မြင်း

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
မြင်း
သဘာဝထိမ်း​သိမ်းခြင်းအခြေအနေ
Domesticated
သိပ္ပံနည်းကျမျိုးခွဲခြင်း
လောက Animalia
မျိုးပေါင်းစု Chordata
မျိုးပေါင်း Mammalia
မျိုးစဉ် Perissodactyla
မျိုးရင်း Equidae
မျိုးစု Equus
မျိုးစိတ် E. caballus
ဒွိနာမ
Equus caballus Linnaeus, 1758
အမည်ကွဲ
Equus laurentius

မြင်း မြင်း ။ ။ မြင်းသည် လူ၏ မိတ်ဆွေစစ် ဖြစ်သည်ဟု ဆိုရပေမည် ။ တိုင်းပြည် အေးချမ်းသာယာနေချိန်တွင် အနောက်နိုင်ငံများတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ မြင်းကို အသုံးပြုရသလို စစ်မက်ဖြစ်ပွားလာသည့်အခါ၌လည်း မြင်းတပ်များ ဖွဲ့စည်းကာ ရန်သူကို တွန်းလှန် ချေမှုန်းခဲ့ ရလေသည် ။ မြင်း၊ မြည်းနှင့် မြင်းကျားတို့သည် မျိုးတူသတ္တဝါများဖြစ်ကြ၍ ထို တိရစ္ဆာန် သုံးမျိုး၏ အတိတ်ရာဇဝင်မှာ ထူးဆန်းသဖြင့် စိတ်ဝင်စားဖွယ်ရာ ကောင်းပေသည် ။ မြင်း၏ ဇာတိအရပ်မှာ အာရှတိုက် ဖြစ်ဟန်တူသော်လည်း ကာလရွေ့လျောလာသဖြင့် မြင်း၏ ပုံပန်းသဏ္ဌာန် အဆင့်ဆင့် ပြောင်းလဲလာပုံကို အမေရိကတိုက်တွင် မြေအောက်မှ တူးဖော်ရရှိ သော ကျောက်ဖြစ်နေသည့် မြင်းရိုးတို့ကို တွေ့ရှိရခြင်းအားဖြင့် ပို၍ စုံလင်စွာသိရသည် ။ ရှေးနှစ် သန်းပေါင်းငါးဆယ် အထက်က ကြောင်၏ အရွယ်မျှသာရှိ၍ ရှေ့တစ်ဖက်စီတွင် ခြေချောင်း ငါးချောင်းနှင့် နောက်ခြေတွင် ခြေချောင်း လေးချောင်းစီပါသော တိရစ္ဆာန်များ ရှိခဲ့ဘူးလေသည် ။ ယခုခေတ် လူတို့၏ အမြင်အားဖြင့် ဆိုရလျှင် ထိုသတ္တဝါကလေးမှာ ထူဆန်းသော မြင်းကလေးမျှသာ ဖြစ်သော်လည်း ထိုသေးငယ်သော ကမ္ဘာဦးမြင်း မှ ယခု တွေ့မြင်ရသော မြင်းကြီးများ ပေါက်ပွားလာကြလေသည် ။ ထိုကမ္ဘာဦး မြင်းကလေး များသည် ရန်သူ၏ ဘေးရန်မှ လွတ်မြောက်အောင် ပြေးလွှားရသည့် အခါတွင်ခြေဖျားထောက်၍ ပြေးမှ ပို၍ လျှင်မြန်နိုင်မည်ဖြစ်ရာ တဖြည်းဖြည်းနှင့် အလယ်ခြေချောင်း ကိုသာ အသုံးများလာလေသည် ။ နှစ်ပေါင်းများစွာ ကြာ လတ်သော် အသုံးများသော ခြေချောင်းသာလျှင် သန်သန် စွမ်းစွမ်းရှိ၍ အသုံး မချရသော ခြေချောင်းကလေးများသည် တဖြည်းဖြည်း သေးသိမ်လာပြီးလျှင် နောက်ဆုံး၌ လုံးဝကွယ် ပျောက်သွားလေသည် ။ ထို့ကြောင့် ယခုခေတ်၌ တွေ့မြင် ရသောမြင်းတွင် မြင်းခွာအတွင်း၌ ခြေချောင်းတစ်ခုသာလျှင် ကျန်ရှိနေတော့သည် ။ ခြေချောင်းများ တရွေ့ရွေ့ ပြောင်းလဲလာသည့်နည်းတူ မြင်း၏ ကိုယ်လုံးကိုယ်ထည်နှင့် ခြေတံလက်တံတို့သည်လည်း ကြီးထွားသန်စွမ်း၍လာသည်။ မြင်းသည် အချိုးအစားကျသော တိရစ္ဆာန်ဖြစ်သည်။ မြင်းတွင် သန်စွမ်းသော ခြေလက်တို့ ရှိသည့်အပြင် ရှည်လျားသော ဦးခေါင်းနှင့် တောက်ပသော မျက်လုံးများရှိသည်။ အဖျားချွန်၍ အဖက်ဖက်သို့ လှုပ်ရှား နိုင်သော နားရွက်များနှင့် ကျယ်၍ပွသော နှာခေါင်းပေါက် များ ရှိသည် ။ အသားပြည့်၍ လုံးသောကိုယ်နှင့် ရှည်လျား သော လည်တံရှိသည် ။ အမွှေးမှာ ကိုယ်နှင့်ကပ်၍ ပေါက် သည်။ မြင်းနှင့် မြင်းကျားတို့တွင် အမြီးဖျား၌သာ အမွှေးရှည်များရှိသည် ။ ထိုကြောင့် မြင်း၏ လည်ဆံနှင့် အမြီးရှည်တို့သည် မြင်းကို အခြားတိရစ္ဆာန်တို့ထက် ပို၍ လှပတင့်တယ်စေသည်ဟု ဆိုရပေမည်။ မြင်းသည် မြက်နှင့်ကောက်ပင် ၊ ကောက်သီးများကို စားသော တိရစ္ဆာန်ဖြစ်သော်လည်း စားမြုံ့မပြန်တတ်ချေ။ သွား ၃၆ ချောင်းမှ အချောင်း ၄ဝ အထိရှိ၍ အထက်နှင့်အောက် ရှေ့သွား ၃ ချောင်းစီနှင့် အံသွား ၆ ချောင်းစီရှိသည်။ မြင်းအံသွားများ၏ ထူးခြားချက်တစ်ရပ်မှာ သွားအဖျားများ တိုသွားသည်နှင့်အမျှ သွားအရင်းမှ ရှည်ထွက်၍ လိုက်လာ သည်။ မြင်းထီးများတွင် အထက်ပါသွားများအပြင် ခွေးစွယ် ၄ ချောင်း အပိုပါသေးသည်။ ဤခွေးစွယ်များနှင့် အံသွားများအကြားရှိ နေရာလပ်တွင် မြင်းဇက်ကို ခွံ့ရသည်။ ကြမ်းတမ်းသော မြင်းကို ဇက် ခွံ့ထားမှသာ စီးသည့်အခါ ချုပ်ထိန်းနိုင်သည် ။ မြင်း၏ သက်တမ်းမှာ ၁၈ နှစ်မှ အနှစ် ၂ဝ အထိ ဖြစ်သည် ။ မြင်းကလေး မွေးသည့်အခါ မျက်စိ စုံလုံးပွင့်လျက် ကိုယ်တွင်လည်း အမွှေးများ အပြည့်ရှိသည် ။ မွေးပြီး၍ ခဏခြင်းတွင်မြင်းကလေးသည် မတ်တတ်ထ၍ ပြေးလေ့ ရှိသည်။ မြင်းကလေး အသက် ရက်သတ္တနှစ်ပတ် အကြာတွင် ရှေ့သွားများ ထွက်လာသည်။ အသက် ၆ လခန့်ရှိလျှင် ငယ်သွားများ စုံလာသည်။ အသက် ၃ နှစ်အတွင်း ငယ်သွားများလဲသည်။ မြင်းထီး အသက် ၄ နှစ်ရှိလာလျှင် ခွေးစွယ်များ ပေါ်လာသည်။ မြင်းအသက် ၅ နှစ်တွင် သွားများစုံသည် ။ အသက် ၁ဝ နှစ်အထိ သွားထွက်ပုံနှင့် သွားပြောင်း လဲပုံတို့မှာ တသမတ်တည်း ရှိသဖြင့် သွားများကို ကြည့်ရှု စစ်ဆေး၍မြင်း၏ အသက်ကို တွက်မည်ဆိုက တွက်နိုင်စရာ အကြောင်းရှိသည် ။ ၂ နှစ်သား အရွယ်တွင် မြင်းကလေးသည် ငယ်မွှေးလဲသဖြင့် မွေးစက ပါသော ကောက်ကွေးကွေး အမွှေးများ ပျောက်၍ ပြောင်လက်သော အမွှေးများပေါ်ထွက် လာသည် ။ လည်ဆံမွှေးနှင့် အမြီးမှတစ်ပါး ကိုယ်တွင်ရှိသော အခြားအမွှေးများမှာ နှစ်စဉ် အသစ်လဲသည်။ ရှေးအထက်ကျော် ကာရီက ဆိုက်ဗီးရီးယားနှင့် အလာစကာပြည်တို့သည် ကုန်းချင်း ဆက်စပ်လျက်ရှိသဖြင့် မြင်းရိုင်းများသည် အာရှတိုက်၊ ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့တွင် တစ်တိုက်နှင့်တစ်တိုက် ကူးလူးကျက်စားလျက်နေကြ၏။ ထိုကြောင့် ယနေ့ထက်တိုင် အာရှတိုက်၊ ဥရောပတိုက်နှင့် နှင့် အမေရိကတိုက်များတွင် မြင်းရိုင်းအုပ်ကြီးများကို တွေ့မြင်ရသေးသည်။ မြင်းရိုင်းများ သည် ကြီးမား၍ သန်စွမ်းသော တိရစ္ဆာန်များ ဖြစ်ကြ သော်လည်း ရန်သူကို ခွာစောင်းဖြင့် ကန်ကျောက်ရုံမှတစ်ပါး အခြားခုခံရန် နည်းများမရှိသဖြင့် ဝံပုလွေ၊ ကျားစသော သားရဲများနှင့် ရင်ဆိုင်တွေ့လျှင် အသက်ဘေးမှ လွတ်ရန် ခွာစုံပေါက် ပြေးလေ့ရှိသည် ။ ထိုသားရဲများ၏ ရန်အပြင် နောက်ထပ် တိုးလာသော ရန်သူမှာ မြင်းရိုင်းများကို အသားစားရန်အတွက် လိုက်လံဖမ်းဆီးသတ်ဖြတ်သော ရှေးခေတ်လူများပင် ဖြစ်သည်။ နှစ်ပေါင်းသုံးသောင်းကျော် အထက် ကျောက်ခေတ်တွင် ဥရောပတိုက် တောင်ပိုင်း၌ ဂူများဖြင့်နေထိုင်ကြသော လူတို့၏ နေရာ ရပ်ကွက်များမှ မြင်းရိုးများကို တူးဖော် ရရှိခြင်းအားဖြင့် မြင်းရိုင်းများကို ရှေးခေတ် လူတို့ သတ်ဖြတ်စားသောက်ကြကြောင်း သိသာ ထင်ရှားလေသည်။ ထိုသူများ နေထိုင်ရာ ဂူများအတွင်း၌ အမဲလိုက်ရာ၌ အသုံးပြုကြသော အမဲရိုး၊ ကျောက်စသည်တို့ဖြင့် ပြုလုပ်ထားသည့် ဓား၊ လှံစသော လက်နက်တို့ကိုလည်း တွေ့ရှိရသည်။ သို့သော် ထိုအရာများထက် စိတ်ဝင်စားဖွယ် ဖြစ်သည်တို့မှာ ရှေးခေတ် လူတို့၏ ပုံများနှင့် တိရစ္ဆာန်ပုံများကို ခြစ်ဆွဲ၍ဖြစ်စေ၊ ကျောက်၊ သစ်သားတို့ဖြင့် ထုလုပ်ထား၍ဖြစ်စေ ကျန်ရစ်ခဲ့ခြင်း ဖြစ်လေသည် ။ ယင်းကဲ့သို့ အရိုးများ၊ ကျောက်များပေါ်တွင် ထုထွင်းခဲ့သော ပုံများတွင် မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည် ။ အချို့ မြင်းပုံများတွင်မြင်း၏ ပုံများကိုလည်း တွေ့ရှိရသည် ။ အချို့မြင်းပုံများတွင် မြင်း၏ ပါးစပ်၌ ဇက်ခွံ့၍ ဇက်ကြိုးများတပ်ဆင်ထားသည်ကိုပင် တွေ့ရှိရ သဖြင့် ထိုခေတ် ထိုအခါမှစ၍ လူတို့သည် မြင်းကို ချုပ်ထိန်းနိုင်စွမ်းရှိသည့် အလျောက် အလိုကျအသုံးပြုခဲ့ကြောင်း ထင်ရှားလေသည်။ ကက်စပျန် ပင်လယ်နှင့် ပင်လယ်နက် မြောက်ဖက်ရှိ မြက်ခင်းကြီးများ၌ လှည့်လည် ကျက်စားကုန်သော အာရိယန်လူမျိုးတို့သည် မြင်းကို ပထမဆုံး ယဉ်ပါးလာအောင် လေ့ကျင့်ပေးသည့် လူများ ဖြစ်လေသည်။ ဦးစွာ၌ မြင်းကို စစ်တိုက်ခိုက်ရာ၌သာ အသုံးများ၏။ နွားနှင့် မြည်းများကို ဝန်တင်တိရစ္ဆာန်အဖြစ်ဖြင့် အသုံးချကြသည် ။ ဂရိလူမျိုးနှင့် ရောမလူမျိုးများ ကြီးစိုးစဉ်အခါက ဘုရင်များ၊ မင်းညီ မင်းသားများနှင့် စစ်ဗိုလ်ကြီးများသည် မြင်း ၂ ကောင်၊ သို့မဟုတ် တခါတရံ မြင်း ၃ ကောင် က သော စစ်တိုက် ထွက်ရထားများကို စီးနင်း၍ စစ်မြေပြင်သို့ ထွက်လေ့ရှိကြ သည်။ ထိုနောက်မှ မြင်းကို လူကိုယ်တိုင်စီး၍ စစ်ပွဲဝင်သည့် ခေတ်သို့ ရောက်ရှိလာသည် ။ အာရှတိုက် အလယ်ပိုင်းတွင် မြည်းနှင့် ဆင်တူရိုးမှား တိရစ္ဆာန်ရိုင်းများကို ယနေ့တိုင် တွေ့မြင်ရသည်။ သို့သော် မြင်းရိုင်းစစ်စစ်ကို မွန်ဂိုးလီးယားပြည် အနောက်ပိုင်း၌သာ ယခုအချိန်တွင် တွေ့မြင်နိုင်သည် ။ ထိုမြင်းရိုင်းများမှာ စင်စစ် မြင်းပုကလေးများသာ ဖြစ်သည့်အပြင်၊ အမြီးမှာ မြည်း၏ အမြီးကဲ့သို့ရှိသည် ။ ယင်းတို့သည် ၅ ကောင် မှ ၁၅ ကောင် အထိ အအုပ်အသင်းဖွဲ့၍ နေတတ်သည်။ တစ်အုပ်လျှင် မြင်းလားအိုကြီး တစ်ကောင်စီ ခေါင်းဆောင် သည် ။ ၁၈၇၉ ခုနှစ်တွင် ရုရှားလူမျိုးထဲမှ ဒေသသစ် ရှာဖွေသော ပါဇီဗားလစကီး ဆိုသူထံသို့ အထက်ထက်က မည်သူတစ်စုံတစ်ယောက်မျှ မတွေ့မြင်ဘူးသေးသော ဤမြင်းရိုင်းမျိုးရောက်ရှိလာသည်။ ထိုပုဂ္ဂိုလ်ကို အစွဲပြု၍ ဤမြင်းရိုင်းများကို ပါဇီဗားလစကီးမြင်းဟု ခေါ်ကြသည် ။ အာဖရိကတိုက်၊ ဆီးရီးယားနှင့် ပါးရှားနိုင်ငံရှိ သဲကန္တာရများနှင့် အိန္ဒိယ နိုင်ငံအလယ်ပိုင်းရှိ လွင်ပြင်များတွင် မြင်းကျားနှင့် မြည်းရိုင်းများကို တွေ့ရှိနိုင်သည် ။ မြင်းနှင့် မြည်းကို လူတို့နှင့် ယဉ်ပါးလာအောင် ပြုပြင်ရာ၌ အောင်မြင်လျက်ရှိပြီး ဖြစ်သော်လည်း မြင်းကျားမှာမူ ယနေ့ထက်တိုင် အရိုင်းသက်သက်ပင် ရှိနေသေး၏။ ဥရောပတိုက်မှ မျက်နှာဖြူ လူမျိုးများ အမေရိကတိုက်သို့ ပထမဦးဆုံးအကြိမ် သွားရောက်ကြစဉ်က ထိုတိုက်တွင် ရှိကြ သော တိုင်းရင်းသားတို့သည် မြင်းကို မမြင်ဘူး မကြားဘူးကြ ချေ။ ယခုအခါ၌ တောင်အမေရိကတိုက်နှင့် မြောက် အမေရိကတိုက် အနောက်ပိုင်းတို့တွင် တွေ့ရှိရသော မြင်းရိုင်းများမှာ ၁၆ ရာစုနှစ်အတွင်း စပိန်လူမျိုး တို့ ယူဆောင်လာသော မြင်းယဉ်များထဲမှ တောဝင်သွားသော မြင်းများ၏ အဆက်အနွယ်များသာ စင်စစ်ဖြစ်ချေသည် ။ ရှေးအခါက စစ်တိုက်ရာ၌သာ မြင်းကို အသုံးချခဲ့ကြ သော်လည်း လူတို့၏ ယဉ်ကျေးမှု အဆင့်အတန်းမှာ တဖြည်းဖြည်း တိုးတက်လာသည့်အလျောက် ဝန်တင်လှည်းများ ဆွဲရာတွင်လည်းကောင်း၊ လယ်မြေများကို ထွန်ယက် ပြုပြင်ရာတွင်လည်းကောင်း မြင်းကို အသုံးချလာကြသည် ။ မီးရထားနှင့် မော်တော်ကားများ မပေါ်မီ ၁၉ ရာစုနှစ် အလယ်အထိ တစ်နေရာမှ တစ်နေရာသို့ ခရီးသွားရာ၌ မြင်းများ မရှိလျှင် မဖြစ်သလောက် အသုံးဝင်လာလေသည် ။ ယခုခေတ်မှ ဆိုလျှင် ရေနွေးငွေ့အား၊ လျှပ်စစ်ဓာတ်အားနှင့် ဓာတ်ဆီအားတို့ကို သယ်ယူပို့ဆောင်ရေးဖက်တွင် ဖြစ်စေ၊ စိုက်ပျိုးရေးဖက်တွင် ဖြစ်စေ၊ အခြားလေးလံသော အရာဝတ္ထုတို့ကို သယ်ယူချီမရာတွင်ဖြစ်စေ၊ အခြားလေးလံသော အရာဝတ္ထုတို့ကို သယ်ယူချီမရာတွင်ဖြစ်စေ တွင်ကျယ်စွာ အသုံးချလာပြီ ဖြစ်သောကြောင့် မြင်းကို အသုံးနည်း လာပြီဟု ဆိုရချေမည် ။ သို့ရာတွင် ဤမျှ စက်မှု ထွန်းကား တိုးတက်လာသော ခေတ်၌ ပင် မြင်းကို လုံးဝစွန့်ပယ်ရန် မဖြစ်နိုင်သေးချေ။ လူတို့သည် မြင်းကို အဖက်ဖက်တွင် တိုးတက် ကောင်းမွန်လာရအောင် ပြုပြင်၍ လာခဲ့ကြသဖြင့် အရွယ် အစားစားရှိသော မြင်းမျိုးများ ပေါ်ပေါက်လာခဲ့ပေသည် ။ အချို့မြင်းများမှာ ဒေါက် ၆ ပေမှ ၇ ပေအထိ ရှိ၍ လှည်းဆွဲရာ၌ အသုံးပြုကြသည် ။ အချို့မြင်းများမှာ ဒေါက်အလွန်ငယ်သော မြင်းပုကလေးများ ဖြစ်ကြသည် ။ မြင်း ၃ မျိုး ၃ စားရှိသည် ။ ပထမတစ်မျိုးမှာ လှည်းထွန်တုံး ထွန်သန်စသော လေးလံသည့် အရာတို့ကို ဆွဲရာ၌ အသုံးပြုနိုင်သော ခွန်အားကောင်းသည့် မြင်းကြီးမျိုး၊ ဒုတိယ မြင်းမျိုးမှာ ခြေတံလက်တံများ အလွန် ထွားကျိုင်း၍ အမွှေးရှည်များရှိသော မြင်းမျိုးနှင့် တတိယမြင်းမျိုးမှာ ခြေတံလက်တံနှင့် ကိုယ်လုံးကိုယ်ဖန် သေးသွယ်၍ အပြေးလျှင်မြန်သော ပြိုင်မြင်းမျိုးတို့ ဖြစ်သည် ။ ပထမနှင့်ဒုတိယ မြင်းမျိုးတို့မှာ ရှေးအခါက စစ်တိုက်ရာတွင် အသုံးပြုသော မြင်းများမှ ဆင်းသက်လာကြ သည်။ ရှေးခေတ်သူရဲကောင်းတို့သည် အလွန် လေးလံသော သံချပ် အင်္ကျီများကို ကိုယ်တွင် ဝတ်ဆင်ထားကြသဖြင့် ထိုစစ်သူရဲတို့ စီးနင်းမည့် မြင်းများသည် ခွန်အား အလွန်ရှိသော မြင်းများဖြစ်ရပေမည်။ ပြင်သစ်နိုင်ငံ၊ ဗဲလဂျီယမ်နှင့် ဂျာမနီ နိုင်ငံများမှ မြင်းကြီးမျိုးများကို မျိုးစပ်လိုက်သဖြင့် ဗဲလဂျီယန်မျိုး၊ ရှိုင်ယာမျိုး၏ ကလိုက် ဇဒေးမျိုး၊ ဆပ်ဖို့မျိုးနှင့် ပါရှရွန်မျိုး ဟူ၍ မြင်းမျိုးကောင်းများ ပေါ်ထွက်လာခဲ့လေသည်။ ထိုမြင်းမျိုးများ အနက် ရှိုင်ယာမြင်းမျိုးသည် ကိုယ်အလေးချိန် အားဖြင့် တတန်ကျော်ကျော်ရှိ၍ ခြေတံလက်တံနှင့် ခွာအိုးတို့မှာ အလွန် ထွားကျိုင်းသည် ။ ခြေတစ်လက်ဆစ်တို့၏ အထက်နားမှ ရှည်လျားသော အမွှေးမှင်များ ကျလျက်ရှိသည် ။ ဤ မြင်းမျိုးသည် သူတို့၏ ကိုယ်အလေးချိန် ၃ ဆမျှ ရှိသော ဝန်ကို ဆွဲနိုင်စွမ်းရှိသည် ။ အင်္ဂလန်နိုင်ငံတွင် လယ်မြေများကို ထွန်ယက်ပြုပြင်ရာ၌ ရှိုင်ယာမြင်းမျိုးကို အသုံးများသည်။ ကနဦး အစတွင် ဤမြင်းမျိုးကို အနက်ရောင်ဖြင့်သာ တွေ့ရသော်လည်း ယခုအချိန်၌မူ အညိုရောင်နှင့် နီညိုရောင် မြင်းများကို အတွေ့ရများသည် ။ မြင်းပုမျိုးထဲတွင် စကော့တလန်ပြည် မြောက်ဖက် ရှက်တလန်ကျွန်းစုမှ မြင်းမျိုးမှာ ထင်ရှားသည်။ ဤရှက်တလန်မြင်းပုမျိုးသည် အရွယ်ပင် ငယ်သော်လည်း ခွန်အားရှိသော မြင်းမျိုးဖြစ်သည့်အပြင် အစာမရွေးတတ်ချေ။ စိတ်ရှည်၍ သိမ်မွေ့သော မြင်းမျိုးဖြစ်သဖြင့် ခိုင်းစေရာ၌ ဒုက္ခပေးလေ့မရှိ။ ဤမြင်းမျိုး ပေါက်ပွားသည့် ကျွန်းစုမှာ ရာသီဥတုအလွန်အေးသော အပိုင်းတွင် တည်ရှိသဖြင့် သဘာဝ အခြေအနေကြောင့် ကြီးမားသင့်သလောက် မကြီးမား ဘဲ ပုကွကွဖြစ်နေသည်ဟု ဆိုရပေမည် ။ ရှက်တလန် မြင်းမျိုးတွင် ရှည်ဖားဖား လည်ဆံမွှေးကြမ်းနှင့် ထူထဲသော အမြီးရှိသည်။ အချို့ မြင်ပုများ၏ ဒေါက်မှာ ၃ ပေမျှပင် မရှိကြချေ။ စီမြင်းများတွင် အာရပ်မြင်းမျိုးသည် စံထား လောက်အောင်ပင် အချိုးအစားကျ၍ အပြေး လျှင်မြန်သည်။ ထိုမျှမက အာရပ်မြင်းသည် ပါးနပ်လိမ်မာ၍ အသင်ရလည်း လွယ်ကူသည် ။ အာရေဗျ သဲကန္တာရထဲတွင် လှည့်လည် ကျက်စားကုန်သော ဗက်ဒူးအင်း အာရပ်တို့သည် သူတို့၏ မြင်းများကို အလွန် မြတ်နှိုးကြ၏။ အစားအစာပြတ်၍ ငတ်မတတ်ဖြစ်ရမည့် အခြေသို့ ဆိုက်ရောက်စေကာ မူ သူတို့၏ မြင်းများကို စွန့်ပစ်ရောင်းချလေ့မရှိကြ။ အာရပ်တို့သည် သူတို့၏ သားသမီးများကို ခင်မင်သကဲ့သို့ မိမိတို့၏ မြင်းများကို ခင်တွယ်ကြသည် ။ အာရပ် အိမ်သူအိမ်သားတို့သည် မြင်းများနှင့်အတူ တဲတစ်ခုတည်း၌ နေတတ်ကြသည် ။ အာရပ်မြင်းဟု အမည်တွင်လျက်ရှိသော်လည်း စင်စစ်အားဖြင့် အာရေဗျနိုင်ငံတွင် မူလက ပေါက်ပွား လာခဲ့သော မြင်းမျိုးဟုမဆိုသာချေ။ အီဂျစ်လူမျိုးတို့သည် ခရစ်မပေါ်မီ နှစ်ပေါင်း ၁၅ဝဝ မှ စ၍ မြင်းကို အသုံးချခဲ့ကြ ၏။ သို့သော် အာရပ်တို့သည် ခရစ်ပေါ်ပြီးမှ မြင်းကို အသုံးပြု ကြကြောင်း သိရသည် ။ အာရပ်မြင်းတို့၏ ပုံပန်းသဏ္ဌာန် သည် ထိုစဉ်အခါက အီဂျစ်တို့၏ မြင်းများနှင့် ဆင်ဆင်မျှ တူဟန်ရှိသည် ။ ရှေးခေတ် နိုင်ငံများဖြစ်သော ဗက်ဗီလုံးနီးယား၊ ပယ်လက်စတိုင်နှင့် ဂရိတို့တွင် တွေ့ရှိရသော မြင်းများမှာ အမြင်အားဖြင့် တမ်းထွားကျိုင်း၍ အာရပ်မြင်း ကဲ့သို့ ကြော့ကြော့ရှင်းရှင်း မရှိကြချေ။ ထိုပြင် ရှေးဟောင်း စာပေများ၌ ခရစ်မပေါ်မီ နှစ်ပေါင်း ၁ဝဝဝ ခန့်တွင် အာဖရိကတိုက် မြောက်ပိုင်းမှ မြင်းများသည် မြေထဲပင်လယ် တစ်ဝှန်းတွင် ကျော်ကြားခဲ့ကြောင်း ရေးသားထားချက်များကို ထောက်ရှုခြင်းအားဖြင့် ကမ္ဘာကျော် အာရပ်မြင်းများသည် အာဖရိကတိုက် မြောက်ပိုင်းမှ ပေါက်ပွားလာသော မျိုးဆက်များဖြစ်သည်ဟု ဆိုရပေမည် ။ အာဖရိကတိုက်မြောက်ဖက်ရှိ မိုရော့ကိုနယ်မှ ဗပ်မြင်းမျိုးသည် အာရပ်မြင်းကဲ့သို့ပင် ထင်ရှားသော မြင်းမျိုးဖြစ်လေသည် ။ အာရပ်မြင်းမျိုးနှင့် ဗပ်မြင်းမျိုးတို့မှ ပြိုင်မြင်းများ ပေါက်ပွားလာသည် ။ စီးမြင်း၊ အမဲလိုက်မြင်းနှင့် ပြိုင်မြင်း တို့ကို မျိုးစစ်သည်ထက် ပို၍ စစ်လာရအောင် အသုံးချနည်းကို လိုက်၍ ရွေးချယ် စိစစ်ပြီးလျှင် ဂရုတစိုက် မွေးမြူထားကြ ရသည်။ ထိုပြင်စီးမြင်းကို လိုအပ်သော အရည်အချင်းများနှင့် ပြည်စုံရန် အလေ့အကျင်များ ပြုလုပ်ပေးရသည်။ ထိုနည်းအတူ အမဲလိုက်မြင်းနှင့် ပြိုင်မြင်းတို့ကိုလည်း ဆိုင်ရာ အရည်အချင်း များနှင့် ပြည်စုံနိုင်သမျှ ပြည့်စုံရန် စံနစ်တကျ လေ့ကျင့် ပေးရသည် ။ ယင်းကဲ့သို့ ဂရုတစိုက်နှင့် မွေးမြူလာရသော မျိုးစစ် မြင်းများမှာ တန်ဖိုးအလွန်ရှိလေသည် ။ ပုံစံဆိုလျှင် အင်္ဂလန် နိုင်ငံ၌ အလွန်နာမည်ကြီးသော ဒါဗီမြင်း ပြိုင်ပွဲနှင့် အလားတူ ထင်ရှားသော မြင်းပြိုင်ပွဲများတွင် အနိုင်ရသော မြင်းမှ ပေါက်ပွားလာသော မြင်းကလေးများကို တန်ဖိုးအလွန် ကြီးမြင့်စွာ ထားလျက် ရောင်းချလေ့ရှိသည် ။ ထိုကြောင့် ပြိုင်မြင်းတို့၏ မှတ်တမ်းစဉ်တွင် နိုင်မြင်းတို့၏ သားစဉ် မြေးဆက်တို့သည် အဓွန့်ရှည်စွာ သတင်းပြောင်ခဲ့ ကြောင်း တွေ့ရှိရလေသည်။ [၁]


ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၉)