အဿကတိုင်း

ဝီကီပီးဒီးယား မှ

အဿကတိုင်း၊ ပေါတနမြို့တော်

အဿကတိုင်းမှာ မဟာဂေါဝိန္ဒသုတ်အရ ဆိုခဲ့ပြီးသော ကလိင်္ဂတိုင်းကြီးနှင့် ဆက်စပ်လျက် အစဉ်အားဖြင့် တည်နေသင့်ကြောင်း ဟောတော်မူသော အစဉ်အတိုင်း တည်နေသင့်သည်ကို သိရသည့်အပြင် မြတ်စွာဘုရား ဟောကြားတော်မူသော သုတ္တနိပါတ်, ပါဠိတော်, ဝိမာနဝတ္ထုပါဠိတော်, ၎င်းအဋ္ဌကထာများ၌၎င်းဒက္ခိဏပထ အိန္ဒိယတောင်ပိုင်း နိုင်ငံများနှင့်စပ်၍ ဟောကြားတော်မူအပ်သော များစွာသောသုတ္တန်များ ထောက်ထားသဖြင့် သာလွန်ထင်ရှားစွာ ၎င်းတိုင်း ၂-ရပ် နီးကပ်လျက် တည်ရှိကြောင်း သိသာ၏။ သို့သော်လည်း ရှေးအကျဆုံး ရှာဖွေရရှိသော ဝေဒန္တခေတ် မြေပုံ, နယ်ပုံများ၌၎င်း အဿက ဟူသောအမည်နှင့် ပေါတနဟူသော အမည်များကို မတွေ့ရသည့်အပြင် ရှေးရာဇဝင် မြေပုံများ၌လည်း ထင်ရှား မဖော်ပြသည်မှာ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့်ဆက်နွယ်ကြ၍ ဗုဒ္ဓဘာသာကျမ်းဂန်များကို ပမာဏထားသဖြင့် ရေးသား ပြုစုကြသော ကျမ်းဂန်များမဟုတ် ကြသောကြောင့်၎င်းတို့ကို အခိုင်အမာ အကိုးအကား အထောက်အထားပြုရန် အရေး မကြီးလှသဖြင့် အထူးရေးသားဖော်ပြဖို့ မလိုပေ။ [၁]

ဤနေရာအကျဉ်းမျှ ရေးသားရခြင်းဖြစ်၍ တိုင်းကြီးသောဠသ ဗုဒ္ဓနိုင်ငံတော် အခမ်းအနား၌လည်း ရေးသားလတ္တံ့ဖြစ်သဖြင့် အထူးရေးသားဖွယ် မလိုသေးသော်လည်း၎င်းတိုင်းနှင့် စပ်လျဉ်းရေးသားကြသော အချို့မှတ်တမ်းများ ကွဲပြားသော အယူအဆနှင့် နေရာဌာန ဝေဖန်ပိုင်းခြားခြင်း ကွဲပြားသည်ကိုရေးသားရန် လိုအပ်သည်ဖြစ်၍ အကျဉ်း အမြွက်မျှ အနည်းငယ်ရေးသားရပေမည်။ အင်္ဂလိပ်ဘာသာအားဖြင့် အိန္ဒိယ ဗုဒ္ဓဘာသာ ကျမ်းကိုရေးသားသော ကျမ်းဆရာကြီး ဒေးဗစ်သည်၎င်း၏ကျမ်း၌ ဗုဒ္ဓဘာသာကျမ်းဂန် များအရ အဿကတိုင်းနှင့် ပေါတနသို့မဟုတ် ပေါတလီမြို့တော်မှာ ဂေါဒါဝရီ မြစ်ကမ်း၌ တည်ရှိသင့်သော်လည်း ၎င်းမှာ နောက်မှ ဖြစ်ပွားသောနိုင်ငံ ဖြစ်လိမ့်ခဲ့မည့်အပြင်၎င်းဌာန၌ အမည်နာမ ရှာဖွေမရသဖြင့် အဝန္တိတိုင်းမှ အနောက်မြောက်ကျသော နယ်များဖြစ်သင့်ကြောင်း ရေးသားဖော်ပြလေသည်။ [၁]

၎င်းပြင်လည်း အချို့မှာ ရာဇပုတ္တနနယ်ဖြစ်သင့်ကြောင်း၊ ပုတ္တန, ပုတနနှင့် ပေါတနမှာ အနည်းငယ်သာလျှင် ကွဲပြားလျက်၎င်းပေါတနမှ ပုတနပြောင်းလဲလာပြီးနောက် ရာဇ ဟူသော စကားကို အကြောင်းအားလျော်စွာ နောက်အခါမှ ထပ်ဆင့်သောအမည် ဖြစ်သင့်ကြောင်း ရေးသားကြသော်လည်း ရာဇပုတ္တနမှာ ယုတ္တိအားဖြင့် အခြားဖြစ်သည်မှာ-[၁]

၎င်းသည် သောဝိရတိုင်း၌ ဗလဒေဝ, ဝါသုဒေဝ စသော မင်းသားများ စိုးစံသော နယ်ဖြစ်၍၎င်းမင်း သားများ၏ အမည်ဖြစ်သော ရာဇပုတ္တဟူသော အမည်နာမဖြင့် ရာဇပုတ္တနမင်းသားများ တိုင်းနယ်-ဟု ခေါ်တွင်လာကြောင်း ထင်ရှားသည့် အပြင်-[၁]

ရောရုကမြို့တော်မှာလည်း ၎င်းရာဇပုတ္တနယ်, အာဝန္တိတိုင်း၏ အနောက်မြောက်မှာ တည်ရှိသဖြင့် အဿကတိုင်း မဟုတ်ကြောင်းသော ဝိရတိုင်းသာလျှင် ဖြစ်သင့်ကြောင်း— ထင်ရှား၍ အထူးရေးသားဖို့ မလိုတော့ပေ။ ထို့ပြင်လည်း ကင်းဘရိတ်၊ ယူနီဗာစီတီ နောက်ဆုံး အင်္ဂလိပ်ဘာသာအားဖြင့် ထုတ်ဝေသော အိန္ဒိယရာဇဝင်ကျမ်းကြီး၌လည်း ရှေးအခါက ဟိုက်ဟယ, အဿက, ဝိတိဟောတ္တရ နယ်ပယ်များကို ယာဒုမင်းမျိုးများ စိုးမိုးအုပ်ချုပ်၍ နောက်အခါ၌ အဝန္တိတိုင်းနှင့် ပေါင်းစပ်သည့်အပြင် ချမ်ဗါလ် သို့မဟုတ် စမ္မာမြစ်မှ တောင်ဘက်ကျသော နယ်ပယ်များ ဖြစ်ကြောင်းရေးသား၏။ ၎င်းတိုင်းမှာ အလယ်ပိုင်း ဗာရာဏသီမှ ထောက်စာလျှင် အနောက် တောင်ပိုင်းကျသော နယ်ပယ်ဖြစ်သဖြင့် အရှေ့ဘက်မှ ကလိင်္ဂတိုင်းနှင့် စပ်၍ အနောက်ဘက်မှာ အဝန္တိတိုင်းနှင့် စပ်လျက်ရှိသည့်ပြင် တောင်ဘက်မှာ အိန္ဒိယတောင်စွန်း သမုဒြာအထိ နယ်ပယ်များဖြစ်ကြောင်း၊ ရှေးအခါက တစ်တိုင်း တစ်နိုင်ငံတည်း ဖြစ်သော်လည်း နောက်အခါ၌ကား တိုင်းပေါင်းများစွာ တိုးတက်လာ၍ အမည်အမျိုးမျိုး အပိုင်းအခြား အမျိုးမျိုး ကွဲပြားလာကြောင်း မှတ်သားအပ်ကုန်၏။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ၁.၄ အရှင်သံဝရာဘိဝံသ (ပရိယတ္တိ သာသနာဟိတဓမ္မာစရိယ ရွှေကျင်နာယကဆရာတော်)။ ဗုဒ္ဓနိုင်ငံတော် (ပထမတွဲ)