်ရန်အတွက် ချေထားသော ငှက်ပျောသီးထည့်ပါ။

အီလက်ထရိုလိုက်များ[ပြင်​ဆင်​ရန်​]

အလွန်အမင်းဆုံးရှုံးမှု ရှိသော်ငြားလည်း သွေးထဲတွင် အက်ဆစ်ဓာတ်မြင့်တက်လာခြင်း ကနဦးတွင် ဖြစ်ပေါ်ပြီး၊ ပိုတက်စီယမ် ပမာဏမှာ ပုံမှန်ပင်ရှိကောင်း ရှိနိုင်သည်။ရေဓာတ်ဆုံးရှုံးမှုကို မှန်အောင်ပြင်ပြီးသောအခါ၊ ပိုတက်စီယမ်ပမာဏများမှာ လျင်မြန်စွာ ကျဆင်းနိုင်ပြီး ပြန်လည်အစားထိုးရန် လိုအပ်ပါသည်။

ပဋိဇီဝဆေးများ[ပြင်​ဆင်​ရန်​]

ပဋိဇီဝဆေးဖြင့် ကုသခြင်းများသည် ရောဂါဖြစ်ပွားမှုကို တစ်ရက်မှ သုံးရက်အထိ အချိန်တိုသွားစေနိုင်ပြီး ရောဂါလက္ခဏာများ၏ ပြင်းထန်မှုကိုလည်း လျော့ကျစေသည်။သို့သော် လူများသည် ရေဓာတ်ကို လုံလောက်အောင် ထိန်းသိမ်းထားနိုင်ပါက ပဋိဇီဝဆေးမသောက်ဘဲ ပျောက်ကင်းနိုင်သည်။ဒေါ့ဇီဆိုက်ကလင်ကို ပထမဆင့်တွင် ပုံမှန်အားဖြင့် အသုံးပြုသော်လည်း အချို့သော ဗီ ကော်လရေးဘက်တီးရီးယား ပိုးအသစ်များ သည် ဆေးကို တန်ပြန်ခုခံသည်ကို တွေ့ရှိရသည်။ရောဂါဖြစ်ပွားမှု ကာလအတွင်း တန်ပြန်ခုခံခြင်းအတွက် စစ်ဆေးခြင်းသည် သင့်လျော်သော အနာဂတ် ရွေးချယ်စရာများကို တိုင်းတာဆုံးဖြတ်ရာတွင် အထောက်အကူဖြစ်သည်။အတည်ပြုပြီး ထိရောက်မှုရှိသည့် အခြားသော ပဋိဇီဝဆေးများတွင် ကိုထရင်(မ်)မောက်ဇာဇော(လ်)၊ အီရစ်သရိုမိုင်စင်၊ တက်ထရာဆိုက်ကလင်၊ ကလိုရမ်ဖှန်နိကော(လ်)၊ နှင့် ဖူရာဇိုလစ်ဒုံးတို့ ပါဝင်သည်။နော်ဖလော့ဇာစင် ကဲ့သို့သော ဖလိုရိုကွင်နိုလုံး(စ်)ကိုလည်း အသုံးပြုနိုင်သည်။သို့သော်လည်း တန်ပြန်ခုခံခြင်းရှိကြောင်း သိရှိရသည်။

ကမ္ဘာပေါ်ရှိ နေရာအများအပြားတွင် ပဋိဇီဝဆေး တန်ပြန်ခုခံမှုသည် တိုးလာလျက်ရှိသည်။ ဥပမာအားဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ရောဂါဖြစ်ပွားမှုအများစုတွင် တက်ထရာဆိုင်ကလင်း၊ ထရီမီသိုပရင်(မ်)-ဆာလဖာမီသိုဇာဇော(လ်)၊ နှင့် အီရစ်သရိုမိုင်စင် ဆေးတို့ကို တန်ပြန်ခုခံသည်။ဆေးဝါးများကို တန်ပြန်ခုခံခြင်း အခြေအနေများကို ဖော်ထုတ်ရန်အတွက် လျင်မြန်သော ရောဂါစစ်ဆေးခြင်းဆိုင်ရာ ဓာတုပါဝင်မှု စစ်ဆေးနည်းများ ရနိုင်သည်။ဖန်ပြွန်လေ့လာချက်များတွင် ထိရောက်မှုရှိသည့် မိုက်ခရုပ်များကို နှိမ်နင်းသော မျိုးဆက်သစ် အန်တီမိုက်ခရိုဘီယယ်(လ်)များကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ရောဂါကြိုတင်ခန့်မှန်းချက်[ပြင်​ဆင်​ရန်​]

ကာလဝမ်းရောဂါ ခံစားနေရသောသူများကို လျှင်မြန်စွာနှင့် သေချာစွာ ကုသလျှင် သေပျောက်နှုန်းမှာ ၁% ထက် နည်းသည်။ သို့သော် ကုသမှုမပြုပါက သေပျောက်နှုန်းမှာ ၅၀-၆၀% ထိ မြင့်တက်သွားသည်။၂၀၁၀ ခုနှစ် ဟေတီနိုင်ငံနှင့် ၂၀၀၄ခုနှစ် အိန္ဒိယနိုင်ငံတို့တွင် ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့သော ကာလအတွင်း ကာလဝမ်းရောဂါ၏ အချို့သော မျိုးရိုးဗီဇဆိုင်ရာ ပျက်စီးမှုများအတွက်မူ ပထမဆုံး ရောဂါလက္ခဏာ ပြသည့်အချိန်မှ နှစ်နာရီအတွင်း အသက်သေဆုံးနိုင်သည်။

ရောဂါဖြစ်ပွား ကူးစက်ပျံ့နှံ့ခြင်း[ပြင်​ဆင်​ရန်​]

၂၀၁၀ ခုနှစ်တွင် ခန့်မှန်းသည်မှာ ကာလဝမ်းရောဂါသည် တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် တစ်နှစ်လျှင် လူပေါင်း ၃-၅ သန်းသို့ သက်ရောက်ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၀၀၀၀-၁၃၀၀၀၀ သေဆုံးခဲ့သည်။၎င်းကာလဝမ်းရောဂါသည် အများအားဖြင့် ဖွဲ့ဖြိုးဆဲ နိုင်ငံများတွင် အဓိက ဖြစ်ပွားသည်။ ၁၉၈၀ ခုနှစ်များ အစောပိုင်းတွင် သေပျောက်နှုန်းမှာ တစ်နှစ်လျှင် ၃ သန်းထက် များခဲ့သည်ဟု ယူဆရသည်။ရောဂါဖြစ်ပွားမှုသည် နိုင်ငံတစ်ခု၏ ခရီးသွားလာရေးလုပ်ငန်းကို ထိခိုက်နိုင်သောကြောင့် ရောဂါဖြစ်ပွားမှု အများအပြားကို သတင်းပို့ခြင်း မရှိသည့်အတွက် ဖြစ်ပွားမှု အရေအတွက်များကို အတိအကျ တွက်ချက်ရန် ခက်ခဲသည်။ကာလဝမ်းရောဂါသည် ကမ္ဘာပေါ်ရှိ နေရာအများအပြားတွင် လူစုအလိုက် ဖြစ်ပွားလေ့ရှိပြီး ကူးစက်ပျံ့နှံ့နေဆဲပင်။ ကာလဝမ်းရောဂါ ပျံ့နှံ့မှု နောက်ကွယ်ရှိ နည်းလမ်းများအကြောင်းကို လူများသိရှိသော်လည်း အဘယ်ကြောင့် ကာလဝမ်းရောဂါသည် နေရာအချို့တွင် ဖြစ်ပွားပြီး အခြားတစ်နေရာများတွင် ဖြစ်ပွားမှု မရှိကြောင်းကို ပြည့်ဝစွာ နားလည်နိုင်ခြင်းမရှိပါ။ လူသား မစင်များကို စနစ်တကျစွန့်ပစ်မှု မရှိခြင်းနှင့် သောက်ရေ စနစ်တကျသန့်စင်မှု မရှိခြင်းတို့သည် ရောဂါကို အလွန်လွယ်ကူစွာ ပြန့်ပွားစေသည်။ သို့သော် ရေထုသည် ရောဂါသိုထားရာ ဖြစ်နိုင်ပြီး အဝေးမှ တင်ပို့လာသော ပင်လယ်အစားအစားများသည် ရောဂါကို ပြန့်ပွားစေနိုင်သည်။ အမေရိကတိုက်တွင် ၂၀ ရာစုကာလ အများစုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားမှု မတွေ့ရှိခဲ့သော်လည်း ထိုရာစုနှစ် အဆုံးပိုင်းတွင် ပြန်လည်ပေါ်ပေါက်လာပြီး ဆက်လက် တည်ရှိနေပုံရသည်။