သင်္ချာ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
ယူကလစ်, ဂရိ သင်္ချာပညာရှင်, ၃ ရာစု BC The School of Athens ကို Raphael ပုံဖော်စဉ်.[၁]

သင်္ချာသည် အခြေခံ သင်ရိုးညှန်းတမ်း ဘာသာရပ် တစ်ခုဖြစ်ပြီး အခြား အသိပညာ များ၊ ဥပမာ ပမာဏပုံစံအကွာအဝေး စသည့် သဘောတရားများကို လေ့လာရာတွင် အထောက်အပံ့ ပေးသည့် အတွက် အချက် ပညာတရပ် ဖြစ်သည်။ သင်္ချာပညာရှင် ဘင်ဂျမင် ပီရာက သင်္ချာကို "အဖြေထုတ်ပေးရန် လိုအပ်သော သိပ္ပံဘာသာရပ်" ဟုဆိုသည်။[၂]

အခြား သင်္ချာပညာရှင် တို့သည် သင်္ချာကိုပုံသဏ္ဍာန် များ၏ သိပ္ပံအဖြစ်ဆိုကြပြီး ကိန်း၊ နေရာ၊ သိပ္ပံ၊ ကွန်ပျုတာ စသည့်တို့တွင် ရှိသော ပုံသဏ္ဍာန်များကို လေ့လာကြသည်။[၃][၄] သချင်္ာပညာရှင် တို့သည် ထို့သို့လေ့လာရာတွင် တွေးခေါ်မှု့များကို တိကျအောင် ဖေါ်မြုလာများ ဖော်ထုတ်ပြီး axiom နှင့် အဓိပ္ပါယ် ရှင်းလင်းချက်မှာ သက်မှတ်ကာ ခိုင်မာသော ဆင်ခြင်မှု့ များကို ပြုသည်။[၅]

abstraction နှင့် လော့ဂျစ် ကိုသုံး၍ ရေတွက်ခြင်းတွက်ချက်ခြင်းတိုင်းတာခြင်းပုံသဏ္ဍန်၊ အရာဝစ်ထု တို့၏ ရွေ့ရှားမှု့ များကို လေ့လာရင်းမှ သင်္ချာ တိုးတက်လာခဲ့သည်။ အခြေခံ သင်္ချာနှင့် သဘောတရားများ ကို လူ့ဟို့သည် အမြဲတွဲကပ် သုံးလျှက်ရှိကြသည်။

ရှေးမြန်မာ့ သင်္ချာကျမ်းကြီး[ပြင်​ဆင်​ရန်​]

၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်း ( ၁၇၇၄ ) မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေများသည် ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ - ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြသည် ။ အဘယ့်ကြောင့် ဆိုသော် ဗဒုံမင်းသည် အိန္ဒိယနိုင်ငံနှင့် သီဟိုဠ်နိုင်ငံတို့မှနေ၍ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့သည်ဟုဆိုလေသည်။ ထိုသို့ ယူဆောင်လာသော ကျမ်းများအား မြန်မာပြန်ဆိုမှုများ ပြုလုပ်ခဲ့ကြလေသည်။ ထိုသို့ ပြန်ဆိုမှုများအား ယနေ့အချိန် လက်ဆုတ်လက်ကိုင် ပြနိုင်သေးလေသည်။ မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနှင့် ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိသည့် သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်သည်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်သည်။ ၎င်းကျမ်း၏ မူလ စာကိုယ်ကို ပြုစုတဲ့သူမှာ ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့၌ နေသော ရှင်ညာဏဝိလာသ ဖြစ်ပါသည်။ ထိုကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်ကဝိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နဿယကို ပြုစုခဲ့လေသည်။ အောက်ပါတို့မှာ ၁၇၇၄ ခုနှစ်၌ ရေးသားခဲ့သော ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းလို့ ၌ ပါရှိသည်တို့အား အခြေခံထားပါသည်။ ဤကျမ်းစသည် မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်သည့်အပြင် ကျွန်ုပ်တို့ မြန်မာလူမျိုးတို့သည် လူပုံအလယ်၌ မျက်နှာမငယ်စေဘဲ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်ပါသည်။ ထို့ကြောင့်ဤကျမ်းမှာ ပါသည့် အချက်အလက်တချို့ကို အကျဉ်းမျှလောက်အား ဗဟုသုတ ရရှိစေရန်အတွက် ပြန်လည်ဖော်ပြထားပါသည်။

ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။ ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။ ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။ စပါးတွက်နည်းမှာ ကျီတွက်နည်း၊ သရိုင် (ပုတ်) တွက်နည်း၊ စပါးပုံတွက်နည်း၊ လှေဝင်စပါးတွက်နည်း၊ စပါးကို ငှက်စားတဲ့ ပုစ္ဆာ၊ စပါး နှစ်ထပ်တိုးပေး တွက်နည်း အစရှိတဲ့ နမူနာပုစ္ဆာ ၂၁ ပုဒ်နဲ့ ဖော်ပြထားတယ်။ ဆန်ဂဏန်းတွက်နည်းမှာ စပါးနှစ်တင်းကို ထောင်းရင် ဆန်တစ်တင်းရပြီး ဆန်တစ်တင်းမှာ အစေ့ပေါင်း ၇၆၈၀၀၀ ရှိကြောင်း ဖော်ပြထားတယ်။ ဆန်ဂဏန်းမှာ အဓိက အရေးကြီးတဲ့ အပိုင်းက သင်္ချာပေါင်းပွားကိန်း (Arithmetic Progression) သဘောကို အခြေခံတဲ့ နည်းတွေ ဖြစ်တယ်။ ရွှေဂဏန်းကို ပြောတဲ့အခါမှာ ရွှေမျိုးပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်အောင် လှော်ခတ်ပြီး အဆင့်လိုက် ရွှေလှော် (၁၂) မျိုးကိုလည်း ဖော်ပြထားတယ်။ အဲဒါတွေက နီဗလ၊ နာရဏီ၊ နာရဝေါ၊ နာလိကာ၊ နာလိမုတ္တာ၊ အ ဉ္စနီ၊ အ ဉ္စမုတ္တ၊ အဇာဝနိ၊ ဇာတရူပ၊ ဥတရနိတာ၊ သိင်္ဃနိတ် နဲ့ ဇမ္ဗူရဇ်တို့ ဖြစ်တယ်။ ရွှေကို သန့်စင်ဖို့ လုပ်တာ အင်မတန် အနုစိတ်ပြီး စနစ်ကျတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြရရင် အသန့်စင်ဆုံး ဇမ္ဗူရဇ်ရွှေ အဆင့်ရအောင် သိင်္ဃနိတ်ရွှေကို ထပ်မံသန့်စင်တဲ့နည်းလေး ဖော်ပြပေးလိုက်တယ်။ `သိင်္ဃနိတ်ရွှေ ၄ိ ၂ ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´ ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။ ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အဝန်(း) ခြောက်တောင် စောက် ၁င်္ (တောင်) ရေအပြဉ်ရှိ၏။ ထိုရေကို မုံဉင်စေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။ အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။ ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်ဂဏန်းမှာတော့ သစ်ခွဲစိတ်ဖြတ်တောက်တာနဲ့ ဆိုင်တဲ့ သစ်တွက်နည်းတွေ၊ သစ်လုံးကို ပါးပါးလွှာထုတ်တဲ့ တွက်နည်းတွေ အပြင် သစ်ပင်ကို အဝေးကကြည့်ပြီး အမြင့်ရှာနည်းတွေ အပါအဝင် ပုစ္ဆာ ၇ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်အမြင့်ရှာပုံက ဂျီဩမေတြီဘာသာရပ် (Geometry) ကို အခြေခံထားတယ်။ လှေဂဏန်းကို ပြရာမှာ သင်္ဘောနဲ့ ခရီးထွက်ရင် ကြာမြင့်ချိန်၊ ဆိုက်ရောက်ချိန် နေ့ရက်ကို တွက်တဲ့ ပုစ္ဆာတွေနဲ့ အက္ခရာသင်္ချာ (Algebra) သဘောပါတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှေနဲ့ တစ်ဖက်ကမ်းကို ကူးတဲ့ ပုစ္ဆာမျိုးတွေကို နမူနာပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ပြထားတယ်။ သားရေဂဏန်းမှာတော့ သားရေချပ်ကို လှီးဖြတ်ရာမှာ လေးထောင့်ပုံ၊ စက်ဝိုင်းပုံ စတဲ့ ပုံစံ အမျိုးမျိုးရဲ့ ဧရိယာနဲ့ အဝန်းတွက်နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ချက်ပြထားတယ်။ မြေဂဏန်းမှာ မြေကြီးကနေ အုတ်ထုတ်ရာမှာ ထွက်ရှိမယ့် အုတ်ချပ်ရေ ခန့်မှန်းပုံ၊ မြို့ရိုး တိုက်တာ အိုးအိမ် တည်ဆောက်ရာမှာ အုတ်လိုအပ်မှု လယ်ယာမြေကွက် ပုံစံအမျိုးမျိုး ပယ်ဖွဲ့နည်းတွေကို ဥပမာ ပုစ္ဆာပေါင်း ၃၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။ တတိယပိုင်းမှာ နည်းတဆယ့်ခြောက်ပါး ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ချာနည်းပေါင်း ၁၆ နည်းကို ပုစ္ဆာပေါင်း ၇၆ ပုဒ်နဲ့ ဖော်ပြထားတယ်။ အဲဒီနည်းတွေကို အကျဉ်းချုပ် အနေနဲ့ ဖော်ပြရရင် နှစ်ထပ်တိုးတွက်နည်း၊ အချိုးတွက်နည်း၊ မရေမရာညီမျှခြင်း (Indeterminate equation) တွက်နည်း၊ သင်္ချာပေါင်းပွားကိန်း (Arithmetic progression) တွက်နည်း၊ သင်္ချာဆပွားကိန်း (Geometric progression) တွက်နည်း၊ အက္ခရာသင်္ချာ ညီမျှခြင်း (Algebra equation) တွက်နည်း၊ ဆခွဲကိန်း တွက်နည်း၊ ဘုံသုဉ်းကိန်း တွက်နည်း တို့ ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။ ဂဏန်းသင်္ချာ ပညာဝဎ္ဍနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲဩမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။ [၆]

မြန်မာ့စွယ်စုံကျမ်း မှဖွင့်ဆိုချက်[ပြင်​ဆင်​ရန်​]

သင်္ချာသည်ဂဏန်း၊ အရေအတွက်တို့နှင့် စပ်လျဉ်းသည့် သိပ္ပံပညာရပ်တစ်ခုဖြစ် သည်။ လူတို့သည် အလွန်ရှေးကျသောခေတ်အခါကပင် အပေါင်း၊ အနုတ်၊ မြှောက်၊ အစားပါဝင် သောလွယ်ကူသည့် ပုစ္ဆာများကိုတွက်ခြင်း၊ မြေများကိုစံနစ်တကျ တိုင်းတာခြင်း၊ ကောင်းကင်တွင် နက္ခတ် တာရာတို့ကိုကြည့်၍ ပြက္ခဒိန်များ ပြုလုပ်ခြင်း စသည့်အလုပ်များကိုပြုလုပ်နိုင်ခဲ့လေသည်။

ထိုအချိန်မှ စ၍သင်္ချာပညာသည်လည်း ပေါ်ပေါက်လာခဲ့သည်ဟု ဆိုနိုင်သည်။ သို့သော်ဂဏန်းများနှင့်အရေအတွက်များကို လွယ်ကူစွာရေးသားဖေါ်ပြရန် သင့်တော်သောနည်းမရှိခဲ့သဖြင့် သင်္ချာပညာတိုးတက်မှုသည် အလွန်နှောင့်နှေးခဲ့လေသည်။ ဆယ်ရာစုနှစ်တွင်မှ ၁၊ ၂၊ ၃၊ ၄ စသည်တို့ကို အာရပ်အမှတ်အသားများနှင့်တကွ သုညကို (ဝ) ဟူသော အမှတ်အသားဖြင့် ရေးသားရန်သတ်မှတ်ခဲ့ကြသည်။ ထိုအချိန်မှ အစပြု၍ သင်္ချာ ပညာရပ်သည်လည်း အလွန်တိုးတက် ထွန်းကားလာခဲ့လေသည်။

ရှေးလူမျိုးများအနက် ဂရိတို့သည် သင်္ချာဘာသာကို အလွန်တိုးတက်အောင်ကြံဆောင်ခဲ့ကြလေရာ ဘီစီ ၆၀ဝ ပြည့်နှစ်တွင် မီလီတပ်မြို့သား ဒဿနိကဗေဒပညာရှင် သေးလိအမည်ရှိ ဂရိအမျိုးသားကြီးသည် ဂျီဩမေတြီနှင့် သက်ဆိုင်သည့်သီအိုရမ်များကို သာမညမှကြံနည်းဖြင့် သက်သေပြနိုင်ခဲ့သည့်အပြင်၊ အခြား ပုစ္ဆာအချက်အလက် များကိုလည်း ယုတ္တိဗေဒနှင့်သက်ဆိုင်သည့်သာမညမှကြံနည်းဖြင့် ဆင်ခြင်ယူ ဆနိုင်ကြောင်းကိုပြသနိုင်ခဲ့သည်။ ဤနည်းကို တွေ့ရှိခဲ့ရာမှအစပြု၍ ဂျီဩမေတြီပညာရပ်ပေါ်ပေါက် လာလေသည်။ ၁၅ရာစုနှစ်တွင် ပညာရှိတို့သည် အက္ခရာ သင်္ချာကိုတီထွင်ခဲ့ကြ၍ ၁၆ ရာစုတွင်အနာလစ် တစ်ကယ် ဂျီအိုမေတြီအခြေခံကိုပြုစုပျိုးထောင်ပေးခဲ့ကြသည်။ဆယ့်ခုနစ်ရာစုနှစ်မှစ၍ သင်္ချာပညာကို သိပ္ပံပညာရပ် များတွင်တစ်စထက်တစ်စ တိုးတက်သုံးစွဲခဲ့ကြသည်။ ဤသို့တိုးတက်သုံးစွဲခဲ့ရာတွင် ခက်ခဲသောပြဿနာများကို တွေ့ရှိခဲ့သဖြင့် ကဲ့ကုလသင်္ချာပညာရပ်ကို ကြဆခဲ့ကြသည်။ ဤသို့ပေါ်ပေါက်ခဲ့ရသည့် သင်္ချာပညာရပ်များကို အမှီပြုလျက် စက်နှင့်သက်ဆိုင်သော ပညာရပ်များနှင့်ရူပဗေဒပညာရပ်များ သည်များစွာ တိုးတက်ခဲ့ကြသည်။ အင်ဂျင်နီယာအတတ် ပညာသည် သင်္ချာပညာဟူသော အုတ်မြစ်ပေါ်တွင် တည်ရှိသဖြင့် ထိုအတတ်ပညာသင်ကြားလိုသူ တို့သည်သင်္ချာကို ကောင်းစွာ တတ်မြောက်ကြရပေသည်။

ယခုခေတ်တွင် သင်္ချာပညာရပ်များမှာ အမျိုးအမည် အားဖြင့် အလွန်များပြါးလာ၏။ ယင်းတို့ကို မူလတန်း သင်္ချာရပ်များနှင့် အထက်တန်းသင်္ချာရပ်များဟု နှစ်ပိုင်းပိုင်းခြားထား၏။ ဂဏန်းသင်္ချာ၊ အက္ခရာသင်္ချာ၊ ဂျီဩမေတြီနှင့်တြိဂိုနိုမေတြီတို့သည် မူလတန်းသင်္ချာတွင် အကျုံးဝင်ကြ၍ အနာလစ်တစ်ကယ်ဂျီဩမေတြီ၊ ကဲ့ကုလသင်္ချာ စသည်တို့မှာ အထက်တန်းသင်္ချာတွင်အကျုံးဝင်ကြသည်။[၇]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. No likeness or description of Euclid's physical appearance made during his lifetime survived antiquity. Therefore, Euclid's depiction in works of art depends on the artist's imagination (see Euclid).
  2. Peirce, p.97
  3. Steen, L.A. (April 29, 1988). The Science of Patterns. Science, 240: 611–616. and summarized at Association for Supervision and Curriculum Development.
  4. Devlin, Keith, Mathematics: The Science of Patterns: The Search for Order in Life, Mind and the Universe (Scientific American Paperback Library) 1996, ISBN 978-0-7167-5047-5
  5. Jourdain
  6. ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ - ဒေါက်တာ မျိုးသန့်တင်
  7. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)