စိန်မှန်၊ ဗိုလ်မှူး
လွတ်လပ်ရေး မော်ကွန်းဝင် ဗိုလ်မှူး စိန်မှန်သည် မြန်မာနိုင်ငံလွတ်လပ်ရေးကို ကြိုးပမ်းရာ၌၎င်း၊ လွတ်လပ်သော မြန်မာနိုင်ငံ၏ ရန်ဆူးရန်ငြောင့်များကို ဖယ်ရှားရာ၌၎င်း၊ နိုင်ငံတော်၏တာဝန်ကို အရေးပါစွာထမ်းရွက်ခဲ့ရာမှ နောက်ဆုံးတိုင်းပြည်အတွက် အသက်ကိုပင်စွန့်လွှတ်ခဲ့သူ ဖြစ်သည်။
ငယ်ဘဝ
ဗိုလ်မှူး စိန်မှန်သည် သာယာဝတီ ခရိုင်၊ သုံးဆယ်မြို့ အပိုင် ဆိုင်းစုရွာတွင် အဘ ဦးသင်၊ အမိ ဒေါ်နှစ်ဖူး တို့မှ မြန်မာသက္ကရာဇ် ၁၂၇၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ သားသမီး ၄ ယောက်အနက် ဒုတိယမြောက် သားဖြစ်သည်။ ဗိုလ်မှူး စိန်မှန်သည် ငယ်စဉ် အခါက သုံးဆယ်မြို့ အာ၊ စီ၊ အမ် (ရိုမန်ကက်သလစ် မစ်ရှင်) ကျောင်းနှင့် အေ၊ ဘီ၊ အမ် ကရင် အထက်တန်း ကျောင်းတို့တွင် ပညာ သင်ကြားခဲ့သည်။ သာယာဝတီမြို့ အရေးပိုင်ရုံးတွင် ရုံးစာရေး အဖြစ်ဖြင့် အမှုထမ်းဆောင် ခဲ့သည်။
လွတ်လပ်ရေးကြိုးပမ်းမှု
ရုံးစာရေး အဖြစ် အမှုထမ်း နေစဉ် တို့ဗမာ အစည်းအရုံး မှ သခင်မြ နှင့် ခရစ်နှစ် ၁၉၃၈ - ၃၉ ခုနှစ်လောက်တွင် အဆက်အသွယ် ရခဲ့၍ နိုင်ငံရေး နယ်ပယ်ထဲသို့ ရောက်ခဲ့သည်။
၁၉၄၁ ခုနှစ်တွင် ဂျပန် အင်္ဂလိပ်ကို စစ်ကြေညာသော အခါ တို့ဗမာ အစည်းအရုံး ခေါင်းဆောင် သခင်များအား ဗြိတိသှျ အစိုးရက ဖမ်းဆီးရန် စီစဉ်သည်ကို တို့ဗမာ အစည်းအရုံး သို့ သတင်းပို့ပေးခဲ့သည်။ ယင်းသို့ သတင်း ပို့ပေးမှုကြောင့် သာယာဝတီ ခရိုင်မှ သခင် ခေါင်းဆောင်များ အချိန်မီ ထွက်ပြေး လွတ်မြောက် ခဲ့ရသည်။ ထိုသတင်း ပေါက်ကြားမှု အတွက် ရုံးစာရေး ကိုစိန်မှန်သည် ရာဇဝတ်ဘေးမှ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။
ဘီအိုင်အေသို့ ဝင်ရောက်ခြင်း
ဒုတိယ ကမ္ဘာစစ်ကြီးသည် မြန်မာနိုင်ငံသို့ ပျံ့နှံ့လာသည်။ မြန်မာ့ တော်လှန်ရေး ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း သည် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ) ကို ဦးစီး ခေါင်းဆောင်ပြု၍ ရန်ကုန်မြို့ အရောက် တက်ရောက် ချီတက် သိမ်းပိုက်သော အခါ ၁၉၄၂ ခုနှစ်၊ မတ်လတွင် ကိုစိန်မှန်သည် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူး ကျော်ဇော(သခင်ရွှေ)ဦးစီးသည့် ပထမပတ် ဗိုလ်သင်တန်း ကျောင်းသို့ တက်ရောက်၍ စစ်ပညာ သင်ယူခဲ့သည်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် ကို ဖျက်သိမ်း၍ ဗမာ့ ကာကွယ်ရေး တပ်မတော် ကို ဖွဲ့စည်းသည့် အခါ တပ်ရင်း ၃၊ တပ်ခွဲ ၁ တွင် ဒုဗိုလ် အဖြစ်ဖြင့် ထမ်းရွက်ခဲ့သည်။
ထို့နောက် ပျဉ်းမနား စခန်းတွင် လေ့ကျင့်ရေးတပ် ရောက်ပြီးနောက် ၁၉၄၃ ခုနှစ် စစ်ဌာနချုပ်၌ ရုံးအုပ် အဖြစ် ဆောင်ရွက်ပြီး ပျဉ်းမနား၊ ပဲခူးနှင့် အာလံမြို့ (ယခု အောင်လံမြို့) အနီး ရွှေညောင်ပင် စခန်းများ၌ အမှုထမ်းဆောင် ခဲ့သည်။ ၁၉၄၃ ခုနှစ် နောက်ပိုင်းတွင် စစ်ဌာနချုပ်ကို အနောက်တိုင်း ဌာနချုပ် အဖြစ် ပြောင်းလဲလိုက်သော အခါ ဗိုလ်ကြီး အဆင့်ဖြင့် ရုံးအုပ် တာဝန်ကို ဆက်လက် ဆောင်ရွက် ခဲ့ရသည်။
ဖက်ဆစ် တော်လှန်ရေး
ဗိုလ်ကြီးစိန်မှန် သည် ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ နံနက်(၇)နာရီခန့်တွင် သရက်မြို့ အစွန်ရှိ တပ်ရင်း(၆) စစ်ဌာနချုပ် တွင် ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်(သခင်စံလှိုင်)၊ ဗိုလ်ကြီးစိန်ဝင်း(နောင်တွင် နိုင်ငံတော် ဝန်ကြီးချုပ်)၊ တပ်ရင်း(၂)တပ်ရင်းမှူး ဗိုလ်စန်းယု တို့နှင့်အတူ မတ်လ ၂၇ ရက်နေ့ည၌ ဖက်ဆစ် ဂျပန်တို့အား စတင်တော်လှန်မည့် အစီအစဉ် နှင့် တပ်ရင်း/တပ်ခွဲများ ချီတက်ကြမည့်အစီအစဉ်၊ တပ်ချထားမည့် စခန်းများ နှင့် တိုက်ပွဲများ စတင်သည့် အစီအစဉ် တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းများအဆက်အသွယ်မပြတ်ရေး ရန်သူ့သတင်းများ အလျင်အမြန်ပို့ရေး နှင့် ပြည်သူလူထု အား ဖက်ဆစ် တော်လှန်ရေး နှင့် ပတ်သတ်၍ ဝါဒဖြန့်ချိ လှုံ့ဆော်ရေး အစီအစဉ်များ၊ ရပ်ရွာကာကွယ်ရေး နှင့် အုပ်ချုပ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။ ၁၉၄၅ ခုနှစ်တွင် ဗိုလ်မှူး ဖြစ်လာ၍ ဂျပန် တော်လှန်ရေး၌ ဒုတိယ တိုင်းမှူး အဖြစ်ဖြင့် တိုင်းအမှတ် (၇) တွင် တော်လှန်ရေး ပြီးသည်အထိ ဆောင်ရွက် ခဲ့ရသည်။
ဗိုလ်မှူး စိန်မှန်သည် ဂျပန် တော်လှန်ရေး ပြီးဆုံးချိန်တွင် ကန္ဒီစာချုပ် အရ အသစ်တဖန် ပြန်လည် ဖွဲ့စည်းသော တပ်မတော်၌ ဘားမား ရိုင်ဖယ် တပ်ရင်း (၃) တွင် ဒုဗိုလ် အဖြစ် ဆောင်ရွက်ပြီး ထိုမှ တပ်ခွဲမှူး ဗိုလ်ကြီး အဖြစ် တိုးမြှင့်ပေးခြင်း ခံရသည်။ ထိုစဉ်က ဗိုလ်ချုပ် အောင်ဆန်း သည် ဗြိတိသှျ လက်အောက်မှ မြန်မာပြည် လွတ်မြောက်ရေး အတွက် နိုင်ငံရေး အရ တိုက်ပွဲ ဆင်နေသည့် အခါ ဖြစ်သောကြောင့် ဗိုလ်ကြီး စိန်မှန်သည် လွတ်လပ်ရေး ကြိုးပမ်းမှုကို ကိုယ်ထိလက်ရောက် ဆောင်ရွက်နိုင်ရန် စစ်ဘက်မှ ၁၉၄၆ ခုနှစ်၊ ဇွန်လဆန်းတွင် နုတ်ထွက်ခဲ့သည်။
ဤသို့ နုတ်ထွက်ပြီးနောက် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ပြည်သူ့ ရဲဘော် တပ်ဖွဲ့ သို့ ဝင်ရောက်ကာ ဌာနချုပ် အထွေထွေ ဌာနမှူး အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။
ဖဆပလ အစိုးရအဖွဲ့
၁၉၄၇ ခုနှစ်တွင် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ရေးဆွဲရမည့် တိုင်းပြည်ပြု လွှတ်တော်အတွက် ပြည့်သူ့ ကိုယ်စားလှယ်များ ရွေးကောက် တင်မြှောက်ရန် ရွေးချယ်ပွဲ ကျင်းပသော အခါ ဗိုလ်မှူး စိန်မှန်သည် သာယာဝတီ တောင်းပိုင်း ကိုယ်စားလှယ် ဖဆပလ အမတ် အဖြစ်ဖြင့် လွှတ်တော်သို့ တက်လာခဲ့သည်။ ထိုရွေးကောက်ပွဲ၌ ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ အဖွဲ့က အစိုးရ အဖွဲ့ကို ဖွဲ့သောအခါ ဗိုလ်မှူး စိန်မှန်သည် ကာကွယ်ရေး ဝန်ကြီးဌာန ပါလီမန် အတွင်းဝန် အဖြစ် ခန့်အပ်ခြင်း ခံရသည်။
ဗိုလ်ချုပ် အောင်ဆန်းတို့ လုပ်ကြံ ခံရပြီးနောက် ဖဆပလ အဖွဲ့မှ နှစ်ခြမ်း မကွဲမီ သခင်နု ခေါင်းဆောင်သော အစိုးရအဖွဲ့ ဖွဲ့သည့် အခါတွင် ဗိုလ်မှူးစိန်မှန်သည် ဌာန လက်ကိုင်မရှိ ဝန်ကြီး အဖြစ် တိုင်းပြည် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ဤတွင် မြန်မာနိုင်ငံတော် အတွင်း၌ ပုန်ကန် သောင်းကျန်းမှု အရပ်ရပ်တို့ ပေါ်ပါက် လာခဲ့သည်။ ရဲဘော်ဖြူ - ဝါ၊ အလံနီ ကွန်မြူနစ် စနစ်နှင့် သိန်းသန်း ကွန်မြူနစ်၊ ကရင်တောခို၊ တပ်ရင်း (၁) တောခို၊ ရခိုင်၊ မွန်၊ ရှမ်း စသည်ဖြင့် သောင်းကျန်းမှု အရပ်ရပ်တို့ ဖြစ်သည်။
လွတ်လပ်ရေး ရပြီးခေတ် ကြိုးပမ်းမှု
ဗိုလ်မှူး စိန်မှန်သည် ၁၉၄၉ ခုနှစ်တွင် ဝန်ကြီးအဖွဲ့မှ နုတ်ထွက်၍၊ သောင်းကျန်းမှုတို့ကို တိုက်ခိုက်ရန်အလို့ငှာ အထူးမင်းကြီးအဖြစ်ဖြင့် ဆောင်ရွက်လေသည်။ သရက်မြို့တွင် တပ်စွဲထားသော မြန်မာ့သေနတ်ကိုင်တပ်ရင်း ၁ သည် ထိုနှစ် တွင် အစိုးရအား ပုန်ကန်ခြားနားလျက် ရန်ကုန်မြို့ဘက်သို့ ချီတက်လာရာ၊ ဗိုလ်စိန်မှန်သည် သာယာဝတီနှင့် လက်ပံတန်း ကြားရှိ ကျွန်းကလေးချောင်းကူး တံတားမှနေ၍ ခုခံတိုက်ဖျက် ရာ၌ အောင်မြင်လေသည်။ ထိုကျွန်းကလေးတိုက်ပွဲကား ပြည် ထောင်စုမြန်မာနိုင်ငံကြီး တစ်ခုလုံးပြိုကွဲအံ့သော ဘေးအန္တရာယ် ကိုချေမှုန်းတိုက်ဖျက်လိုက်သောတိုက်ပွဲဖြစ်သောကြောင့် ဗိုလ် စိန်မှန်၏ အမည်သည် ထင်ရှား၍လာခဲ့လေသည်။ ဗိုလ်စိန်မှန် သည် အထူးစစ်မင်းကြီးရာထူးခန့်အပ်ခြင်းကိုခံရ၍၊ ဗိုလ်မှူးဖြစ် လာလေသည်။ ထို့နောက် သောင်းကျန်းသူတို့ကို နှိမ်နင်းတိုက် ခိုက်ရသော တာဝန်ကို ဆက်လက်ဆောင်ရွက်ရာ၊ ပြင်းထန်လှ သော ဝက်ကော်၊ ဘိုးသာအောင်ကုန်းနှင့် လက်ဆက်တံတား တိုက်ပွဲ တို့တွင် ဗိုလ်မှူးစိန်မှန်သည် အောင်မြင်စွာ ဆင်နွဲခဲ့ လေသည်။
ဘဝနိဂုံး
ဗိုလ်မှူး စိန်မှန်သည် ၁၉၄၉ - ခုနှစ် (၁၃၁ဝ - ပြည့်နှစ်)၊ ဧပြီလ ၇ ရက်နေ့တွင် တော်လှန် ပုန်ကန်သူတို့ သိမ်းပိုက်ထားရာ သာယာဝတီ မြို့ကို လေကြောင်းမှ စင်ဆင်ရာတွင် ဗိုလ်မှူး စိန်မှန် လိုက်ပါသွားစဉ် လေယာဉ် ပေါ်တွင် ရန်သူ့ကျည် သင့်ခဲ့၍ မင်္ဂလာဒုံ စစ်ဆေးရုံ၌ ကုသရာ ဧပြီလ ၈ ရက်နေ့တွင် ကွယ်လွန် သွားရှာသည်။ ဗိုလ်မှူးစိန်မှန်၏အလောင်းကို အခမ်းအနားဖြင့် အာဇာနည်ကုန်း၌ သင်္ဂြိုဟ်သည်။ ယခုအခါ အာဇာနည် ဗိမာန်၌ ဗိုလ်မှူး စိန်မှန် အုတ်ဂူကို တွေ့ရှိနိုင်သည်။
ဗိုလ်မှူး စိန်မှန် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်အေးကြည်နှင့် သမီးတယောက် သားတယောက် ကျန်ရစ်ခဲ့သည်။[၁]
ကိုးကား
- ↑ ရွှေဥဩရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ် စပယ်ဦး စာပေ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယ အကြိမ်)