ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်

Wikipedia မှ
(ဆင့်ကဲ့ပြောင်းလဲမှုဖြစ်စဉ် မှ ပြန်ညွှန်းထားသည်)
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ဇီဝဗေဒ ပညာတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သို့မဟုတ် အီဗော်လူးရှင်း ဆိုသည်မှာ သက်ရှိအစုအဝေးများတွင် တွေ့ရသော မျိုးရိုးလိုက်သည့် လက္ခဏာရပ်များ အချိန်နှင့် အမျှ ပြောင်းလဲသွားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မျိုးရိုးလိုက်သည့် လက္ခဏာများတွင် ခန္ဓာဗေဒ ဆိုင်ရာ၊ ဇီဝဓာတုဗေဒဆိုင်ရာ နှင့် အပြုအမူဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်ပြီး ထို လက္ခဏာများသည် မျိုးရိုး တစ်ခုမှ အခြားမျိုးရိုးတစ်ခုသို့ ပြောင်းလဲချိန်တွင် လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိသည်။ ဆင့်ကဲပြောင်းလဲမှုသည် အစုအဖွဲ့အတွင်းတွင် မျိုးရိုးလိုက်သည့် လက္ခဏာများ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် အချိန်တွင် ဖြစ်ပေါ်နိုင်သည်။ ထိုသို့ အပြောင်းအလဲများ ဖြစ်ရသည့် အကြောင်းမှာ မျူတေးရှင်း (mutation) ခေါ် ဂျီနုမ်း အစီအစဉ်များ ပြောင်းလဲခြင်း၊ မျိုးဗီဇဆိုင်ရာ ပြန်လည် ပေါင်းစပ်ခြင်း နှင့် ဇီဝမျိုးစေ့ စီးဆင်းခြင်း တို့ကြောင့် ဖြစ်နိုင်သည်။ အီဗော်လူးရှင်းကြောင့် ဘိုးဘွားမိဘတူသော သက်ရှိများမှ တစ်စုနှင့် တစ်စု မတူညီဘဲ ကွဲပြားခြားနားသော သက်ရှိမျိုးကွဲများ ဖြစ်ပေါ်ပြီး ချားလ်စ်ဒါဝင် က ထိုအဖြစ်အပျက်ကို "အဆုံးမရှိအောင် လှပသော ပုံစံများ နှင့် အံဩဘနန်း ထူးဆန်းသော ပုံစံများ" ဟု ဆိုခဲ့သည်။

အမျိုးအနွယ်တစ်ခုကို တိရစ္ဆာန်၊ သို့မဟုတ် အပင်တစ်မျိုးမျိုးသည် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ဆင့်ကဲပြောင်းလဲခြင်း ကို အီဗော်လျူရှင်းဟုခေါ်သည်။ ထိုသို့ အမျိုးအနွယ်တစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ပြောင်းလဲခြင်းကြောင့် ရှေးကရှိခဲဘူး သော တိရစ္ဆာန်၊ သို့မဟုတ် အပင်နှင့် ယခုအခါ ရှိနေသော တိရစ္ဆာန်၊ သို့မဟုတ် အပင်သည် မတူနိုင်တော့ချေ။

သိပ္ပံပညာရှင်အများရှိရာ တစ်ဦးနှင့်တစ်ဦး အီဗော်လျူရှင်းဖြစ်ရာ၌ ဖြစ်သည့်နည်းများတွင် အယူအဆချင်း ကွဲပြားကြသော်လည်း အီဗော်လျူရှင်း ဖြစ်လာကြသည်ဟု ဆိုရာတွင်မူ အငြင်းမပွားကြချေ။ အလွန်ရှေးကျသောအခါကပင် လူသည် တိရစ္ဆာန်နှင့်အပင်များကို အလှအပအတွက် ဖြစ်စေ၊ ဝါသနာပါ၍ဖြစ်စေ ပြောင်းလဲယူခဲ့လေသည်။ ရှေးလူများကမူ သဘာဝကိုယ်တိုင်က တိရစ္ဆာန်နှင့် အပင်များကို ပြောင်းလဲပေးခဲ့သည်ဟု ယူဆခဲ့ကြ လေသည်။ ဘီစီ လေးရာစုနှစ်အတွင်းက နေထိုင်သွားခဲ့သော ဂရိလူမျိုး ဒဿနိကဗေဒ ပညာရှင်တစ်ဦးဖြစ်သည့် အယ်ရစ္စတိုတယ်က တန်းမြင့်သက်ရှိများသည် တန်းနိမ့် သက်ရှိများမှ အီဗော်လျူရှင်းဖြင့် ဖြစ်ပေါ်လာကြခြင်းဖြစ်သည်ဟု ရှင်းလင်းဖော်ပြခဲ့ဘူးကြောင်း ရှေးအကျဆုံး မှတ်တမ်းများ အရ သိရလေသည်။

အီဗော်လျူရှင်းသည် နေ့စဉ်နှင့်အမျှ ဖြစ်ပေါ်လျက် ရှိသည် ဟု မမျှော်လင့်နိုင်ချေ။ လူက တိရစ္ဆာန်ရိုင်း များကို ခိုင်းစေနိုင်မည့် တိရစ္ဆာန်များ အဖြစ်သို့ဖြစ်စေ၊ အပင်ရိုင်းများကို ဥယျာဉ်၊ သို့မဟုတ် ခြံစိုက် အပင်မျိုးအဖြစ်သို့ဖြစ်စေ ပြောင်းလဲယူခဲ့ သည်မှာ မှန်၏။ သို့သော် ထိုသို့ ပြောင်းလဲယူခြင်းမှာ နှစ်ပေါင်း ထောင်ပေါင်းများစွာ ကြာညောင်းလေသည်။ ယေဘုယျ အီဗော်လျူရှင်းဖြစ်လာခြင်းမှာမူ နှစ်ပေါင်းသန်းပေါင်း များစွာပင် ကြာညောင်းလေသည်။

ထိုသို့ နှစ်သန်းပေါင်းများစွာကြာအောင် အီဗော်လျူရှင်းဖြစ် လာကြရာတွင် ဆင့်ကဲပြောင်းလဲလာကြသော အခြေအနေများသည် ယခင်ကရှိခဲ့ဘူးသည့် အခြေအနေများထက် အဆင့်အတန်းများတွင်လည်းကောင်း၊ ရှုပ်ထွေးရာတွင် လည်းကောင်း၊ ပိုမို၍မြင့်မားလာခဲ့လေသည်။ သက်ရှိများ အီဗော်လျူရှင်း ဖြစ်လာကြရာတွင် -

  1. မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ ဆင့်ကဲပြောင်းလဲလာ ကြရာ၌ အသစ်ဖြစ်လာသော မျိုးဆက်များတွင် ဝိသေသဂုဏ် အသစ်များ ပါရှိလာခြင်း၊
  2. အီဗော်လျူရှင်း ဖြစ်လာသည်မှာ အချိန်ကြာညောင်းလှပြီဖြစ်၍ ယခုအခါတွင် အသက်ရှင်၍ နေကြသော သက်ရှိများ ရှိကြသကဲ့သို့ ယခုအခါတွင် မရှိကြတော့သော သက်ရှိများလည်း ရှိကြခြင်းနှင့်၊
  3. မျိုးကွဲသက်ရှိများ၌ အဆက်အသွယ်များ ရှိကြသကဲ့သို့ သက်ဆိုင်ရာ မျိုးရင်းများ၊ သို့မဟုတ် ထိုထက် ကျယ်ပြန့်သော အဆက်အနွယ်များ၌လည်း အဆက်အသွယ်များ ရှိကြလေသည်။

ကမ္ဘာ့ ကျောက်လွှာများတွင် တွေ့ရလေ့ရှိသော ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာကြည့်ခြင်းဖြင့် အီဗော်လျူရှင်း ဖြစ်လာကြသည့် အထောက်အထားများကို ရရှိနိုင်လေသည်။ ရှေးကျသော ကျောက်လွှာများမှ တန်းနိမ့်သက်ရှိများ၏ကျောက်ဖြစ်ရုပ်ကြွင်းများကိုသာ တွေ့ရ၍ တန်းမြင့်သက်ရှိများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို မတွေ့ရချေ။ တွေ့ရသော တန်းနိမ့်သက်ရှိများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများ၏ အမျိုးအစား များမှာ များပြား၍ အရေအတွက်မှာလည်း များပြားလေသည်။ ထိုအချိန်က ကျောရိုးရှိသတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို မတွေ့ရသေးချေ။ နောက် နှစ်သန်းပေါင်းများစွာ ကြာပြီးသောအခါတွင်မှ ကျောရိုးရှိ သတ္တဝါများ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့နိုင်လေသည်။

ပထမစ၍ တွေ့ရသော ကျောရိုးရှိသတ္တဝါများသည် ရှေးငါးများဖြစ်ကြသည်။ နောက်နှစ်သန်းပေါင်း မြောက်မြားစွာ ကြာသောအခါတွင် ဖားနှင့် ယင်း၏ အနွယ်ကဲ့သို့သော ရေနေကုန်းသတ္တဝါများကို တွေ့ရသည်။ ထို့နောက် နှစ်ပေါင်းများစွာ ကြာပြီးသောအခါတွင် ရှေးကျသော ငှက်များနှင့် ရှေးကျသော နို့တိုက်သတ္တဝါများကို တွေ့ရလေသည်။ ထိုရှေးနို့တိုက် သတ္တဝါများမှ နှစ်သန်းပေါင်းများစွာ ကြာသောအခါတွင် ယခုအခါ၌ တွေ့နေကြရသောအမွေးရှိ သတ္တဝါများ အဖြစ်သို့ ဆင့်ကဲပြောင်းလဲကြလေသည်။

အီဗော်လျူရှင်းစနစ်ဖြင့် သက်ရှိ အမြောက်အမြား ဖြစ်လာကြရာမှ နောင်တွင် ပျောက်ကွယ်သွားသော သက်ရှိများကို လည်း တွေ့ရလေသည်။ ထိုအချက်သည် တွားသွားသတ္တဝါတွင် ထင်ရှား၏။ ထိုတွားသွားသတ္တဝါများသည် နှစ်ပေါင်းများစွာ အတွင်း၌ အီဗော်လျူရှင်း ဖြစ်လာကြလေသည်။ တစ်ချိန်တွင် တွားသွားသတ္တဝါ မျိုးစဉ်ပေါင်း နှစ်ဆယ်ထက်ပိုသော တွားသွားသတ္တဝါများကိုပင် တွေ့နိုင်လေသည်။ နှစ်ပေါင်းမြောက်မြားစွာကြာသော တွားသွားသတ္တဝါခေတ် ဟုခေါ်သည့် ခေတ်အတွင်းက ကမ္ဘာကို လွှမ်းမိုးခဲ့သော ဒိုင်နိုဆောကောင်များ၏ ကျောက်ဖြစ်ရုပ်ကြွင်းများကို တွေ့ရလေသည်။

နောင်နှစ် သန်းပေါင်းများစွာ ကြာသော အခါတွင် နို့တိုက်သတ္တဝါများ၏ အီဗော်လျူရှင်း ဖြစ်ရေးကို အားပေးသော ရာသီဥတု ဖြစ်ပေါ်မှုကြောင့် တွားသွားသတ္တဝါမျိုးများ နည်းပါးလာခဲ့သဖြင့် ယခုအခါတွင် တွားသွားသတ္တဝါမျိုးစဉ်ပေါင်း ငါးခုသာ ကျန်ရှိတော့လေသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများကို လေ့လာခြင်းဖြင့် အချို့အမျိုးအစားများ၏ အီဗော်လျူရှင်းဖြစ်ပေါ်လာပုံကို တွေ့နိုင်လေသည်။ ထိုအချက်သည် မြင်း၏ အီဗော်လျူရှင်း ဖြစ်ပေါ်လာပုံတွင် ထင်ရှား၏။ ပထမစ၍ တွေ့ရရာတွင် မြေခွေးအရွယ်မျှသာရှိသော မြင်းနှင့်တူသည့် တိရစ္ဆာန်များကို တွေ့ရသည်။ ယင်းတို့၌ ခြေချောင်း ကလေးများငါးချောင်းရှိသည်။ ထိုနောက် အီဗော်လျူရှင်းစနစ်ဖြင့် အလယ်ခြေချောင်းသာ ကျန်ရစ်ရာမှ တဖြည်းဖြည်း အီဗော်လျူရှင်းဖြစ်ခြင်းဖြင့် ခွာဖြစ်လာသည်။ ထိုအခြေအနေရောက်ရန် ဆင့်ပေါင်း ၁၂ ဆင့် ပြောင်းလာခဲ့ ရပြီးလျှင် နှစ်သန်းပေါင်းများစွာ ကြာပြီးသောအခါတွင် ယခုအခါ၌ မြင်ရသော မြင်းအဖြစ်သို့ ပြောင်းလဲလာသည်ကို တွေ့ရလေသည်။

သိပ္ပံပညာရှင်များက ကျောက်ဖြစ်ရုပ်ကြွင်းများ၏အထောက်အထားများမှာ မပြည့်စုံဟု ဝန်ခံကြသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများ မကျန်ရစ်သည့် သက်ရှိများ အမြောက်အမြား ရှိသေး ကောင်းယုံကြည်ကြ၏။သို့သော် ထိုသို့ ကျောက်ဖြစ်ရုပ်ကြွင်း အချို့ကို မတွေ့ကြရသော်လည်း ယေဘုယျမှတ်တမ်းများကို ကြည့်ခြင်းဖြင့် သက်ရှိများ၏ သမိုင်းစဉ်တစ်လျှောက်၌ အီဗော်လျူရှင်း ဖြစ်လာကြသည်မှာ ထင်ရှားသည် ဟုဆိုကြသည်။ ရှေးကျသည့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် တစ်ခုနှင့်တစ်ခု တူညီကြသဖြင့် တစ်ခုနှင့်တစ်ခု အဆက်အသွယ် ရှိကြသည်မှာလည်း ထင်ရှားသည်ဟု ဆိုကြသည်။

တိရစ္ဆာန်များ၏ နှိုင်းယှဉ်နိုင်သော အနာတမီကို (ခန္ဓာဗေဒ) လေ့လာခြင်းဖြင့် အီဗော်လျူရှင်းဖြစ်လာသည့် အထောက်အထားများကို ပြသနိုင်ပေသည်။ တန်းနိမ့်ငါးများမှ တန်းမြင့်တိရစ္ဆာန်များအထိ ကျောရိုးရှိ သတ္တဝါမှန်သမျှတွင် ဦးနှောက်၏ အနေအထားမှာ အတူတူသာ ဖြစ်ပြီးလျှင် ဦးနှောက်နာဗ်ကြောများသည်လည်း ဦးနှောက်၏အလားတူ အစိတ်အပိုင်းများနှင့်သာ ဆက်သွယ်လျက် ရှိသည်ကို တွေ့ရလေသည်။ နို့တိုက်သတ္တဝါများ၊ သို့မဟုတ် အမွေးရှိသတ္တဝါများ၏ ခြေလက်အင်္ဂါများကို ကြည့် လျှင်လည်း အနေအထားမှာ အတူတူသာ ဖြစ်သည်ကို တွေ့ရ လေသည်။ လင်းနို့၏အတောင်နှင့် ဝေလငါး၏ ရှေ့ရေယက် တို့၏ အဓိကအရိုးများမှာ လူ၏ လက်မောင်းနှင့် လက်တို့၏ အဓိကအရိုးများနှင့် အတူတူဖြစ်သည်ကို တွေ့ရလေသည်။ သို့သော် အပင်၌ မြင်ရရာတွင်မူ လွန်စွာကွာခြားလှပေသည်။

ထိုနည်းအတိုင်း တိရစ္ဆာန်နှင့်အပင်လောကတို့မှ သာဓကများ ကိုလည်း တွေ့ရလေသည်။ နို့တိုက်သတ္တဝါတို့တွင် ယေဘုယျအားဖြင့် ဆင်တူသော သွားနှစ်စုံရှိ၏။ လူ၌လည်း ထိုနည်းအတူ ရှိလေသည်။ ဝှေးဗုန်း ဝေလငါးတွင်လည်း အလားတူ သွားနှစ်စုံရှိသည်။ သို့သော် ထိုသွားများလည်း ဝေလငါး ငယ်ကလေး မမွေးဖွားမီတွင် တိုးပွားလာပြီးနောက် ပျောက်ကွယ်သွားလေသည်။ ထိုသွားများကို မည်သည့် အခါတွင်မျှလည်း အသုံးပြုလေ့ မရှိချေ။

တစ်ဖန် လူ၏အစာလမ်းကြောင်းအတွင်းရှိ အူအတက်သည် ဩဂင်တစ်ခု၏ အကြွင်းအကျန်ကလေး ဖြစ်လေသည်။ ထိုဩဂင်သည် အခြား နို့တိုက်သတ္တဝါ အမြောက်အမြားတွင် အသုံးဝင်ကြလေသည်။ အလားတူ အခြေခံဖြစ်သည့် ပစ္စည်း အမြောက်အမြားသည် ရှေးလူများမှ ဆက်ခံရရှိပြီးလျှင် ထိုပစ္စည်းများသည် ရှေးလူများတွင် အသုံးဝင်ခဲ့ကြလေသည်။

တိရစ္ဆာန်အမျိုးမျိုး၏ ဇီဝကိစ္စဗေဒကို လေ့လာသောအခါတွင် လည်း ထူးခြားသော တူညီမှုများကို တွေ့ရ လေသည်။ တန်းမြင့်တိရစ္ဆာန်များကို ကြည့်လျှင် ယင်းတို့အားလုံးသည် အသက်ရှူခြင်း၊ အိပ်ခြင်းနှင့်ရွေ့ရှား သွားလာခြင်းများ ပြုလုပ်ကြသည်ကို တွေ့ရပေမည်။ အစာစားရာတွင်လည်း တူညီသောယေဘူယျ အစာစုများကို စားကြပြီးလျှင် တူညီသည့် အညစ်အကြေးများကို ဖြစ်စေကြသည်ကိုလည်း တွေ့ရပေမည်။

ဗီတာမင် အမျိုးမျိုးသည် လူ၏ ကျန်းမာရေးအတွက် လိုသကဲ့သို့တန်းမြင့်တိရစ္ဆာန် တို့၏ ကျန်းမာရေးအတွက်လည်း လိုလေသည်။ ထိုဆေးများ၏ စွမ်းပကားများကို သိနိုင်ကြခြင်းမှာ သိပ္ပံပညာရှင်များကထိုဆေးများကို တန်းမြင့် တိရစ္ဆာန်များတွင် စမ်းသပ်ကြည့်ကြရာမှ သိရှိကြသဖြင့် လူများက အသုံးပြုကြခြင်းဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်များနှင့် လူက စိုက်ပျိုးယူသော အပင်များကို ကြည့်ခြင်းဖြင့်လည်း လူက ကြံဖန်ရွေးချယ်သည့်နည်း၊ သို့မဟုတ် မျိုးဖောက်ခြင်းဖြင့် ယင်းတို့အား မည်မျှအထိပြောင်းလဲပစ်နိုင်သည်ကို တွေ့နိုင်လေသည်။ ထင်းရှားစေရန် သာဓကအဖြစ် ဖော်ပြရလျှင် အိန္ဒိယနိုင်ငံမှရရှိသည့် ကြက်တစ်ကောင်မှ ၁ဝ ပေါင် လေးသော ကြက်နှင့် တစ်ပေါင်သာလေးသည့် ကြက်များဖြစ်လာစေသည်အထိ လူက မျိုးဖောက်၍ ယူနိုင်သည်ကို တွေ့ရလေသည်။ ဟင်းသီးဟင်းရွက်များတွင်လည်း အလားတူပင် လူက အပင်ရိုင်းများမှ ကြံဖန် ရွေးချယ်သည့်နည်းဖြင့် စိုက်ပျိုးယူလေသည်။

အီဗော်လျူရှင်း ဖြစ်ပေါ်စေရန် အခြေခံအကြောင်းများကို စဉ်းစားကြရပေမည်။ လူတွင် ဖြစ်စေ၊ တိရစ္ဆာန် တွင်ဖြစ်စေ မတူညီမှုကလေးများကို အမြဲတစေ တွေ့ရလေသည်။ အပင် နှစ်ပင်၊ သို့မဟုတ် လူနှစ်ယောက်သည် မည်သည့်အခါတွင်မျှ အတိအကျ မတူသည်ကို လူတိုင်းသိသည်။ မွေးဖွားသော အရေအတွက်ထက် ကြီးထွားလာပြီးလျှင် အရွယ်ရောက်သည်အထိ ကြီးထွားလာသော တိရစ္ဆာန်၊ သို့မဟုတ် အပင်အရေအတွက်က နည်းပါးလေသည်။ တိရစ္ဆာန် နှင့် အပင်မျိုးစိတ်အမြောက်အမြား တွင် မိဘနှစ်ဦးမှ အရေအတွက်များစွာသော တိရစ္ဆာန်နှင့်အပင်များကို ဖြစ်ထွန်းလေသည်။ ဖားပြုပ်အမ တစ်ကောင်သည် တစ်နှစ်လျှင် ဥပေါင်း ၂ဝ,ဝဝဝ မျှကို အုပေး၏။ သို့သော် ထိုဥများသည် ဥလိုက် ဖြစ်စေ၊ အကောင်ဖြစ်မှဖြစ်စေ သေကြေပျက်စီးကုန်သော အရေအတွက်မှာ အလွန် များပြားသဖြင့် မူမှန်အခြေအနေအတွင်း၌ ဖားပြုပ်နှစ်ကောင်မျှသာ မိဘ၏နေရာကို ယူရန် ကျန်ရစ်လေ့ရှိသည်ကို တွေ့ရလေသည်။ ထိုအခါ သဘာဝ ရွေးချယ်ခြင်းသည် ဖြစ်လာလေသည်။ အခြေအနေနှင့် မကိုက်ညီသော အခြေအနေ မကောင်းမွန်လှသည့် ဖားပြုပ်များ သေကြေကုန်ကြလေသည်။ တာရှည်တွင် မွေးဖွားသည့် သားသမီးများအနက် အခြေအနေ အကောင်းမွန်ဆုံး သားသမီးများသာ ကျန်ရစ်လေ့ရှိသည်။ အခြေအနေ ယာယီအားဖြင့် ပြောင်းလဲခြင်းကြောင့် ဖားပြုပ်များပို၍ အသက်ရှင်က ကျန်ရစ်ပြန်လျှင်လည်း ဖားပြုပ် အရေအတွက် မြောက်မြားလာခြင်း ကြောင့် ရောဂါကပ်ဆိုက်ရောက် လာပြီးလျှင် သေကြေကုန်လေ့ရှိသည်။ ထိုနည်းအားဖြင့် ဖားပြုပ်၏ အရေအတွက်သည် သူအခြေအနေနှင့်သူ ကိုက်ညီလျက် ရှိလေ့ရှိသည်။ အခြေအနေ ပြောင်းလဲလာလျှင် ထိုပြောင်းလဲလာသည့် အခြေအနေနှင့် အလွန်ကိုက်ညီအောင် အကျိုးပြု လိုက်လျောခြင်း ရှိနိုင်သော ဖားပြုပ်များသာ ကျန်ရစ်နိုင်၍ ကျန်ဖားပြုပ်အားလုံးသည် သေကြေကုန်ကြရပေမည်။ အခြားနေရာများရှိ ဖားပြုပ်များသည်လည်း ထိုနေရာမျိုးရှိ အခြေအနေများနှင့်ကိုက်ညီအောင် အကျိုးပြု လိုက်လျောမှုများရှိသည့် ဖားပြုပ်များသာ ကျန်ရစ်နိုင်လေပေလိမ့်မည်။ ထိုနည်းဖြင့် အီဗော်လျူရှင်းဖြစ်လာသော ဖားပြုပ်များကို တွေ့နိုင်လေသည်။ ထိုဖားပြုပ်များသည် ပထမပေါက်ဖွားပေးခဲ့သော ဖားပြုပ်များနှင့် တူနိုင်ကြတော့မည် မဟုတ်ချေ။

သိပ္ပံပညာရှင်များ အချင်းချင်း အငြင်းပွားရဆုံး အချက်များအနက် တစ်ချက်မှာ ပေါက်ဖွားလာသည့် တိရစ္ဆာန်၊ သို့မဟုတ် အပင်များတွင် ကွဲလွဲရသည့်အကြောင်းများနှင့် ထိုအကြောင်းများကြောင့် သက်ဆိုင်ရာ တိရစ္ဆာန်၊ သို့မဟုတ် အပင်များသို့ မည်ကဲ့သို့သော အကျိုးသက်ရောက်မှုများ ရှိလာ သည်ဆိုသော အချက် ဖြစ်သည်။ ဒါဝင် ချမှတ်ထားသော စနစ်အရဆိုလျှင် အကျိုးသက်ရောက်စေသော ကွဲလွဲချက် များသည် များသောအားဖြင့် အနည်းငယ်မျှသာ ရှိပြီးလျှင်၊ ထိုကွဲလွဲချက်များသည်လည်း မည်သည့်အကြောင်းကြောင့် ရှိလာသည်ဟုမပြောနိုင်ချေ။ ထိုနည်းဖြင့် တိရစ္ဆာန်တစ်ကောင်၊ သို့မဟုတ် အပင်တစ်ပင်သည် အခြား တိရစ္ဆာန်၊ သို့မဟုတ် အပင်များကဲ့သို့ မဟုတ်ဘဲ ကံအားလျော်စွာ ပြောင်းလဲချက်ကလေးများ ပါလာခြင်း ကြောင့် ကျန်တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များထက် ပို၍ အသက်ရှည်နိုင်လေသည်။ ထိုပြောင်းလဲချက် ကလေးများကိုသာ သားသမီးများက အမွေဆက်ခံနိုင်ကြလျှင် ထိုအမွေဆက်ခံကြသော တိရစ္ဆာန်၊ သို့မဟုတ် အပင်များသည် အသက်ရှည်နိုင်ရန် ပို၍ အလားအလာ ရှိကြလေသည်။ သိပ္ပံပညာရှင်တစ်ဦးကမူ လေ့လာရရှိသောသွင်ပြင် လက္ခဏာကို အမွေဆက်ခံခြင်းကြောင့် ပြောင်းလဲချက်ကလေးများ ရှိသည်ဟု ဆိုသည်။ ထိုပညာရှင်၏ အယူအဆမှာ တိရစ္ဆာန်၊ သို့မဟုတ် အပင်က ယင်း အသက်ရှင်နေစဉ်အတွင်း လေ့လာရရှိခဲ့ခြင်းကို သားသမီးများအား တစ်ဆင့် အမွေပေးခဲ့ခြင်းကြောင့် ပြောင်းလဲချက်ကလေးများ ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။ သာဓကအဖြစ် ဖော်ပြထားသည်မှာ အားကစား လိုက်စားသော မိဘက ကိုယ်အင်္ဂါတွင် အခြားကလေးများထက် သန်စွမ်းသောကလေးများကို မွေးဖွားစေနိုင်ခြင်းနှင့် ဉာဏ်ပညာနှင့် ပြည့်စုံသော မိဘက အခြားကလေးများထက် ပို၍ ဉာဏ်ပညာနှင့်ပြည့်စုံသော ကလေးများကို ပေါက်ဖွားစေနိုင်သကဲ့သို့ ဖြစ်သည်။ အခြားပညာရှင်တစ်ဦးကမူ ထိုအဆိုပြုချက်ကို လက်မခံနိုင်ဟု ဆိုပြီးလျှင် အထက်ဖော်ပြပါ ပညာရှင် ပြောဆိုသကဲ့သို့ ဖြစ်လာသည် ဆိုသည်မှာ အထောက်အထား မရှိဟု ဆိုသည်။ ဒုတိယပညာရှင်ပေးသော ဆင်ခြေကို ထင်ရှားစေရန် တရုတ်မများ၏ ခြေထောက်များကို သာဓက အဖြစ် ဖော်ပြလေသည်။ ထိုသို့ဖော်ပြရာတွင် တရုတ်မက ခြေထောက်များကိုသာ မပြုပြင်ဘဲထားလျှင် ထိုခြေထောက်များသည် မူမှန်အရွယ်အထိ ကြီးထွားလာနိုင်သည်ဟု ဖော်ပြသည်။ ထိုသို့ မူမှန်အရွယ်ထိ ကြီးထွားလာနိုင်သော ခြေထောက်များရှိသည့် တရုတ်မလေးကို နှစ်ရာပေါင်းများစွာက သေးငယ်အောင် တရုတ်မက မွေးဖွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ အခြားအမှန်အရေးကြီးသော သီအိုရီတစ်ခုကို အခြားသိပ္ပံပညာတစ်ဦးက တင်ပြပြန်သည်။ သူ၏ တင်ပြချက်မှာ ပြောင်းလဲချက်များကို သဘာဝက အခွင့်ကောင်း ယူတတ်ခြင်းပင် ဖြစ်သည်။ ထိုပြောင်း လဲချက်သည် အခြား အတူမွေးဖွားလာသော တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များနှင့်မတူဘဲ ထူးခြားသော ပြောင်းလဲမှုများ ရှိလာခြင်းကို သာဓကအဖြစ် ဖော်ပြထားသည်။ ထိုသာဓကမှာ တစ်ခါတစ်ရံတွင် တိရစ္ဆာန်များ၊ သို့မဟုတ် အပင်များ၌ တွေ့ရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လက်ချောင်းများ၌ ရှိနေကျ အဆစ် သုံးဆစ်အစား နှစ်ဆစ်သာ ပါလေ့ရှိကြောင်းကို ဖော်ပြသည်။ သို့မဟုတ် လက်ချောင်း၊ သို့မဟုတ်ခြေချောင်း ငါးချောင်းအစား ခြေချောင်း ခြောက်ချောင်းပါလေ့ရှိသည်ကို ဖော်ပြသည်။ ထိုသို့ပြောင်းလဲချက်က ပြောင်းလဲလာသည့်တိရစ္ဆာန်၊ သို့မဟုတ် အပင်သစ်အဖို့ အဓိကအချက် ဖြစ်လာနိုင်ကောင်း ဖြစ်လာနိုင်သည်ဟု ဆိုသည်။ ထိုပြောင်းလဲချက်က ပိုင်ဆိုင်သစ်အား အကျိုးပြုနိုင်လျှင်၊ ကျန်ကလေးများ ပျက်စီးကုန်သည့်တိုင်အောင် ထိုပြောင်းလဲချက် ရှိနေသော ကလေးသည် ကျန်ရစ်နိုင်ပေလိမ့်မည်။ ထိုကလေးမှတစ်ဆင့် အလားတူ အကျိုးပြုနိုင်သော အချက်ကို အမွေဆက်၍ ပေးနိုင်လျှင် မျိုးစိတ်သစ်တစ်ခုပင် ဖြစ်ပေါ်လာနိုင် သည်ဟုဆိုသည်။ ထိုပြောင်းလဲချက်ကသာ ပိုင်ရှင်အား အကျိုးမပြုနိုင်လျှင် ပိုင်ရှင်သည် သေကြေ ပျက်စီး သွားနိုင်သည်ဟုဆိုသည်။

အီဗော်လျူရှင်းကို ဖြစ်စေသည်ဆိုသော အခြား အလားတူ သီအိုရီ အမြောက်အမြားလည်း ရှိသေးသည်။ သို့သော် ဖော်ပြခဲ့ပြီးဖြစ်သော အချက်အလက်များနှင့်ပင် သိပ္ပံပညာရှင် အချင်းချင်း အီဗော်လျူရှင်း ဖြစ်စေသည့် အကြောင်းပြချက်များတွင် ကွဲလွဲကြကြောင်းမှာ ထင်ရှားပေပြီ။ ထိုကြောင့် ဖော်ပြခဲ့ပြီးသော အချက်ကိုပင် တစ်ဖန်ပြန်၍ ဖော်ပြရလျှင် သက်ရှိများ အီဗော်လျူရှင်း ဖြစ်လာကြသည်ကို ဆိုရာတွင်မူ သဘောတူညီကြလေသည်။[၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)