စာကြည့်တိုက်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

စာကြည့်တိုက်သည် ပုံနှိပ်စာအုပ်များ၊ လက်ရေးစာမူများကို လူခပ်သိမ်းတို့လေ့လာရန် စုဆောင်းထားရာဌာန ဖြစ်သည်ဟု ဆိုလေသည်။ ကမ္ဘာပေါ်ရှိ ရှေးအကျဆုံး စာကြည့်တိုက်များသည် ခရစ်ယာန်ဘုရားရှိခိုးကျောင်းကြီးများဖြစ်၏။ ကမ္ဘာပေါ်တွင် ရှေးဦးစွာ ထိုသို့စုဆောင်းထားသည့် စာအုပ်စာတမ်းများမှာ အစိုးရမှတ်တမ်းများသာ ဖြစ်သည်။ ယဉ်ကျေးသော တိုင်းပြည်များတွင် စာကြည့်တိုက်များကို တွေ့ရသည်။

ရှေးဟောင်းစာကြည့်တိုက်များ[ပြင်​ဆင်​ရန်​]

ဘီစီ ၆၀၀ ပြည့်နှစ်ခန့်က အဆီးရီးယားဘုရင် အာရှူးဗားနီးပါးသည် ထိုခေတ်က စာအုပ်များဟုဆိုအပ်သည့် ရွှံ့ပြားချပ်အမြောက်အမြားကို နင်နိဗိမြို့တော်ရှိ သူ၏ နန်းတော်တွင်း စာကြည့်တိုက်တွင် စုဆောင်းထားခဲ့သည်။ ထို့ပြင် မကြာမီက ဗက်ဗီလုံးနီးယားပြည် မြို့ဟောင်း တခုတွင် ရှေးဟောင်းအဆောက်အအုံများကို တူးဖော်ရှာဖွေရာ ဘီစီ ၂၅၀၀ ပြည့်နှစ်ခန့်က တည်ဆောက်ခဲ့ဟန်တူသော စာကြည့်တိုက် တခုကို တွေ့ရ၏။ ရှေးဟောင်းစာကြည့်တိုက်များတွင် ရှေးအီဂျစ်နိုင်ငံ တော်လမီဘုရင်များ တည်ခဲ့သော အီဂျစ်ပြည် အယ်လက်ဇန္ဒြီးယားမှ စာကြည့်တိုက်ကြီးသည် အကြီးဆုံးနှင့် အထင်ရှားဆုံးဖြစ်သည်။ ရှေးခေတ်နှင့် အလယ်ခေတ် စာကြည့်တိုက်များမှာ ပြည်သူပြည်သားများအတွက် တည်ထောင်ခြင်းမဟုတ်သဖြင့် လူထုသည် စာကြည့်တိုက် များတွင် အလွယ်တကူဝင်ရောက်သွားလာ၍ စာအုပ်များငှားရမ်းခြင်း၊ မပြုနိုင်ကြချေ။ အများအားဖြင့် အလယ်ခေတ် ဘုရားရှိခိုးကျောင်း များနှင့် ဘုန်းကြီးကျောင်းများရှိ စာကြည့်တိုက်များမှ စာအုပ်များကို စာဖတ်စင်များတွင် သံကြိုးများဖြင့် ချည်နှောင်ထားလေသည်။ ယင်းသို့ ပြုလုပ်ရခြင်းမှာ ထိုခေတ်က ပုံနှိပ်အတတ် မပေါ်သေးသဖြင့် တပင်တပန်း လက်ရေးဖြင့် ကူးယူရသောစာအုပ်များ ပျောက်ပျက်မည် စိုးသောကြောင့် ဖြစ်သည်။

ကမ္ဘာကျော် စာကြည့်တိုက်များ[ပြင်​ဆင်​ရန်​]

လန်ဒန်မြို့ရှိ ပြတိုက်ကြီးများမှ စာကြည့်တိုက်၊ အောက်စဖို့တက္ကသိုလ်ဗော့လလီယန် စာကြည့်တိုက်၊ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်၊ ကိန်းဘရစ်တက္ကသိုလ်စာကြည့်တိုက်နှင့် ပြင်သစ်နိုင်ငံပါရီမြို့ရှိ နိုင်ငံတော်စာကြည့်တိုက်၊ ရောမမြို့ ဗကတီကင်စာကြည့်တိုက်၊ ဝါရှင်တန်မြို့ ကွန်ကရက်စာကြည့်တိုက် လီနင်ဂရက်ရှိ နိုင်ငံတော်စာကြည့်တိုက်များသည် ကမ္ဘာကျော်စာကြည့်တိုက်များ ဖြစ်ကြ၏။ လန်ဒန်မြို့ ဗြိတိသျှပြတိုက်ကြီးရှိ စာကြည့်တိုက်သည် ပါရီမြို့သို့ နိုင်ငံတော်စာကြည့်တိုက်အတွင်းရှိ ပစ္စည်းများထက် တန်ဖိုးတွင်သာသည်ဟု ဆိုလေသည်။ ထိုစာကြည့်တိုက်တွင် ကျောင်းသားများစာကြည့်ရန်အတွက် အခန်းကျယ်ကြီးတခုရှိ၏။ ထို့အပြင် အဖိုးတန်စာအုပ်များစွာ ပါဝင်သည့် ပုံနှိပ်စာအုပ်ပေါင်း ၄ သိန်းခန့်နှင့် လက်ရေးစာမူပေါင်း ၅၆၀၀၀ ခန့်ရှိ၏။ စာအုပ်စင်များကို ဆက်လိုက်လျှင် ၅၅ မိုင်ခန့် ရှည်လိမ့်မည်ဟုဆိုသည်။ စာကြည့်တိုက်ပြုလုပ်ထားရာ အဆောက်အအုံကြီးကို ၁၈၅၇ ခုနှစ်က ဖွင့်လှစ်ခဲ့လေသည်။ စာကြည့်တိုက်ခန်းတွင် စာအုပ်စင်များ ဝန်းရံစီစဉ်ထားပုံမှာလည်း ခမ်းနား၍ ခေတ်မှီပေသည်။ ထွက်ပေါ်သမျှသော စာအုပ်သစ် စာအုပ်ဟောင်းများသို့ ထိုစာကြည့်တိုက်တွင် တွေ့နိုင်၏။ အောက်စဖို့ရှိ ဗော့ဒလီယန် စာကြည့်တိုက်နှင့် အခြားစာကြည့်တိုက်များမှာလည်း ထိုနည်းနှင်နှင် ဖြစ်လေသည်။ အောက်စဖို့တက္ကသိုလ်၏ ရှေးအကျဆုံး စာကြည့်တိုက်ကို ခရစ် ၁၃၃၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ထိုနောက် နယ်စားကြီး ဂလောက်စတာစားက နောက်ထပ်စာကြည့်တိုက် တခုကို တည်ထောင်ပြန်သည်။ သို့သော် ထိုစာကြည့်တိုက်များ ပျက်စီးသွားပြီးနောက် ၁၅၉၈ ခုနှစ်တွင် ဗော့ဒလီယန် စာကြည့်တိုက်ကို တည်ထောင်ပြန်၏။ ထိုအခါမှစ၍ စာအုပ်စာတမ်းများကို စုဆောင်းလာခဲ့ရာ ယခုအခါ ပုံနှိပ်စာအုပ်ပေါင်း ၁,၂၅၀,၀၀၀ လက်ရေး စာမူပေါင်း လေးသောင်းခန့် ရှိနေပြီဖြစ်၏။ ဤစာကြည့်တိုက်ရှိ အရှေ့တိုင်း စာပေဆိုင်ရာ လက်ရေးစာမူများသည် ဥရောပတိုက်ရှိ အခြားစာကြည့်တိုက်များရှိ စာမူများထက်များစွာ သာပေသည်။ ပုံနှိပ်အတတ်ပေါ်စက ရိုက်နှိပ်ထားသော စာအုပ်များ၊ စာပေသမိုင်းနှင့် နိုင်ငံရေး သမိုင်းဆိုင်ရာ စာမူများသည်လည်း မည်သည့် စာကြည့်တိုက် နှင့်မျှ မယှဉ်သာအောင် များစွာရှိလေသည်။ ထရင်နီတီ ကောလိပ်ကျောင်း စာကြည့်တိုက်တွင် ပုံနှိပ်စာအုပ်ပေါင်း တသိန်းကျော်နှင့် လက်ရေးစာမူပေါင်း ၂၀၀၀ ကျော်ခန့် ရှိ၏။ ထို့အပြင် သီးသန့် ရှာဖွေစုဆောင်းထားသော စာအုပ်များလည်း ရှိသေးသည်။ ထိုအထဲတွင် ရှေးခေတ်ပြဇတ်များ၊ ရှိတ်စပီးယားပြဇာတ်များ၊ ဂျာမန်ဗြဟဒေဝ ဆိုင်ရာစာအုပ်များ၊ ပုံနှိပ်အတတ်ပေါ်စက ရိုက်နှိပ်ထားသော စာအုပ်များ ပါဝင်လေသည်။ ထို့အပြင် သက္ကဋနှင့် အခြားအရှေ့တိုင်း ဘာသာရပ်များဖြင့် ရေးထားသော လက်ရေးစာမူ၏ စာအုပ်စာရင်းကတ်တလောက်များလည်း ရှိသည်။ ကိန်းဘရစ်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၄၃ ခုနှစ်တွင် စာအုပ်ပေါင်း တသန်းခွဲ နှင့် မတည်ဖွင့်လှစ်ခဲ့၏။ ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိနိုင်ငံတော် စာကြည့်တိုက်သည် ၁၄ ရာစုနှစ်က စတင်တည်ထောင်ခဲ့၏။ ထိုစာကြည့်တိုက်ရှိ စာအုပ်များမှာ ထိုခေတ်ကစ၍ စုဆောင်းခဲ့သော စာအုပ်များ ဖြစ်လေသည်။ ရောမမြို့ရှိ ဗက်တီကင်စာကြည့်တိုက်ကို ၁၅ ရာစုနှစ်က တည်ထောင်ခဲ့၏။ ထိုစာကြည့်တိုက်တွင် အဖိုးတန်သော စာမူများ၊ နိုင်ငံသမိုင်း အတွက် အထောက်အထားပြုနိုင်မည့် စာအုပ်များစွာ ရှိသည်။ ဝါရှင်တန်မြို့ရှိ ကွန်ကရက်စာကြည့်တိုက်နှင့် လီနင်ဂရက်မြို့ရှိ နိုင်ငံတော်စာကြည့်တိုက်များသည်လည်း ထိုနည်းတူပင် ဖြစ်၍ ထင်ရှားလေသည်။

ယခုခေတ်စာကြည့်တိုက်များ[ပြင်​ဆင်​ရန်​]

ယခုခေတ်စာကြည့်တိုက်များသည် ရှေးခေတ်စာကြည့်တိုက်များကဲ့သို့ မဟုတ်ချေ။ စာကြည့်တိုက်တွင်းသို့ မည်သူမဆို ဝင်ထွက်သွားလာနိုင်၍ စာအုပ်များ ငှားရမ်းနိုင်လေသည်။ ယင်းကဲ့သို့သော စာကြည့်တိုက်များ ပေါ်ပေါက်လာသည်မှာ မကြာလှသေးပေ။ ထိုစာကြည့်တိုက် တခုခုမှ စာအုပ်များကို ငှားရမ်းလိုသောအခါ ရှေးဦးစွာ စာကြည့်တိုက်မှ ထုတ်ပေးသော လက်မှတ်ကတ်ပြားတခုကို ရအောင်တောင်းယူရသည်။ ထိုကတ်ပြား ရရန်မှာ သက်ဆိုင်ရာဥပဒေ စည်းကမ်းများကို ရိုသေလိုက်နာပါမည်ဟူ၍ လက်မှတ်ရေးထိုး၍လည်းကောင်း၊ အာမခံ ပုဂ္ဂိုလ်တဦးဦး၏ ထောက်ခံချက်လက်မှတ်ဖြင့်လည်းကောင်း၊ လျှောက်ထားတောင်းဆိုနိုင်သည်။ လက်မှတ်ကတ်ပြားရလျှင် ယင်းကို ပြလျက် စာအုပ်များကို ထုတ်ယူနိုင်၏။ ယခုခေတ် စာကြည့်တိုက်များတွင် အလိုရှိသော စာအုပ်များကို လွယ်ကူစွာ ရှာဖွေနိုင်ရန်အတွက် နည်းများထွင်ထားသည်။ ယင်းတို့အနက် အကောင်းဆုံးဟု ဆိုရမည့်နည်းမှာ စာရေးဆရာအမည်၊ စာအုပ်အမည်နှင့် အကြောင်းရပ်ကို အက္ခရာစဉ်အတိုင်း ရေးထားသော စက္ကူကတ်ပြား ကတ်တလောက်ထားရှိခြင်းပင် ဖြစ်၏။ စာအုပ်တအုပ်ကို အလိုရှိလျှင် စာရေးသူ၏ အမည်ကိုသိထားလျှင် ထိုအမည်ကို စာအုပ်စာရင်း ကတ်တလောက်တွင် ရှာယူရသည်။ တွေ့ရှိသောအခါ အမည်၏အောက်တွင် အလိုရှိသော စာအုပ်သာမက သူရေးသော အခြားစာအုပ်အမည်များကိုလည်း တွေ့နိုင်ပေသေးသည်။ အကြောင်းရပ်တွင်လည်း ထိုအတူပင် ဖြစ်၏။ ပမာအားဖြင့် ကျယ်ဝန်းနက်နဲသော အနုမြူ၏အကြောင်းရပ်ကို ဖတ်ရှုလိုလျှင် အကြောင်းဆိုင်ရာ ကတ်တလောက်မှ အနုမြူခေါင်းစဉ်ကို ရှာဖွေရသည်။ ယင်းခေါင်းစဉ်အောက်တွင် အနုမြူအကြောင်းပါဝင်သော စာအုပ်အမည်များကို ဖော်ပြထားသည်။ ထိုအထဲမှ အလိုရှိသော စာအုပ်ကို ငှားရမ်းနိုင်သည်။ ယခုခေတ် စာကြည့်တိုက်များတွင် ထိုသို့ငှားရမ်းနိုင်သည့် စာအုပ်များသာမက၊ ငှားရမ်းခွင့်မပြုသော အကိုးအကားပြုရန် စာအုပ်များနှင့် မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများကိုလည်း ထားရှိသေးသည်။ အချို့စာကြည့်တိုက်များသည် ထိုမျှမကသေးဘဲ ဟောပြောပွဲများနှင့် စာအုပ်ပြပွဲများ စသည်တို့ကို မကြာခဏ ပြုလုပ်လေ့ရှိသည်။ ယင်းသို့အားဖြင့် စာကြည့်တိုက်အတွင်းရှိ စာအုပ်များကို ငှားရမ်းဖတ်ရှုလိုစိတ် ပေါ်လာစေနိုင်သည်။ အချို့စာကြည့်တိုက်တွင် ကလေးများနှင့် သင့်လျော်သော စာအုပ်များထားရှိကာ ကလေးစာကြည့်တိုက်များတွင် နိုင်ငံခြားသားများနှင့် မျက်မမြင်များအတွက်စာအုပ်များ သီးသန့်စုဆောင်းထားရှိသည်။ ဤကဲ့သို့သော ယခုခေတ်စာကြည့်တိုက်များတွင် စာကြည့်တိုက်အမျိုးမျိုးရှိလေသည်။ ယင်းတို့မှာ နိုင်ငံတော်စာကြည့်တိုက်၊ ပြည်သူ့ စာကြည့်တိုက်၊ ကျောင်းစာကြည့်တိုက်၊ တက္ကသိုလ်စာကြည့်တိုက်၊ အထူးစာကြည့်တိုက်၊ ကလေးစာကြည့်တိုက်၊ နယ်လှည့်စာကြည့်တိုက် တို့ဖြစ်၏။ နိုင်ငံတော်စာကြည့်တိုက်တွင် ရှေးဟောင်းစာအုပ်စာတမ်းများ၊ လက်ရေးမူများ၊ ယဉ်ကျေးမှုဆိုင်ရာ စာရွက်စာတမ်းများနှင့် ခေတ်ပေါ်ဂန္ထဝင်စာပေများကို စုဆောင်းထားရှိ၏။ ယင်းစာကြည့်တိုက်မှ စာအုပ်စာတမ်းများကိုမူ ပြင်ပသို့ ငှားရမ်းခြင်းမပြုချေ။ စာကြည့်တိုက်အတွင်း၌သာ ကြည့်ရှုရသည်။ ပြည်သူ့စာကြည့်တိုက်များတွင်မူ အဖိုးတန်စာအုပ်စာတမ်းများအပြင် ခေတ်ပေါ်မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာ စသည်များလည်း ထားရှိကာ မည်သူမဆို ဝင်ရောက်ကြည့်ရှုနိုင်သည့်အပြင် ထိုစာအုပ်များကိုလည်း သတ်မှတ်ထားသော စည်းကမ်းချက်များအရ ငှားရမ်းနိုင်သည်။ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသားများနှင့် ဆရာများအတွက် ဘာသာရပ်များဆိုင်ရာ သင်ခန်းစာများတွင် အထောက်အပံ့ရမည့် စာအုပ်စာတမ်းများကို အများဆုံးထားရှိ၏။ ခေတ်အလျောက် ပြဌာန်းထားသော ဘာသာရပ်များနှင့် ခေတ်သစ်သင်နည်းများကို လိုက်စားနိုင်ရန် စာသင်ကျောင်းများတွင် စာကြည့်တိုက်များ ထားရှိ၏။

ကျောင်းစာကြည့်တိုက်[ပြင်​ဆင်​ရန်​]

စာကြည့်တိုက်တခုသည် ကျောင်းအဆောက်အအုံတွင်း၌ ရှိနေသော်လည်း ဆရာများနှင့် ကျောင်းသားများအတွက် ထိထိရောက်ရောက် အကျိုးရှိအောင် စီမံဆောင်ရွက်ပေးနိုင်မှသာ ကျောင်းစာကြည့်တိုက်ဟု ဆိုထိုက်၏။ ကျောင်းစာကြည့်တိုက် တည်ထောင်ရန်မှာ လွယ်ကူသော အလုပ်မဟုတ်ချေ။ သင့်လျော်မည့်နေရာ၊ အရည်အခြင်းပြည့်၍ ဝတ္တရားကျေပြွန်မည့် စာကြည့်တိုက်မှူးနှင့် သင့်တော်မည့် စာအုပ်များ ရရှိရေးတို့အတွက် ငွေကြေးအကုန်အကျခံ၍ ကြိုးပမ်းဆောင်ရွက်ရပေသည်။ ကျောင်းစာကြည့်တိုက်များသည် ပညာရေးဖက်တွင် မည်မျှအကျိုးရှိစေသည်ကိုသိရှိသော အချို့နိုင်ငံများသည် ဥပဒေများ ပြဌာန်းလျက် ကျောင်းစာကြည့်တိုက် တည်ထောင်ရေးကို ကူညီ ခဲ့ကြသည်။ တက္ကသိုလ်စာကြည့်တိုက်သည်လည်း ကျောင်းစာကြည့်တိုက်ကဲ့သို့ပင် ဖြစ်၏။ ကလေးစာကြည့်တိုက်မှာမူ ကလေးများနှင့် သင့်လျော်သော စာအုပ်စာတမ်းများသာ ထားရှိသည်။ နေရာအနှံ့အပြားရှိ ပြည်သူလူထုလက်သို့ စာအုပ်များရောက်ရေး၊ စာဖတ်ဦးရေတိုးတက်ရေးတို့ကို နယ်လှည့် စာကြည့်တိုက်က ဆောင်ရွက်လေသည်။

မြန်မာနိုင်ငံစာကြည့်တိုက်[ပြင်​ဆင်​ရန်​]

ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင် မြန်မာမင်းများလက်ထက်ကပင် စာကြည့်တိုက်များ ထွန်းကားခဲ့သည်။ သထုံပြည်၌ ပိဋကတ် သုံးပုံအစုံကို ရွှေစာရံဘုရားတံတိုင်းအတွင်း ပိဋကတ္တယစေတီဟု သမုတ်၍ ဥမင်၌ထားရှိကြောင်းကို သိရ၏။ ထို့နောက် ပုဂံခေတ်တွင် အနော်ရထာစာကြည့်တိုက်ဟုခေါ်သော ဘုံငါးဆင့်ရှိ ပိဋကတ်အုတ်တိုက်ရှိခဲ့သည်။ ထိုပိဋကတ်များမှအစပြု၍ ဘုန်းတော်ကြီးကျောင်း များသို့ ပျံ့နှံ့ခဲ့သည်မှာ ယခုခေတ်အထိဖြစ်သည်။ ကုန်းဘောင်မင်းဆက် ဘိုးတော်ဘုရားလက်ထက်တွင် စီမံပုံမှာ စာကြည့်တိုက်များကို အနယ်နယ်အရပ်ရပ်သို့ ပျံ့နှံ့စေအောင် ဘုရင်မင်းမြတ်ကိုယ်တိုင် အားပေးကြောင်းတွေ့ရသည်။ ယင်းမှာ ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ဗေဒင်ကျမ်းမှစ၍ လောကီကျမ်းများကို သက္ကဋဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုခြင်း၊ ပိဋကတ်တော်အစုံကို ပေထက်အက္ခရာတင်၍ စောင်ရေ ၅၀ နီးပါးမျှကို အမြို့မြို့အနယ်နယ်သို့ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့လေသည်။ ရှေးအခါက တိုင်းပြည်၏ကလေးသူငယ်များအား အခြေခံစာသင်ကြားပေးရာဌာန ဖြစ်သည့် ဘုန်းတော်ကြီး ကျောင်းတိုင်း၌လိုလိုပင် စာကြည့်တိုက်များရှိသည်။ ထိုစာကြည့်တိုက်များ၌ ပေစာ၊ ပုရပိုက်၊ စာအုပ်များ စသည်တို့ကို စာတိုက်စုခေါ်သော ဇာတ်စုံသေတ္တာများတွင် ထည့်၍ ထားလေ့ရှိသည်။ ယင်းတို့ကို ဘုန်းတော်ကြီးများ၏ ခွင့်ပြုချက်အရ အခမဲ့ထုတ်ယူကြည့်နိုင်သည်။

ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်စိုးသည့်အခါ အနောက်နိုင်ငံစံနစ်များကို ယူဆောင်လာခဲ့ကြ၏။ ထိုစံနစ်များတွင် စာကြည့်တိုက်လုပ်ငန်းသည်လည်း အပါအဝင်ဖြစ်သည်။ ၁၈၈၃ ခုနှစ် (မြန်မာ ၁၂၄၅ ခုနှစ်) ၌ အောက်မြန်မာနိုင်ငံမင်းကြီး ဆာချားဗားနတ်က ရန်ကုန်မြို့တွင် ပထမဆုံး ပြည်သူ့စာကြည့်တိုက်ကို တည်ထောင်ခဲ့သည်။ တည်ထောင်သည့် ပုဂ္ဂိုလ်အားအစွဲပြု၍ ထိုစာကြည့်တိုက်ကို ဗားနတ်ပိဋကတ်တိုက်ဟု ခေါ်တွင်ကြသည်။ ထိုစာကြည့်တိုက်ကို အစိုးရပညာရေး ဆင်ဒီကိတ်အဖွဲ့က စီမံအုပ်ချုပ်၏။ အဖိုးတန်စာအုပ်များကို ပထမဆုံးလှူဒါန်းသူများမှာ တရားဝန်ကြီးဂျာဒင်းနှင့် ပါဠိပါမောက္ခချီလဒါတို့ဖြစ်သည်။ ရန်ကုန်မြို့မှ ဦးမြို့နှင့်ဦးမျှင်တို့က ငွေတသောင်းတန်ပေမူ၊ ပုရပိုက်မူများကို ရေစက်ချ၍ လှူဒါန်းကြသည်။ နောက်တွင် ကင်းဝန်မင်းကြီး ပေပုရပိုက်စုနှင့် ပုဂံဝန်ထောက်မင်း ဦးတင်၏ ပေပုပိုက်များကို ဗားနတ်ပိဋကတ်တိုက်ကို ဝယ်ယူခဲ့၏။ ၁၉၂၃ ခုနှစ်ခန့်တွင် ဗားနတ်ပိဋကတ်တိုက်ကို အစိုးရက ဗားနတ်ပိဋကတ်တိုက် အုပ်ချုပ်ရေးအဖွဲ့သို့ လွှဲအပ်ခဲ့သည်။ နှစ်စဉ် ငွေကြေးအထောက်အပံ့လည်းပေးသည်။ ထိုနောက်၌ ရန်ကုန်မျူနီစီပယ်က ထောက်ပံ့ကြေးနှစ်စဉ် ခြီးမြှင့်လေသည်။ ထိုစာကြည့်တိုက်အပြင်စစ်တွေမြို့၌ စလေဒင်စာကြည့်တိုက်ဟူ၍လည်း ရှိခဲ့ဘူးသည်။

၁၉၁၀ ခုနှစ်ခန့်တွင် မြို့နယ်အနှံ့အပြား၌ စာကြည့်တိုက်များ ပေါ်ပေါက်လာသည်။ တိုင်းသူပြည်သားများသည် လွတ်လပ်ရေးဝံသာနုလုပ်ငန်း များတွင် ပါဝင်လာကြသည်။ ဝိုင်၊အမ်၊ဘီ၊အေ ခေါ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၊ သုစရိတယုဝအသင်းအစရှိသည်တို့ ပေါ်ပေါက်လာ၏။ ထိုအသင်းများနှင့်အတူ စာကြည့်တိုက်များလည်း ပြန့်ပွားလာလေသည်။ ၁၉၂၅ ခုနှစ်ခန့်ကစ၍ စာကြည့်တိုက်လုပ်ငန်းသည် အားစည်လာ၏။ ထိုအခါက မြန်မာနိုင်ငံပညာပြန့်ပွားရေးအသင်းက စာကြည့်တိုက်များ ထွန်းကားရေးကို အားထုတ်သည်။ ထိုအသင်းတည်ထောင်သူ တဦးဖြစ်သည့် မစ္စတာဖာနီဗယ်ကလည်း စာကြည့်တိုက်အများတည်ထောင်ကြရန် ဟောပြောလေသည်။ သို့ဖြင့်စာကြည့်တိုက်အများပေါ်ပေါက်လာရာ နိုင်ငံတော်အစိုးရက ငွေကြေးထောက်ပံ့ခဲ့လေသည်။ ၁၉၂၅ ခုနှစ်မှ ၁၉၃၃ ခုနှစ်အထိ ၈ နှစ်အတွင်း စာကြည့်တိုက်များသို့ ပျမ်းမျှကြေးငွေ တနှစ်လျှင် ၁၀၀၀၀ ကျပ်မျှ အစိုးရ ထောက်ပံ့ခဲ့၏။ ၁၉၃၆ ခုနှစ်တွင် မြန်မာပြည်အရပ်ရပ်၌ လူထုစာကြည့်တိုက်ငယ်ပေါင်း ၁၈၆ တိုက်ရှိရာ စာကြည့်တိုက် ၁၄၆ တိုက်သည် အစိုးရ၏ ထောက်ပံ့ကြေး များကို ရခဲ့ကြ၏။ ကျေးလက်ပြုပြင်ရေးအသင်း၊ လူငယ်များကြီးပွားရေးအသင်းများက ကြိုးပမ်းခဲ့သဖြင့် ကျေးရွာစာကြည့်တိုက်ပေါင်း တထောင်ခန့်အထိ တိုးတက်ခဲ့သည်။ ဦးဖိုးကျား၊ ဦးဆန်နီ အစရှိသော ပုဂ္ဂိုလ်ကြီးများက စာကြည့်တိုက်များသို့ စာအုပ်များ လှူဒါန်းကြသည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ စာကြည့်တိုက်များ အရေအတွက် ဆုတ်ယုတ်သွားသည်။ သို့သော် စစ်ပြီးကာလ၌ ရန်ကုန်မြို့တွင် ယခင်ကထက် စာကြည့်တိုက်များ ပိုမိုများပြားသည်ကို တွေ့ရ၏။ မြို့နယ်များ၌မူကား စာကြည့်တိုက်များ အရေအတွက် နည်းပါးလျက်ရှိသေးသည်။ နိုင်ငံတော် လွတ်လပ်ပြီးသည့်ခေတ်တွင် စာကြည့်တိုက်လုပ်ငန်းများ ထူးထူးခြားခြား တိုးတက်လာသည်ကို မတွေ့ရသေးချေ။ သို့သော် နိုင်ငံတော်အစိုးရက ပြန်ကြားရေးဌာနခွဲများနှင့်အတူ အစိုးရစာဖတ်ခန်းများကို အမြို့မြို့တွင် ဖွင့်လှစ်ပေးခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင် ယခင်ဗားနတ်ပိဋကတ်တိုက်ကို အစိုးရသို့ ပြန်အပ်၍ မြန်မာနိုင်ငံတော်အစိုးရ၏ ပြည်ထောင်စုယဉ်ကျေးမှုဝန်ကြီးဌာနက နိုင်ငံတော် စာကြည့်တိုက်အဖြစ်ဖြင့် ၁၉၅၂ ခုနှစ် ဇွန်လတွင် ဖွင့်လှစ်ခဲ့သည်။ ထို့ပြင် ထိုဝန်ကြီးဌာနကပင် မြို့ကြီးများ၌ ပြည်သူ့စာကြည့်တိုက်များကို ဖွင့်လှစ်ရန်အားထုတ်နေသည်။ ယခုအခါ မန္တလေးနှင့် မော်လမြိုင်မြို့တို့တွင် စာကြည့်တိုက်နှစ်တိုက်ဖွင့်ပြီး ဖြစ်သည်။ [[မြန်မာနိုင်ငံဘာသာပြန် စာပေအသင်း]]ကလည်း စာကြည့်တိုက်လုပ်ငန်း တိုးတက်မှုကို ရှေးရှုလျက် စာကြည့်တိုက် သင်တန်းများကို ၁၉၅၃ ခုနှစ် အောက်တိုဘာလက စတင်သင်ကြားပို့ချလျက်ရှိသည်။ ပြည်ထောင်စုယဉ်ကျေးမှု ဝန်ကြီးဌာနနှင့် ပြတိုက်မှူးသင်တန်းကို ၁၉၅၅ ခုနှစ် ဇူလိုင်လကစ၍ သင်ကြား ပို့ချလျက်ရှိသည်။ ။

ကိုးကား[ပြင်​ဆင်​ရန်​]

မြန်မာ့စွယ်စုံကျမ်း - အတွဲ (၃) အပိုင်း - ခ