အေမီ ဂျွန်ဆင်

ဝီကီပီးဒီးယား မှ
Amy Johnson
မွေးဖွား(1903-07-01)၁ ဇူလိုင်၊ ၁၉၀၃
Kingston upon Hull၊ East Riding of Yorkshire၊ အင်္ဂလန်နိုင်ငံ
ကွယ်လွန်၅ ဇန်နဝါရီ၊ ၁၉၄၁(1941-01-05) (အသက် ၃၇)
Thames Estuary
သေဆုံးရခြင်း အကြောင်းရင်းAircraft crash into water
ထာဝရ နားခိုရာနေရာမရှိ (body never retrieved)
နိုင်ငံလူမျိုးဗြိတိန်
ပညာရေးစီးပွားရေးဘွဲ့
မိခင်ကျောင်းရှက်ဖီးတက္ကသိုလ်
အလုပ်အကိုင်Aviator
First Officer ATS
အိမ်ထောင်ဖက်(များ)Jim Mollison
(၁၉၃၂–၁၉၃၈၊ ကွာရှင်း)
မိဘ(များ)John William Johnson and Amy Johnson

အေမီ ဂျွန်ဆင် (အင်္ဂလိပ်: Amy Johnson; ၁ ဇူလိုင် ၁၉၀၃ – ၅ ဇန်နဝါရီ ၁၉၄၁) သည် အင်္ဂလိပ်လူမျိုး ပိုင်းလော့တစ်ဦးဖြစ်ပြီး ၁၉၃ဝ ပြည့်နှစ်တွင် အင်္ဂလန်ပြည်က ရွိုင်ဒန်လေယာဉ်ပျံကွင်းမှ ဩစတြေးလျကျွန်းသို့ ဂျေဆင်ခေါ် လေယာဉ်ပျံဖြင့် တစ်ဦးတည်းပျံသန်းခဲ့သူ ပထမဆုံး အမျိုးသမီးဖြစ်သည်။ အေမီ ဂျွန်ဆင် ပျံသန်းခဲ့သော ခရီးမှာ မိုင်ပေါင်း ၁ဝဝဝဝ ကျော်မျှ ရှိ၍ အခက်အခဲအမျိုးမျိုးကို ကျော်လွန်အောင် စွန့်စားရသောခရီး ဖြစ်သည်။ ရာသီဥတုအဖြစ်နေဆိုးသောကြောင့် လမ်းစပျောက်၍ ရန်ကုန်မြို့သို့ သက်ဆင်းခဲ့ရသေးသည်။ တစ်ခါတွင် မိုးသက်လေပြင်းမိသဖြင့် အေမီ၏ လေယာဉ်ပျံသည် ငမန်းများကျက်စားရာ ဂျာဗားပင်လယ်ပြင်တွင် ရေနှင့်လွတ်ရုံမျှသာ ပျံသန်းခဲ့ရသည်။ ရာသီဥတု၏ ဒဏ်ချက်ကြောင့် လေယာဉ်ပျံသည်လည်း အတော်အတန် ပျက်စီးလျက် လူကိုယ်တိုင်မှာလည်း သက်စွန့်ဆံဖျားစွန့်စားရပြီးလျှင် ၁၉၃ဝ ပြည့်နှစ် မေလ ၂၄ ရက်နေ့ (အင်္ဂလန်မှ ထွက်ခဲ့သည့်နေ့မှ ၁၉ ရက်အကြာတွင်) ဩစတြေးလျတိုက် ဒါဝင်မြို့သို့ ဆင်းသက်နိုင်ခဲ့လေသည်။ ထိုသို့ ဆင်းသက်ခဲ့သဖြင့် အင်္ဂလန်မှ ဩစတြေလျတိုက်သို့ ၁၅ ၁/၂ ရက်ဖြင့် ပျံသန်းခဲ့သော ကမ္ဘာစံချိန်မှာ ကျိုးမသွားသော်လည်း အေမီမှာ ကမ္ဘာကျော်အမျိုးသမီး လေသူရဲကောင်းအဖြစ် အသိအမှတ်ပြုခြင်း ခံရလေသည်။

အေမီ ဂျွန်ဆင်သည် ၁၉ဝ၄ ခုနှစ်တွင် ဖွားမြင်၍ ရှက်ဖီးတက္ကသိုလ် မှ ဝိဇ္ဇာဘွဲ့ရသူတစ်ဦး ဖြစ်သည်။ သို့ရာတွင် အေမီကား စာပေနှင့် ဆိုင်သောလုပ်ငန်းများတွင် စိတ်မဝင်စားဘဲ စွန့်စားခြင်းကို လိုလားသူ သတ္တိခဲအမျိုးသမီး ဖြစ်ပေသည်။ ၁၉၃၁ ခုနှစ်တွင် အဖော်တစ်ဦးနှင့် ဂျပန်နိုင်ငံသို့ အသွားအပြန် ပျံသန်းခဲ့၏။ ၁၉၃၂ ခုနှစ်တွင် လန်ဒန်မှ ကိပ္ပတောင်းမြို့သို့ အသွားအပြန်ခရီးကို ၄ ရက် ၆ နာရီဖြင့် စံချိန်ပြုခဲ့သည်။ ထိုနှစ်တွင် နာမည်ကျော်လေသူရဲ ဂျေ၊ အေ၊ မော်လီဆင်နှင့် ထိမ်းမြား လက်ထပ်သည်။ ၁၉၃၃ ခုနှစ်တွင် အေမီသည် မိမိချစ်လင်နှင့် အတူတကွ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်သန်းခဲ့လေသည်။ အေမီ၏ ထူးချွန်သော ရဲစွမ်းသတ္တိကို ဘုရင်နှင့် မိဖုရားတို့ကိုယ်တိုင် နှုတ်ဖြင့် ချီးကျူးခဲ့ရုံမက အို၊ ဘီ၊ အီး ဘွဲ့ကိုပင် ပေးအပ်ခဲ့ဘူး၏။ အေမီကား ကမ္ဘာ့ အမျိုးသမီးလောကတွင် မှတ်တမ်းတင်ထိုက်အောင် ထူးခြားသော အမျိုးသမီးဖြစ်ခဲ့ပေသည်။ နောက်ဆုံး၌ ၁၉၄၁ ခုနှစ်တွင် လေယာဉ်ပျံပျက်ကျသဖြင့် သေဆုံးရလေသည်။[၁]


ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)