ကျောက်ခေတ်လယ်

ဝီကီပီးဒီးယား မှ

ယနေ့လူတို့ ဆင်းသက်ပေါက်ဖွားရာ ဖြစ်သည့်ကာလ တစ်နည်းအားဖြင့် ခေတ်လူသားတို့၏ အစကာလ ဖြစ်သော လွန်ခဲ့သည့် နှစ်ပေါင်း ၄၀,၀၀၀ မှ ၂၅,၀၀၀ ကာလအတွင်း ပေါ်ပေါက်လာသည့် ခေတ်ကို ကျောက်ခေတ်သစ် (သို့မဟုတ်) ပါလီယိုလစ်သစ် ခေတ် (Paleolithic Age)ဟု ပညာရှင်တို့က သတ်မှတ်ကြသည်။ ထိုကာလမှ ယနေ့တိုင်ဆင်းသက် ပေါက်ဖွားသော လူတို့ကို ဟိုမိုစပီးယန်းဟု ခေါ်ဝေါ်သတ်မှတ်ကြသည်။ ဟိုမို ဆိုသည်မှာ လူ ဖြစ်ပြီး၊ စပီးယန်း မှာ အသိဉာဏ်ရှိသော ဟု အဓိပ္ပာယ်ရသည်။

သမိုင်းမတင်မီခေတ်
သံခေတ်
  ကြေးဝါခေတ်နှောင်း  
  ​ကြေးဝါခေတ်လယ်
  ကြေးဝါခေတ်ဦး
ကြေးဝါခေတ်
    ကြေးနီခေတ်    
  ကျောက်ခေတ်သစ်
ကျောက်ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်နှောင်း  
    ကျောက်ခေတ်ဟောင်း ခေတ်လယ်
    ကျောက်ခေတ်ဟောင်း ခေတ်ဦး
  ကျောက်ခေတ်ဟောင်း
ကျောက်ခေတ်

တွေ့ရှိရသည့် အထောက်အထားများ[ပြင်ဆင်ရန်]

ကျောက်ခေတ်လယ်မှ ရုပ်ကြွင်းဟု ယူဆရသော ဦးခေါင်းခွံ

ပြင်သစ်နိုင်ငံ၊ ဒေါ်ဒွန်းယ် ဒေသ (Dordonge)မှ ကရို-မဂ္ဂနွန် ဂူ နှင့် အီတလီနိုင်ငံ၊ မင်းတုန်းနေး ဒေသ(Mentone) ရှိ ဂရီမောလ်ဒီး ဂူတို့တွင် အလယ်ကျောက်ခေတ် လူသားတို့၏ အရိုးရုပ်ကြွင်းများကို အတော်ပင် ပြည့်ပြည့်စုံစုံ ရှာဖွေတွေ့ရှိခဲ့သည်။ ထို့အပြင် ၎င်းတို့၏ အသုံးအဆောင်ဖြစ်သော အပေါက်ဖောက်ထားသည့် ပင်လယ်ခရုခွံအချို့ကိုလည်း တွေ့ရသေးသည်။ ထိုသို့ ကွယ်လွန်သူနှင့်အတူ အသုံးအဆောင်များကိုပါ ထည့်သွင်းမြုပ်နှံသဖြင့် ထိုအချိန်မှ စတင်ကာ တမလွန်ဘဝကို ယုံကြည်မှုရှိခြင်း (ဘာသာတရား ကိုးကွယ်မှု) စတင်ပြီ ဟုဆိုနိုင်သည်။ အရိုးများနှင့် ဦးခေါင်းရိုးတို့၏ ပုံသဏ္ဌာန်ကိုလိုက်၍ ပုံဖော်ကြည့်ရာ အရပ်ရှည်၊ မျက်နှာပြန့်ကား ၍ နှာတံမြင့်ကြောင်း တွေ့ရသည်။ ထူခြားချက်မှာ ဂရီမောလ်ဒီးဂူ မှတွေ့ရှိရသည့် အရိုးများမှာ လူမည်းပုံမျိုးဖြစ်သော်လည်း ဦးခေါင်းရိုး၊ လက်ရိုး၊ လည်ရိုးနှင့် သွားစသည့် လူအရိုးအစိတ်အပိုင်းများ အားလုံးမှာ အတူတူပင်ဖြစ်၍ ဟိုမိုစပီးယန်းများပင် ဖြစ်ကြသည်။

ထို့ပြင် ပေကျင်းမြို့အနီးရှိ ဂူတစ်ခုတွင်လည်း လူခေါင်းခွံတစ်ခုကို ပုံမပျက်တူးဖော် ရရှိကာ တူးဖော်ရရှိသည့် ကျောက်လွှာ၏ ဘူမိသက်တမ်းအရ နှစ်ပေါင်း ငါးသိန်းမှ တစ်သန်းအတွင်းဟု ယူဆကြပြန်သည်။ အာဖရိကတိုက် တောင်ပိုင်းရှိ ရိုဒီးရှားနိုင်ငံ၊ ဘရိုကင်းဟီ တောင်ကုန်းရှိ ဂူတစ်ခုအတွင်းမှ အောက်မေးရိုးမပါသည့် ဦးခေါင်းခွံတစ်ခုကို တူးဖော်တွေ့ရှိပြန်သည်။ ပညာရှင်တို့အနေဖြင့် အဆိုပါအရိုးများအပြင် အခြားအရိုးအမျိုးအစားများကိုလည်း တွေ့ရှိရန် ကျန်သေးသည်ဟု မျှော်လင့်ကြသည်။

ကိရိယာ တန်ဆာပလာများ[ပြင်ဆင်ရန်]

ကျောက်ခေတ် ကျောက်သွားလက်နက်များ

အလယ်ကျောက်ခေတ် တွင် လူတို့သည် ကျောက်ပုဆိန်များကို အသုံးပြုကြခြင်း မရှိတော့ပေ။ ကျောက်ခေတ်ဟောင်းကာလများတွင် ကျောက်ပုဆိန်ပြုလုပ်ရာတွင် ကျောက်တုံးခြင်းထုဖဲ့ခြင်းဖြစ် ပြုလုပ်ခဲ့သည် ဖြစ်ရာ၊ ကျောက်ခေတ်လယ်တွင်မူ တစ်ဆင့်မြင့်လာပြီး ကျောက်ကို အရိုးမာဖြင့် ရွေပေါ်တိုက်သကဲ့သို့ ပွတ်တိုက်ခြင်းနည်းဖြင့် ပြုလုပ်လာကြသည့် အထောက်အထားများ တွေ့ရသည်။ အင်မတန် ထက်မြက်အောင် ပြုလုပ်နိုင်သဖြင့် ဆတ်ချို၊ ဆင်စွယ်စသည့် အမာထည်များကိုပင် ဖြတ်တောက်လာနိုင်သည်။ ထို့အပြင် စူးဆောက်တူ စသည့်ကိရိယာတို့ကိုလည်း ကျောက်ဖြင့် ပြုလုပ်လာတတ်ကြောင်း တွေ့ရပြန်သည်။

ထိုကိရိယာများမှ တစ်ဆင့် သစ်သားအရိုးရှည်များကို ဆင်စွယ်အသွားတပ်ဆင်ထားသည့် လှံ၊ ကျောက်ဓားမြှောင် စသည်တို့ကိုလည်း ပြုလုပ်သုံးစွဲကြသည်။ ထို့အပြင် ဆင်စွယ် အပ်များ၊ ဆင်စွယ် (သို့) ဆတ်ချို ဖြင့် ပြုလုပ်ထားသည့် လှံတံပစ် လက်ကိုက်ကိရိယာများကိုလည်း တွေ့ရှိရသည်။

ယဉ်ကျေးမှု[ပြင်ဆင်ရန်]

အရိုင်းသာသာ အဆင့်တွင်သာ ရှိသေးသော်လည်း အထက်တွင် ဆိုခဲ့သကဲ့သို့ ဘာသာကိုးကွယ်မှုအစပြုလာသည့် အထောက်အထားများ၊ (ဆင်စွယ်အပ်ကြောင့်)အဝတ်ချုပ်လုပ်ဝတ်ဆင်သည့် အထောက်အထားများ အပြင်၊ ပန်းချီ ပညာရပ်ကိုလည်း အစပြုခဲ့သည့် အထောက်အထားများလည်း တွေ့ရသည်။ လက်ရာအားဖြင့် ကြမ်းတမ်းသော်လည်း ကျောက်ခေတ်လူတို့၏ လူနေမှုပုံစံတို့ကို တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်သည်။ စပိန်နိုင်ငံ ရှိ ဂူတစ်ခုအတွင်း မျက်နှာကြက်တွင် ရေးဆွဲထားသော နွားရိုင်းပုံမှာ အထူးထင်ရှားသည်။ အလားတူ ပုံများကို ပြင်သစ်နိုင်ငံတွင်လည်း တွေ့ရှိရသည်။ အများဆုံးအနေဖြင့် အာဖရိတိုက် မြောက်ပိုင်း အယ်လ်ဂျီးရီးယားနိုင်ငံမှ ဆဟာရ သဲကန္တာရကို ဖြတ်၍ နိုင်းမြစ် အထက်ပိုင်းထိတိုင် ထိုကဲ့သို့ ကျောက်ဂူအတွင်းမှ နံရံဆေးရေး အရုပ်များကို အရေအတွက်များစွာ တွေ့ရသည်။ အစားအစာများ ချက်ပြုတ်ရန်အတွက် အိုးခွက်ပန်းကန်များတွေ့ရှိရခြင်း မရှိသည့်အတွက် အလယ်ကျောက်ခေတ်သည်လည်း မီးကင်၍လည်းကောင်း မကျက်တကျက်ကိုသော်လည်းကောင်း စာသုံးကြသေးသည်ဟု ယူဆနိုင်သည်။ အလယ်ကျောက်ခေတ်၏ လူပုံပန်းသဏ္ဍန်အရ အမျိုးသမီးများသည် သေးသွယ်သည့် သဏ္ဍန်ရှိသည်။ အကြောင်းမှာ အသက်ငယ်ငယ်ဖြင့် အိမ်ထောင်သားမွေးရခြင်းကြောင့်ဟု ယူဆကြပြီး ခေတ်အနေအထားအရ ယောက်ျားများ ကြီးစိုးသည့် သက်သေဖြစ်သည်။

စိုက်ပျိုးမွေးမြူရေး[ပြင်ဆင်ရန်]

အလယ်ကျောက်ခေတ် အနေဖြင့် မြင်းမှ လွဲ၍ အခြားအိမ်မွေးတိရစ္ဆာန်များကို မွေးမြူသွားခဲ့သည့် အထောက်အထားမတွေ့ချေ။ ယုတ်စွအဆုံး ခွေး သည်ပင်လျှင် လူတို့၏ အိမ်မွေးတိရစ္ဆာန်အဖြစ် ရောက်မလာသေးဟု ဆိုကြသည်။ ထို့အပြင် လယ်ယာစိုက်ပျိုးသည့် အထောက်အထားများကိုမူ မတွေ့ရပေ။