အောင်ကိုဝင်း

ဝီကီပီးဒီးယား မှ
သရေစည်သူ
ဦးအောင်ကိုဝင်း
မွေးဖွား(1961-11-11)နိုဝင်ဘာ ၁၁၊ ၁၉၆၁
နိုင်ငံလူမျိုးမြန်မာ
မိခင်ကျောင်းမန္တလေးတက္ကသိုလ်
ကျော်ကြားမှုအရင်းခံကမ္ဘောဇဘဏ် တည်ထောင်သူ
အိမ်ထောင်ဖက်(များ)နန်းသန်းထွေး
သားသမီးနန်းလိုင်းခမ်းနန်းခမ်းနောင့် ၊ နန်းမိုဟွမ်
ရရှိသည့်ဆုများဝဏ္ဏကျော်ထင်ဘွဲ့
သရေစည်သူဘွဲ့

ဦးအောင်ကိုဝင်း(၁၁နိုဝင်ဘာ၁၉၆၁ဖွား) သည် [၁] မြန်မာ့ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။[၂] ဆရာကျောင်းဟူ၍လည်း လူသိများကာ ကမ္ဘောဇဘဏ် တည်ထောင်သူအဖြစ် ကျော်ကြားသည်။ သူသည် ဘဏ္ဍာရေး၊ စိုက်ပျိုးရေး၊စက်သုံးဆီ၊ လေကြောင်း၊ကျောက်စိမ်း၊ကျောက်မျက်[၃]၊သတ္ထု၊ဆောက်လုပ်ရေး၊ဟိုတယ်၊ ကုန်ထုတ်လုပ်မှုနှင့် ခရီးသွားကဏ္ဍများအထိ စီးပွားရေးနယ်ပယ်ကို ချဲ့ထွင်ထားသည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

မန္တလေးတက္ကသိုလ်မှနေ၍ ဓါတုဗေဒအထူးပြု ဘွဲ့ရရှိသည်။ သူသည် စီးပွားရေးလောကထဲသို့ မဝင်ရောက်မီအချိန်အထိ ရှမ်းပြည်နယ် တောင်ကြီးတွင် ကျောင်းဆရာတစ်ဦးအဖြစ် အသက်မွေးဝမ်းကျောင်းပြုသည်။

စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

၁၉၈၈ နောက်ပိုင်းကစပြီး ကုန်သွယ်ရေးနှင့်ကျောက်မျက်တူးဖော်ရေးလုပ်ငန်းဖြင့် စီးပွားရေးလောကထဲသို့ ဝင်ရောက်လာသည်။ယင်းနောက် သူသည် ကမ္ဘောဇဘဏ်လီမိတက်ကို ၁၉၉၄ ခုနှစ်တွင် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် စတင်တည်ထောင်သည်။ထိုမှတဆင့် မိသားစုလိုက် ရန်ကုန်သို့ ပြောင်းရွှေ့အခြေချကာ ဘဏ်လုပ်ငန်းကို တိုးချဲ့သည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များထဲ ဘဏ်ခွဲအများဆုံးဖွင့်နိုင်သည့် ဘဏ်အဖြစ် ဆယ်စုနှစ်အချိန်တစ်ခုအတွင်း ဆောင်ရွက်နိုင်ခဲ့သည်။ ထိုမျှမကသေး ကမ္ဘောဇလုပ်ငန်းစုကိုပါ တည်ထောင်၍ လေကြောင်းလိုင်း၊ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ အာမခံလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ စက်သုံးဆီလုပ်ငန်း အစရှိသော လုပ်ငန်းကဏ္ဍ အများအပြားကို ဒါဇင်နှင့် ချီသော ကုမ္ပဏီခွဲများဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းစုအဖြစ် ရပ်တည်လာအောင် စွမ်းဆောင်ခဲ့သည်။[၄]သူ၏ထင်ရှားသော လုပ်ငန်းများမှာ KBZ Bank၊ KBZ MS General Insurance၊ KBZ Life၊Myanmar Airways International MAI နှင့် Air KBZ တို့ဖြစ်သည်။သူသည် စစ်အစိုးရ ဒုတိယအကြီးအကဲ ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး နှင့် အထူးရင်းနှီးကျွမ်းဝင်သူဖြစ်ကာ ထိုသို့ရင်းနှီးကျွမ်းဝင်ခြင်းကတဆင့် စီးပွားရေးလုပ်ငန်းများ တစ်ရှိန်ထိုးတိုးချဲ့လာနိုင်သည်ဟု ဧရာဝတီသတင်းဌာနကဖော်ပြသည်။[၅] ယင်းအပြင် ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်း ရက်ရောသူ၊ စစ်အစိုးရအဆက်ဆက် စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေးအဆက်မပြတ်ရှိနေသူ[၆] [၇] [၈] ၊ မြန်မာ့ခရိုနီကြီးများထဲ ဩဇာတိက္ကမ အကြီးဆုံးပုဂ္ဂိုလ်၊ မြန်မာ့ စီးပွားရေး လုပ်ငန်းရှင်များ၏ မြီရှင် အကြီးစားစသည်ဖြင့်လည်း အမျိုးမျိုး ဖော်ညွှန်းခံရသည်။ [၉]

အရေးယူပိတ်ဆို့ခံရမှု[ပြင်ဆင်ရန်]

စစ်အစိုးရနှင့်နီးကပ်မှုရှိ၍ သူ့အား ဥရောပသမဂ္ဂနှင့်ဗြိတိန်တို့က ၂၀၁၀ ခုနှစ်နှင့်၂၀၀၆ခုနှစ်တွင် ပိတ်ဆို့အရေးယူမှုထဲ ထည့်သွင်းသည်။ သို့သော်နောက်ပိုင်းတွင် ပိတ်ဆို့အရေးယူမှုမှ ဖယ်ရှားသည်။[၁၀] [၁၁]

ပုဂ္ဂိုလ်ရေးဘဝ[ပြင်ဆင်ရန်]

အောင်ကိုဝင်းသည် အိမ်ထောင်သည်တစ်ဦးဖြစ်ပြီး ဇနီးဖြစ်သူမှာ ကျောင်းဆရာမဟောင်း နန်းသန်းထွေးဖြစ်သည်။[၁၂] နန်းလိုင်းခမ်း [၁၃] [၁၄]နန်းခမ်းနောင့် [၁၅]၊နန်းမိုဟွမ် ဆိုသည့် သမီး(၃)ဦးထွန်းကားကာ ၎င်းတို့သည် စီးပွားရေးနယ်ပယ်ထဲ ထင်ရှားသည်။

ရရှိခဲ့သော ဆုတံဆိပ်များ[ပြင်ဆင်ရန်]

သူဦးဆောင်သော ကမ္ဘောဇဘဏ်နှင့်လုပ်ငန်းစုသည် ၂၀၁၅ ခုနှစ်အတွက် မြန်မာနိုင်ငံတွင် အကောင်းဆုံး ကူးသန်းရောင်းဝယ်ရေးဘဏ်နှင့် World Finance မှ ချီးမြှင့်သော Best Retail Bank in Myanmar 2015[၁၆] နှင့် ၂၀၁၇ခုနှစ်တွင် အာဆီယံစီးပွားရေးအကြံပေးကောင်စီ-ABAC မှ ပေးအပ်ချီးမြှင့်သည့် ASEAN's The Legacy Award တို့ကို ရရှိသည်။[၁၇]၂၀၁၁ -၂၀၁၂ စည်းကြပ်နှစ်မှ ၂၀၁၇ – ၂၀၁၈ စည်းကြပ်နှစ်အထိ တစ်နိုင်ငံလုံးတွင် ပထမနေရာမှ (၇)နှစ်ဆက်တိုက် ဝင်ငွေခွန်အများဆုံးထမ်းဆောင်မှုအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆုလည်း ရရှိခဲ့သည်။[၁၈]ထို့အပြင် သရေစည်သူဘွဲ့ [၁၉] ၊ဝဏ္ဏကျော်ထင်ဘွဲ့ ၊စည်သူဘွဲ့ [၂၀]စသည့်ဘွဲ့များအပြင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်များလည်း ချီးမြှင့်ခံရသည်။

လှူဒါန်းမှုများ[ပြင်ဆင်ရန်]

သူသည် အလှူအတန်းအလွန်ရက်ရောသူဖြစ်သည်။၂၀၁၅ ခုနှစ်က ထုတ်ပြန်ခဲ့သော စာရင်းတစ်ခုထဲ သူသည် မြန်မာနိုင်ငံအနှံ့ ရေဘေးသင့်ဒေသများတွင် ရေဘေးကယ်ဆယ်ရေးအတွက် အမေရိကန်ဒေါ်လာ ၃.၆ သန်းကျော် လှူဒါန်းသည်။[၂၁]သူ၏ သမီးများဖြစ်သည့် ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်များဖြစ်သော ဒေါ်နန်းလိုင်းခမ်းနှင့် ဒေါ်နန်းခမ်းနောင့်တို့ ဦးဆောင်လျက်ရှိသော ကမ္ဘောဇအနာဂတ် အလင်းတန်း မြန်မာဖောင်ဒေးရှင်းသည်ပင်လျှင် စတင်တည်ထောင်ခဲ့သည့် ၂၀၀၈ ခုနှစ်မှ ၂၀၁၉ ဇန်နဝါရီအထိ နိုင်ငံတော်နှင့် ပြည်သူအတွက် လှူဒါန်းငွေက ငွေကျပ် (၁၅၂) ဘီလီယံကျော်ရှိနေသည်။ ထို့အပြင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ရက်တွင် မြန်မာပြည်သူများ ကာကွယ်ဆေး အခမဲ့ထိုးနှံနိုင်ရေးအတွက် COVID-19 ကာကွယ်ဆေး ဝယ်ယူရန် ငွေကျပ် သန်း ၃၀၀၀ ( ငွေကျပ် ၃ ဘီလီယံ) ကို လှူသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ဖေဖော်ဝါရီလမှ စတင်ကာ ၂၀၂၁အထိ လှူဒါန်းငွေသည် ငွေကျပ် ၁၄.၂ ဘီလီယံကျော် ရှိသည်။ [၂၂]

ကိုးကား[ပြင်ဆင်ရန်]

  1. KBZ Bank Patron Receives Myanmar’s Highest Honor for Services to CountryThe Irrawaddy (5 January 2021)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  2. စီးပွားရေးလုပ်ငန်းရှင်များ၏ နှစ်သစ်ကူးဆုတောင်းစကားသံများMyanmar Digital News (၁ဇန်နဝါရီ၂၀၂၀)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. KBZ အုပ်စုနှင့် ပြည်တွင်းအခွန်တို့ကြား ဝင်ငွေခွန် အငြင်းပွားThe Irrawaddy (၃၀စက်တင်ဘာ၂၀၂၂)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. A Family Of Entrepreneurs Has Built KBZ Into a Finance Powerhouse In MyanmarForbes (4 Oct 2017)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  5. ၂၀၂၁ စစ်အာဏာသိမ်းမှုနှင့် ခရိုနီ ဖခင်ကြီး ဦးအောင်ကိုဝင်းThe Irrawaddy (၂၆စက်တင်ဘာ၂၀၂၂)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  6. လိမ္မာပါးနပ်သည်၊ နှစ်လိုခင်မင်ဖွယ်ကောင်းသည်၊ ကြမ်းကြုတ်သော စစ်တပ်တစ်တပ်ကို တိတ်တဆိတ် လက်နက်တပ်ဆင်ပေးနေသည်The New York Time (၂၄ဒီဇင်ဘာ၂၀၂၁)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  7. Special Report: An image makeover for Myanmar IncReuters။ 8 April 2023 တွင် ပြန်စစ်ပြီး။
  8. Myanmar: Thai State-Owned Company Funds JuntaHuman Rights Watch (25 May 2021)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  9. အဓိက မြန်မာ့လုပ်ငန်းရှင်အချို့အကြောင်း အပိုင်း ၂Frontier Myanmar (၂၆ဧပြီ၂၀၁၆)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  10. amending Council Regulation (EC) No 194/2008 renewing and strengthening the restrictive measures in respect of Burma/MyanmarEUR-Lex (10 May 2010)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  11. the restrictive measures in respect of Burma/Myanmar and repealing Regulation (EC) No 798/2004 (repealed)Legislation.gov.uk (29 May 2006)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  12. ကမ္ဘောဇမိသားစု လုပ်ပိုင်ခွင့်ရ မြေဧက ၂၀,၀၀၀ ကျော်ကို စစ်ကောင်စီ သိမ်းဆည်းMyanmar Now (၇ဇူလိုင်၂၀၂၂)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  13. KBZ ဘဏ်ပိုင်ရှင်ရဲ့သမီးဖြစ်သူ နန်းလိုင်ခမ်း ရန်ကုန်လေဆိပ်မှာ သံသယနဲ့စစ်ဆေးခံရRFA Burmese (၁၀မေ၂၀၂၂)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  14. နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ သမီး နန်းလိုင်ခမ်းအား ဖမ်းဆီး ထိန်းသိမ်း ထားခြင်းမရှိကြောင်း နစက ပြောကြားEleven Media Group (၁၀မေ၂၀၂၂)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  15. The KBZ heiress bringing digital development to MyanmarEUROMONEY (12 October 2020)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  16. KBZ Bank wins three best bank awards for 2015 from World FinanceNew Light of Myanmar (9 December 2015)။ 14 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2023 တွင် ပြန်စစ်ပြီး။
  17. ASEAN “The Legacy Award” conferred on KBZ’s ChairmanNew Light of Myanmar (8 September 2017)။ 14 January 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 April 2023 တွင် ပြန်စစ်ပြီး။
  18. နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းအား နိုင်ငံတော်သမ္မတ၏ အထူးဂုဏ်ထူးဆောင်ဆု ပေးအပ်ချီးမြှင့်KBZ Bank (၂၈ဇန်နဝါရီ၂၀၁၉)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  19. သရေစည်သူဘွဲ့ ချီးမြှင့်ခံရမှုအပေါ် “အထူးဂုဏ်ယူဝမ်းမြောက်ခြင်း”မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (၆ဇန်နဝါရီ၂၀၂၁)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  20. ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကျင်းပMWD Webportal (၄ ဇန်နဝါရီ၂၀၂၁)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။
  21. Aung Ko Win’s KBZ Charity Tops $3.6m in Flood AidThe Irrawaddy (7 August 2015)။ 8 April 2023 တွင် ပြန်စစ်ပြီး။
  22. COVID-19 ကပ်ရောဂါကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်လီမိတက်က ငွေကျပ် သန်း ၃၀၀၀(၃ ဘီလီယံ) လှူဒါန်းMyanmar Digital News (၉ ဇန်နဝါရီ၂၀၂၁)။ ၈ဧပြီ၂၀၂၃ တွင် ပြန်စစ်ပြီး။