ကဝါဗတား ယာဆူနာရီ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​
စာပေဆိုင်ရာနိုဗဲဆုရ ယာဆူနာရီ ကဝါဗာထား

ကဝါဗတား ယာဆူနာရီ(ခရစ် ၁၈၉၉ ဖွား)[ပြင်​ဆင်​ရန်​]

ဂျပန်နိုင်ငံ၏ သက်ကြီးဝါရင့် စာရေးဆရာကြီးများတွင် ထိပ်တန်းက ရှိနေသော ယာဆူနာရီ ကဝါဗာတားကို အိုဆာ ကာမြို့၌ ခရစ် ၁၈၉၉ ခုနှစ်တွင် ဖွားမြင်သည်။ ကဝါဗာတား သည် ငယ်စဉ်က ပန်းချီဆရာတစ်ယောက် ဖြစ်လိုခဲ့ပေရာ ထိုလိုအင်ဆန္ဒသည် သူ၏ဝတ္ထုများတွင် ယခုတိုင် ထင်ရှား ပေါ်လွင်နေပေသေးသည်။ သို့သော သူသည် အထက်တန်း ကျောင်း၌ စာပေ သင်ကြားနေခဲ့စဉ်ကပင် ဝတ္တုများ ရေးသား ထုတ်ဝေခဲ့ပြီးနောက် စာရေးဆရာတစ်ဦးအဖြစ် အသက်မွေး တော့မည်ဟု ဆုံးဖြတ်ခဲ့လေသည်။

ကဝါဗာတားသည် တိုကျိုမြို့ရှိ ဘုရင့်တက္ကသိုလ်မှ ၁၉၂၄ ခုနှစ်တွင် ဘွဲ့ရရှိခဲ့သည်။ ၁၉၂၅ ခုနှစ်တွင် သူ၏ အိဇု ကခြေသည် ဝတ္ထုတိုကို ပထမဆုံး ပုံနှိပ်ထုတ်ဝေခဲ့၏။ ဤဝတ္ထုတို့တွင် ကျောင်းသားကလေး တစ်ယောက်သည် ကခြေသည်မလေးအပေါ်တွင် မေတ္တာသက်ဝင် စွဲလမ်းနေသည့် အကြောင်းကို စိတ် အခြေအနေ၊ အမူအရာ၊ အနေအထိုင်နှင့် ပတ်ဝန်းကျင် အခြေအနေတို့ကို ဖော်ပြလျက် သရုပ်ဖော်ထားပေ သည်။ ဇာတ်လမ်းမည်မည် ရရမရှိစေကာမူ ကျောင်းသား ကလေးနှင့် ကခြေသည်မကလေးတို့၏ စိတ်အခြေအနေကို အသေးစိတ် ခြယ်မှုန်းပြသည်မှာ အနုပညာ ပီသလေသည်။

ကဝါဗာတားသည် ဂျပန်လူမျိုးတို့၏ အခြေခံယဉ်ကျေးမှုနှင့် ဂျပန်စိတ်ဓာတ်တို့ကို ပေါ်လွင်အောင် သူ့ဝတ္ထုများတွင် သရုပ် ဖော်နိုင်စွမ်းသည့်ပြင် လူ့သဘာဝနှင့် လူ့စရိုက်တို့ကိုလည်း လေးနက်သိမ်မွေ့စွာ ဖော်ကျူးတတ်၏။ ဒုတိယကမ္ဘာစစ်၌ ဂျပန်ရှုံးနိမ့်ရသည့်အတွက် ကဝါဗာတားသည် ယူကျုံးမရ ဖြစ်ကာ ဂျပန် ရိုးရာယဉ်ကျေးမှုကို မပျက်စီးစေလိုသော ဆန္ဒဖြင့် အမေရိကန်ဆံမှုကို ကန့်ကွက်၍ ဝတ္ထုတိုရှည် များစွာကို ရေးသားခဲ့ပေသည်။ သူ့ကို အချို့က ရှေးဆံသည်ဟု ဆိုကြသည်။ သို့သော် ဂျပန်စာဖတ် ပရိသတ်ကမူ သူ့ဝတ္ထု များကို အထူးကျေနပ်စွာ လက်ခံသဖြင့် သူသည် ဝါရင့် စာရေး ဆရာကြီးများတွင် အထူးနာမည်ကြီးလေသည်။ သူ့ဝတ္ထုအချို့ကို အင်္ဂလိပ်ဘာသာပြန်ဆို၍ ဂျပန်နိုင်ငံမှသာမက အမေရိကန်နိုင်ငံ ၌လည်း ထုတ်ဝေကြသည်။ အမေရိကန် စာပေမဂ္ဂဇင်းအချို့တွင် လည်း ထည့်သွင်းဖော်ပြကြလေသည်။

ယာဆူနာရီ ကဝါဗာတား ပြတိုက်

ကဝါဗာတား၏ ဝတ္ထုများတွင် နှင်းတိုင်းပြည် အမည်ရှိ ဝတ္ထုသည် အထူးကဲဆုံး ဖြစ်သည်ဟု စာပေ ဝေဖန်သူများက ဆိုကြ၏။ အချို့ကလည်း ကျိုတိုအမည်ရှိ ဝတ္ထုသည် အကောင်းဆုံးဟု ဆိုကြသည်။ နှင့်းတိုင်းပြည်ဝတ္ထုကို သူသည် ၁၄ နှစ်တိုင်တိုင် ကြိုးပမ်း၍ ရေးသည်ဆို၏။

ကဝါဗာတားသည် သူရေးသမှျ ဝတ္ထုတို ဝတ္ထုုရှည်များတွင် ဂျပန်စာ အရေးအသား သေသပ်သိပ်သည်း၍ ကဗျာဆန်သည့် အရေးအသားမျိုးကို ကြိုးပမ်းရေးသည်။ အနုပညာကြောင်းခြင်း ရာများကို ဇာတ်လမ်းတွင် ထည့်၍ သရုပ်ဖော်လေ့ရှိသည်။ အာရုံခံစားမှုကို အလေးပေး၍ ရေးလေ့ရှိသည်။ သူကိုယ်တိုင် ကြုံတွေ့သော ပုဂ္ဂိုလ်များစွာထဲမှ ရွေး၍ သူ့ဝတ္ထုများ၏ ဇာတ်ကောင်များအဖြစ် သရုပ်ဖော်လေ့ရှိသည်။ ရှေးဟောင်း အနုပညာကို ခေတ်လူများ သဘောပေါက် နှစ်သက်လာအောင် ဆွဲဆောင်ဖော်ကျူးတတ်ပေသည်။ လူ့သဘာဝကို အသေးစိတ် ခြယ်မှုန်း၍ စိတ်နေစိတ်ထားတို့ကို သိမ်မွေ့စွာ ဖော်ပြနိုင်စွမ်း ရှိသည်။

ကဝါဗာတားသည် ထင်ရှားသော စာပေဝေဖန်ရေးသမား တစ်ဦးလည်း ဖြစ်၏။ ၁၉၄၈ခုနှစ်တွင်(ကဗျာဆရာ၊ ပြဇာတ် ရေးဆရာ၊ အယ်ဒီတာ၊ စာမွန်ရေးဆရာနှင့် စာရေးဆရာများ ပါဝင်သည့်) အပြည်ပြည်ဆိုင်ရာ စာပေပညာရှင် အဖွဲ့ချုပ်၏ ဂျပန်နိုင်ငံအဖွဲ့ခွဲတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

၁၉၆၉ ခုနှစ် အောက်တိုဘာလတွင် ကဝါဗာတားသည် အရှေ့နှင့်အနောက် နားလည်မှုအတွက် စိတ်ဓာတ်ရေးရာ ပေါင်းကူးတံတားသဖွယ် စာပေများ ရေးသားနိုင်မှုကြောင့် ၁၉၆၈ ခုနှစ်အတွက် စာပေ ဆိုင်ရာ နိုဗဲဆုကို ချီးမြှင့် ခြင်းခံရသည်။ ၁၉၁၃ ခုနှစ်တွင် ရာဗင်ဒြာတဂိုးသည် စာပေ ဆိုင်ရာ နိုဗဲဆုကို ရရှိ ခဲ့ရာ ယခုတစ်ကြိမ် ကဝါဗာတား ရရှိခြင်းမှာ အာရှတိုက်သား စာရေးဆရာများထဲမှ ဒုတိယ အကြိမ် ရရှိခြင်း ဖြစ်သည်။ သို့သော် ဂျပန်အမျိုးသားများ အတွက်မူကား စာပေဆိုင်ရာ နိုဗဲဆုကို ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်လေသည်။ [၁]

ကိုးကား[ပြင်​ဆင်​ရန်​]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)