ကျောက်ခေတ်သစ်

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

{{သမိုင်းမတင်မှီခေတ်}

မြစ်ကမ်းပါး ဘူမိဗေဒ မြေလွှာစနစ်နဲ့က သက်ဆိုင်ရာ ကျောက်ခေတ်အလိုက် ကျောက်လက်နက် လုပ်တဲ့ စခန်းပြ ဧရာဝတီ, ချိုင့်ဝှမ်း ဖြတ်ပိုင်းပုံ (စကေးကိုက်မဟုတ်)။

အနောက် အာရှမှာ အရင် အနှစ် ကိုးထောင်က အရင် အနှစ် ၅၅၀ဝ အတွင်း ကျောက်ခေတ်သစ် ပေါ်ထွန်း ခဲ့တယ်။ မြန်မာ ကျောက်ခေတ်သစ် ဓလေ့ကို အရင်အနှစ် ၂၁၀ဝ အထိ တွေ့ရှိ နိုင်ပါ သေးတယ်။ ကျောက်ခေတ်သစ် လက်နက်တွေကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ အလယ်ပိုင်း မြန်မာ နိုင်ငံမှာ တွေ့ရ သလို အနောက်ဘက် သံတွဲ တောင်ဘက် ဘိတ်(မြိတ်) အထိ တွေ့နိုင် ပါတယ်။ မြစ်ကြီးနားက ဘိတ် (မြိတ်) အထိ အနှံ့အပြား တွေ့တဲ့ ကျောက်လက်နက် တွေကို ခြုံပြီး ဖော်ပြရရင် မြန်မာ နိုင်ငံရဲ့ ကျောက်ဟောင်း ကာလ လူတွေဟာ တောင်ပိုင်း တရုတ်မှာ အခြေခံပြီး ဆင်းသက် ပြန့်ပွား လာတယ်လို့ ထင်စရာ ရှိတယ်။ ဒါပေမဲ့ ကျောက်သစ် လူတွေ ကတော့ မလေး ကျွန်းဆွယ်က လူတွေနဲ့ အများကြီး တူနေလို့ မြန်မာ နိုင်ငံ တွင်းကို အရှေ့တောင်နဲ့ အရှေ့ အရပ်က ဝင်လာကြ သလားလို့ ထင်ရတယ်။


ကျောက်သစ် လူတွေဟာ သူတို့ နေ့စဉ် စားသောက်တဲ့ အစာ တွေကို တောတောင်မှာ လှည့်လည်ပြီး မရှာရဘဲ မိမိ ကိုယ်တိုင် စိုက်ပျိုး မွေးမြူပြီး လိုတဲ့ အခါ အလွယ်တကူ ယူပြီး စားသောက်နိုင်တဲ့ အရည်အချင်း ရှိနေကြ ပါပြီ။ ကောက်ပဲ သီးနှံ စိုက်ပျိုး တာရယ်၊ အသား၊ အရည်နှင့် နို့ အတွက် အိမ်ခြံဝင်း အတွင်း မှာပဲ တိရစ္ဆာန် တွေကို မွေးမြူ တာရယ်၊ ဝန်သယ် ဆောင်ဖို့ တိရိစ္ဆာန်ကြီး တချို့ကို မွေးမြူ တာရယ်၊ တိုးတက်မှု နှစ်မျိုး သုံးမျိုး တွေ့နိုင် ပါတယ်။ စားကြက်ကို အရင် အနှစ် ၇၅၀ဝ ကပဲ အိမ်မှာ မွေးမြူ ခဲ့ကြ ပါတယ်။ အရင် ကျောက်ဟောင်း ကာလက ခရီး မပြတ် လှည့်လည် နေတဲ့ တံငါ၊ မုဆိုး တွေဟာ ကျောက်သစ် ကာလ ရောက်တဲ့ အခါ စိုက်ပျိုး မွေးမြူ သူတွေ အဖြစ် ပြောင်းလဲ လာတာကို အလွန် နှေးတဲ့ လူမှု တော်လှန်ရေးလို့ ခေါ်လေ့ ရှိပါတယ်။ လူတွေရဲ့ နေထိုင် စားသောက်ရေးဟာ ဒီတော်လှန်ရေးကြောင့် အကြီးအကျယ် ပြောင်းလဲ ပါတယ်။ မြေဩဇာ ကောင်းတဲ့ အရပ်၊ အန္တရာယ် ကင်းရှင်းတဲ့ အရပ်၊ ဆက်သွယ်ရေး လမ်းကြောင်း လွယ်ကူတဲ့ အရပ် တွေမှာ ရွာငယ်တွေ တည်တယ်၊ တစတစ လူဦးရေ တိုးပွား လာပြန်တော့ တချို့ ရွာက ကြီးပြီး မြို့ဖြစ် ပြန်တယ်။ ဒီလို ကြီးပွားတဲ့ တချို့ ရွာကို မြေကတုပ်၊ အုတ်ရိုး နံရံ ထားလို့ မြို့လို့ ခေါ်ရတာ ဖြစ်တယ် ထင်ပါတယ်။ စိုက်ပျိုး မွေးမြူရေးမှာ သူတကာထက် ထူးခြား အောင်မြင် သူတွေ ရှိပြန်တော့ ကိုယ်ပိုင် ပစ္စည်းတွေ များတဲ့ လူလည်း ပေါ်လာတယ်။ ဒီလူမျိုးကို သူဌေး၊ သူ့ကယ်လို့ ခေါ်ကြ ရတယ်။ သူတို့ ပေါ်လာတဲ့ အခါက စပြီး စုပေါင်း ရှာဖွေတာ၊ မျှတ သုံးစွဲ စားသောက်တာ ဆိုတဲ့ အခြေခံ ဘုံစနစ် ကွယ်ပျောက် သွားပါပြီ။ ကိုယ်ပိုင် ပစ္စည်းတွေ ရှိလာလို့ ခိုးယူ လုယက် တာတွေ ပေါ်ပေါက် များပြား လာလို့ ဒါတွေကို ဟန့်တား ပိတ်ပင်ဖို့ ဥပဒေ ပြုလုပ် ကြရတယ်။ ဥပဒေကို ထိန်းပေးမယ့် ခေါင်းဆောင် သူကို မင်း ခေါ်မယ်၊ သူ့ အဖွဲ့အစည်းကို အစိုးရ ခေါ်မယ်။ လူတစုမှာ အသက် အကြီးဆုံး (သမာဓိ အရှိဆုံး၊ အစွမ်း သတ္တိ အကောင်းဆုံး လူကို ခေါင်း၊ သူကြီးမင်း ခန့်ထားပြီး သက်ကြီး ရွယ်ကြီး ပညာရှိ တွေရဲ့ အကူအညီနဲ့ ရပ်ရွာ အေးချမ်း သာယာအောင် ကြီးကြပ် စေတယ်။ သူတို့ကို လာရောက် နှောက်ယှက်တဲ့ ရန်သူ ရှိရင် အုပ်ချုပ်တဲ့ အဖွဲ့က တွန်းလှန် တိုက်ခိုက် ပေးရတယ်။ အဲဒါ တွေကို ခေါင်းဆောင်ပြီး တိုက်ခိုက် ပေးရတယ်။ လူအချင်းချင်း နယ်မြေ လုတဲ့ ရန်ပွဲ၊ တနယ်နဲ့ တနယ် နယ်နိမိတ်ကြောင့် လက်နက် စွဲပြီး စစ်တိုက် ကြရင်လည်း ခေါင်းဆောင် ရတယ်။ စစ်ရှုံး သူကို ဖမ်းယူခဲ့ပြီး ကျွန်အဖြစ် စေခိုင်းရင် ခေါင်းဆောင်ပဲ ကြီးကြပ်ရ ပြန်တယ်။ ကျွန် တွေလည်း အများကြီး ရှိလာတဲ့ အပြင် သူဌေးနဲ့ လူဆင်းရဲ ဆိုပြီး အထင်အရှား လူတန်းစား ကွဲပြား လာပါတယ်။


လူမှု စနစ် ဖွဲ့စည်းပုံတွေ ပိုပြီး ရှုပ်ထွေး လာပါတယ်။ ချမ်းသာ သူနဲ့ ဆင်းရဲသား၊ သာမန်လူ၊ ရသေ့ ရဟန်း၊ မင်းနဲ့ အမှုထမ်း ဆိုပြီး လူတန်းစားတွေ ရှိလာတယ်။ စားဝတ် နေရေး မကြောင့်ကြ ရတဲ့ လူတွေက အချိန်ပို ရှိလာလို့ ကုန်ပစ္စည်း ထုတ်လုပ်ရာမှာ နည်းလမ်း စနစ်တွေ ပိုပြီး ကောင်းလာအောင် တီထွင်မှုတွေ လုပ်ပေး ကြတယ်။ လူ့အဖွဲ့အစည်းနဲ့ ကိုက်ညီအောင် ယုံကြည်မှု တွေလည်း ဆန်းကြယ် များပြား လာတယ်။ ရိုးရာ ဓလေ့ကို စွဲပြီး ပေါ်ပေါက် လာရတဲ့ ဥပဒေ ခေါ် ထုံးနည်းတွေ ကိုလည်း စည်းစနစ် ကျကျ လိုက်နာ ကြရတယ်။ ကိုယ်ပိုင် ပစ္စည်းကို ထိန်းသိမ်း စောင့်ရှောက်တဲ့ ဥပဒေ တွေက အင်မတန် အရေးပါ အရာ ရောက်လာ ပါတယ်။ လူတစု နေထိုင်ရာ ဒေသမှာ လူအနည်းငယ်က ထွက်ကုန် ပစ္စည်း မှန်သမျှကို လက်ဝါးကြီး အုပ်ပြီး ချုပ်ကိုင် လာပါတယ်။


ကျောက်ခေတ် ဟောင်းနဲ့ နှိုင်းစာရင် ကျောက်ခေတ်သစ် လူတွေဟာ အနုပညာကို ပိုပြီး လက်ရာ မြောက်အောင် လုပ်နိုင် လာတယ်လို့ ပြောနိုင် ပါတယ်။ အလို ဆန္ဒ အမျိုးမျိုး အတွက် စွဲကိုင်တဲ့ ကျောက်လက်နက် တွေကို ပြောင်ချော နေအောင် အချောကိုင် တတ်လာတယ်။ မြင်ရင် နှစ်သက် ချစ်မြတ် နိုးဖွယ် ဖြစ်အောင် နံရံ ဆေးပန်းချီ တွေလည်း ရေးဆွဲ ပါတယ်။ အရိုး၊ ဆင်စွယ်နဲ့ ရွွှံ့မီးဖုတ် ပန်းပုရုပ် တွေလည်း ပေါ်လာတယ်။ ကုန်းပစ္စည်း သယ်ဖို့၊ သိုလှောင်ဖို့ တောင်းပလုံးတွေ လုပ်ရာက တစတစ တိုးတက်ပြီး အထည်အဝတ် ရက်လုပ် လာကြတယ်။ ရွှံ့နဲ့ လုပ်ပြီး မီးဖုတ်တဲ့ အိုးတွေ ပေါ်မှာ အလှဆင် သလို ရက်လုပ်တဲ့ အထည် တွေမှာလည်း လှပတဲ့ ပန်းပုံစံတွေ ရောက်စုံ ထည့်ပြီး ရက်လုပ် နိုင်တဲ့ အဆင့်ထိ တိုးတက် လာပါတယ်။


အခြေခံ ကြောင်းကို မသိတဲ့ အခါ၊ ကြောက်ရွံ့တဲ့ အခါ၊ အယူ သီးတဲ့စိတ်၊ ဆောင်ရန်၊ ရှောင်ရန် ညွှန်ကြားချက် တွေကို မဖြစ်မနေ လိုက်နာတဲ့ ဓလေ့ တွေကြောင့် နတ်ကိုးခြင်း၊ နတ်ပွဲ ထိုးခြင်း ဆိုတာတွေ ပိုပြီး များပြား လာပါတယ်။ ပူဇော် ပသရမယ့် နေရာကို သတ်မှတ် ထားပြီး ယဇ် ပူဇော်ဖို့ သီးခြား အဆောက်အအုံကို ဆောက်လုပ် လာပါတယ်။ လူ့ထက် ပိုပြီး တန်ခိုး ကြီးတယ်လို့ ယူဆ ထားတဲ့ နတ်ကို ကိစ္စ အဝဝမှာ ကူညီ မှိုင်းမဖို့ ပူဇော် ရတယ်။ စစ်တိုက်တဲ့ အခါ အနိုင် ရချင်လို့၊ ကောက်ပဲ သီးနှံ စိုက်တဲ့ အခါ သီးနှံများများ ဆွတ်ခူး ရိတ်သိမ်း နိုင်ဖို့၊ သားသမီး များများ မွေးဖွား ထွန်းကား စေဖို့ နတ်ကိုး ကြတယ်။ နတ် ပေါ်ပေါက်ပုံ၊ နတ် ကိုးကွယ်လို့ အကျိုး ကျေးဇူး ရပုံကို ပုံပြင်တွေ တီထွင်ပြီး ပြောဆို လာကြတယ်။ လူသေရင် နောက်တဘဝ ရှိလိမ့် ဦးမယ်လို့ ဘဝ ကူးကို ယုံကြည် လာကြတယ်။ သေသူရဲ့ အလောင်းကို ကောင်းစွာ စောင့်ရှောက် နိုင်ဖို့ အတွက် ဂူသင်္ချိုင်း ဆိုတဲ့ အဆောက်အဦတွေ ဆောက်လုပ် လာပါတယ်။


မြန်မာ နိုင်ငံမှာ ကျောက်သစ် လက်နက် ပစ္စည်း တွေကို ချင်းတောင်က ဘိတ် (မြိတ်) အထိ၊ ရှမ်း ပြည်နယ်က သံတွဲ အထိ အနှံ့အပြား တွေ့နိုင်တယ်။ အလယ်ပိုင်း မြန်မာမှာ အများဆုံး တွေ့ရ ပါတယ်။ ကျောက်လက်နက်ကို သုံးမျိုး ခွဲထားတယ်။ (၁) အသွား ပေါ်အောင် ကျောက်ကို ရိုက်ဖဲ့ ထားတဲ့ လက်နက်၊ (၂) အသွားကို ထက်မြက် လာအောင် သွေးယူ ထားတဲ့ လက်နက်နဲ့ (၃) လက်နက် တခုလုံးကို ချောမွတ် လှပ နေအောင် သွေးယူ ထားတဲ့ လက်နက် တွေဟာ ကြီးမား ကြမ်းတမ်းတယ်။ နောင်အခါ ကျောက်ကို လွှာယူတဲ့နည်း ပေါ်လာတော့ သေးငယ်တဲ့ လက်နက်တွေ လုပ်ပြီး သုံးစွဲ လာကြတယ်။ ပုပ္ပားတောင် အရပ်က ထွက်တဲ့ မီးတောင် ကျောက်ဟာ အမျိုးအစား ကောင်းတဲ့ အတွက် လက်နက် လုပ်သူတွေ အထူး နှစ်သက် ကြတယ်။ အဲဒီ လက်နက်တွေ ထဲမှာ သဲကျောက်ကို လုပ်တဲ့ လက်နက်က အများကြီး တွေ့နိုင်တယ်။ နှစ်ဖက် အသွား ချထားတဲ့ ဗိစပ်ဖူး လက်နက်၊ "သပ်" ပုံစံ လက်နက်၊ ဆောက်လက်နက်၊ ဆစ်လွှဲ လက်နက်၊ ဆောက်ခုံး၊ ပဲကွပ်၊ ကျောက်လက်ကောက်၊ ကျောက်တူနဲ့ ခွံချွတ်၊ ကျည်ပွေ့၊ အမင်းတပ် လက်နက်တွေ ဖြစ်ပါတယ်။ စပါးနဲ့ ဂျုံကို အခွံ ချွတ်ဖို့၊ အမှုန့် လုပ်ဖို့ ကြိတ်ဆုံတွေ ပေါ်လာတယ်။


မြန်မာမှာ တွေ့ရတဲ့ ကျောက်ခေတ်သစ် လက်နက် တွေဟာ သေးငယ်တယ်။ မြန်မာ လူထုက ဒီ ကျောက်လက်နက်ကို မိုးကြိုးသွား ခေါ်တယ်။ ဆေးဖက် ဝင်တယ်လို့ ယုံတယ်။ ဒါကြောင့် ကိုယ်ရထားတဲ့ ကျောက်လက်နက်ကို ဆက်လက် လေ့လာဖို့ ပြတိုက်ကို၊ တက္ကသိုလ်ကို မပေးလိုပါ။ မကြာမီက ဗိတ်ခဲတွင်း တွေက လက်နက် အတော်များများ တူးလို့ ရပါတယ်။ ကျောက်ကို လိုသလို လှီးယူဖို့ နည်းစနစ်ကောင်း တွေလည်း သိလာ ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံမှာ ကျောက်မျက်နှာကို ရိုက်ဖဲ့ပြီး ပုံဖော်တဲ့ စနစ်ကို မသုံးပါ။ ကြိတ်မှာ ကျောက်ကွင်း တွေဟာ စပါးကို အခွံ ခွျတ်ပြီး အမှုန့် လုပ်ဖို့ သုံးစွဲတာ ဖြစ်ပါတယ်။ကျောက်ဝိုင်းငယ် တွေကို ချည်ငယ်လုံး (spindle whorl) အတွက် သုံးမယ် ထင်ပါတယ်


ဘိတ် (မြိတ်) ခရိုင်က ရတဲ့ အမင်းတပ် ဆောက်ပြားဟာ တပေလောက် ရှည်တာကို တွေ့ဖူး ပါတယ်။ ဒါပေမဲ့ မြန်မာ နိုင်ငံ ကျောက်သစ် လက်နက် တွေဟာ အားလုံးလိုလို သေးငယ် နေပါတယ်။ လူတွေက သစ်ကိုသာ ဖြတ်တောက် သုံးစွဲတဲ့ အတွက် ဒီလို ဖြစ်တယ် ထင်ရှား ပါတယ်။ မြန်မာ နိုင်ငံရဲ့ အလယ်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းမှာ တွေ့ရတဲ့ လက်နက် တွေဟာ ပွတ်စင်ကို တင်ပြီး ဖြတ်တောက် ထားတာ မဟုတ်ကြောင်း ထင်ရှား ပါတယ်။ ဘီးကို လှည့်ပြီး ဖြတ်တောက်ဖို့၊ အဝိုင်း ညှိဖို့ မသုံးတတ် သေးတာလည်း ထင်ရှားတယ်။ ဒီလို ဆိုရင် ဘီးနဲ့ ဆွဲတဲ့ လှည်းလည်း မရှိနိုင် သေးပါ။ အိုးထွင်းတဲ့ အခါ မှာလည်း အိုးထိန်း စက်ကို မသုံးနိုင် သေးပါ။ ဒါပေမဲ့ အိုးထိန်းစက် သုံးပြီး လုပ်တဲ့ အိုးတွေကို ဘိတ် (မြိတ်) နယ်၊ တနင်္လာရီ အရှေ့ (၃၆) မိုင်ကွာ ကျိန်ချောင်း ခဲတွင်း တွေမှာ ၄ ပေ အနက်က အိုးထိန်း စက်နဲ့ လုပ်တဲ့ အိုးတွေနဲ့ ပူးတွဲပြီး ကျောက်သစ် လက်နက် တွေကို ၁၉၆၃ ခုနှစ်က တွေ့ဖူး ပါတယ်။


အခု အထိ ကျောက် လက်နက်ကို အများဆုံး တွေ့တဲ့ အရပ်ဟာ (၁) မြန်မာ နိုင်ငံ အလယ်ပိုင်း မိုးခေါင် ရေရှား အရပ်၊ (၂) ရှမ်းကုန်း ပြင်မြင့်၊ (၃) ချင်းတောင်၊ (၄) သံတွဲနဲ့ (၅) ဘိတ် (မြိတ်) ခရိုင် ဖြစ်ပါတယ်။ ဘိတ် (မြိတ်) ခရိုင်က လွဲပြီး ကျန်အရပ် တွေမှာ တွေ့တဲ့ လက်နက် တွေဟာ မြေပေါ်က ကောက်ယူ ရရှိတဲ့ လက်နက်တွေ ဖြစ်တယ်။ ကျောက် လက်နက် ပထမ အမျိုးနဲ့ ဒုတိယ အမျိုး တွေကို ကျောက်ဟောင်း ကာလ လုပ်နည်း အတိုင်း လုပ်ပေမဲ့ တတိယ အမျိုး လက်နက် တွေကို လုပ်နည်းက ကွဲပြား ပါတယ်။ ဒီအချက်ကို ထောက်ပြီး ရှေးထုံး အတိုင်း ကျောက်လက်နက် တတ်သူ တွေဟာ အနီး အပါးမှာပဲ ယှဉ်ပြီး နေခဲ့ ကြမယ်လို့ ထင်ပါတယ်။ လူတွေ သတ်ဖြတ် စားသောက်တဲ့ တိရစ္ဆာန် အရိုးနဲ့ သွား တွေကို စစ်ဆေး ကြည့်တဲ့ အခါ မြင်း၊ မြည်း၊ သမင်၊ တောင်ဆိတ်နဲ့ ကျွဲရိုင်း တွေကို သတ်ဖြတ် စားသောက်တာ များတယ် ဆိုတာ တွေ့ပါတယ်။ ကျောက် လက်နက် (၁) အမျိုးအစားမှာ ဗီယက်နမ် ကမ္ဘောဒီယား ရှိ ဟွာဗင်ဟိယန် ဓလေ့ အတိုင်း ပြုလုပ်တယ်။ ကုန်းပိုင်း အရှေ့တောင် အာရှမှာ ဒီ လက်နက်မျိုး အမြောက်အမြား တွေ့ရတယ်။ လက်နက် (၂) အမျိုးအစားမှာ ပိုပြီး ကောင်းတယ်။ လက်နက် (၃) အမျိုးအစားကို မလေး ကျွန်းဆွယ်မှာ အများဆုံး တွေ့ရတယ်။ လက်နက်ဟာ အိန္ဒိယက ပုဆိန်နဲ့ တူတယ်လို့ ထင်ရတယ်။ ပဲကွပ် တွေက အာသမ် ပုံစံ တွေနဲ့ တူပြီး၊ မြေမှာ မိုးစပါး ချစိုက်ဖို့ တွင်းတူးရာမှာ သုံးမယ်။ ပေါင်းမြက် သတ်ရာမှာ သုံးမယ်လို့ ထင်ရပါတယ်။ မြန်မာ လက်နက်တွေဟာ မလေး လက်နက်တွေနဲ့ တူညီပြီး အာသမ် လက်နက်တွေရဲ့ လုပ်နည်းကို မြန်မာက ရခဲ့တယ်လို့ တွေးထင်စရာ ဖြစ်ပါတယ်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. ၂၀၀၄ ခု၊ ဇူလိုင်လမှာ ပထမ အကြိမ် မုံရွေး စာအုပ်တိုက် အမှတ်စဉ် (၁၃၄) အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ဒေါက်တာ သန်းထွန်းရဲ့ 'မြန်မာ့ သမိုင်းပုံ' Myanmar History Told in Pictures စာအုပ်မှ "ကျောက်ခေတ်သစ်" အခန်း